ချန်ဂင်တို့စခန်း (၂၈၂)

တရွေ့ရွေ့ ကုန်သွားတဲ့အချိန်တွေမှာ တစိုက်မတ်မတ် အလုပ်လုပ်လာတဲ့သူတွေအတွက်တော့ ရလပ်တွေလည်း တစ်ခုပြီးတစ်ခု ထွက်ပေါ်လာတာပေါ့လေ။ ဒီဘက်က တစ်မြို့ပြီးတစ်မြို့ သိမ်းယူနေပြီး သူတို့ဘက်က တစ်မြို့ပြီးတစ်မြို့ လက်လွတ်ဆုံးရှုံးရတယ် ဆိုတာလည်း ဘယ်လိုမှ ဖုံးကွယ်ထားလို့ မရနိုင်တဲ့ အမှန်တရားတစ်ခုပဲ။ ဘယ်စစ်ဗိုလ်စစ်သားမဆို ကိုယ့်အသက်ကိုယ်နှမြောရင် လက်နက်ချအညံ့ခံဖို့ကလွဲရင် တခြားနည်းလမ်း မရှိတော့ဘူး လို့ ရှင်းလင်းပြတ်သားတဲ့ သတင်းစကားလည်း ပါးနိုင်ခဲ့ပြီ။ အရာရှိ၊ စစ်သည် နဲ့ တပ်မိသားစုတွေကို ဘေးကင်းလုံခြုံရာ ခေါ်ယူပို့ဆောင်ပေးတယ်ဆိုတဲ့ အဖြစ်အပျက်မျိုးတောင် မကြားစဖူး မကြုံစဖူး ဖြစ်နေပြီ။ မြို့ရွာတွေအပေါ်ကို လက်နက်ကြီးနဲ့ပစ်၊ လေယာဉ်နဲ့ ဗုံးကျဲတာကလွဲရင် တူတူတန်တန် စစ်တိုက်နိုင်တယ်ဆိုတာ ဘယ်မှာမှ မရှိတော့ဘူး။ ကိုယ့်အောက်ကကောင်တွေ ထွက်မပြေးအောင် သေနတ်နဲ့ချိန်ပြီးစောင့်ကြည့်နေရသလို အောက်ကလူတွေကလည်း သူတို့ကိုထားခဲ့ပြီး လစ်သွားမှာစိုးလို့ မျက်စိအောက်က အပျောက်မခံနိုင်တဲ့ဘဝ။ ဒီလို အစုတ်စားအပြတ်စား အောက်တန်းစား လက်နက်ကိုင်အဖွဲ့အစည်းနေရာကို ထိုက်ထိုက်တန်တန် ရောက်ရှိလို့သွားပါတယ်။ သူတို့အတွက်တော့ တပ်စည်းရိုးအပြင်ကိုထွက်လိုက်တာနဲ့ ရန်သူ့နယ်မြေဖြစ်သွားပြီး ပြည်သူတရပ်လုံးကလည်း သူတို့ရဲ့ရန်သူပါပဲ။ ဒါလည်း သူတို့စစ်တပ်က တစိုက်မတ်မတ် လုပ်ခဲ့တဲ့အလုပ်တွေ ပီပီပြင်ပြင် ရုပ်လုံးပေါ်လာတာပေါ့။

ကိုယ်တို့လည်း ကိုယ်တို့လုပ်နေတဲ့အလုပ်တွေ အ​ကောင်အထည်ပေါ်လာပါတယ်။ ဘယ်လောက်ပဲ ခက်ခဲခက်ခဲ ဆေးတွေမရရအောင် မှာတယ်၊ တောင်းတယ်၊ စုဆောင်းတယ်၊ ပြန်ဖြန့်ဝေပေးတယ်။ အင်းတော်ကြီးပတ်လည်က ဆေးမရလို့ဆိုတဲ့ ဆေးခန်းလေးတွေဆီ ဆေးပို့ပေးနိုင်ခဲ့တယ်။ mobile clinic