ချန်ဂင်တို့စခန်း (၂၈၇)

ဆိုဖီလေးက နေမကောင်းတာ လေးငါးရက် ရှိပြီ။ အစပိုင်းတော့ မျက်စိနာနေလို့ မျက်စဉ်းခပ်ခပ်ပေးနေတာ။ နောက်ရက်ကျတော့ အစာမစားတော့ဘူး။ ဓါတ်ပုံလေးတွေ၊ ဗီဒီယိုလေးတွေရိုက်ပြီး တိဆရာ နဲ့ပြရတယ်။ ကာကွယ်ဆေးတွေဘာတွေလည်း မထိုးရသေးဘူးနဲ့ တူပါတယ်။ လမ်းကြောင်းအခြေအနေကြောင့် ကိုယ်လည်း ဆေးမှာလို့ မလွယ်သေးလို့။ ခွေးပေါက်လေးတွေ မွေးပြီး ကာကွယ်ဆေး သေချာထိုးမပေးရင် သက်ဆိုးမရှည်တတ်ဘူး ဆိုတာ ရန်ကုန်မှာကတည်းက သိပါတယ်။ သူတို့မှာလည်း ရောဂါဘယတွေ ပေါတာကိုး။ ဒီခေတ်ဒီကာလဆိုးကြီးမှာ လူတွေတောင် ကာကွယ်ဆေးမရလို့ လက်မှိုင်ချနေရတဲ့အချိန် ခွေးအတွက် ရန်ကုန်က ကာကွယ်ဆေး မှာထိုးပေးရတဲ့အဖြစ်ကို ကိုယ့်ဘာသာ လိပ်ပြာမလုံတာနဲ့ မသိချင်ယောင်ဆောင်နေခဲ့တာ။ အခုလို နာဖျားလာတဲ့အခါကျတော့ စိတ်ပူရပြန်တာပေါ့လေ။ အဲ့ဒါနဲ့ပဲ မနေ့က သူ့ကို cannula တွေထိုး၊ antibiotics တွေထိုး၊ drip တွေထည့်။ လူတွေပြုစုသလိုပဲ ပြုစုရပါတယ်။

Loki တစ်ကောင်ကတော့ လင့်ဝတ္တရား နားမလည်ရှာဘူး။ သူ့ဘာသူ အေးရာအေးကြောင်း ရှာကြံနေတယ်။ ညတရေးနိုးရင် ကုတင်ပေါ်တက်တက်လာပေမယ့် မကြိုက်မှန်းသိလို့ မျက်နှာနား လာမတိုးတော့ဘူး။ ခြေရင်းဘက်မှာ ဝင်ဝင်ခွေတယ်။ ခြေထောက်ပေါ် ခေါင်းလေးတင်ပြီးအိပ်တယ်။ မနက် လာမနှိုးတော့ပေမယ့် လူအနားလာလာခုန်တက်ပြီး ဆော့တုန်းပဲ။ သူတို့နှစ်ကောင်မှာ Loki က လူစကားပိုနားလည်တယ်။ မျက်နှာရိပ်မျက်နှာကဲလည်း သိတယ်။ ဆူလိုက်ရင် မျက်နှာငယ်လေး လုပ်ပြတတ်တယ်။ အိမ်ထောင်သည်ဖြစ်သွားတော့ စိတ်မကောက်တော့ဘူး။ သူတို့မှာလည်း အရွယ်အလိုက် ရင့်ကျက်မှုတွေ ရှိတာပဲ။

ဒီမနက်တော့ ဆိုဖီက သက်သာလာလို့ ထင်ပါရဲ့။ အိမ်ပြင်ထွက် လမ်းလျှောက်တယ်။ ပတ်တီးနဲ့ စည်းပေးထားတဲ့ cannula ကို သူ့ဘာသူဖြုတ်ပစ်တယ်။ အစားပြန်စားလာပြီ။ သူအိပ်ဖို့ စောင်ခေါက်ကလေးခင်းပေးထားရင် Loki က အတင်း ပူးကပ်ပြီး ဝင်အိပ်တယ်။ သူ့ထက် ဆိုဖီ့ကို ပိုဂရုစိုက်ရင် မနာလိုတတ်ဘူး။ မုန့် တစ်ယောက်တစ်ခုစီ ကျွေးထားရင် သူ့မုန့်သူ မစားဘူး။ ဆိုဖီ့ကိုလည်း မကျွေးဘူး။ ငါ့ဟာ ငါ့ဟာ ဆိုပြီး ရင်ဘတ်ထဲထည့် ဝှက်ထားတယ်။ ရောက်စကဆို သူ့အစာတွေ အကုန်ထိုးကျွေးတတ်တဲ့ကောင်ကလေ။ ဆေးရုံမှာ ဆိုဖီ့ကို cannula ထိုးတုန်းကဖြင့် သူ့မှာ လူနာခန်းထဲ ဝင်လိုက်ထွက်လိုက် နဲ့ ယောက်ယက်ကိုခတ်နေတာပဲ။ စိတ်ပူရှာတာ။ ဒီရက်ပိုင်း သူတို့ကို အသားတွေ ငါးတွေ သိပ်မကျွေးနိုင်ပါဘူး။ ဈေးဆိုင်ကယ် တွေက နေ့တိုင်းမှ မလာနိုင်တာ။ လူတွေက ဟင်းသီးဟင်းရွက် စားပေမယ့် သူတို့က အညှီအဟောက်လေးပါမှ ထမင်းစားဝင်တာ။ နေမပွင့်ရင် ရေခဲသေတ္တာလည်း ကောင်းကောင်းမအေးလို့ အများကြီး ဝယ်ထားလို့လည်း မရဘူး။

