ချန်ဂင်တို့စခန်း (၂၈၈)

နေရာ ၂ နေရာခွဲပြီး ဆေးရုံ ၂ ရုံတည်ဖို့ ကြိုးစားရတဲ့အခါ ကိုယ့်မှာ တောင်ပြေးမြောက်ပြေးနဲ့ တော်တော်ကြီး ကသီလင်တ နိုင်တာတော့ အမှန်ပါပဲ။ မိုးကရွာ၊ လမ်းကပျက်၊ ဈေးရောင်းတဲ့ ဆိုင်ကယ်ကယ်ရီတွေတောင် မဝင်တစ်ရက် ဝင်တစ်ရက်နဲ့ဟာကို ကိုယ့်အဖြစ်က ဝဋ်ကြီးတယ် လို့ ဆိုရမလား မသိ။ တစ်ပါတ် ၃ ရက်လောက်တော့ ကူးချည်သန်းချည် နေရတယ်။ လူကိုယ်တိုင် မသွားရင် ဖုန်းအဆက်အသွယ်တွေက မရတော့ဘူးလေ။ မြို့ပေါ်ကလူတွေ ဖုန်းပြောချင်ရင် တောထဲတစ်နေရာက လိုင်းမိတဲ့ တောင်ကုန်းကလေးပေါ်ကို ဆိုင်ကယ်တွေနဲ့ တကူးတကလာပြီး ပြောနေကြရတယ်။ အဓိကပြဿနာကတော့ ဆေးမှာရတာပါပဲ။ အချိတ်အဆက်တွေ ပြတ်တောက်ကုန်သလို ငွေပေးငွေချေလည်း ခက်လာတယ်။ လမ်းမှာ အဖမ်းအဆီး အစစ်အဆေးလည်း များတယ်။ ဆိုးတာကတော့ လူနာတွေကလည်း များနေလို့ ဘယ်လောက်များများ မှာထားထား။ “ကုန်ပြန်ပြီ။ ကုန်ပြန်ပြီ။” နဲ့ လောက်တယ်လို့ကို မရှိတာပါ။ ဟိုဘက်ဆေးရုံက OPD ဆို တနေကုန် လူနာမပြတ်ဘူး။ ဆန်းဒေးလေး ပိတ်ချင်တာတောင် အနားမရ။ “ဆရာများ သားသေ” ပဲ ကြားဖူးပါတယ်။ “လူနာများ ဆရာသေ” တဲ့အထိတော့ မလုပ်ကြပါနဲ့။ ယူတို့ ဆရာကြီးထူးခန့်ကျော် ဘယ်လိုများ ဆေးကုနေပါလိမ့်။ ဆေးကြိမ်လုံးကြီးနဲ့ နဖူးတောက်သလို တောက်ကုရင်တောင် တနေကုန် အဲ့လောက်များတဲ့ လူထုပရိသတ် မကြည့်ချင် မကုချင်ဘူး။ လူစော်နံလွန်းလို့။

အခုကတော့ ပိုဆိုးတာပေါ့ကွယ်။ ဆန်ပေးတိုင်းလည်း ဆေးမရတော့ဘူး။ စီးတီးမတ်တောင် မျက်စပစ်ဝယ်ရတယ်။ ဈေးမမေးနဲ့။ ပြောပြလို့ မဖြစ်ဘူး။ သိချင် ပြန်အမ်းငွေသာ နှုတ်ကြည့်လိုက်တော့။ ဒေါ်လာဈေးက ရေကြီးတာထက် အတက်မြန်တယ်။ မနေ့က ၆၀၀၀၊ ဒီနေ့ ၇၅၀၀။ ရောင်းလိုက်တာနဲ့ အရှုံးပေါ်ပြီး မရောင်းပဲထားရင် ငွေပြန်ထွက်မလာတော့ဘူး။ မနက်ဖြန်ကျ ဘယ်ဈေးဖြစ်ဦးမယ် မသိဘူးလေ။ ဒီအခြေအနေကြီးမှာ ကိုယ်က ခွဲခန်းအသစ်အတွက် စက်ပစ္စည်းတွေ ဒေါ်လာနဲ့ ဝယ်ရမယ်တဲ့ကွယ်။ အခု သုံးနေတာ ၁၅၀၀ ဈေးနဲ့ ဝယ်ထားတာ။ အသစ်ထပ်ဝယ်ရင် ၇၅၀၀ ဈေးနဲ့ တွက်ပေးရမှာ။ ပိုက်ဆံပြန်ရစရာ ရင်းနှီးမြှုပ်နှံငွေလည်း မဟုတ်။ မဝယ်ပဲ ထားပြန်တော့လည်း အဲ့ဒီပိုက်ဆံတွေက တနေ့တခြား တန်ဖိုးကျလာတဲ့အဖြစ်။ ဘယ့်နှယ်လုပ်ကြမတုန်း။ “ဆန်တစ်ပြည် ၁၆ ကျပ် စိန်လွင့်ခေါင်းကိုဖြတ်” ဆိုတုန်းကလို ဖြစ်လာပြီ။

ကိုယ့်စိတ်ထဲမှာ စိတ်ပူတာက မအလ ခေါင်းကို မဖြတ်လိုက်ရမှာ စိုးလို့ မဟုတ်ပါဘူး။ လူတွေ အငတ်ဘေးကြီး ဆိုက်တော့မလား လို့ စိုးရိမ်တာပါ။ စားနပ်ရိက္ခာက ပိုက်ဆံရှိတိုင်းတောင် ဝယ်မရတော့ဘူး။ အလျှံပါယ် စားနိုင်သောက်နိုင်တဲ့ ကိုယ်တို့ဆေးရုံမှာတောင် ကြက်ဥ နဲ့ လက်ဘက်သုပ် က ပင်တိုင်ဖြစ်လာပြီ။ Loki တို့ ၂ ကောင် ထမင်းကို အငမ်းမရ စားတတ်လာပြီ။ ခါတိုင်းလို အသားမှ အမြဲ မကျွေးနိုင်တော့တာ။ ဆိုင်ကယ်မဝင်တဲ့ရက်ဆို ရွာထဲက ကုန်စုံဆိုင်တွေလည်း ပြောင်တလင်းခါသွားတယ်။ ပြည်သူ့ဆိုင် ကျနေတာပဲ။ တစ်ထောင်တန်နဲ့ဝယ်ရင် ဂေါ်ဖီထုပ်တောင် ရှစ်စိတ်ကွဲကလေးပဲ ရမယ်။ ငရုတ်သီးစိမ်း ၁၂ တောင့် ၁၀၀၀၊ နံနံပင် ၅ ပင် ကို ၁၀၀၀။ တစ်ရက်စာ ဈေးဖိုးက ငါးသောင်းနဲ့ မလောက်ဘူးနော်။ ဆန်၊ ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန် မပါသေးဘူး။ ဈေးကြီးတာကို မငြီးပါဘူး။ ဈေးဘယ်လောက်ပေးပေး၊ ဝယ်လို့မရ ဖြစ်ဖြစ်လာလို့။ ဒီ့ထက်ဆိုးလာရင် ငတ်တော့မယ် လို့ ကြိုမြင်နေတာ။

လူတိုင်းရဲ့စိတ်ထဲမှာ တူညီတဲ့ဆန္ဒတွေ သိပ်ပြင်းပြနေသလား မသိပါဘူး။ အတုလား အစစ်လား မသေချာတဲ့ သတင်းတစ်ခု ပွထလာတယ်။ မအလဆီကနေ အာဏာပြန်သိမ်းလိုက်တယ်တဲ့။ အောင်လင်းဒွေး က တဲ့။ သိန်းစိန်ကို တင်မတဲ့။ ညိုစောက ခိုင်းလို့တဲ့။ မဟုတ်က ဟုတ်ကတွေပါလေ။ “ဇင်ယော်က ပြောတာ။” “ခေတ်သစ်မှာ ပါတာ။” ဆိုတိုင်းလည်း ယုံစရာလား။ ပန်ဆယ်လိုတောင် ပန်ဆယ်လို မသိတဲ့ ပန်ဆယ်လိုတွေ အများကြီး ရှိပါတယ် လို့ ပြောနေတဲ့ဟာကို။ ဟုတ်ဟုတ် မဟုတ်ဟုတ်အေ။ ကိုယ်ကြားချင်တဲ့စကား ကြားရ၊ ပြီးတာပဲ။ အာရုံပြောင်းသွားရင် စိတ်ပြေလက်ပျောက် ဖြစ်တာပေါ့။ သူတို့ထဲမှာ ဘယ်သူသေသေ တပြည်လုံး ပျော်ရွှင်ကြည်နူးရမယ့် ဥစ္စာ။ အရေးကြီးတာ ထွက်ပြေးလွတ်မြောက်သွားလေသည် မဖြစ်ဖို့ပဲ လိုတယ်။ ကြီးကြီးသေးသေး။ ဘယ်ငါးမှ အလွတ်မခံနိုင်။ ဆုံထဲမှာ အချင်းချင်း ကြိတ်လို့ကတော့ ကြိတ်ပလေ့စေ။ မောင်းချက်ကလေး မှန်အောင်သာနင်း။ အချိန်တန်တော့ အကုန် စိစိညက်ညက် ကျေကုန်မှာ။ ကိုင်းဟာ။ ကိုင်းဟာ။

ကိုယ့်အဖို့ကတော့ ဒီလိုသတင်းမျိုးကို “ဟုတ်ချင်ဟုတ်၊ မဟုတ်ချင်နေ” လို့ပဲ သဘောထားပါတယ်။ ဖုံးထားလို့ ရတဲ့ကိစ္စမှ မဟုတ်တာ။ ခနနေ အဖြေပေါ်မှာပဲ။ ဒါက ခရီးဆုံးပန်းတိုင် မဟုတ်ဘူး။ လှေကားထစ် တစ်ထစ်ပဲ ရှိသေးတာ။ ဒါမျိုးလေးတွေနဲ့ ပေါ်ပင်ပျော်ရွှင်နေရအောင် သူငယ်နှပ်စားလည်း မဟုတ်။ ၈၈ ဧပြီတုန်းကတော့ ကလေးပီပီ ခုန်ပေါက်မြူးတူး ပျော်ခဲ့ဖူးတာပ။ ဦးနေဝင်းကြီးက “ကျွန်တော် နှုတ်ထွက်တယ်။ ဦးစန်းယု နှုတ်ထွက်တယ်။ အစိုးရအဖွဲ့ထဲက ဟိုလူနှုတ်ထွက်တယ်။ သည်လူနှုတ်ထွက်တယ်” ဆိုပြီး တသီကြီးတတန်းကြီး အာဏာစွန့်ပြတော့ ကိုယ်တို့မှာ သတင်းပြီးတာနဲ့ လက်ဘက်ရည်ဆိုင်ပြေးထိုင်။ “အိပ်မက်များလား။ မယုံနိုင်ဘူး။” ဖြစ်ရတာပေါ့။ တစ်ရက်ပဲ ခံပါတယ်ဗျာ။ နောက်တစ်နေ့ကျတော့ မျက်ရည်စက်လက် ခြေသလုံးဖက်ပြီး တားကြတာ။ ဘုန်းကြီးပျံ ဧယျာဉ့်ကျူးတဲ့အတိုင်းပဲ။ ဦးလဘန်ဂယောင် ဆိုတဲ့ ကချင်ကြီးဆို သောက်မြင်ကပ်လွန်းလို့ သေတောင် မမေ့တော့ဘူး။ အခုတော့လည်း နားလည်ခဲ့ပါပြီ။ “မင်းပဲရေး၊ မင်းပဲရိုက်၊ မင်းပဲရှုပ်၊ ဇာတ်လမ်းတစ်ပုဒ်” ဆိုတာ။ ဒါပေသိ အိုက်အဖိုးကြီးကမှ သောက်ရှက်ရှိသေးသဗျ။ ထွက်မယ် ပြောပြီးရင် ပြန်ကိုတက်မလာတော့ဘူး။ နောက်ကွယ်ကပဲ ရှို့တော့တယ်။ သူ့ရုပ်ကြီးကို သေသည်အထိ သတင်းစာထဲ အပါမခံ။ ၉၀ ပြည့် မွေးနေ့တုန်းက သူ့ပုံကြီးပါလာလို့ သတင်းစာထဲက ထကန့်ကွက်တာနော်။ သူ့အောက်ကကောင်တွေသာ မတတ်ခင်မှာ နတ်တင်ပြီး ဟောတတ်ပြောတတ်တော့ နတ်နေကိုင်းပါ ချိုင်ချပစ်လိုက်တာ။ ဘယ်သူတက်တက် ဘယ်သူဆင်းဆင်း။ ဒုံရင်း က ဒုံရင်းပဲ။ မကုန်မချင်းသာ ဆက်တိုက်ကြပါစို့။

ဝမ်းသာတာတော့ သာရမှာပေါ့လေ။ နေ့ခင်းဘက် ဘယ်ကမှ သတင်းတက်မလာခင်ကတည်းက ဒီသတင်းမျိုး အနှေးနဲ့အမြန် ကြားရတော့မယ် ဆိုတာ သိပြီးသား။ အေမီဈာန်ဖြစ်မစိုးလို့ မပြောတာ။ ဟုတ်ဟုတ် မဟုတ်ဟုတ်။ ဒီကောင်တွေ ပျားတုပ်နေတာတော့ သေချာပြီ။ ဒီညတော့ လေယာဉ်မလာလောက်တော့ဘူး။ ထွက်ပြေးဖို့ ဆီချန်ရဦးမှာ။ သူတို့ချင်း အာဏာလုပြီး အပြုတ်ဆော်တော့ ကိုယ်တွေ သက်သာတာပေါ့ကွာ။ ဘယ်လောက် ကောင်းသလဲ။ ယာလည်းညက်၊ ကြက်လည်းပန်း။ တချိန်ချိန်မှာ ဒီအဆင့်က ရောက်ကိုရောက်လာရမယ့် အနေအထား။ အဲ့ဒီနားတင် ရပ်မနေဖို့ပဲ လိုတာ။ ကြူ့လင်ခုတ်မှတော့ ကြူငုတ်တွေ ချန်မထားခဲ့နဲ့။ “အချစ်ကမနည်း၊တဆစ်မှမလွဲ၊ အမြစ်ကလှဲ၊ လှစ်ပြလိုက်မှာပဲ။ ချစ်မိုးကြီး သွန်းဖြိုးလို့သာ သည်းကနဲ မည်းကနဲ၊ သည်းကနဲမည်းကနဲ ရွာ။” ဆို အရှိန်လေးနဲ့ ဆက်သာ လှိမ့်လိုက်တော့။

သူတို့ဘက်ကကောင်တွေ psy-war လုပ်ပြီး ဂျင်းထည့်တဲ့ သတင်းကြီး ဖြစ်နေတော့ရော ဘာစိတ်မကောင်းစရာ ရှိမှာလဲ။ အခု မဟုတ်လည်း နောင်ကျ တဖြည်းဖြည်း တဖြည်းဖြည်းနဲ့ ဟုတ်သွားမှာပဲဟာ။ မအလ နဖူးမှာ စာဆွဲထားပြီးသား။ “သင်သည် မုချ သေရမည်။ အချိန်ပိုင်းသာ လိုတော့သည်။” တဲ့။ ပြုတ်စော်နံ၊ သေချင်စော်နံတယ် ဆိုတာ သူ့လို အဖြစ်မျိုးပဲ။ သေချာကြည့်။ မျောက်သေကြီး ဖုတ်ဝင်ထားတဲ့မျက်နှာ။ ဪ ကဲ။ ကျက်သရေ မရှိတဲ့ မျက်ခွက်ကြီး မြင်ရတာတောင် ပျော်စရာကောင်းနေပါလား။ ဖြစ်မှဖြစ်ရလေတယ်။ လောင်မြိုက်နေတဲ့ ဖွတ်ထီးဖွတ်မတွေကို ကိုယ်တွေက ဟဟ ပဲ ပေးရသေး။ သူ့အဘတွေက ထောင်ထဲထည့်။ တကယ့်လူတွေနော်။

ကိုယ်တို့က လူတွေကို တိုက်နေတာ မဟုတ်ဘူး။ စံနစ်ကို တိုက်နေတာမို့လို့ သူတို့ဘက်က ရန်ကြွင်းရန်စတွေ မဆိုထားနဲ့။ ကိုယ့်လူ ကိုယ့်ဆရာတွေ သူတို့သောက်ချိုး ချိုးလာရင်တောင် ဘယ်လိုမှ လက်မခံနိုင်တော့ဘူး။ ရှင်ကြီးဝမ်းကရော ရှင်ငယ်ဝမ်းကရော ထွက်ခဲ့ပြီးသားဆိုတော့ မလည်မဝယ် မနူးမနပ်ကလေးမဟုတ်တော့ဘူးလေ။ ဥုံဖွတွေ အပ်ချလောင်းတွေနဲ့ နိုင်ငံရေးမျက်လှည့် လာပြလို့ ရမလား။ အကွက်တွေ အားလုံး မြင်ဖူးတယ်။ ဆင်းတော့ ဆင်းတော့။ တစ်ကောင်မှ မနေခဲ့နဲ့။ ဆင်း။ အကုန် ဆင်း။ မဆင်းရင် ဗြင်းမယ်။ ဆင်းဆင်း မဆင်းဆင်း ဗြင်းမယ်ကွာ။

ခနနေကျရင် ဝမ်ယိပါပါး လာတော့မှ ဒင်း သောက်ခွက်ကြီးကို မမြင်ချင်ပဲ မြင်ရလို့ မိုးမွှန်အောင် ဆဲကြဆိုကြဦးမှာပဲ။ ပိုက်ဆံထုပ်ကြီး သယ်မပြေးနိုင်တဲ့သူတွေကလည်း အထုပ်ကလေး ကျစ်ကျစ်ပါအောင် ရွှေတွေ၊ ဒေါ်လာတွေ လိုက်ဝယ်ပြီး ဈေးဖျက်ဦးမှာပဲ။ ပြီးရင် သူတို့လက်ထောက်ချလို့ ရောင်းတဲ့သူတွေပဲ အဖမ်းခံရဦးမှာ။ ဦးနှောက်မရှိလို့ ထိုးကျွေးခံရမယ့်သူတွေကတော့ ဆန်လည်းကုန်တယ်။ မြေလည်းလေးတယ်။ ကြွ ကြွ။ မြန်မြန်ကြွ။ အလင်းတွေဘာတွေလည်း ဝင်မနေပါနဲ့တော့။ ရှားပါးရတဲ့အထဲ။ ကိုယ်စားမယ့်ထမင်းလုပ် မျှမကျွေးနိုင်ဘူး။ ငတ်တဲ့လူချင်း အတူတူကို။ ဒီခေတ်ကြီးထဲ ရွှေတွဲလဲ ငွေတွဲလဲ ရှိတာ နင်တို့အဘ သားမယားများပဲ ရှိတယ်။ ကိုယ့်အဘကိုယ် ဓါးပြပြန်တိုက်ချေကြ။ ငတက်ပြားတို့ ရော်ဘင်ဟုတို့လည်း ဒီလိုပဲ လုပ်ကြတယ်။ သိလား။ ငါက ဗိုလ်အောင်ဒင်။ နင်က