ချန်ဂင်တို့စခန်း (၂၈၉)

ဒီနေ့မနက် Loki က အိပ်ယာလာမနှိုးဘူး။ ညတုန်းကလည်း ကုတင်ပေါ်တက်မလာဘူး။ သန်းခေါင်ကျော်လောက်တုန်းက ဒညင်းသီးအီးနံ့ရလို့ ပြူတင်းပေါက် ထဖွင့်ရတယ်။ ဒီကောင်တော့ အီးပေါက်ပြန်ပြီကွာ ဆိုပြီး။ မနက်လင်းမှ ကုတင်အောက် မီးထိုးကြည့်တော့ အီးပေါက်တာ မဟုတ်ဘူး။ အီးတွေပါထားတာ။ Loki က အဲ့ဒီဘေးမှာ တုံးလုံးလေး။ သူ တစ်ခါမှ အိပ်ခန်းထဲမှာ အဲ့ဒါမျိုးမလုပ်ဖူးဘူးလေ။ အိပ်များနေသလားလို့ “Loki လာ လာ” ခေါ်တော့ ခေါင်းတောင် မထောင်နိုင်ဘူး။ မျက်လုံးလေးဖွင့်ပြီး လှမ်းကြည့်နေတယ်။ “သူ့ကို ခေါ်ပါ” လို့ ပြောနေတာပဲ။ သူတို့ ၂ ကောင်မှာ Loki က လူတွေနဲ့ စကားပြောတယ်။ လူတွေပြောတဲ့စကား နားလည်တယ်။ Loki လို့ ခေါ်လိုက်ရင် ကြားတဲ့အရပ်က ကဆုန်ပေါက်ပြီး ပြေးလာတယ်။ “Loki ဒါ မလုပ်ရဘူး” လို့ ပြောရင် နားထောင်တယ်။ ကိုမြတ်ကို သူ ကြောက်တယ်။ ကိုမြတ် ဆူရင် ကုတင်အောက် ဝင်ပုန်းရော။ ထူးခြားတာက သူ့စိတ်ခံစားချက်ကို မျက်နှာအမူအရာနဲ့ ဖော်ပြတတ်တယ်။ ကိုယ်တို့ ဘာပြောနေသလဲ သူသိသလို သူ ဘာပြောချင်မှန်းလည်း ကိုယ်တို့သိအောင် ပြတတ်တယ်။

“အခု သူ နေမကောင်းဘူး။ သူ့ကို ခေါ်ပါ။” လို့ မျက်လုံးအကြည့်နဲ့ ပြောနေတာ။ သူတကယ်လည်း လမ်းတောင် မလျှောက်နိုင်တော့ဘူး။ ခေါ်ရင်လည်း မလာနိုင်တော့ဘူး။ ဖင်ဒရွတ်ဆွဲလေးနဲ့ အသားတွေ တဆတ်ဆတ် တုန်နေတယ်။ ဖြစ်မှ ဖြစ်ရလေ။ ဆေးတွေထိုး။ဒရစ်တွေချိတ်ပြီး ဆရာဝန်ဆီ ဖုန်းဆက်ရပြန်တယ်။ မောင်ရင်လေးတို့မလည်း ချူချာပါတယ်ကွာ။ ဆေးရုံက မိကျားတို့များ ကလေးသာ ၃ သား ပေါက်သွားတယ်။ တစ်ခါမှ နာနာဖျားဖျား မရှိပါဘူး။ သူတို့ကျမှပဲ ဆရာဝန်ပြ၊ ဒရစ်ချိတ်၊ အစာကို ဆေးထိုးပိုက်နဲ့ခွံ့။ ပြုစုယုယရလေတယ်။ ကလေးလူနာများလိုပဲ နေပြန်ကောင်းလာတာနဲ့ cannula တွေ ဆွဲဖြုတ်ပြီး လက်လက်ထအောင် ဆော့ကြတော့တယ်။