နန့်မွန်းမှာ ဈေးမထွက်နိုင်တာ တစ်လကျော် နှစ်လ ရှိနေပြီ။ နဂိုအတိုင်း ပုံမှန် ပြန်မဖြစ်သေးဘူး ဆိုတဲ့သဘောပေါ့။ ကုန်စိမ်းသည်တွေက အင်းတစ်ပါတ်ပတ်ပြီး ဆိုင်ကယ်နဲ့လိုက်ရောင်းနေကြတယ်။ လုံးတုံဂိတ်၊ နန့်မွန်းဂိတ်တွေက ဆေး နဲ့ ဆေးပစ္စည်းတွေကို အဓိကထား စစ်တယ်၊ သိမ်းတယ်။ ဆန်၊ ဆီ၊ ဒီဇယ် လည်း ပါတာပေါ့။ ဆန်တစ်အိပ်ကို တစ်သိန်းခွဲ ပေးဝယ်ရပြီး ကားခ က ၅ သောင်း ပေးသယ်ရတယ်။ ဒီဂိတ် ၂ ဂိတ်ကို မတိုက်သေးသ၍ ဒီဘက်ကလူတွေ ကျောကော့နေအောင် ခံကြရတာ။ ရခိုင်မှာလည်း အလားတူ ဒုက္ခမျိုး ကြုံနေရတယ် လို့ မာန်အောင် ရမ်းဗြဲကလူတွေ အော်ကြညည်းကြတာလည်း ကြားမိလိုက်ပါတယ်။ ဒီစစ်မိစ္ဆာတွေကို မြန်မြန်အမြစ်ဖြတ်မှ ပြည်သူလူထု အသက်ရှူချောင်လိမ့်မယ်။ အခုဆိုရင် တနိုင်ငံလုံး ရှိသမျှဒေါ်လာတွေကို ကိုယ့်ဘာသာအသစ်ရိုက်ထုတ်ထားတဲ့ မြန်မာကျပ်ငွေတွေနဲ့ ဘယ်ဈေးပေးရပေးရ လိုက်ဝယ်ပြီး တဆွေလုံးတမျိုးလုံး နိုင်ငံခြားထွက်ပြေးဖို့ ကြီုးစားနေတာ သေချာတယ်။ “ငါ အုပ်ချုပ်တာ မခံနိုင်တဲ့ကောင်တွေ ဘာတန်ဖိုးမှ မရှိတဲ့ ငွေစက္ကူတွေနဲ့ ချွတ်ခြုံကျပြီး ကျန်ရစ်ခဲ့ကြ။” ဆိုတဲ့သဘောပေါ့။ အဲ့ဒီကောင်ကြီးနဲ့ သူ့ဆွေမျိုးတွေ ရွှေထုပ်ငွေထုပ်ကြီးပိုက်ပြီး နိုင်ငံခြားထွက်ပြေးသွားတဲ့အထိ စောင့်နေကြမလို့လား ဟင်။ သူတို့ပြေးရင် သူတို့အောက်က အသေခံတိုက်နေရတဲ့ကောင်တွေရော ပါမှာမို့လို့လား။ “ဘယ်အဆင့်ထိ ထိုးကျွေးထားခဲ့မလဲ။ အဲ့ဒီအထဲ ကိုယ်ရောပါမလား။” ဆိုတာ ကိုယ့်ဘာသာကိုယ်ပဲ စဉ်းစားကြည့်ကြပါလေ။ အဲ့သလောက်မှ သောက်သုံးမကျရင်လည်း သေကိုသေသင့်တဲ့ ဉာဏ်ရည်မို့သာပ။

ဒီကောင်တွေက ဘယ်လိုပဲဖြစ်ဖြစ် သေကိုသေမယ့်ကောင်တွေပါ။ ဘာအသိဉာဏ်မှလည်း မရှိလို့ အမှားလည်းမသိဘူး။ အမှန်လည်း မမြင်ဘူး။ ခုချိန်ထိ မှိုင်းမိနေတုန်း။ တိုင်းပြည်ရဲ့အဆိပ်အတောက်၊ လူသားမျိုးနွယ်စုရဲ့ အဆိပ်အတောက်၊ သတ္တဝါဝေနေယျတို့ရဲ့ အဆိပ်အတောက်တွေ။ စစ်ဘိနပ် အောက် ပြားပြားမှောက်ပြီး သေကျန်ရစ်ခဲ့ရမယ့်သူက စစ်သားတွေ ကိုယ်တိုင်ပဲ ဖြစ်ရတော့မှာလေ။ ဝမ်းသာလိုက်တာဗျာ။ သူတို့ဘဝက ကိုယ်တွေမွေးထားတဲ့ ခွေးလောက်တောင် ချစ်ခြင်းမေတ္တာ မခံစားရရှာဘူး။ “တစ်မိသားစုလုံး၊ တစ်အိမ်သားလုံး သေသွားတယ်။” ဆိုလို့ စုတ်တသပ်သပ်နဲ့ သနားနေရင်းကမှ “တပ်ထဲက အိမ်မှာလေ။” လို့ သိသွားတာနဲ့ “နည်းတောင်နည်းသေးတယ်။” ဖြစ်သွားတာ ပြည်သူ့သဘောထား အစစ်အမှန်ပဲ။ ခံနိုင်ရည်ရှိအောင် ကြိုးစားထားကြပေါ့ကွယ်။ ခုနေများ မအလအိမ်က ကာလနာတိုက်ကြည့်ပါလား။ ဘယ်လိုတွေ ပျော်ကြပါးကြမယ်ဆိုတာ အတောမသတ်နိုင်အောင်ပဲ။

ကာချုပ်၊ သမ္မတ၊ ဝန်ကြီးချုပ် ထိုင်ခုံ ၃ လုံးခွထိုင်ပြီး အတင်းအဓမ္မ နိုင်ငံတော် အကြီးအကဲလုပ်နေသူရဲ့ပါးစပ်ကနေ တရုတ်က ကျူးကျော်စစ်ဆင်နွှဲနေတာပါ လို့ ထုတ်ဖော်စွပ်စွဲလိုက်ပြီးနောက် တိုင်းပြည်က ထောက်ခံမှုရမလာပဲ တရုတ်ဆီက ဖိအားတွန်းအားတွေအောက် မရုန်းနိုင်အောင် နစ်သွားတာလည်း မြင်နေရတာပဲလေ။ လိုင်ဆာကို ဗုံးသွားကျဲတော့ ဟိုဘက်နယ်စပ်ကနေ ပြန်ပစ်လိုက်လို့ လိုရာမရောက်ပဲ လှည့်ပြန်လာခဲ့ရတယ် မှလား။ မအလဟာ တရုတ်အတွက်တော့ ပစ်ဖဲတစ်ချပ် ဖြစ်သွားပြီး အောက်အိမ်က ပူတင်ကြီး ကောက်စားလောက်တဲ့ တွဲဖဲလည်း မဟုတ်ပါဘူး။ ဘူကောင်မှ ဘူကောင်စစ်စစ်။ နေ့တိုင်းနေ့တိုင်း စစ်ရှုံးနေတဲ့ခေါင်းဆောင်တစ်ယောက်အနေနဲ့ နောက်ထပ်ဘယ်နှစ်ရက်တောင့်ခံနိုင်ဦးမလဲ ဆိုတာ လူတိုင်းစောင့်ကြည့်နေကြပါတယ်။ ညက ငါအိပ်ပျော်နေသခိုက် ဒီကောင်ကြီး စမုံတုံးသွားမှာစိုးလို့ ဖုန်းကလေးပွတ်ပြီးမှ မျက်နှာသစ်တယ်လေ။ တော်တော်တော့ နီးနေပြီ မဟုတ်လား။

