ချန်ဂင်တို့စခန်း (၂၉၁)

နှိမ်နင်းနှိပ်ကွပ်ချင်သူတွေကို ဆန့်ကျင် တော်လှန်ရင်း နောက်ထပ်မွေးနေ့တစ်ခု ကျော်ဖြတ်လာခဲ့ပြီ ဆိုတဲ့သဘောဟာ ဒီလူတွေကို အံတုဖက်ပြိုင်နေဆဲပဲလို့ အဓိပ္ပါယ်ရပါတယ်။ ကိုယ့်ဘက်က နိုင်နေတယ်လေ။ ဗိုလ်ချုပ်တွေသာ တစ်ယောက်ပြီးတစ်ယောက် ပြုတ်သွားတယ်။ ဒီဆရာဝန်လေးမတော့ ကျက်သရေတန်ခိုး တက်နေတိုးသည့်အလားပဲ။ ဒီနေ့ ဓါတ်ပုံတင်ထားပေးတယ်။ ယှဉ်ကြည့်လိုက်စမ်း။ ဟိုကျက်သတုံးပုံနဲ့။ သူ့မျက်ခွက် ကိုယ့်မျက်နှာ။ အရောင်အဝါချင်းကိုက တခြားစီ။ နှိုင်းချင်လို့ နှိုင်းတာ မဟုတ်ပါဘူး။ စုတ်ပြတ်နေတဲ့ ရုပ်ကလပ်ကြီးကို မြင်သာအောင်လို့။ ဗျာပါပွေပြီး အပူလုံးကြွနေတဲ့ရုပ်ကြီး။

ကိုယ်တို့ဆီမှာတော့ သာသာယာယာပါပဲ။ လမ်းတွေပိတ်နေလို့ ဘာပစ္စည်းမှ ဝယ်မရ၊ သယ်မရ ဖြစ်နေလည်း ရှိတာလေးနဲ့ တနေကုန် ချက်ပြုတ်စားသောက်လို့နေပါတယ်။ ဆန်ကုန်ခါနီးရင် ဂျုံနဲ့ မုန့်လုပ်စားကြတာပေါ့။ မနက် ၆ နာရီကတည်းက ဟင်းခတ်အမွှေးအကြိုင်တွေနဲ့ အာလူးဟင်း တစ်အိုးချက်ပြီး ပူရီတွေ ဆက်တိုက်ကြော်နေတာ ၈ နာရီထိုးမှပြီးတယ်။ ပြီးတာနဲ့ တန်းစားလိုက်ကြတာ ပြောင်ရော။ Loki တို့ ၂ ကောင်ပါ အဲ့ဒါပဲ စားတယ်။ စားနေရင်းတန်းလန်းမှ ရွာထဲက ဝက်ပေါ်ပြီး လာရောင်းလို့ အသားတစ်ပိဿာ၊ ကလီစာ တစ်ပိဿာဝယ်ပြီး မီးဖိုချောင် ပြန်ဝင်ရပြန်ရော။ ဒီတစ်ခါတော့ ဝက်သားတုတ်ထိုး လုပ်စားမယ်ပေါ့။ စောစောက ဇီယာ၊ ဖာလာ၊ စမုံစပါး၊ ကရဝေးရွက်တွေနဲ့ Indian cuisine ။ အခု ပြောင်းသွားပြီ။ ပါးကော၊ ရှားကော၊ နာနတ်ပွင့်၊ ငရုပ်ကောင်းစေ့တွေနဲ့ Chinese cuisine ဖြစ်သွားပြီ။ လူအများစာဆိုတော့ ချက်ရင်းပြုတ်ရင်း နေ့တပိုင်း ကုန်တာပါပဲ။ မနက်ကလည်း အာလူးတစ်ပိဿာချက်ရတယ်။ အခု ဝက်သား ၂ ပိဿာ။ ချက်တော့သာ ကြာတာ စားလိုက်ရင် ပြောင်ရော။ ဝက်သားအိုးကို မည်းနေတုန်း ထမင်းအိုးက ရေမကုန်တော့ ပျော့ပြဲပြဲလေးဖြစ်နေတယ်။ ဆန် ၇ လုံး ချက်ရတာ အိုးကြပ်တော့ လက်မောင်းအောင့်အောင်ငှဲ့ယူရတယ်လေ။ ဟင်းဘယ်လောက် ကောင်းအောင်ချက်ချက် ထမင်းပြဲပြဲနဲ့ဆို ဘယ်စားကောင်းမလဲ။ ဒါလေးများ။ ဘာမှ မခက်ပါဘူး။ မနေ့က ပိန်းဥတွေ ဝယ်လာသားပဲ။ အဲ့ဒါတွေ ပြုတ်ရောပြီး တရုတ်တန်းမှာရောင်းတဲ့ အော်ပွန်ထမင်းပေါင်း လုပ်လိုက်တာပေါ့။ ဝက်သားတုတ်ထိုးနဲ့ဆို လိုက်မှလိုက်။ ကိုရီးယားစားဖိုမှူးဇာတ်လမ်းတွဲတွေ ဒီလောက်ကြည့်ထားမှဟာကို။ မီးဖိုချောင်ထဲက problem solving ကို မတတ်စရာအကြောင်း မရှိ။ ဒီနှစ်မွေးနေ့ကတော့ စားဖိုဆောင်ထဲ တနေကုန်တဲ့ မွေးနေ့ပါ။

ချန်ဂင်ဆိုတာကိုက ဟင်းလည်းချက်တယ်၊ ဆေးလည်းကုတယ်ဆိုတဲ့ နန်းတွင်းရတနာတစ်ပါး မဟုတ်လား။ “Jewel of the Palace” လို့ နံမည်ပေးထားတယ်လေ။ ညနေစာအတွက်တော့ Thai cuisine လေးပေါ့။ ဟိုပင်က ဘဲကင်၊ ကြက်ကင်တွေ သွားဝယ်လာခဲ့ပြီ။ မုန့်တီထောင်း၊ သင်္ဘောသီးထောင်း၊ ဆာဖျယ်ပေါ့။ ဆေးရုံတဝန်းလုံးတောင် လိုက်ဝေနိုင်သေး။ ကိုင်း ဘယ်မှာ ရှားပါးသတုန်း။ ဘယ်အရာ ရှားပါးသတုန်း။ မရှိ ရှိတာနဲ့ အကုန်ဖြစ်အောင် လုပ်နိုင်တယ်။ မရ ရတဲ့နည်းနဲ့ ပြည့်စုံအောင် စီမံနိုင်တယ်။ အဲ့ဒါ ချန်ဂင်ပဲ။ ရှူးရှဲအနှစ်နဲ့ နယ်စားပြီး ရွှေဖီဦး လက်ဘက်ရည်ထုပ်ကလေး ဖျော်သောက်နေရတာ ငါတို့မဟုတ်တော့ဘူး။

