ဘာတွေဆက်ဖြစ်ဦးမှာလဲ။ ဘာတွေဆက်လုပ်ကြမလဲ။ အမြဲတမ်း တွေးတောမျှော်မြင် ပြင်ဆင်လေ့ရှိတဲ့သူမို့ အခုရက်ပိုင်းမှာ စဉ်းစားထားရတာကတော့ အိမ်ပြန်ကြရမယ့် အကြောင်းအရာပဲ ဖြစ်ပါတယ်။ “အခါတော်ရောက်ချိန် နီးလို့လာပေ။ ဒေါ်ဒေါ် မမ နှမတို့ရေ။” ပေါ့။ ကိုယ်တို့ အိမ်ပြန်ရင် Loki ကို ဘယ်လိုလုပ်မလဲ။ ခေါ်သွားရမယ် ထင်ပါတယ်။ ခေါ်တာက အပန်းမကြီးပါဘူး။ ရန်ကုန်မှာ သူပျော်ပါ့မလား။ တိုက်ခန်းကလေးနဲ့ သူ ဘယ်လိုနေမှာလဲ။ ခြံဝန်းကလေးနဲ့ နေနိုင်ရင်တောင် သူ့အတွက်က တစ်ပါတ်ပါတ်ပြီး ပြေးစရာ မရှိဘူး။ ပိုဆိုးတာကတော့ ရန်ကုန်မှာ အိမ်ဆိုတာ ညအိပ်ကာနီးမှ ပြန်ပြန်ရောက်တဲ့ အိပ်စရာနေရာတစ်ခုထက် မပိုတာပါပဲ။ မနက်လင်းကတည်းက သော့ခတ်ပြီး ထွက်သွားရတာလေ။ မခွဲနိုင်လို့ ခေါ်သွားဦးတော့ ဟိုရောက်ရင် အတူတူနေဖို့ မဖြစ်နိုင်ဘူး။ ဒီမှာသာ အလုပ်ရော အိမ်ရော တနေရာတည်းမို့ သူက ထပ်ချပ်မကွာ လိုက်နေတာ။
ဒီမှာတော့ သူက မျက်စိအောက်က အပျောက်မခံဘူး။ ညအိပ်ရာဝင်ရင် လိုက်ခေါ်စရာ မလိုဘူး။ အိပ်ခန်းထဲတန်းဝင်လာတာ။ တံခါးကို သူကောင်းကောင်း ဖွင့်တတ်တယ်လေ။ သူနဲ့နေမှ လော့ခ်ချလို့လည်း မရဘူး။ ဖွင့်မရရင် ပြူတင်းပေါက်ကပတ်လာပြီး တအီအီ ဖွင့်ခိုင်းတာ။ ကုတင်အောက်မှာ အခင်းခင်းပေးထားတော့ ဘုရားရှိခိုးနေရင် အဲ့ဒီမှာ ငြိမ်ငြိမ်လေးအိပ်နေတယ်။ ဒါပေမယ့် သူ တရေးနိုးရင်တော့ လူဘေးကို အတင်းလာကပ်တာပဲ။ ဆူထားရင် ခြေသလုံးပေါ် မေးစေ့လေးတင်ပြီး လာအိပ်တယ်။ မနက်လင်းရင်လည်း သူပဲ အတင်းနှိုးတယ်။ မထမချင်း။ မနက် ခင်းတိုင်းမှာ ခုန်ပေါက်ပြေးလွှားပြီးဆော့တယ်။ ကြက်တွေ၊ ဘဲတွေ၊ ဆိတ်တွေ၊ နွားတွေကို လိုက်မောင်းတယ်။ ကိုက်တော့မကိုက်ဘူး။ အပြေးသိပ်သန်တာ သူ့အရှိန်တောင် သူမနိုင်ဘူး။ ခုန်လိုက်ရင်လည်း လွှားကနဲပဲ။ မနက်ခင်း ဈေးသွားရင် သူမမြင်အောင် ထွက်ရတယ်။ နို့မို့ဆို လိုက်လိုက်လာတတ်လို့။ ဆော့လို့ဝရင် ကိုယ့်ဘေးနားမှာပဲ လာလာအိပ်နေတာ။ ခေါင်းကလေးထိုးပြီး။ ထိုင်ရာက ထလိုက်တာနဲ့ အပြင်ရောက်ပြီးသားပဲ။ အိပ်ပြီးနေခဲ့တယ် ဆိုတာ မရှိဘူး။ သွားလေရာပါတယ်။ အိမ်သာသွားရင် အိမ်သာအဝက စောင့်တယ်။ ခွဲခန်းဝင်ရင် ခွဲခန်းအဝက စောင့်တယ်။ ပြန်မယ်ဆိုလည်း ရှာစရာ ခေါ်စရာ မလို။ သူက ရှေ့က။
ဒီလိုသာဆိုရင်တော့ ကိုယ်တို့ပြန်သွားတဲ့အခါ သူ့ကို ထားခဲ့ရင် ဒီကောင် ရင်ကွဲမှာပဲ။ သံယောဇဉ်ဆိုတာ ဖြတ်ရခက်တယ်။ ဘယ်လိုလုပ်ရင် ကောင်းမလဲ စဉ်းစားရတာပေါ့။ အေးလေ။ သံယောဇဉ်ကို သံယောဇဉ်နဲ့ပဲ ဖြတ်တာကောင်းပါတယ်။ ဒီကောင့်ကို မိန်းမပေးစားပြီး သားတွေ သမီးတွေနဲ့ ထားခဲ့မှာပေါ့။ သူနဲ့ မျိုးတူနွယ်တူ အမကလေးတစ်ကောင် လိုက်ရှာတောင်းရမ်းရတယ်ဗျ။ သတို့သမီးလေးရောက်လာတော့ ကိုယ်တို့မှာ မိတ်ဆက်ပေးစရာတောင် မလိုပေါင်။ မြင်လျှင်မြင်ချင်းပဲကွယ် ချစ်မိကြိုက်မိတယ် ဖြစ်ကုန်လို့ “Loki နင် တော်တော်ဖြစ်နေလား။” လို့ ဟန့်ထားရတယ်။
အဲ့ဒီအချိန်ကစလို့ သတို့သားလေး မောင် Loki ဟာ သခင်တွေ အရှင်တွေ အကုန်မေ့လို့ ချစ်သူအပါးက ခွါမသွားချင် ဖြစ်သွားပါလေရော။ ထမင်းကျွေးရင်လည်း သူမစားဘူး။ ဒါလင် စား ဒါလင် စား။ ဒါလင် အားရပါးရ စား။ ဘယ်သူခေါ်တဲ့နောက်မှလည်း မလိုက်ဘူး။ ချစ်သူနောက်မှာ ကောက်ကောက်ပါ။ အိပ်ရမှန်းတောင် မသိတော့ပါဘူး။ ကိုယ်က ပေးစားမိတော့ တင့်တောင့်တင့်တယ်ဖြစ်အောင် သူ့အတွက်ဆောက်ပေးထားတဲ့ ၃ တောင်ပြည့် ခန်းသာလယ်ကလေးမှာ ပုဆိုးတန်းတင် စံခန်းဝင်ပေးလိုက်ပါတယ်။ အင်မတန်ရယ်စရာကောင်းတဲ့အချက်ကတော့ အိုက်ကောင်လေးက လူပျိုရိုင်းလေးမို့ ဘယ်လိုပင် ကြိုးစားသော်လည်း မအောင်မြင်ရှာဘူး။ သူ့ခမျာ တညလုံး သတိရတိုင်း မအိပ်မနေ ကြံစည်သော်ငြား အလကားပဲ။ ခက်တော့နေပါပြီ။ နေပေ့စေကွာ။ ပစ်သာထားလိုက်။ သဘာဝ က သူ့ဟာသူ သဘာဝ သွားလိမ့်မယ်။ ကိုယ်ဖော်တဲ့ဆေး စွမ်းတယ် မစွမ်းတယ်။ Loki ရယ်လေ။ မနက်လည်း လာမနှိုးတော့ဘူး။ ပွတ်သီးပွတ်သပ် ပါးလျက်နားလျက်လည်း လာမလုပ်တော့ဘူး။ နောက်ကလိုက်ဖို့ နေနေသာသာ နံမည် ခေါ်ရင်တောင် လှည့်မကြည့်တော့ဘူး။ ဟယ် ဘယ်လိုတွေတောင်လားကွာ။ မင်းနှယ်။