ဒါကိုမမြင်။ အဘသားကို ဓါးပြတိုက်သွားတဲ့ အရမ်းမိုက်တဲ့ စစ်သားလေးရယ်။ ရာဇဝတ်မှုတွေ ထူပြောအောင် မြှောက်ပေးနေတာ မဟုတ်ဘူးနော်။ မိုးကုတ်ဦးမြမောင် အိမ်တုန်းကလည်း ကြိုင်ဖရားကြီးကိုယ်တိုင် စေတော်မူခဲ့တာဆို။ အေးနေဝင်းကြီးပြောတာပဲလေ။ မယုံ သူ့ဆီသွားမေးကြည့်။ သူ့ဆီမှာ သက်သေရှိသတဲ့။ အချိန်မရွေး သက်သေလိုက်နိုင်သတဲ့။ ပွဲဖြစ်ချင် သွားဗျူးချေကြလေ။

“အာဏာက သိမ်းသလိုလို မသိမ်းသလိုလိုလေး။ သိမ်းတော့သိမ်းတယ်။ ဒါပေမယ့် သိမ်းလို့မရဘူး။” ဆိုပြီး မတ်မတ်ဆောင်း လုပ်နေရင်တော့ ကိုယ်တို့အတွက် ဝမ်းသာရမယ့် အခြေအနေပါ။ ဒီလောက် သောက်သုံးမကျတဲ့ ကောင်ကြီးကိုတောင် သူ့လောက် သောက်သုံးကျတဲ့ကောင် တစ်ယောက်မှ မရှိလို့ ဖယ်ထုတ်လို့မရသေးဘူးဆိုရင် ကိုယ်တို့မောင်းထုတ်ရမှာ ငဆွေးငပွေးတွေချည့်ပဲ။ စိတ်ဓါတ်ပျက်ပြား၊ စည်းလုံးမှုပြိုကွဲ၊ ခေါင်းဆောင်တွေ ကစဉ့်ကလျားဖြစ်နေတဲ့ စစ်တပ်ကြီးကို ဘာမနိုင်စရာ အကြောင်းရှိရမှာလဲ။ ဟောတစ်ယောက် ဟောတစ်ယောက်နဲ့ မကုန်မချင်း ထိုင်ကြည့်ပြီး ကြည်နူးပီတိဖြစ်နေလို့ရတယ်။ ရွှေတစ်ကျပ်သား သိန်းတစ်ရာ၊ တစ်ဒေါ်လာ တစ်သောင်းဖြစ်တော့လည်း ဘာအရေးလဲကွယ်။ ခြင်းထဲကကြက်တွေ တစ်ကောင်ပြီးတစ်ကောင် ကောက်ရိုက်ရုံနဲ့ အရင်းကျေပါတယ်။ စိတ်သာချ။ ဘယ်သူမှ လွတ်အောင် မပြေးနိုင်ဘူး။ တစ်ကောင်ပေါ် တစ်ကောင်တက်နင်းလိုက်၊ အောက်က ဆွဲဆွဲချလိုက်နဲ့။ ဘယ်ဂဏန်းက တောင်းအပြင်ရောက်လို့လဲ။ ဗိုလ်ချုပ်သားမယားတွေ စစ်ပြေးဖို့ အထုပ်ပြင်နေကြတာ ငါးကန်ထဲ ပိုက်တန်းဆယ်လို့ အဆီတဝင်းဝင်း ငါးကြင်းကြီးတွေ ဖြတ်ဖြတ်လူးနေတဲ့အတိုင်းပဲ။ ဒင်းတို့နဲ့နှိုင်းစရာ ဥပမာကလည်း လူထဲမှာ ရှာမရ။ ခက်တော့ နေပါပြီလေ။ အကုသိုလ်တွေများလိုက်တာ။ မြတ်ရှင်စော။ ဩကာသ ဩကာသ။ သတ္တဝါတွေ ကျန်းမာချမ်းသာကြပါစေကွယ်။