လားရှိုးမှာတုန်းကလည်း “မဟုတ်ဘူး” “မဟုတ်ဘူး” နဲ့ အကြိမ်ကြိမ်အခါခါ ငြင်းရင်းငြင်းရင်း နောက်ဆုံးကျ ဟုတ်သွားခဲ့တာပဲ။ အခု နောင်ချို၊ ကျောက်မဲ၊ သီပေါ တကြောလုံး ဟုတ်ကုန်ပြီ။ ပြင်ဦးလွင်၊ မန္တလေးကို တပြိုင်နက် ငြင်းနေကြတော့ မကြာခင် ဟုတ်တော့မှာ။ သေချာသလောက် ရှိတယ်။ ကြေးရုပ်ကြီးတွေတောင် ကြောက်ဒူးတုန်နေကြပေါ့။ “သူမချစ်တာကို၊ သူပစ်ခွါလို့၊ ဘယ်လိုမှ အပြစ်ပြောခွင့်မရှိပြီ။” တဲ့။ ဘဲပစ်ကောင်တွေ ဘုရားကြီးထဲပို့ပြီး ချက်ပေါက်အောင် အနှိုက်ခံရတာ့မှာ။ တိုရှေသည်၊ ခေါက်မုန့်သည်တွေ ဒယ်ဘေးက ပတ်ပတ်ခွါသလို အရပ်လေးမျက်နှာက နှဲ့နှဲ့ပြီး နွှာနေတာကတော့ တို့မန္တလေးမြို့ကြီးရဲ့ ပတ်လည်တခိုပါ။ ကဲ ရက်ရွေးမနေပါနဲ့ ကိုကိုရယ်။ အသက်ကလေးရယ် ရှည်စေလိုရင်ဖြင့်။

ဝမ်းသာစရာ သတင်းကောင်းတစ်ခုကတော့ မန္တလေးမှာ ခံစစ်ပြင်ဖို့ မော်တော်ပီကယ်တွေကို လက်နက်တပ်ဆင်နေပါသတဲ့။ ပွဲကြီးပွဲကောင်းပဲဗျာ။ အဆိုတော် ဦးအံ့ကြီး နဲ့ ရွာစားကျော် စိန်မောင်ကိုတို့ အခုမှ တွေ့ရပလေတယ်။ မြို့မေတ္တာ ခံယူလိုက်ဦးကြစို့ရဲ့။ မန်းလေးအငြိမ့်က လူပြက်ကြီးတွေတောင် ခုရက်ပိုင်း ပွဲငှါးလက်မခံသေးဘူး ကြားတယ်။ ရိုက်ပါရစေ ရွှေနွယ်ရိုးရယ် ဖြစ်ကုန်လို့။ ယူနီဖောင်းလည်း လဲမနေပါနဲ့လေ။ အဖြူလေးနဲ့ပဲတိုက်ခိုင်း။ ထင်သာမြင်သာ ရှိအောင်။ တော်နေကြာ PDF တွေက အငြိမ့်မင်းသမီးများ စကားဖြတ်သလို “တော်ကြပါတော့ ဦးလေးတို့ရယ်” ဆို အလုအယက် ဝင်ကနေရပါဦးမယ်။ ရယ်စရာတွေကလည်း တပုံကြီး ရှိသေးတာကိုး။

အောင်ကျော်ချမ်းအေး မန္တလေးဟာ မြန်မာရှင်ဘုရင်တွေ တည်သွားတဲ့မြို့။ မြန်မာပြည်ကို ရောက်ဖူးကာစ အင်္ဂလိပ်စစ်ဗိုလ်တွေကတောင်

“On the road to Mandalay

Where the flyin’ fishes play

And the dawn comes up like thunder

Out of China ‘cross the bay”