လေးတွေလည်း ထွက်ကုဖြစ်တယ်။ ကိုယ်တို့ဆေးရုံကပေးတဲ့ health care service က စစ်ဘေးစစ်ဒဏ် အန္တရာယ်ကြားမှာ လုပ်ရတာတောင် coverage area ပိုကျယ်လာပြီး အလုပ်ပိုလုပ်နိုင်လာတယ်။ လူသိရှင်ကြား ထင်ထင်ပေါ်ပေါ် ဆေးကုနေတာဖြစ်တဲ့အတွက် ဟိုဘက်ကလူတွေရဲ့စိတ်ထဲမှာ အသည်းကိုကျွဲခတ်သလို နာကျည်းခံစားရလို့ ဖျက်စီးချေမှုန်းဖို့ ကြိုးစားနေမှန်းလည်း သိပါတယ်။ ဘယ်သူက ကိုယ့်အလုပ်ကိုယ် အောင်မြင်အောင် လုပ်နိုင်သလဲ တွေ့ရမှာပေါ့။ အချိန်က စကားပြောလာပြီပဲဥစ္စာ။

AA လက်အောက်ကို ရောက်သွားလို့ ပျက်စီးရတဲ့ စေတီပုထိုး ဘုရားကျောင်းကန်ဆိုတာ မရှိဘူး။ မီးလောင်သွားတဲ့ ရပ်ရွာအိုးအိမ် မရှိဘူး။ စည်းစိမ်ဥစ္စာ လုယက်ယူငင်တယ် ဆိုတာလည်း မရှိဘူး။ စကစ က လက်လွတ်ဆုံးရှုံးသွားတဲ့နယ်မြေတွေမှာသာ အဲ့ဒါတွေ အကုန်လုံး ရှိတာ။ သူတို့ပိုင်တဲ့ ဟော်တယ်တွေ ကိုတောင် နောက်လူ အဆင်သင့် သုံးစွဲမှာစိုးလို့ သူတို့ကိုယ်တိုင် ဗုံးကျဲဖျက်ဆီးပစ်ခဲ့တာ။ လွတ်မြောက်နယ်မြေတိုင်းမှာ ကိုယ်တို့က ကယ်ဆယ်ရေး၊ ဆေးကုသပေးရေး၊ ကလေးတွေ ပညာသင်ကြားရေး၊ ပြန်လည်ထူထောင်ရေးကို အားစိုက်ခဲ့ကြပြီး သူတို့ကတော့ အဲ့ဒီအလုပ်တွေအားလုံးကို နှောက်ယှက် ဖျက်ဆီးနေတာ။ “ဝဲလက်ဖြင့် မျက်ရည်ကို သုတ်လျက်၊ ယာလက်ဖြင့် အစားအစာ၊ အဝတ်ပုဆိုးတို့ကို ပေးအံ့။” ဆိုတာ ကိုယ်တို့ လက်တွေ့လုပ်နေတဲ့ အလုပ်ဖြစ်ပြီး “လေယာဉ်ဖြင့် ဗုံးကိုကျဲလျက် လက်နက်ကြီးများဖြင့် မြို့လုံးရွာလုံးကို ပြာပုံအတိဖြစ်စေအံ့။” ဆိုတာကတော့ ဒေါ်စိန်အေးသားတွေ ကျင့်သုံးနေတဲ့ စစ်သည်တော်ကျင့်ဝတ်ဖြစ်နေတာ အတိအလင်း အထင်အရှားပါပဲ။ ဒါနဲ့များ “တရားကသာ နိုင်ပါစေ။” ဆိုပြီး အောင်မြေနင်းပြီး သစ္စာဆိုသတဲ့။ ပါးစောင်ကင်ဆာဖြစ်ပြီး သေမယ့်ကောင်တွေ။ သူတို့မို့လို့ မကြောက်မရွံ့။

