ချန်ဂင်တို့စခန်း (၂၉၀)

“လူဆိုတာ အမှတ်သည်းခြေ ရှိရတယ်” တဲ့။ ကိုယ်ငယ်ငယ်ကတော့ ဒီလိုပဲ သွန်သင်ဆုံးမတာ ခံခဲ့ရပါတယ်။ ဒါပေမယ့် တချို့လူတွေက အမှတ်သည်းခြေ မရှိကြပါဘူး။ အလွယ်တကူ မေ့လွယ်ပျောက်လွယ်ကြတယ်။ ထမင်းတစ်လုပ် တုတ်တစ်ချက်ဘဝမှာ နေသားကျလာပြီး ထမင်းကြမ်းခဲလေးမြင်တိုင်း အမြီးတနှန့်နှန့်နဲ့ ကိန်ကိန်မြည်အောင် အရိုက်ခံရတဲ့အဖြစ်ကို မေ့သွားကြတယ်။ စစ်ဘိနပ်အောက်မှာ အနေအစား မပျက်တဲ့သူတွေလည်း အဲ့သလို အမှတ်သည်းခြေ မရှိတဲ့ လူတန်းစားထဲမှာ ပါပါတယ်။ ဒီသုံးနှစ်ကျော်ကာလအတွင်းမှာ သူတို့တကယ်ပဲ ဘာဒုက္ခမှ မကပ်ငြိအောင် တုံးကျော်ကပ်ကျော် ပျော်နိုင်ပါးနိုင်ကြသလား။

ကိုယ်ကတော့ မပျော်နိုင်တာ တော်တော် ကြာပါပြီ။ စိတ်ထဲမှာ ဒဏ်ရာအနာတရတွေဆိုတာ မသေမချင်း မေ့ပျောက်လို့ ရနိုင်မှာ မဟုတ်ဘူး။ ဒါတောင် ကိုယ့်အိမ်ကိုယ့်မိသားစုထဲမှာ တစ်ယောက်မှ အသေအပျောက် အထိအခိုက် ရှိတာမဟုတ်။ တချို့လူတွေဆို ဘယ်လိုလုပ်မလဲ။ ပြန်မလာနိုင်သူတွေ၊ ပြန်စရာအိမ်မရှိတဲ့သူတွေ၊ ဘဝအခြေအနေ ရပ်တည်မှု ပျက်ယွင်းသွားတဲ့သူတွေနဲ့စာရင် ကိုယ့်ဒုက္ခက ဘာမှ မဟုတ်သေးဘူး။ ဒါပေမယ့်လည်း ကိုယ်က အမှတ်သည်းခြေကြီးတဲ့သူမို့လား မသိပါဘူး။ စစ်တပ်က ပြည်သူတွေကို ဘယ်လောက် ဒုက္ခပေးသလဲ၊ ဘယ်လိုဒုက္ခပေးသလဲ၊ တွေ့ခဲ့ကြုံခဲ့သမျှ ခရေစေ့တွင်းကျ မှတ်မိလွန်းနေတာ ခက်တာပဲ။ ဘယ်တော့မှ ခွင့်လွှတ်ကျေအေးနိုင်မှာ မဟုတ်ဘူး။ သင်ပုန်းချေနိုင်မှာလည်း မဟုတ်ဘူး။ ဒီကောင်တွေ ဒီအတိုင်းကြီး ဘာဝဋ်မှမလည်ပဲ ဦးနေဝင်းကြီးလို၊ ဦးသန်းရွှေကြီးလို၊ ၉၀ ကျော်အောင် သက်တမ်းစေ့ အနာရောဂါမရှိ နေသွားရတာကိုက “ဘုရားဟောတွေ မှားခဲ့သလား” လို့ ယုံမှားသံသယ ဖြစ်မိတယ်။