Loki အတွက် ခေါ်လာပေးတဲ့ ကလေးမကတော့ သူတို့က Jack မ လို့ ခေါ်ပေမယ့် Loki နဲ့ လိုက်အောင် Sophie လို့ နံမည်ပြောင်းပေးလိုက်တယ်။ သူကအသက်နည်းနည်း ပိုကြီးပုံပေါ်တယ်။ ပိုင်ရှင် PDF ကလေးတွေက “သားပေါက်တော့မှ တစ်စုံပြန်ပေး။” လို့ ပြောတယ်။ ပေးရမှာပေါ့လေ။ အခုတော့ အိမ်ကကောင်က စိမ်းသွားပြီး ချွေးမလေးက သခင်အသစ်ကို လိုက်မှတ်နေတယ်။ ဝမ်းသာပါတယ်။ ဒီမှာပဲ လွတ်လွတ်လပ်လပ် သဘာဝအတိုင်း မျိုးဆက်ကလေးတွေ ပြန့်ပွါးကြပေါ့။ ရန်ကုန်မှာက ကြပ်တည်းကြပ်တောက်နဲ့ရယ်။ ချစ်တယ်ဆိုတာ ကိုယ့်သဘောအတိုင်း လိုက်နေခိုင်းတာ မဟုတ်ဘူး။ သူ့သဘောနဲ့သူ နေခွင့်ပေးတာ။
မကြာသေးခင်က ကောက်မွေးထားတဲ့ ခွေးပေါက်ကလေးအတွက်တောင် အဲ့သလောက် စဉ်းစားတွေးတောသေးရင် ကိုယ် ဒီမှာ ၃ နှစ် ၃ မိုး ပျိုးထောင်စုဆောင်းထားတဲ့ ဆေးရုံကလေးကိုရော ဘယ်လိုလုပ်ခဲ့မှာလဲ။ ဘယ်သူနဲ့ ထားခဲ့မှာလဲ။ အပူအပင် အကြောင့်အကြ မရှိရပေဘူးလားဗျာ။ နည်းနည်းနောနော ပစ္စည်းတွေ မှတ်လို့။ ဟုတ်ကဲ့။ မစဉ်းစားလို့မှ မရတာ။ စဉ်းစားတာပေါ့။ သေချာပေါက် အာမခံနိုင်တာကတော့ ဦးသိန်းစိန်အစိုးရခေတ်က ဝန်ကြီးတွေလို ပရိဘောဂ၊ ခန်းဆီးလိုက်ကာကအစ မြက်ခင်းပါ ခွါယူမသွားပါဘူး။ မင်းအောင်လှိုင် ဆုတ်ခွါသွားတဲ့ ငပလီဟော်တယ်တွေလို နောက်လူသုံးမရအောင် ဗုံးကျဲသွားမယ့်သူလည်း မဟုတ်ပါဘူး။ နောက်လာမယ့်သူတွေ ဆက်လုပ်ဖို့ လက်ငုတ်လက်ရင်းတစ်ခုအဖြစ်တော့ ထားခဲ့ရမှာပဲ။ ပျောက်ပျက်တိမ်ကောမသွားအောင်တော့ စီမံရမှာပေါ့။