ဒီဆေးရုံ စဆောက်ကတည်းက တောထဲကို ခွဲခုံမွေးခုံတွေ၊ မီးစလောင်းတွေ၊ မေ့ဆေးစက်၊ ဓါတ်မှန်စက်တွေ မရောက်ရောက်အောင် ကြံဆောင်နိုင်တယ်ဆိုတာ လွယ်လွယ်နဲ့တော့ ဘယ်ဟုတ်မလဲ။ နယ်စပ်ဒေသလည်း မဟုတ်။ လမ်းပန်းဆက်သွယ်ရေးလည်း ဒီလောက် ခက်ခဲတဲ့ဟာ။ ဒါပေမယ့် ဖြစ်အောင်လုပ်လို့ မဖြစ်တာ ဘာတစ်ခုမှ မရှိပါဘူး။ Fund raising လုပ်ရတာထက် Logistics လုပ်ရတာ အရမ်း ဒုက္ခရောက်တယ်။ ပိုက်စိပ်တိုက်ပြီး ရှာဖွေဖမ်းဆီးနေတာကိုး။ ဖုန်းလိုင်းတွေ အကုန်ဖြတ်ထားတယ်။ နန့်စီးအောင်ဂိတ်ကနေ အထက်ကို ပေးမတက်ဘူး။ “ကချင်ပြည်နယ်မှာ ၁/ ပဲ ရှိရမယ်။ ၅/ တွေ့ရင် ပစ်သတ်။” ဆိုတဲ့ သွေးရူးသွေးတန်း ပရမ်းပတာ လုံခြုံရေး အစီအမံတွေက ကိုယ့်ဆေးရုံအလုပ်တွေကို ရပ်တန့်သွားအောင် မလုပ်နိုင်ပါဘူး။ မအားလွန်းလို့သာ စာတွေဆက်မဖတ်နိုင်တာ။ လိုင်းပေါ်မှာတော့ အမြဲ update ဖြစ်တယ်။ “ရထားဖြစ်။ ရထားဖြစ်။” နဲ့ ဖင်ကုန်းအော်ပြီး စက်တွေနဲ့ ပေါက်စရာ မလိုဘူး။

အခု ဆေးရုံက ၂ ရုံ၊ ခွဲခန်းက ၂ ခန်း ရှိလာတော့ လိုအပ်သမျှ စက်ကိရိယာ ပစ္စည်းပစ္စယတွေ ဖြည့်ရတာက ၂ ဆ ပို ကုန်ပြီလေ။ ဆေးကုမ္ပဏီတွေက ဘာပစ္စည်းမှ အသစ်မတင်သွင်းတော့ဘူး။ ဒေါ်လာဈေးနဲ့ သွင်းကုန်စည်းမျဉ်းစည်းကမ်းတွေကို ပရမ်းပတာ ထိန်းချုပ်ပစ်လိုက်တော့ ဘာအလုပ်မှ လုပ်လို့မရတော့တာ။ ဆေးတစ်ခါမှာရင် ဈေးနှုန်းတွေက ကြောက်ခမန်းလိလိ တက်ကုန်တယ်။ ခွဲခန်းထဲသုံးဖို့ Povodine ဆေးရည်က ၅၀၀ စီစီ ပုလင်းကို ၅၀၀၀၀ ဖြစ်သွားပြီတဲ့။ ရွှေရည်ငွေရည်တွေနဲ့ ဆေးကြောနေရသလိုပဲ။ ဆေးဈေးတွေသိတာက ကိုယ်တစ်ယောက်တည်းဆိုတော့ လူနာဆေးကုတဲ့နေရာတောင် သွားသွားမထိုင်ရဲဘူး။ နို့မို့ဆို မျက်လုံးက City Mart cashier တွေ လက်ထဲက ဈေးနှုန်းဖတ်တဲ့ စက်ကလေးကျနေတာပဲ။ “အလိုလေး။ အဲ့ဒီဆေးက အခုဆို ဈေးဘယ်လောက်တောင် ရှိနေပါပြီနော်။” ဆို တွိကနဲ တွိကနဲ ကျသင့်ငွေတွေ ပေါ်ပေါ်လာလို့။ ပိုက်ဆံစကား မပြောတတ်ပေမယ့် မြင်မြင်သမျှ ငွေနဲ့ချည့်တန်ဖိုးဖြတ်နေမိတယ်။ ဒီကြက်သားဟင်းလေးက တစ်ပိဿာ ၂၄၀၀၀ ဈေး ပေးခဲ့ရတာ။ ဒီနေ့ချက်တဲ့ မုန့်ဟင်းခါးက ငါးတစ်ပိဿာ ၃၀၀၀၀ နဲ့ ဝယ်ချက်ထားတာပေါ့။ အခုတစ်ခေါက် ဆီဝယ်တာ ၁၀ ပိဿာ တစ်ပုံးကို ၂၂၀၀၀၀ ဖြစ်သွားပြီ။ အဲ့သလိုမျိုး စိတ်တွက်တွက်တဲ့အကျင့် ရသွားတယ်။ နှမျောတာမဟုတ်။ ကပ်စေးနည်းတာ မဟုတ်။ မြိုမကျတာ။ City Mart Syndrome လို့ ပြောရမှာပေါ့။ ဒါပေမယ့် ခုချိန်ထိအောင် အလကားကုပေး ခွဲပေးနိုင်တုန်းပဲဆိုတာ ဘယ်လောက်ဂုဏ်ယူစရာကောင်းသလဲ။