ဒီဟာတွေသာ စိတ်ဒဏ်ရာ လို့ ဆိုရင် ဘာနဲ့မှ ကုစားဖြေဖျောက်လို့ မရနိုင်ပါဘူး။ သေရာပါတော့မှာပါ။ ဒီလူတွေနဲ့ ပါတ်သက်ဆက်နွယ်သမျှကို မြင်လည်းမမြင်ချင်၊ ဆုံလည်း မဆုံချင်တော့ဘူး။ စစ်သားနဲ့ ပရောပရီ ပလူးပလဲနေတဲ့သူတွေကိုပါ ငယ်စာရင်းထဲက ဖျက် ထုတ်ထားလိုက်ပြီ။ သူများတွေ social punishment လုပ်ချင်လုပ်၊ မလုပ်ချင် နေ။ ကိုယ့်ဘက်ကတော့ မဆက်ဆံချင်လို့ သေခန်းဖြတ်ထားလိုက်တယ်။စစ်အစိုးအရ ပြုတ်မကျမချင်းတော့ အဲ့လိုလူတွေကို ခေါ်ပြောဆက်ဆံ မလုပ်တော့ဘူး။

ပျော်ရွှင်တဲ့ ခံစားမှု မရှိသော်ငြားလည်း ဝမ်းသာအားရဖြစ်ရတာတော့ ရှိသေးလို့ တော်ပါသေးတယ်။ ပျော်တယ်ဆိုတာက လောကကြီးက သူ့အလိုလို သာယာနေတာ။ စိတ်ဘဝင်ထဲမှာ ကြည်နူးချမ်းမြေ့နေတာ။ Euphoria သဘောပါတယ်။ ဝမ်းသာတာကတော့ အဖြစ်အပျက် အကြောင်းအရာ တစ်ခုခုအပေါ်မှာ နှစ်ထောင်းအားရဖြစ်ပြီး “ကောင်းလေစွ ကောင်းလေစွ” လို့ ကျေနပ်နှစ်ခြိုက်သွားတာ။ ပိုးစိုးပက်စက် သေနေကြတဲ့ ဗိုလ်မှူးဗိုလ်ချုပ်တွေကို မြင်ရရင် ဝမ်းမသာဘူးလား။ မရှုမလှ အရေးနိမ့်နေတဲ့ စကစတွေ သွေးပျက်နေတာတွေ့ရင် ဝမ်းမသာဘူးလား။ မပျော်တာက မပျော်တာ တခြားပဲ။ ဝမ်းသာတာတော့ ဝမ်းသာနိုင်သေးတယ်။

ဝမ်းသာစရာ သတင်းကောင်းလေးတွေ နေ့တိုင်း မြင်ရကြားရတဲ့အခါ စိတ်ထဲပျော်သလိုလို ရှိပေမယ့်လည်း မလွတ်မြောက်သေးတဲ့ ဒုက္ခဆင်းရဲတွေထဲ နစ်သွားတဲ့အခါ စိတ်က ပြန်ညစ်ညစ်လာတယ်။ မပျော်နိုင်တော့ဘူး။ စစ်ပွဲတွေက ပြီးမှ မပြီးသေးပဲကို။ ကြည့်စမ်းပါဦး။ လေယာဉ်ဗုံးမှန်တဲ့ ၁ နှစ်သား ကလေးငယ်ကလေး။ ခြေထောက် ၂ ဘက်စလုံး မြင်ရက်စရာ မရှိပါလား။ လေချုပ်ကြီးဆီကို အဲ့ဒီကလေးဓါတ်ပုံတွေ ပို့ပေးချင်လိုက်တာ။ ဒီကလေးက ခများတို့နဲ့ ရန်ငြှိုးရန်စ ရှိဘူးသလား။ ခများတို့ လေကြောင်းတိုက်ခိုက်မှုကြောင့် တနိုင်ငံလုံးမှာ အသက်အိုးအိမ် စည်းစိမ် ဆိုးဆိုးရွားရွား ထိခိုက်ပျက်စီးရတဲ့ ပြည်သူတွေ သိန်းနဲ့ချီရှိနေတာ မသိဘူးလား မမြင်ဘူးလား။ သိသိ မသိသိ အကုန်လုံးကို အကြွေးပြန်တောင်းမှာမို့ မကျန်ခဲ့ရအောင် စာရင်းတို့ပြီး မှတ်ထားပါတယ်။