ခေတ်ကောင်းသွားရင် တောကြိုအုံကြားမှာ ဘယ်သူက ဆက်လုပ်မှာလဲ။ သူတောင် အိမ်ပြန်ရသေးတဲ့ဥစ္စာ။ သူများတကာရော အိမ်မပြန်ပဲနေမလား။ ဒါပေမယ့် တောကြိုအုံကြားက ဟောဒီဆေးရုံမှာ အလုပ်လုပ်ရတာနဲ့ ကိုယ်ထွက်လာခဲ့တဲ့ ရန်ကုန်ဆေးရုံကြီးမှာ အလုပ်လုပ်ရတာ။ ဘယ်ဟာက စိတ်ချမ်းသာမယ် ထင်သလဲ ဟင်။ Loki ကို ရန်ကုန်ခေါ်သွားပြီး တိုက်ခန်းနဲ့ထားရင် ဒီမှာလို ခုန်ပေါက်ပြေးလွှား ပျော်ပါးလို့ ရမှာမှ မဟုတ်တာ။ အညောင်းမိမှာစိုးလို့ လည်ပတ်ကြိုးလေးတစ်ချောင်း၊ တစ်သျှူးလေးတစ်ထုပ်နဲ့ လမ်းလျှောက်ထွက်ပေးနေရမယ်။ နယ်မှာ လုပ်တတ်ကိုင်တတ်၊ လုပ်နိုင်ကိုင်နိုင် ရှိသွားတဲ့ ဆရာဝန်များဟာလည်း သင်စရာတတ်စရာများ သင်ကြားတတ်မြောက်ပြီးရင် မြို့ကြီးမှာ မပျော်နိုင်တော့ပါဘူး။ ရှာရဖွေရခက်သလို အနေအထိုင်လည်း ကျဉ်းကြပ်တယ်။ စားရိတ်စားခလည်း ကြီးတယ်။ လူတိုင်းဟာ မြို့ကမခွါ နေချင်တာတော့ မဟုတ်ဘူး။ တောမှာနေချင်တဲ့သူလည်း ရှိလိမ့်မယ်။ လူရှိရင် ဒီက ပစ္စည်းရှိအောင် အဆင်သင့်ကလေး စုထားပေးတယ်။ တောထဲမှာပေမယ့် လိုလျှင်ရစေ ကြိုးနှယ်ခွေ။
ကိုယ်တို့အကုန်လုံးကတော့ အိမ်ပြန်မှာပါ။ မဆုံးသေးတဲ့ခရီး မပြီးသေးတဲ့အလုပ်တွေ ကိုယ်စီနဲ့ မဟုတ်လား။ ဒါပေမယ့် တချိန်ကျ သီချင်းထဲကလို “ရည်မှန်းချက်တွေ ပြည့်စုံသွားရင် ကျေးလက် နဲ့ တောရွာများမှာ အချစ်ကသွားပြီး…” ဆိုတာမျိုး ကိုယ်တို့ဆေးရုံကလေးကို သတိရမိတဲ့အခါ လွမ်းမိတဲ့အခါ ရှိဦးမှာပဲ။ အဲ့ဒီအခါကျ ဒီမှာ အမေ့အိမ်ကလေးလို ပြေးလာစရာနေရာကလေးအဖြစ် ရှိချင်ရှိမယ်။ ဒီကိုမလာဖြစ်ရင်တောင် ရောက်ရာအရပ်မှာ ကိုယ့်လိုမျိုး အစေ့အညှောင့်ကစလို့ ထူထောင်တည်ဆောက်ယူနိုင်အောင် နည်းပေးလမ်းပြထားခဲ့တယ်။ ဆေးကုတာမှ ပညာ၊ ခွဲတာစိတ်တာမှ ပညာ မဟုတ်ဘူး။ စဉ်းစားတာ၊ ဆုံးဖြတ်တာ၊ စီမံခန့်ခွဲတာ၊ အုပ်ချုပ်ညွှန်ကြားတာ အကုန်လုံးပညာပဲ။ ကိုယ်တိုင်လုပ်ကြည့်တော့ သိလိမ့်မယ်။ MSc အောင်ပြီးစ လောက်ကိုင်ကိုရောက်သွားတဲ့အခါ အဲ့ဒီပညာတွေ မကျွမ်းကျင်ခဲ့လို့ အခက်အခဲ အမျိုးမျိုးကြားက မုဆိုးစိုင်သင်သလို သင်လာခဲ့ရတာ။ ဒီမှာ ဒါတွေ မြင်ဖူးခဲ့ပေသကိုး လို့ တရေးရေး ပြန်ပေါ်လာပါလိမ့်မယ်။