ထန်းသမားစားဖို့ ထန်းနို့ဆိုတာ ရှာကြံထွက်စမြဲပဲတဲ့။ ဘယ်လောက်ပဲ ခက်ခဲခက်ခဲ။ အချိန်တန်ရင် ပြည့်စုံသွားတာ ကိုယ့်ကုသိုလ်ပေါ့။ တနိုင်ငံလုံး အုန်းအုန်းဒိုင်းဒိုင်း စစ်ဘေးစစ်ဒဏ်သင့်နေတဲ့ကာလအတွင်းမှာ ဘေးမသီရန်မခ အေးအေးလူလူ ဆေးထိုင်ကုနေနိုင်တာကလည်း ဆင်းရဲနဲ့ ငရဲကင်းတဲ့ ကိုယ့်အတိတ်ကံကို အံ့ချီးထောပနာပြုရမယ်။ ငယ်တုန်းရွယ်တုန်းက ကျားစီးဖားစီး မလုပ်နိုင်ခဲ့၊ လုပ်ခွင့်မရတဲ့ အလုပ်တွေကို ဒီရောက်ကာမှ ခေါင်းမဖော်နိုင်အောင် လုပ်နေရတဲ့အဖြစ်ကလည်း ကျေနပ်စရာ မဟုတ်လား။ စိတ်သွားတိုင်းလည်း ကိုယ်ပါနေသေးတယ်။ ကြိုးစားသမျှလည်း အရာထင်နေသေးတယ်။ မေမေရဲ့ သားနိုင်တယ်။ အန္တရာယ်တွေ ရင်ဆိုင်နွှဲတိုင်း။

ဟိုးအရင် မွေးနေ့တွေတုန်းက တစ်ခါ

ရေးခဲ့ဖူးတယ်။ ကိုယ့်ဘဝတစ်သက်တာမှာ လိုချင်ရာတွေကို ရအောင် ရှာဖွေစုဆောင်းပြီး သယ်လာခဲ့ပြီ။ မလိုချင်တာတွေကိုလည်း စွန့်ပစ်လွှတ်ချထားခဲ့ပြီ။ ကောင်တာမှာ ငွေရှင်းပြီးတဲ့အခါ ကိုယ့်အထုပ်ထဲပါခဲ့မှာက ကိုယ်သယ်လာသမျှပဲပေါ့။ အခုကတော့ ငွေရှင်းကောင်တာ ရောက်ကာနီးမှ Jack Pot ကြီး ထပေါက်သလို အိမ်ပြန်လက်ဆောင်တွေ အများကြီး ပါတော့မယ်လေ။ မအလကြီး ဒုက္ခပေးလိုက်ကာမှ ကိုယ့်မှာ ၃ နှစ်လုံးလုံး ကုသိုလ်ကောင်းမှုတွေကို စဉ်ဆက်မပြတ်၊ အလတ်အကြား မရှိ၊ စေတနာစိတ်ဇောသန်သန်နဲ့ ပြုမိဆောင်မိသွားပါလေတော့တယ်။ ဟုတ်ရောဟုတ်ရဲ့လားကွယ်။ ငါလေးက ပုထုဇဉ်မှ တော်တော်လေးကို ပုထုဇဉ်တဲ့အထဲမှာ ပါတာပါ။ မကောင်းမှုမှာ အင်မတန်မွေ့လျော်တတ်တဲ့ဥစ္စာကို။ အခုကျမှ “မောင် မဆော့ပေါင်။ စိတ်ပုတီးနဲ့ ဘုန်းတော်ကြီးလို နေပါ့မယ်။” ဆို သူတော်ကောင်းလေး ဖြစ်သွားတာ ၃ နှစ်ကြီးများတောင် ရှိသွားပတဲ့လား။ ကျားသားမိုးကြိုး။ အေးပေါ့လေ။ သူယုတ်မာတွေကို သောက်မြင်ကပ်ကပ်နဲ့ ဆန့်ကျင်ရှောင်ခွါလိုက်တာ သူတော်ကောင်း မဖြစ်လို့ ဘာဖြစ်ရဦးမှာတုန်း။ ကိုယ်ဟာ အဖြူဆို သူက အမည်း။ ဒီအဖြေလေးက ရှင်းနေသားပဲ။