ဒီနေ့တော့ ဟိုဘက်ဆေးရုံကို ပြေးရဦးမယ်။ ပြင်စရာ ဆင်စရာ အလုပ်တွေကလည်း တပုံကြီး။ တော်လှန်ရေးကြီးက ပြီးမှ မပြီးသေးပဲ ခိုင်သင်းကြည်ရယ်။ ကိုခန့်နိုင်တောင် အိမ်ပြန်မရောက်သေးဘူး မှလား။ စစ်ခွေးမိစ္ဆာတွေဟာ နောက်ဆုံးအချိန်အထိ ဘယ်လိုတွေတောင် ကုပ်ကပ်ဖက်တွယ်နေကြသလဲ အားလုံး မြင်ကြတဲ့အတိုင်းပဲလေ။ ကိုယ့်ဘက်က ဘယ်အထိအောင် သွားရမလဲ ဆိုတာ ပြတ်ပြတ်သားသား သဘောပေါက်ထားမှ ရမယ်။ ခများတို့ တရုတ်ပြည်မှာ ရှိရှိသမျှ ခေါင်းဆောင်တွေအားလုံး ခြေသလုံးဖက်ပြီး တောင်းပန်ရင်တောင် မင်းအောင်လှိုင်က အာဏာမစွန့်ပါဘူးတဲ့။ ကဲ အိမ်ပြန်ပြီး တိုင်ပင်လိုက်ချေဦး။ ခဏခဏလာပြီး အဖြေလည်း မထွက်ပဲနဲ့။ ရှက်စရာကြီး။

သူတို့ဟာသူတို့ အဖြေထွက်ချင်ထွက်၊ မထွက်ချင်နေ။ ကိုယ့်ဘက်ကတော့ အဖြေထွက်အောင် ကြိုးစားရဦးမှာပဲ။ ဒီဘက်ဆေးရုံမှာ rehab ဆောင်လေး ဆောက်နေတာ ပြီးလုပြီ။ ဟိုဘက်ဆေးရုံမှာလည်း ခွဲခန်း မွေးခန်းလေး စနိုင်အောင် ပြင်ဆင်နေတာ တော်တော်ခရီးရောက်ပြီ။ ရှိတဲ့အင်အားနဲ့ မနားမနေ ကြိုးစားရုံပဲပေါ့လေ။ ဒီ့ထက်ပိုပြီး တိုးပွါးလာမယ့် အစီအစဉ်သစ်တွေအတွက် ပြင်ဆင်စုဆောင်းနေတာတွေလည်း အများကြီးပါ။ သူ့ဟာနဲ့သူ တဖြည်းဖြည်း ရုပ်လုံးပေါ်လာပါလိမ့်မယ်။ ရည်ရွယ်ချက်က တောထဲမှာထိုင်ပြီး ဆေးကုရုံသက်သက် မဟုတ်ဘူးလေ။ တော်လှန်ရေးပန်းတိုင်ကို အမီလိုက်ရမယ်။ အိမ်ပြန်ချိန်တွေ နီးလာလေလေ အလုပ်ပိုလုပ်ရလေပဲပေါ့။ ကိုယ်နဲ့သိတဲ့သူတွေအားလုံး အောင်မြင်မှုတွေနဲ့ ခေါင်းမဖော်နိုင်အောင် အလုပ်ပိနေကြတယ်။ စကစ က ဗုံးကျဲတိုက်ခိုက်လိုက်လို့ ဆေးမကုနိုင်ပဲ ပိတ်သွားတဲ့ ဆေးရုံဆိုတာ မရှိဘူး။ လဲကျရင် ပြန်ထတယ်။ ခုထက်ထိလည်း လေယာဉ်လာရင် ကျင်းထဲဆင်း၊ လေယာဉ်ပြန်ရင် ဆေးပြန်ကုတဲ့ဘဝနဲ့ နောက်မဆုတ်တမ်း ကြံ့ကြံ့ခံနေကြဆဲပဲ။ ကိုယ်တို့ဘက်မှာ ဆေးတပ်သားတစ်ယောက်တလေတောင် အလံဖြူထောင် လက်နက်ချတယ် လို့ ထုံးစံမရှိဘူး။ တပ်ရင်းလိုက်၊ တပ်မလိုက်၊ စစ်တိုင်းကြီးတစ်ခုလုံးပါ လက်နက်ချအလင်းဝင်တယ်ဆိုတာ ဟိုဘက်မှာပဲ ရှိတယ်။

အရင်တုန်းက ကိုယ်တို့ဆေးရုံမှာ တစ်လကို လူနာ ၁၀၀၀ ကျော် ကြည့်တယ် ဆိုပါစို့။ အခု ဆေးရုံ ၂ ရုံဆိုတော့ သေချာပေါက် လူနာ ၂၀၀၀ ကျော် ကြည့်ရတော့မယ်။ နောက်ဆေးရုံက လူတောင်ပိုများသေးတာကိုး။ အလုပ်က ၂ ဆ ပိုသွားပေမယ့် လူအင်အားက ဒီအတိုင်းပဲဆိုတော့ လူတိုင်းက အလုပ် ၂ ဆ ပိုလုပ်နေရတဲ့သဘော ဖြစ်နေပြီ။ ဒါပေမယ့်လည်း အဲ့ဒီအနားဝန်းကျင်က စစ်ရှောင်စခန်းတိုင်းက “ဆရာဝန်လာပါ။ ဆေးလာကုပေးပါ။” အစည်းအဝေးရှိတိုင်း ထထတောင်းဆိုနေကြတာ ခက်တာပဲ။ သူတို့မှာ ခက်ခဲမှန်း သိပါတယ်။ ဒါပေမယ့် ကိုယ့်မှာ တောင်းတိုင်းပေးနိုင်တဲ့ လူအင်အား ငွေအင်အားမှ မရှိတာ။ တနိုင်ငံလုံးက စစ်ဘေးဒုက္ခသည်တွေ အသက်ရှည်ရာ၊အနာမဲ့ရေး၊ ရန်ဘေးကင်းကြောင်း၊ ကောင်းမှုမင်္ဂလာတွေ ပြည့်စုံချင်ရင် ဒီတော်လှန်ရေးကြီး အောင်မြင်အောင် ဝင်တွန်းရမှာလေ။ ဒုက္ခသည်ဘဝမှာ သူများပေးစာကမ်းစာစား၊ သူများအကူအညီစောင့်ပြီး စိတ်အားငယ်ငယ်နေမယ့်အစား ဒုက္ခက အမြန်လွတ်အောင် ကိုယ်ထူကိုယ်ထ ကိုယ့်ဘဝကိုယ် ကယ်တင်ရမှာ မဟုတ်ဘူးလား။ တကယ်ဆို ကိုယ်ကိုယ်တိုင်လည်း ဒုက္ခသည် ရွှေ့ပြောင်းလုပ်သား လို့ ခေါ်ရမယ့် CDM ဆရာဝန်တစ်ဦးသာ ဖြစ်ပါတယ်။ တတ်နိုင်သလောက်တော့ ကုပေးနေတာပဲလေ။ ဒါပေသိ ဟိုအကောင်ကြီး ဒုက္ခပေးထားသမျှ အရပ်သားပြည်သူ သန်း ၄၀ လောက်ကို ကယ်တင်ချင်ရင် ဆေးကုရုံနဲ့မရဘူး။ တော်လှန်မှရမယ်မှန်းသိလို့ တောထဲရောက်နေတာ မဟုတ်လား။