ဒီစစ်ဗိုလ်စစ်သားတွေဆီကနေ မျိုးရိုးစဉ်ဆက်အလိုက် ပြန်တောင်းရမယ့် အကြွေးတွေ ရှိတယ်။ ကလေးတွေရဲ့ပညာရေးကို နိမ့်ကျအောင် ပုံဖျက်ထားရုံနဲ့ အားမရလို့ ပညာသင်ကြားရေးတွေကို ရပ်တန့်သွားအောင် ပိတ်ပင်တားဆီးခဲ့တယ်။ အတင်းအဓမ္မစစ်မှုထမ်းခိုင်းတာကြောင့် ပညာဆုံးအောင်မသင်နိုင်ပဲ နိုင်ငံခြားထွက်ရုန်းကန်ကြရတယ်။ ၁၈-၂၅ ကလေးတွေအားလုံး နိုင်ငံခြားမှာရှိရင် ရှိ၊ မရှိရင် တောထဲမှာ ရှိနေကြတာ။ ကျန်းမာရေးနဲ့ပါတ်သက်ရင်လည်း ဒီ ၃ နှစ်ကာလအတွင်းမှာ ကပ်ရောဂါတွေကို လှစ်လျူရှုထားခဲ့တယ်။ အောက်ဆီဂျင်တောင် မရအောင်ပိတ်ပင်ထားခဲ့တာ။ ကင်ဆာလူနာတွေ ကုလို့အဆင်မပြေဘူး။ ကလေးသူငယ်တွေ ကာကွယ်ဆေး မထိုးနိုင်ဘူး။ ရောဂါဘယနဲ့ မသေသင့်ပဲ သေသွားရတဲ့လူနာတွေ ခန့်မှန်းရေတွက်လို့ မရနိုင်အောင် ပေါများတယ်။ အဲ့ဒါလည်း ဒင်းကြောင့်ပဲ။

စီးပွါးရေးအခြေအနေတွေ ချွတ်ခြုံကျသွားတာများ ဘာမှ လုပ်စားကိုင်စားလို့ အဆင်မပြေဘူး။ ဝင်ငွေထိခိုက်ပါတယ်ဆိုနေမှ အရာရာတိုင်းဟာ အာဏာမသိမ်းခင်ကဈေးနှုန်းထက် အနည်းဆုံး ၅ ဆ ဈေးတက်သွားလို့ ဘယ်လိုတွေ ဒုက္ခရောက်ရသလဲ လူတိုင်းသိတယ်နော်။ ပြောပြစရာ မလိုတော့ဘူး။ မေ့သွားမှာစိုးလို့ စာရင်းတို့ထားတာ။ ခွေးထက်မိုက်တဲ့ကောင်တွေဆီက ပြန်တောင်းရမယ့် အကြွေး။ ဟာမူရာဘီလိုများ ပြန်တောင်းလို့ကတော့ သံသရာဆုံးတောင် ဆပ်လို့မကုန်ဘူး။ “ဟဲ့ မိကြူ။ သူ့ကြွေးရှိက ဆပ်ရသည်သာ။” ဆိုတဲ့အသံလေးတောင် ကြားယောင်မိသေး။