ဒီသုံးနှစ်တာကာလအတွင်းမှာ ဖာတစ်လုံးခေါင်းကျား တိုင်းခန်းလှည့်သလို လူတော်တော်များများရဲ့ ဟန်ဆောင်မျက်နှာဖုံးအောက်က ပကတိမျက်နှာတွေကိုလည်း မြင်တွေ့ခွင့် ရခဲ့တယ်။ လစ်တမတ်စက္ကူ အပြာကိုနီစေ၊ အနီကို ပြာစေသလိုပဲ။ တချို့လူတွေက ပိုက်ဆံနဲ့ ဓါတ်ပြုလိုက်ရင် ဘယ်လို အရောင်ပြောင်းသွားသလဲ။ မအလ နဲ့ ဓါတ်ပြုလိုက်ရင်ကော ဘာတွေ ဘယ်လိုပြောင်းလဲသွားတတ်သလဲ။ လူ့သဘာဝ နဲ့ လောကရဲ့ မာယာတွေကို သင်ယူတတ်မြောက်ခဲ့ပြီ။ ဖြိုးမင်းသိန်း နဲ့ ဇေယျာသော်ဆိုတာ ပင်နီလေး​တွေဝတ်ပြီး မေမေ့အနားမှာ နေနေကြတုန်းကတော့ သိပ်မကွာလှဘူး မဟုတ်လား။ “Shake it off “ လုပ်တဲ့နေရာမှ မအလ လည်း ရှာမှရှားပါပဲ။ သူ အာဏာမသိမ်းခင်ကဆို မိုင်းပုန်းဆရာတော်ကို ရဟန္တာအစစ်လို့ ထင်ခဲ့ဖူးတယ်လေ။ ချစ်တီးဘုန်းကြီးတရားတွေလည်း အဟုတ်မှတ်ပြီး နာခဲ့ဖူးတာပေါ့။ ဪ ကဲ။ ကျေးဇူးတောင် တင်ရဦးမလိုပဲ။

တောထဲမှာ ပျင်းစရာကောင်းလား မကောင်းလား။ တစ်နှစ်ကို ချန်ဂင် အပိုင်း ၁၀၀ ကျော် ထွက်အောင် ရေးနိုင်တာ ကြည့်ရင် သိလောက်ရောပေါ့။ ဘယ်တစ်ပုဒ်က ငြီးငွေ့စရာ ကောင်းသွားလို့လဲ။ ဘယ်နှစ်ခါ ပြန်ဖတ်ဖတ်။ “ဪ။ အဲ့ဒီတုန်းက အဲ့လိုတွေ ဖြစ်သွားသားပဲနော်။” လို့ မှတ်ဉာဏ်လေးတွေ ပြန်ဖော်ပေးပါလိမ့်မယ်။ နေ့ရက်တိုင်း နေ့ရက်တိုင်းမှာ နောင်တရစရာ မရှိအောင် အကြံကောင်း အလုပ်ကောင်းတွေပဲ ရွေးချယ်ခဲ့လို့ အဲ့ဒါတွေက အခုချိန်မှာ အတိတ်ကောင်း သမိုင်းကောင်းတွေ ဖြစ်လာခဲ့ပြီလေ။ “အာဒံရယ် ဧဝရယ်လေ။ ဧဒင်ထဲ မြူးပျော်ဆဲမလေ။ ရာမ မင်းသားလေးရယ်လေ။ သီတာ မင်းသမီးလေးရယ်လေ။ မှော်ရုံမြိုင်ထဲ မြူးပျော်နေ။” ဆိုတာမျိုး မင်းသမီးလေးနဲ့ မြိုင်ထ နှစ်ပါးသွားတွေ မပါသော်ငြား ဆရာစိုးရယ်၊ လူနာတွေရယ်၊ စစ်ပွဲတွေရယ်။ ရင်ခုန်စိတ်လှုပ်ရှားစရာ ကောင်းလှတယ် မဟုတ်ဘူးလား။ စိတ်ကူးယဉ် ဇာတ်လမ်းဆင် ရေးနတာ မဟုတ်ပဲ နဖူးတွေ့ဒူးတွေ့ အကြောင်းအရာတွေကို မှတ်တမ်းရေးနေတာဆိုတော့ စာရေးတဲ့သူကိုယ်တိုင်က သူ့ခံစားချက် အစစ်အမှန်တွေကို ချန်ထားရစ်တာပါ။