ခုချိန်မှာ အလိမ်တွေအညာတွေအားလုံး ဗူးပေါ်သလိုပေါ်ပြီး ဘယ်သူက ဘာလုပ်တဲ့ကောင်၊ ဘယ်လိုစိတ်ထား၊ ဘယ်လိုအတန်းအစားမျိုးဆိုတာ ဘွင်းဘွင်းကြီးနဲ့ ရှင်းရှင်းကြီး ပေါ်လာတဲ့ အခိုက်အတံ့ပါပဲ။ စစ်သားတွေမှ မဟုတ်ဘူး။ ခြံစည်းရိုးပေါ် ခွထိုင်ပြီး ဘယ်ဘက်မှ မပါပဲ ကိုယ့်အလုပ်ကိုယ် လုပ်နေပါတယ်ဆိုတဲ့သူတွေလည်း ဝမ်းထဲမှာ အူဘယ်နှစ်ခွေ ရှိမှန်း အတိုင်းသား တွေ့မြင်လိုက်ရတဲ့ အချိန်အခါ ဖြစ်ပါတယ်။ “ရော့ခါးလို့ ပြောလည်းပဲ အမှန် တကယ်တမ်းတော့ ဘော မ ကြီး တစ်ယောက်လိုပါပဲ။ ဟေ ယီး။” (ကိုသာဂိ နဲ့ လှမျိုးသဉ္ဌာနွယ် အသံလေးနဲ့ ဖတ်ပေးကြပါနော်။ ပလိစ်။) ကိုယ်တို့ရဲ့ ဆရာသမား၊ လူကြီးသူမများရဲ့ မချစ်သော်လည်း အောင့်ကာနမ်းသလိုလိုနဲ့ မရွံမရှာ မြိန်ရည်ယှက်ရည် မှိန်းတုပ်သိမ်းအုပ် လုပ်နိုင်စွမ်းတွေကိုလည်း ရင်သပ်ရှုမော အံ့ဩရပါတယ်။

ရန်သူဘက်က ကိုယ်တို့အသက်ကို ရန်ရှာချင်နေမှန်း သိလျက်သားနဲ့ သူတို့နယ်မြေတွေအထိ ထွက်ပြီး ဆေးကုပေးရတာ။ ကိုယ်တို့ဆီကိုရောက်မယ့် ဆေးဝါးရိက္ခာပစ္စည်း အထောက်အပံ့တွေကို အနံ့ခံရှာဖွေပြီး သိမ်းဆည်းနေတဲ့ကြားထဲက ကိုယ်တို့ရှိတဲ့ဆေးတွေကို သူတို့အရပ်က စစ်ရှောင်စခန်းတွေအထိ ဝေမျှပေးပို့ရတာ။ ကိုယ်တိုင် မလုံခြုံတဲ့ကြားထဲက လွတ်ရာကျွတ်ရာ ထွက်မပြေးပဲ ဆေးထိုင်ကုနေတာ။ အဲ့ဒါတွေအားလုံး မိုက်မဲမှန်းသိပေမယ့် တိုက်ပွဲလို့ သဘောထားပြီး ဇွဲနဘဲနဲ့ ကြိုးစားနေတာ ရက်လနှစ်တွေ ရှည်ကြာလာသော်ငြား အားပျက်တယ် အားလျော့တယ် လို့ မရှိပါဘူး။ ကိုယ်တို့အားလုံးဟာ စစ်မြေပြင်မှာပဲ ရှိသေးတယ်။ ဒဏ်ရာ အနာတရတွေ ရှိပေမယ့်လည်း နာကြင်မှုမရှိပဲ ဖြတ်လတ်ထက်မြက် တက်ကြွနေဆဲ ဆိုတာ ကိုယ်တွင်းက Adrenaline တို့၊ Dopamine တို့၊ Cortisol တို့ဆိုတဲ့ အရေးပေါ်ဟော်မုန်းဓါတ်တွေ မြင့်နေသေးလို့ပဲ။ ရပ်လိုက်နားလိုက်လို့ သွေးအေးသွားရင် အဲ့ဒါတွေ ပြန်ကျသွားလိမ့်မယ်။ အဲ့ဒါကြောင့် နားလို့မဖြစ်ဘူး။ အရှိန်လေးနဲ့ ဆက်လိမ့်ရဦးမယ်။ ပင်ပန်းသော်ငြား မောသော်ငြား စစ်ပွဲပြီးမှ နားတော့မယ်။