အခုချိန်က ရစရာရှိတဲ့ အကြွေးတွေ မှတ်မှတ်ရရ ပြန်တောင်းနေတဲ့အချိန်ဆိုတာ သဘောပေါက်ပါတယ်နော်။ ၄၄ လမ်းမှာ တိုက်ပေါ်ကို တက်ဖမ်းတဲ့ အုပ်ကြီး၊ ပစီကြီးမှာ ဗုံးကျဲဖို့ အမိန့်ပေးတဲ့ ဗိုလ်ချုပ်။ အဲ့သလိုမျိုး။ သေသွားတဲ့မသာကို နောက်ကြောင်းပြန်ပြီး လက်သည်ဖော်ကြတဲ့ခေတ်ပါ။ “ရခိုင်မှာ genocide လုပ်တဲ့အထဲ သူလည်းပါတယ်လေ။” ဆို BBC က tagged ဝင်တွဲပေးတဲ့သူတောင် ရှိသေး။ အနှေး နဲ့ အမြန်ဆိုသလို ဒီစစ်တပ်က ပြိုကိုပြိုတော့မှာ။ နှေးမလား မြန်မလား ဆိုတာကတော့ သူ့အတွင်းထဲက လှိုက်စားလာတဲ့ အခြေအနေပေါ် မူတည်တာပေါ့။ ကိုယ်တွေတိုက်ရင် နည်းနည်းကြာချင်ကြာမယ်။ သူတို့အချင်းချင်း ထချကုန်ရင် ဝုန်းကနဲဒိုင်းကနဲ အဖြေထွက်လာမယ်။

ကနဦးတုန်းကတော့ မြန်မြန်ပြီးချင်စိတ်နဲ့ စိုးဝင်းကြီးက အာဏာထသိမ်းမလား၊ အောင်လင်းဒွေးကြီးက အာဏာထသိမ်းမလား။ မျှော်တလင့်လင့်ပေါ့လေ။ ဒါပေသိ အဲ့သလို မဖြစ်ခဲ့တာပဲ ခပ်ကောင်းကောင်းဗျ။ နို့မို့ဆို သုတ်သီးသုတ်ပြာနဲ့ အကြွေးတွေ တော်တော်များများ လျှော်ပစ်ရလိမ့်ဦးမှာ။ စဉ်းစားကြည့်လေ။ တသက်လုံး မသေမချင်း ရက်စက်ယုတ်မာလာတဲ့ ဘူးလက်လှဆွေ လိုကောင်မျိုးက အခု သူ့ဘက်က ရှုံးပြီဆိုမှ “ကျွန်တော် တောင်းပန်တယ်။ ကျွန်တော် မှားသွားတယ်။ ကျွန်တော့ကို ခွင့်လွှတ်ပါ။” ဆိုပြီး အလင်းဝင်လာရင် ဘယ်လိုလုပ်မလဲ။ ဒါမျိုးက သူလုပ်နေကျလေ။ အရင်တုန်းကလည်း လွှတ်တော်ထဲမှာ စော်ကားချင်တိုင်းစော်ကားပြီးမှ ထမီကလေးတစ်ထည် နဲ့ ကန်တော့ပြီး “အမကြီး ကျွန်တော့ကို ဗွေမယူပါနဲ့။” လုပ်ခဲ့သေးတာပဲဟာ။ မိဒိုးသာဆို တခါတည်း ပွတ်လွှတ်လိုက်မှာ။ လက်ထဲက ငါးဘတ်ကြီးနဲ့။