ဘဝမှာ ချိုတာတွေကိုလည်း စားခဲ့ပြီ။ ခါးတာတွေကိုလည်း မျိုချပစ်ခဲ့ပြီ။ ကိုယ်ကိုယ်တိုင်ကရော ချိုသလား ခါးသလား ဆိုတာ ကိုယ်နဲ့ သေသေချာချာ ပေါင်းဖူးတဲ့သူတွေ သိမှာပါ။ သောက်လိုက်ရင် ချိုသလိုနဲ့ မျိုလိုက်ရင် ခါးတဲ့ ထန်းရည်၊ ဘီယာ လို လူစားမျိုး မဟုတ်ပါဘူး။ ချိုရင်လည်း တကယ်ချိုလို့၊ ခါးရင်လည်း တကယ်ခါးလို့ပါ။ ဌေးချို၊ ဂွေးချို၊ လိုချို၊ ရွေးချို မရှိခဲ့ဘူး။ မွေးကတည်းက လူတိုင်းခေါ်တာ ဖိုးချို။ “ဘဝကို နောက်တစ်ခါ အသစ်ပြန်စလို့ရရင် ဘယ်လိုပုံစံမျိုး နေမှာလဲ။ ဘယ်နေရာတွေ ပြင်ချင်ပြောင်းချင်သေးလဲ။” လို့ ပြန်စဉ်းစားမိတဲ့အခါလည်း ရှိတယ်။ ငယ်တဲ့အချိန်မှာ မသိခဲ့ နားမလည်ခဲ့တာတွေ ရှိတယ်လေ။ အသက်ကလေးရလာမှ အမှားအမှန် ဝေဖန်ပိုင်းခြားတတ်လာတာ။ အစကပြန်စလို့ ရမယ်ဆိုရင် အခုထက်ပိုပြီး ရိုးသားတဲ့ စိတ်အရင်းခံနဲ့ လူငယ်ဘဝကို ဖြတ်သန်းချင်ပါတယ်။ လူလည်လူနပ် မဖြစ်တဲ့အတွက် တချို့လူတွေနဲ့တွေ့တဲ့အခါ ရှုံးချင်လည်း ရှုံးလိမ့်မယ်။ နာကြင်ချင်လည်း နာကြင်ရလိမ့်မယ်။ ရပါတယ်။ ရှုံးတော့ ဘာဖြစ်သေးလဲ။ အားလုံးကို စွန့်လွှတ်ရဲတာ။ ဘယ်သူ့ကမ္ဘာမှာ …။ ချိုပြုံးကမ္ဘာမှာပါ ဖယာ့။ ဘာလို့ခေါ်ပါသလဲ ပရိသတ်ကြီး။ အချစ်လို့ခေါ်ပါတယ်ဖျာ့။ အိမ်း သာဓုပါဗျာ။ သာဓု သာဓု။