လို့ ကဗျာအရှည်ကြီး ရေးဖွဲ့ရတဲ့မြို့။ ရေလွှာသင်ဖျူး ငါးပျံမြူးရာအရပ်၊ တရုတ်ပြည်ဘက်က အရုဏ်ဦးအလင်းရောင်တွေ မြစ်ဆိပ်ရေပြင်မှာ တလက်လက်တောက်ပတဲ့နေရာ လို့ ဆိုကြတယ်။ မြို့လူဦးရေ တဝက်လောက်က ပြည်ကြီးပေါက်ဖော် တွေ အခြေချနေထိုင်သလား မှတ်ရတယ်။ သူတို့အတွက်က ဟိုဘက်ကိုသွားရင် ခွေးမိန် (ကူမင်း)၊ ဒီဘက်ကိုဆင်းရင် ဝါချိန် (မန္တလေး) ပဲ။ အိမ်ဦး နဲ့ ကြမ်းပြင်လို ဥဒဟို ကူးသန်းကုန်သွယ်နေကြတယ်။ ရွှေမန်းမြို့ဟာ မြန်မာဆန်သလားဆိုရင် သူ့လောက် နန်းဆန်၊ မြန်မာဆန်တဲ့သူ မရှိသလို “တရုတ်လာသည် ယိုင်ယိုင်လော၊။ ယိုင်ယိုင်။” ဆိုရင်လည်း သူ့လောက် တရုတ်ဆန်တဲ့နေရာ မရှိ။ ရန်ကုန်မှာလို တရုတ်တန်းသပ်သပ်ထားစရာ မလို။ မြို့ထဲမှာ တရုတ်တွေချည့်နေတာ။ ဆိုင်ခန်းရှေ့မှာ ရေးထားသမျှ ဆိုင်းဘုတ်တိုင်းက တရုတ်လိုပါတယ်။ အဲ့ဒီမြို့မှာ တရုတ်ဆန့်ကျင်ရေး တရားတွေဟောပြီး တရုတ်ရဲ့ကျူးကျော်စစ်ကို တွန်းလှန်မယ်ဆိုတော့ ငါ့မယ် ဗမာလိုတောင် မရယ်နိုင်တော့ဘူး။ တရုတ်လိုပဲ ခွက်ထိုးခွက်လှန် ရယ်ပလိုက်တော့မယ်။ သော့လော် သော့လော်။ တော်လောက်ပါပြီ။ ဒီကောင်တော့ တရုတ်ပြေးမင်း မဟုတ်ဘူး။ တရုတ်ဖြုတ်မင်း ဖြစ်တော့မှာ။ တပ်ထဲက ဝက်လက်ခိုးမသားတွေကလည်း အဆိပ်ကြိုက်သလား၊ ဓါးကြိုက်သလား၊ ရွေးခိုင်းနေပြီ။

လားရှိုးကျတော့ ယဲ့ယဲ့ကလေးပဲကျန်တဲ့စစ်တပ်ဟာ မန္တလေးကို လက်လွှတ်ရတဲ့အခါ ဘယ်လိုမှ ရပ်တည်နိုင်တော့မှာ မဟုတ်ဘူး။ အဲ့ဒီမတိုင်ခင်မှာတင် လက်နက်ချ အညံ့ခံရတော့မယ့် အလားအလာလည်း ရှိတယ်။ မန္တလေးပါသွားရင် အင်တာနေရှင်နယ် လေဆိပ်တစ်ခုလည်း တော်လှန်ရေးဘက်ကို ပေးလိုက်ရမှာဆိုတော့ သူ့တစ်မြို့တည်းတင် တိုင်းပြည်တဝက်မက ဆိုင်တယ်။ သယံဇာတ အရင်းအမြစ် နဲ့ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတွေ အားလုံး သူတို့လက်ထဲမှာ မရှိတော့ဘူးလေ။ ဒီတစ်ပွဲဟာ ပွဲသိမ်းတိုက်ပွဲလည်း ဖြစ်နိုင်တာကြောင့် မီးကုန်ယမ်းကုန် ပါဝင်ဆင်နွှဲကြရမှာပါပဲ။ အစကတည်းက ရှမ်း-မန်း စစ်ဆင်ရေး လို့ နံမည်တပ်ထားတယ် မဟုတ်လား။ ရှမ်းရော မန်းရော အပိုင်သိမ်းဖို့ စိတ်ကူးပြီးသား။ မြန်မြန်ပြီးချင် ကိုယ်တိုင် ဝင်တိုက်ကြရုံပဲ ရှိတယ်။ စစ်မရှောင်၊ စစ်မပြေးပဲ စစ်တိုက်ကြမယ်ကွာ။ ဒီတစ်ပွဲမှ ဝင်မနွှဲလိုက်ရရင် တသက်လုံး တနုံ့နုံ့နဲ့ မကျေနိုင်မချမ်းနိုင် ဖြစ်နေရလိမ့်မယ်။ နိုင်မှာ သေချာနေပေမယ့်လည်း ဆွမ်းကြီးလေး ဝင်လောင်းလိုက်ရမှ အရသာရှိသဗျ။ နောက်တော့မှ “ဘာတောင် မဘာလိုက်ရပါလား။” လာ မပြောနဲ့။ ဘာချင်ရင် အခုလာဘာလှည့်။ မီသေးတယ်။ ယတြာလိုချင်ရင်တော့ မန်းလေးတောင်ခြေက စန္ဒမုခိဘီလူးမကြီးဆီမှာ မန်းမြို့တော်ပေါက်စီနှစ်လုံးဆက်ပြီး “ဘာ ဘာ ဘာနဲ့မှ မလဲနိုင်ဘူး။ နင့်ဟာကြီး ပြန်ယူ။ ငါတို့မြို့ ပြန်ပေး” လို့ ၃ ကြိမ် နတ်တင်ပါ။