စစ်တပ်က သူ့အထဲကလူတွေ အာဏာမသိမ်းလည်း ရှုံးတာက ရှုံးနေတာပဲဟာကို။ တဖြုန်ဖြုန်ကေးတော့ တစ်ကောင်တစ်မြီးမှ မကျန်ရစ်ခဲ့ဘူးပေါ့။ အလင်းဝင်နေရင် ထမင်းကျွေးထားရဦးမယ်။ မဝင်နဲ့။ တိုက်သာတိုက်။ မသေမချင်းတိုက်။ ဟုတ်ပြီလား။ စုဆောင်းရေးတွေ များများသာလုပ်။ ၆၅ နှစ်ထိ တိုးခေါ်လို့မှ မလောက်သေးရင် ၇၀ တွေပါ ခေါ်ပစ်။ ဘာဆက်ဖြစ်မလဲ ကြည့်ကြသေးတာပေါ့။ ဝင်တောင်မသိမ်းရသေးဘူး။ ကြောက်ဒူးတုန်ပြီး မြို့ရိုးပြိုကျတဲ့ကောင်တွေ။ “ဖေဖေ ကယ်ပါ” စာနဲ့ရေးပို့တာ အဖက်မလုပ်လို့ မော်စကိုပြေးပြီး ခြေသလုံးဖက်လေသတဲ့။ “အနှစ် ၇၀ ကျော် စတန်းဒတ်အာမီကြီးပါ” ဆို။ ရုပ်ပေါက်လှချည်လား။ ဟိုဘက်ပြေး အဖေခေါ်လိုက်၊ သည်ဘက်ပြေး အဖေခေါ်လိုက်နဲ့။ PDF ကို တိုက်လို့မနိုင်တော့ သွေးပျက်နေတာလေ။

နေ့စဉ်နဲ့အမျှ ဆုတ်ယုတ်ပျက်စီးလာတဲ့ စစ်တပ်ကြီးဟာ လက်နက်မဲ့ပြည်သူတွေကို အနိုင်ကျင့်သတ်ဖြတ်တာကလွဲလို့ ထိုးစစ်ရော ခံစစ်ရော ဘာတစ်ခုမှ မအောင်မြင်ဘူး။ သေသွားတဲ့စစ်သည်တွေနေရာမှာတောင် အစားပြန်ဖြည့်စရာ စစ်သားမရှိဘူး။ ရွေးကောက်ပွဲလုပ်ဖို့ သန်းခေါင်စာရင်း နေနေသာသာ၊ ရှေ့တန်းလွှတ်ဖို့ စစ်သားစာရင်းပဲ အမှန်အတိုင်း သိရအောင် ကောက်ကြည့်ပါဦး။ ကိုယ့်ဆီမှာသာ စစ်သည် ၅ သိန်း မကုန်မချင်း ကုတ်ကပ်ဖက်တွယ်နေတာ။ အိမ်နီးချင်းနိုင်ငံတွေမှာဆို ဝန်ကြီးချုပ်တစ်ယောက် ပြုတ်ကျဖို့ ဘယ်နှစ်လမှ မကြာဘူး။ ဘင်္ဂလားဒေ့ရှ်ကရော၊ ထိုင်းကရော ဝန်ကြီးချုပ်အသစ်တွေ တက်လာပြီ။ အိန္ဒိယမှာလည်း ကိုကာတားမုဒိန်းမှုကြောင့် မိုဒီကြီး မျက်ခုံးလှုပ်နေပြီ။ အကုန်လုံးက သူ့ဟာနဲ့သူ ပျားတုပ်နေလို့ မြန်မာပြည်အရေးကို ယားလို့တောင် မကုပ်အားဘူး။ နီးနီးစပ်စပ် စိတ်ပါလက်ပါ လှော်နိုင်ညှော်နိုင်တာ ပေါက်ဖော်ကြီးတွေပဲ ရှိတယ်။ အခု စစ်ရှုံးကောင်စီ (စကစ မဟုတ်တော့ဘူး။ စရကစ ဖြစ်သွားပြီ) အနေနဲ့ တရုတ်အစိုးရနဲ့ ဆက်ဆံရေးအဆင်မပြေတာ အသိသာကြီးပါ။ ဘာတွေဆက်ဖြစ်လာမလဲဆိုတာလည်း အားလုံးက စိတ်ဝင်တစား စောင့်ကြည့်နေကြတယ်။ နယ်စပ်ဂိတ်အားလုံးကို တရုတ်ဘက်က ပိတ်ထားလိုက်တယ် ဆိုတဲ့ အခြေအနေဟာ နောက်ရွှေ့မယ့်အကွက်တစ်ကွက်အတွက် ပွန်းကလေးကြိုထောက်ထားတာလောက်ပဲ ရှိမယ်။ “တရုတ်လာသည်။ ယိုင်ယိုင်လော။ ယိုင်ယိုင်။” ဆိုတာ “သန်းရွှေ နှင့်တွေ့သည်။ ကြိုင်ကြိုင်လော။ ကြိုင်ကြိုင်။” လို့ ဝင်နှုတ်ဆက်ရုံသက်သက် ထင်နေရင်လည်း ပြီးတာပါပဲ။