အောင်မယ်လေးနော်။ အမြောက်သံ ဗုံးသံ တညံညံကြားက စိတ်ကူးတွေယဉ်ပြီး ထိပ်ဖူးတွေကျဉ်နေလိုက်တာ။ အိမ်ပြန်မယ်တကဲကဲနဲ့။ ဘယ်အရာက ဒီလောက်သေချာတာ ရှိလို့လဲ။ တော်နေကြာ လိပ်ပြာလေးချည့် ပြန်ရောက်သွားဦးမယ်။ ဒါလည်း မစဉ်းစားပဲနဲ့ ဘယ်သူရှိမလဲ။ ပထမဦးဆုံး တောထဲကို ခြေလှမ်းစမယ် ပြင်ကတည်းက အနီးဆုံး မိတ်ဆွေတစ်ယောက်ယောက်စီ ဝင်နှုတ်ဆက်ပြီး “အကယ်၍များ ပြန်မလာနိုင်ခဲ့သော် ဒီနေ့ဒီရက် ဒီမှာနောက်ဆုံးတွေ့ခဲ့တယ်လို့ အိမ်ကို အကြောင်းကြားပေးပါ။” ဆိုပြီး မှာထားခဲ့တယ်။ ဆင်ကန်းမို့တောတိုးတာ မဟုတ်ဘူး။ မုဆိုးဖြစ်ဖို့ တောလည်တာ။ အကယ်၍များ ကိုယ့်မှာ အသက်အန္တရာယ် ရှိခဲ့သော် ဘာကိုဘယ်လို ဆက်လုပ်ရမယ် မှာထားခဲ့ပြီးသား၊ ပြထားခဲ့ပြီးသား။ နောက်ဆံငင်စရာမရှိ။
မဖြစ်သေးတဲ့အရာတွေကို တောင့်တကြောင့်ကြပြီး ပူပင်သောကတွေ ပွေနေစရာ အကြောင်းမရှိပါဘူး။ လက်တွေ့လည်း ချက်ချင်းလက်ငင်း လုပ်နေတဲ့အလုပ်တွေ အများကြီးပါ။ ချန်ဂင်ဆေးရုံက အခု base 1, base 2 ခွဲပြီး အလုပ်လုပ်ရာကနေ မကြာခင်မှာ ဆေးရုံ ၁၊ ဆေးရုံ ၂ တိုးပွါးပြီး အလုပ်လုပ်နိုင်အောင် ပြင်ဆင်နေတယ်။ လိုအပ်သမျှ ပစ္စည်းပစ္စယတွေ စုဆောင်းနေတယ်။ စကစလက်အောက်ကနယ်မြေတွေကို သိမ်းယူပြီးတဲ့အခါ ပြည်နယ်အစိုးရရဲ့ အုပ်ချုပ်ရေးယန္တရားလည်ပတ်အောင် ထူထောင်ယူရတယ်။ ဒီအခါမှာ နန်းစိန်တွေကို ဘယ်လိုလုပ်မှာလဲ ဆိုတဲ့ မေးခွန်းပေါ်လာတယ်။ လောလောဆယ်တော့ ဘယ်နန်းစိန်မှ စစ်ပွဲကြားမှာ အသက်စွန့်ပြီး ဆေးကုမနေပါဘူး။ အဲ့ဒါကြောင့်ပဲ လူနာတွေ ဆေးကုမယ့်ဆရာဝန် မရှိပါဘူးဆို တချိန်လုံး ကိုယ်တို့ဆီကို ဆေးတောင်းလိုက် လူတောင်းလိုက် တဂျီဂျီ လာလာတောင်းနေတာ။ စစ်ပွဲပြီးလို့ အခြေအနေ အေးချမ်းလာတဲ့အခါမှာတော့ သူတို့တွေပြန်ဝင်လာပြီး ဆေးကုမယ်ဆို ကိုယ်တို့ကတော့ ဝမ်းတောင်သာသေးသဗျာ။ ဒီလောက် ဈေးကြီးရှားပါးနေတဲ့အချိန်မှာ ဆေးတွေဖဲ့ဖဲ့ပေးရတာ သေရချည်ရဲ့။ သို့သော်။ အဲ့ဒီ သို့သော် က နည်းနည်း အရေးကြီးတယ်။ သေချာစဉ်းစား။ ထွက်ပြေးသွားစဉ်တုန်းက ဦးသက်ခိုင်ဝင်းလက်အောက်က မအလ အစိုးရရဲ့ ဝန်ထမ်းတစ်ယောက်အနေနဲ့ ထွက်ပြေးသွားတာ။ သို့ပေမယ့် အခု ပြန်ဝင်လာတဲ့အခါ ဒီလူပဲ ဒီဆေးရုံပဲ၊ ဒီလူနာတွေပဲဆိုသော်ငြား KIO ဒါမှမဟုတ် NUG အစိုးရရဲ့ လက်အောက်ကို ဝင်ရမှာ။ အရင် status အတိုင်း ပြန်ဝင်လာခဲ့ရင် ဟိုဘက်ကကြည့်တော့ သူပုန်၊ ဒီဘက်ကကြည့်တော့ ဒလန်။ ဘယ်ဟာနဲ့မှ အလုပ်လုပ်လို့မရဘူး။ ဆရာဝန်မို့ နိုင်ငံရေးနဲ့ မပါတ်သက်ဘူး ထင်နေရင် အသက်တိုလိမ့်မယ်။ ခြိမ်းခြောက်နေတာ မဟုတ်ဘူး။ ကိုယ်တို့က ဘာမှ လုပ်မှာ မဟုတ်။ အခြေအနေ အချိန်အခါကို ကိုယ့်ဘာသာကိုယ် အကဲခတ်ယူ။ ကိုယ့်တစ်ယောက်တည်း သဘောကတော့ နန်းစိန်တွေကို ဖယ်ခိုင်းပြီး ကိုယ်က သူတို့အလုပ်ဝင်လုပ်မှာ မဟုတ်။ နန်းစိန်တွေကို အလုပ်လုပ်ခိုင်းပြီး ကိုယ်ကထွက်မှာ။ တော်ပြီလေ။ ဒီလောက်ဆို။ လောလောဆယ်မှာတော့ သူတို့ ရှိမနေဘူး။ အဲ့ဒါကြောင့် သူတို့နေရာကအလုပ်တွေပါ ကိုယ်နိုင်သလောက် ဝင်လုပ်နေရတယ်။ အဲ့ဒါနဲ့တောင်မှ သူတို့ထမင်းလုပ် ပုတ်ချတယ် ထင်မှာစိုးလို့ လိပ်ပတ်လည်အောင် မနည်းရှင်းနေရတာ။ ကိုယ့်ဟာနဲ့ကိုယ် ရုပ်ချောပြီးသားပါနော်။ ဘေးကလူ ရုပ်ဆိုးပေးစရာ မလိုပါဘူး။
ချန်ဂင်လေးရဲ့ plan က ဒီလိုဒီလိုတွေ ရှိပါတယ် ဆိုလို့ရှိရင် ကြင်စိုးကြီးတို့တစုလည်း ကြိုးလေးဘာလေး ကျစ်ထားဖို့ တော်ပြီထင်တယ်နော်။ လကုန်ရင် ဘယ်သူနဲ့ကာပြီးလုံမှာလဲ။ တရုတ်ကြီးကတော့ ကြားဖြတ်အစိုးရဖွဲ့ပြီး ရွေးကောက်ပွဲ စတိမျှလောက် လုပ်ဖို့ ဥမကွဲသိုက်မပျက် ပါတီတွေနဲ့ ဖဲဆင်ရိုက်နေတယ်။ မင်း ဒီတောင်ကို ကျော်နိုင်မှာလား။ ရိက္ခာကနည်း မိုးကသည်းသနဲ့ သင်းတွဲကိုမှ ကူးနိုင်ပါ့မလားတော်။ ပိုင်ဆိုင်မှုတွေ မခန့်မှန်းနိုင်အောင် များတယ်ဆိုတဲ့ စစ်အာဏာရှင်ကြီးမှာ ပြန်စရာအိမ်တောင် မရှိတော့ပါလားကွယ်။