နေမကောင်းရင် ဆရာဝန် ဘယ်မှာရှိမလဲ သိအောင်လုပ်ပြီး ဆရာဝန်ရှိတဲ့နေရာ လာပြရမှာပါ။ လူကြီးလာမှ မတ်တပ်ကလေးရပ်ပြီး “ကျွန်တော်တို့ရွာ ဆရာဝန်မရှိဘူး။ ဆရာဝန်ပို့ပေးပါ။” ဆိုတာ စစ်ဗိုလ်တွေအုပ်ချုပ်တဲ့ခေတ်တုန်းက အကျင့်ဆိုးတွေ ဖြစ်ပါတယ်။ ဗိုလ်ချုပ် လာ၊ ရွာက တောင်း။ နောက်က စာအုပ်ကလေးနဲ့ လိုက်မှတ်တဲ့ ဝန်ကြီးကို “လုပ်ပေးလိုက်ပါ။” လို့ မိန့်ကြား။ ဝန်ကြီးက “သွားမယ့် ဆရာဝန်တော့ မရှိသေးဘူး။ သွားဆရာဝန်တစ်ယောက် ပေးလိုက်ပါလား။” ဆို ဘာပစ္စည်းမှ မရှိတဲ့ ကုန်းကြမ်းရွာကလေးကို သွားဆရာဝန် ခန့်ပေးလိုက်။ ဘာအလုပ်မှ လုပ်စရာ မရှိပဲ ၃ နှစ်သွားနေခိုင်း။ အဲ့ဒါ လောက်ကိုင်မှာ ကိုယ်နဲ့ဆုံဖူးတဲ့ သွားဆရာဝန်ကလေးရဲ့ ဝန်ထမ်းဘဝပါပဲ။ ပြည်မက ရွာတွေမှာဆိုရင်တော့ ဘုန်းကြီးတွေက ဆေးရုံဆောက်လှူပြီး ဆရာဝန်တောင်းတာပေါ့။ ဘယ်နေရာ ဘယ်ဆရာဝန်ထားမလဲဆိုတဲ့ ဝန်ကြီးဌာနအလုပ်တွေကို စစ်ဗိုလ်တွေက ဝင်ဝင်စီမံကြပြီး သူတို့ကမှ အလိုတော်ပြည့် ဆုတောင်းပြည့် ပုဂ္ဂိုလ်ထူးကြီးတွေအဖြစ် ရောက်ရာအရပ်က လက်အုပ်ချီမိုး ရှိခိုးဦးတင် နှုတ်ဆက်ကြိုဆိုရတာ။ အဲ့ဒီသောက်ကျင့်ဆိုးကြီးကို နောက်လူတွေ လိုက်အတုခိုးရင် သောက်ကျိုးကြီးနည်းတတ်ပါတယ်။ ဒေါက်စိုးကြီးပြောရင် ယုံလိုက်စမ်းပါနော့။

ဆရာဝန်တွေက ဆေးကုလုပ်ကိုင်စားသောက်လို့ အဆင်ပြေတဲ့နေရာဆိုရင် ဝန်ကြီးဌာနက လွှတ်လွှတ် မလွှတ်လွှတ်၊ ကိုယ့်အထုပ်လေးကိုယ်ပိုက်၊ ကိုယ့်ထမင်းကိုယ်စားပြီး ဆေးခန်းသွားသွား ဖွင့်ကြပါတယ်ဗျ။ ငါးများများပွက်ရင် ငါးစာချလိုက်၊ ကွန်ပစ်လိုက်နဲ့ ငါးစိမ်းသည်များလို ရန်ဖြစ်တဲ့အခါတောင် ဖြစ်ကြသေး။ မူဆယ်မှာ၊ ဖားကန့်မှာ၊ ဆရာဝန်တွေ ပေါမှပေါ။ ကြိုက်တာရမယ် သူ့တန်ရာတန်ကြေး။ ဘရာသာရေ ဇေပါတယ်။ ငွေသာအရင် မစပါ။ အခု လတ်တလော အခြေအနေမှာ စစ်ဖြစ်နေလို့ ဆရာဝန်တွေလည်း စစ်ပြေးနေရတယ်။ သူတို့က နန်းစိန်တွေမို့ လွတ်မြောက်နယ်မြေဖြစ်သွားပြီး EAO အုပ်ချုပ်မှုအောက် ရောက်သွားတဲ့ ဆေးရုံတွေမှာ အံမဝင်ဘူး။ “ကျနော်တို့က ဘယ်အစိုးရတက်တက် လူနာတွေအတွက်ပဲ အလုပ်လုပ်နေတာပါ။” လို့ အသံကောင်းဟစ်ချင်ရင်တောင် အဲ့ဒီအသံက လေယာဉ်သံတွေကြားရင် ပျောက်သွားမှာ။ ဆေးရုံတွေချည့် ဗုံးလိုက်ကျဲနေမှန်းသိလျက်နဲ့ ဘယ်သူမှ မနေရဲဘူး။

ပြီးခဲ့တဲ့ မိုးဦး မိုးလယ်မှာ ငှက်ဖျားကူးတဲ့ဒဏ်ကို တနယ်လုံး အလူးအလဲ ခံကြရတယ်လေ။ ကိုယ်တို့ဆေးရုံ ရှိရှိသမျှ အကုန်လုံး ငှက်ဖျားဖြစ်ကြတယ်။ ကိုယ်ဆို ၂ ခါပြန်ဖြစ်တယ်။ ဆေးဝါးတွေ ဘယ်လောက် ခဲခဲယဉ်းယဉ်း ရှာရမှာရသလဲ ကိုယ်အသိဆုံး။ ဆေးမရှိ ဝါးမရှိ၊ ဆရာဝန်မရှိတဲ့ စစ်ရှောင်စခန်းတွေမှာ ဘယ်လောက် ဒုက္ခရောက်ကြမလဲ မသိပဲ မနေပါဘူး။ လူမသွားနိုင်တောင် ကိုယ့်ဆီမှာရှိတဲ့ ငှက်ဖျားဆေးတွေ test kits တွေ ခွဲဝေပေးခဲ့ပါတယ်။ အဲ့ဒီကြားထဲကမှ ကိုယ့်ဆေးရုံမှာ cerebral malaria နဲ့ လူနာ ၂ ယောက် ဆုံးတယ်။ ကိုယ်တို့လက်လှမ်းမမီတဲ့နေရာတွေတော့ ဘယ်သိနိုင်မလဲ။ အဲ့ဒါကြီးက ဦးသက်ခိုင်ဝင်း မှာ တာဝန်မရှိပဲ ကိုယ့်မှာ တာဝန်လာရှိနေတာကတော့ မနေတတ် မထိုင်တတ်လို့ပဲ ပြောရမယ် ထင်ပါရဲ့။ အခုလည်း ငပိသည် အိပ်ပျော်နေလို့ ဆားသည်ဆီ ဆရာဝန်လာတောင်းနေပြန်ပြီ။ ကိုရီးယားကားထဲကလို ဆားနဲ့ပက်ထည့်လိုက်ရ။

တကယ်တော့ သူတို့က ခုမှ တောင်းတာပါ။ “ဆရာဝန်တွေ၊ ဆရာမတွေ လိုပါတယ်။ လာကြပါ။ ကူကြပါ။” လို့ ကိုယ့်ဘက်က ဟစ်ဟစ်ပြီးခေါ်နေတာ ချန်ဂင်အပိုင်း ၁၀၀ မပြည့်ခင်ကတည်းကပါ။ လက်လှမ်းမီရာ လူကြီးတွေဆီမှာလည်း အကူအညီတောင်းပါတယ်။ သို့ပေမယ့် အော်ဇီသွားရမယ်။ ပြင်သစ်သွားရမယ်။ US သွားရမယ်။ မက်လုံးမပေးနိုင်ပဲ တောထဲမှာဆေးထိုင်ကုဖို့ခေါ်တာတော့ ဘယ်သူ လာနိုင်မှာလဲ။ တစ်လ သိန်း ၃-၄၀ လောက်မှ မပေးနိုင်ပဲ specialist