ရှေ့လထဲမှာ အပြောင်းအလဲကြီးကြီးမားမား ဖြစ်စရာရှိတယ် လို့ ဟောကိန်းထုတ်ရအောင် ဘယ်သူကမှ တစ်ယောက်ဘတ်တစ်သောင်း လာမပေးဘူး။ ဟုတ်ဟုတ် မဟုတ်ဟုတ်။ ကိုယ့်အလုပ်ကိုယ် ဆက်လုပ်ရုံပဲ ရှိတယ်။ ဆေးရုံတွေ တစ်ခုပြီးတစ်ခု လုပ်တယ်ဆိုတာ “ဟိုဟာလည်း ငါ့ဟာ၊ ဒီဟာလည်း ငါ့ဟာ။” ဆိုတဲ့စိတ်နဲ့ လုပ်နေတာ မဟုတ်ဘူး။ အိမ်ပြန်သွားတဲ့အခါ “ဘယ်ဟာကို ဘယ်သူနဲ့ ထားခဲ့မယ်။” ဆိုတဲ့စိတ်နဲ့ပဲ အလုပ်လုပ်နေတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီဟာကြီးပြီးသွားတဲ့အခါကျလို့ရှိရင် ဘာအလုပ်မှ မလုပ်ပဲ စိတ်အေးလက်အေး နေချင်သေးလို့ပဲ။ ပင်စင်ယူရမယ့်အရွယ်လည်း နီးလာပြီ မဟုတ်လား။ ပင်စင်ယူပြီးတာတောင် ပိုက်ဆံတွေ နင်းကန်ရှာနေရတဲ့ဘဝကို အိုဇာတာကောင်းတယ် လို့ ကိုယ်ကတော့ မထင်ပါဘူး။ ဟိုးအရင်ကလို ပင်စင်ယူရင် ဘုန်းကြီးဝတ်မယ် ဆိုတဲ့ စိတ်ကူးဟာ မဘသတွေ သာသနာကို စောင့်ရှောက်ပုံကို တွေ့ပြီးကတည်းက အမြစ်ပြတ်သွားတော့တာပဲ။ အိုကြီးအိုမ မကျန်းမမာနဲ့ကျမှ သူများအကန်တော့ခံ၊ အပြုအစုခံပြီး သာသနာအပေါ် ဝန်ထုပ်ဝန်ပိုး မဖြစ်စေချင်တော့ဘူးလေ။ “အဖျားရယ်ပေ၊ အနားခွေ မခိုင်ပြတ်ကာမှ၊ မြိုင်ရပ်ကိုမှီး” လို့ အပြောခံရမယ်။ ဘယ်သူကမှ လာမပြောလည်း ကိုယ့်ဘာသာ ပြောမိနေမှာ။ နေဝင်ချိန်ဆိုတာ စိတ်အေးလက်အေး နားနားနေနေ ထိုင်ကြည့်နိုင်မှ အင်မတန်လှတာ မဟုတ်လား။ တောင်စွယ်မှာ နေကွယ်ရင် အဝှါပြုခံရမယ့်သူမှ မဟုတ်တာ။ ဘာပူစရာ ရှိမှာလဲကွယ်။