ခေါ်ချင်ရအောင် ရူးများနေသလား မသိ။ ခက်တော့တာပါပဲ။ ကိုယ်လည်း အဲ့သလောက် ပိုက်ဆံမရပါဘူး။ လတိုင်းလတိုင်း ရွာထဲက ကုန်စုံဆိုင်တွေကို ထောင်တန်ကလေးတွေ အကြွေလဲလဲပေးနေရပါတယ်။ အလှူခံပုံးထဲမှာ ထောင်တန်တွေချည့် ပြည့်ပြည့်လာလို့။ ဒီဆေးရုံစတုန်းက ခွဲခန်းထဲစီးဖို့ ကြက်ပေါင်ဘိနပ်တွေ အစည်းလိုက်ဝယ်တာ တစ်ရံကို ၂၅၀၀ ပေးရတယ်။ အခု ဆေးရုံအသစ်အတွက် ဘိနပ်ဝင်ဝယ်မယ်ဆိုသွားတာ လက်ထဲပါတဲ့ ပိုက်ဆံမလောက််လို့ မဝယ်ခဲ့ရဘူး။ တစ်ရံကို ၁၂၀၀၀ ဖြစ်သွားပြီဗျ။ တောသားတွေစီးတဲ့ ကြက်ပေါင်ဘိနပ်ပါနော်။ မြန်မာပြည်မှာ ဒီ့ထက်ညံ့တဲ့ဘိနပ်လည်း ရှာမရပါဘူး။ ကျန်တဲ့ခွဲခန်းထဲမှာ သုံးတဲ့ပစ္စည်းတွေကို စကားထဲထည့်ပြောစရာ လိုသေးလို့လားဗျာ။ ညဘက်ညဘက် ဖယောင်းတိုင်မီးကလေးနဲ့ ကိုယ့်စာကိုယ်ပြန်ဖတ်ပြနေတာလည်း မြင်ဖူးကြမှာပါ။ ဒီလိုအနေအစားနဲ့ ဆရာဝန်လေးက “ရတနာ ၇ ပါးရယ်နဲ့ မော်တော်ကားလည်း စီးမယ်။” လို့ ပြောလာရင် အဲ့ဒါ သူဌေးဝါဒ သီချင်းဆိုနေတာသာ ဖြစ်ပါတယ်။

သို့သော်လည်း လူသာ မချမ်းသာရင် နေမယ်။ ကိုယ့်မှာ အခု ဆေးရုံ ၂ ရုံရှိပါတယ်။ နောက်ဆေးရုံက ပိုတောင် ပြည့်ပြည့်စုံစုံ ရှိပါသေး။ မရှိသေးတဲ့အရာတွေလည်း ရှိအောင် ဖြည့်ရအောင် ဝယ်ထား မှာထားပါသေးတယ်။ ချန်ဂင် (၂) က အခုလဆန်း မှ စဖွင့်တာ လုနာ ၁၀၀၀ ပြည့်လုပြီ။ ဗိုက်ကြီးသည်တွေ လာလာပြတာ တန်းစီနေလို့ ဒီနေ့ မွေးခန်းလေးကို အသင့်ဖြစ်အောင် လုပ်ထားရပါပြီ။ မကြာခင်မှာ ခွဲခန်းလေးတွေလည်း အဆင်သင့်ဖြစ်ပါတော့မယ်။ ခွဲမယ့်သူကတော့ ၂ ဆေးရုံပေါင်း ကိုယ်တစ်ယောက်တည်း ရှိတာမို့ အခုတောင် ဟိုဘက်ပြေး သည်ဘက်ပြေး တော်တော်ကြီး မနားမနေ ဖြစ်နေပြီ။ အငယ်တွေ သင်ပေးထားတာ စိတ်ချရပြီဆိုပေမယ့် တာဝန်ယူထားရတဲ့ဆရာဝန်တစ်ယောက်အနေနဲ့ တခေါ်စာ အကွာအဝေးမှာပဲ ရှိသင့်တာပေါ့။ Normal labor တော့ စိတ်ချရတယ်လေ။ သို့သော် မထွက်တော့ ဘယ်လိုလုပ်မလဲ။ ခွဲခန်း အဆင်သင့် ရှိမှ ဖြစ်မှာပေါ့။ LSCS လည်း ကိုယ်မပါပဲ သူတို့ လုပ်တတ်ပါတယ်။ သို့သော် ဟိုတနေ့ကလို Uterine Atony ရပြီး သွေးသွန်တာ မရပ်တော့ ဘယ်လိုလုပ်မလဲ။ ကိုယ်တောင်မှ အသည်းအသန် ခဲမှန်။ အဲ့လူနာသာ ပြန်ကယ်မရရင် တစ်လလောက် ဒီပရက်ရှင်ကောင်ဇိုးလေး ဖြစ်နေမှာ။ အငယ်တွေလည်း နောက်ကို မလုပ်ရဲမကိုင်ရဲ အညွန့်ကျိုးသွားမှာ။ ကိုယ်ကလည်း ၂ ကိုယ်ခွဲထားလို့မရ။ ဆေးရုံ ၂ ခု အကွာအဝေးက ၂ နာရီစာ။ တယ်လီဖုန်း၊ အင်တာနက် အဆက်အသွယ်က ဘာတစ်ခုမှ မရ။ နတ်သဘင် အစည်းအဝေးမှာ ပင့်ဖိတ်တော့လည်း ကိုယ်တော်ကြီးဖျားတို့က telemedicine ဖြင့်သာ မနောစေလို့ ကြွချီနိုင်ပါသတဲ့။ ဒါဆိုရင် နောက်ဆေးရုံအတွက် starlink နောက်တစ်လုံးရှိမှ လိပ်ပြာကူးထူးခြားသူများ ဖြစ်ခွင့်ရတော့မှာပါပဲ။ အခုတော့ ဘာလေးလိုလို ကိုယ်တိုင်ပြေးနေရတုန်း။

မတတ်နိုင်ပါဘူးကွယ်။ ဆရာဝန်တွေ မရှိတဲ့အရပ်မယ် လက်သည်တွေ၊ သားဖွားဆရာမတွေလည်း ဒီလိုပဲ ကလေးမွေးနေကြတဲ့ဥစ္စာ။ ချန်ဂင် (၂) မှာ မွေးခန်း သန့်သန့်စင်စင်နဲ့ ဆရာဝန်ကိုယ်တိုင် မွေးမယ်။ လွယ်လွယ်ကူကူ မထွက်နိုင်ဘူး ထင်ရင် တောထဲက ချန်ဂင် (၁) ဆီကို ပြန်လွှဲမယ်။ ဒါဆိုလည်း အလုပ်ဖြစ်ပါတယ်။ ခွဲခန်းပြင်လို့ပြီးရင် တစ်ပါတ် မှာ တစ်ရက် elective တွေ လာလာခွဲမယ်။ emergency တွေ ဟိုဘက်ဆေးရုံကိုပဲ လိုက်ခဲ့ကြပေါ့။ ကိုယ်လုပ်ပေးနိုင်တာ ဒါအကုန်ပဲ။ မင်းသမီး ၇ ယောက်လောက် ငှါးပေးရင်တော့ ဝင်းဦး လို ၈ ကိုယ်ခွဲကားလေး ရိုက်ပေးချင်ပါသေးရဲ့ဗျာ။ မိန်းမဆိုတာ ၇ ယောက်ရှိလို့ ၇ မျိုးပြောင်းသွားလည်း သူတို့ယောက်ကျားနဲ့ ရန်မဖြစ်တဲ့မိန်းမတော့ တစ်ယောက်မှ မပါပါဘူး လို့ ကိုဝင်းဦးကြီးက ပြောချင်ဟန် တူပါရဲ့လေ။