စိတ်ထဲမှာ နာကြင်ခံစားရတာတွေများရင် ကိုယ့်အကြောင်းကိုယ် မစဉ်းစားတော့ဘူး။ ကိုယ့်အနီးအနား ပတ်ဝန်းကျင်ကလူတွေကို ဖေးကူလိုက်တယ်။ ပိုင်ဆိုင် သမျှတွေ သိမ်းယူခံရပြီး မြောက်ပိုင်းကူးလိုက်၊ တောင်ပိုင်းကူးလိုက်၊ စစ်တိုက်ရတဲ့နေရာမှာပဲ နေချင်တဲ့ ရှေ့နေတွေ ရှိတယ်။ အညာသားဖြစ်လျက်နဲ့ ကရင်နီအထိ စွန့်စွန့်စားစားသွားပြီး စစ်သင်တန်းတက်ရတဲ့ ကျောင်းဆရာလေးတွေ ရှိတယ်။ မြန်မာသံပီပီသသကြီးကနေ ဆုတောင်းပွဲတွေမှာ ကချင်ဓမ္မတေးတွေ ဂစ်တာတီးပြီး လိုက်ဆိုနေတဲ့ PDF ဆရာလေးတွေ ရှိတယ်။ ဆရာဝန်ဖြစ်လျက်နဲ့ ဆေးကုရင်းကနေ၊ ရှေ့တန်းစခန်းတွေမှာ မမောနိုင်မပန်းနိုင် လှည့်လည်ဆို က ပြီး ရဲဘော်တွေကို စိတ်ဓါတ်ခွန်အားပေးနေတဲ့ အနုပညာရှင်တွေလည်း ရှိသေးတယ်။ ကိုယ်နဲ့သိတဲ့သူတွေကို အဲ့သလိုမျိုး “ရှိသေးတယ်” ဆိုတဲ့ အသိနဲ့ တွေ့ခွင့်မြင်ခွင့်ရနေတာဟာ ဘုရားသခင်ကျေးဇူးတော်ကြောင့် ရတဲ့ blessing ပဲ။ ကိုယ်တို့အတွက်တော့ ၃၉ ခုမြောက်သော မင်္ဂလာတစ်ပါးဖြစ်ပါတယ်။ ဘာလို့ဆိုတော့ အခုရှိပေမယ့် ခဏနေ ရှိချင်မှ ရှိတော့တာ။ သင်္ခါရတရားတွေက သိပ်မြန်တယ်။ ကိုယ်နဲ့ ဖုန်းပြောနေရင်းတန်းလန်းမှာတောင် ဟိုဘက်ကလူကို ဆွဲယူဖမ်းခေါ် ပစ်သတ်ခံရတယ်ဆိုတဲ့အဖြစ်မျိုးဟာ ဒီဘက်မှာတော့ မထူးဆန်းဘူး။

ညီအကိုမသိတသိ အချိန်မဟုတ်ပဲ ရန်သူ မိတ်ဆွေ ကွဲကွဲပြားပြား သိသာမြင်သာတဲ့အထိ မျက်နှာဖုံးကွာကျသွားတဲ့အထဲမှာ ဘေးအိမ်က တရုတ်ကြီးလည်း ရှေ့ဆုံးက ပါပေသပေါ့။ သူတို့က မင်းအောင်လှိုင်ကို ဖြုတ်ချချင်ပေမယ့်လည်း စစ်အစိုးရတစ်ခုလုံး ပြုတ်ကျသွားမှာကိုတော့ မလိုလားဘူး။ အလယ်က ကြားဝင်ဖြန်ဖြေသလိုလိုနဲ့ မီးစတစ်ဘက် ရေမှုတ်တစ်ဘက်ကိုင်ပြီး “ဘယ်သူ ငါ့စကား နားထောင်မလဲ ပြော။ ငါ့လူမှ ငါကူပေးမှာ။” ဆိုတဲ့စကားနဲ့ ပွဲလန့်တုန်းဖျာခင်းပြီး တုတ်ရောင်းဓါးရောင်း လုပ်နေတာပါ။ နှစ်ဘက်စလုံးမေတ္တာတုံးရတဲ့ ငပွကြီးဖြစ်နေမှန်း သူ့ကိုယ်သူလည်း မသိဘူးလေ။ ခုနေခါ ဓါတ်ငွေ့ပိုက်လိုင်းကြီး ထကွဲရင် သူလိုလို ကိုယ်လိုလိုနဲ့ လက်သည်ပေါ်မှာ မဟုတ်ဘူး။ တို့ဆီကလူတွေကလည်း လက်သည်မပေါ်မှန်းသိရင် ဆွမ်းကြီးလောင်းတဲ့နေရာမှာတော့ လက်သွက်ချက်နှယ်။ အကျိုးလိုလို့ ညောင်ရေလောင်းကာမှ ပတ်ထမ်းနဲ့တွေ့တော့မှာပဲ။ ကျုပ်တို့ဆီက တော်လှန်ရေးကြီးအောင်ရင် ခများတို့ ကွန်မြူနစ်ပါတီကြီးလည်း ခေတ်ပြောင်းတော်လှန်ရေး နဲ့ တိုးမှာ စိုးလို့လား။ ၈၈ ကနေ တီအန်နန်မင်ကို ကူးခဲ့တာ မမေ့သေးဘူး ထင်ပါရဲ့။ မြန်မာပြည်မှာ လူတစ်သိန်း သေရင် အဲ့ဒီဘက်ရောက်တော့ လူဆယ်သန်းလောက် သတ်ဖြတ်နှိမ်နှင်းနေရမှာကိုး။

မြေပြင်က ပကတိလက်ရှိအခြေအနေကတော့ အောက်ခြေစစ်သားတွေ ပျူတွေ ကူကယ်ရာမဲ့ ထိုးကျွေးခံရသလို ရပ်တွေရွာတွေကျပြန်တော့လည်း ထောင်းလမောင်းကျေအောင် ချေမှုန်းဖျက်ဆီးခံနေရတယ်။ ဒီအဖြစ်အပျက် တွေကို မြင်နေလျက်နဲ့လည်း ကူကယ်တားဆီးမယ့်သူ မရှိဘူး။ သာသနာပိုင် ဘုန်းကြီးအိုကြီးတွေကတောင် “နင်တို့ ဘဝါဘဝက အကုသိုလ်ဝဋ်ကြွေးတွေ ကုန်အောင်ဆပ်သွားကြပေါ့။” လို့ ဖြေသိမ့်လိုက် တရားပဲ ဟောနေတာ။ ဘုန်းကြီးကား အသားလွတ်ကြီး ပစ်ခံရတာတောင် “မေ့လိုက်တော့ အချစ်ကလေးရယ်” ဆို ဆွစ်ဇာလန်၊ ဥရောပကို ဒေသစာရီ ကြွချီတော်မူလေရဲ့။ ဘယ်သူမှလည်း ဝင်မဆွဲသလို၊ ဘယ်သူကမှလည်း ဟန့်တားဆုံးမကြမှာ မဟုတ်ဘူး။ သူသေကိုယ်သေ အဖြေတစ်ခု မထွက်မချင်း မရပ်မနား တိုက်ခိုက်နေမှရမယ်။ ဒီကောင်တွေကို ရပ်သွားအောင် မတိုက်နိုင်သ၍ ဒီကောင်တွေက တိုင်းပြည်တစ်ခုလုံး ရစရာမရှိအောင် ဖျက်ဆီးနေမှာ။ ဒါကြောင့်မို့လို့ အကူလည်းမစောင့်ဘူး။ အကယ်လည်း မစောင့်ဘူး။ ရရာလက်နက်နဲ့ ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ သုံးပြီး စစ်တိုက်နေတာ။ မင်းအောင်လှိုင် တစ်ရက်အသေစောရင် လက်ငင်းချမ်းသာရာရမှာက လူတစ်သိန်းလည်းဟုတ်တယ်။ လူတစ်သန်းလည်းဟုတ်တယ်။ အခု ကိစ္စပြတ် အခု ဒိဌအကျိုးပေးမှာ။ နတ်ရွာ နိဗ္ဗာန်ဆိုတာ နေပါစေဦးတော့။

ဒီလိုဒီလို အခြေအနေတွေ ရှိတဲ့အတွက် ကိုယ်တို့မှာ တွေဝေခြင်းလည်း မရှိဘူး။ တုံ့ဆိုင်းခြင်းလည်း မရှိဘူး။ မိန်းမောငေးငိုင်၊ မှိုင်တွေပူဆွေးခြင်းတွေလည်း ရှိမနေပါဘူး။ ကိုယ်လုပ်စရာရှိတာ တာဝန်ကျေအောင် လုပ်တဲ့အပြင် သူများလုပ်စရာအလုပ်တွေကိုပါ မနေနိုင် မထိုင်နိုင် ဝင်ဝင်လုပ်နေတယ်။ လုပ်ရင်းလုပ်ရင်းကနေ စေတနာတွေအတိုင်း ကံမြောက်လာပြီး ကံ၏ အကျိုးဆက်တွေ ဝေဆာသီးပွင့်လာကြတယ်။ အဲ့လိုနဲ့ပဲ တော်လှန်ရေးက အပြီးသတ်ပြီး အောင်ပွဲရတော့မှာ။ ငြိမ်းချမ်းရေးဆိုတာ နှစ်ဘက်ကြားက မျှခြေမှာ မရှိဘူး။ အမြစ်ပြတ်ချေမှုန်းပစ်လိုက်တဲ့ စစ်သင်္ချိုင်းထဲမှာပဲ ရှိလိမ့်မယ်။ ဟီရိုရှီးမား နဲ့ နာဂါဆာကီလို ဖြစ်ခဲ့ရင်တောင် ကိုယ်တို့ဘက်ကတော့ လက်နက်ချအရှုံးပေး စစ်ပြေငြိမ်းစရာ အကြောင်းမရှိဘူးဆိုတာ တကမ္ဘာလုံးသိအောင် သက်သေပြခဲ့ပါမယ်။

တရုတ်ကလာတဲ့ ဗုံးပဲဖြစ်ဖြစ်၊ ရုရှားကပေးတဲ့ ဗုံးပဲဖြစ်ဖြစ်၊ ကမ္ဘာမြေကြီးသာ မှုန့်မှုန့်ညက်ညက် ကျေချင်ကျေသွားမယ်။ ကိုယ်တို့ကျူးရင့်တဲ့ ဥဒါန်းမော်ကွန်းကတော့ ဘယ်တော့မှ ကျေမှာ မဟုတ်ပါဘူး။ သွေး နဲ့ အသက် နဲ့ ရေးခဲ့ကြတာ မဟုတ်လား။ မင်းတို့စစ်တပ်ထဲမှာ “အာဏာသိမ်းစစ်သည်တစ်ယောက််၏ နေ့စဉ်မှတ်တမ်း” ဆိုတာမျိုး အမှန်အတိုင််း ရေးရဲတဲ့ ရေးနိုင်တဲ့ကောင် ရှိရင် တက်ခဲ့စမ်းပါ။ ထွက်ခဲ့စမ်းပါ။ ဒါမှမဟုတ်လည်း မတ်မတ်ကြူရေးတဲ့ “ကိုကို့ လို ကိုကို” ဆိုတဲ့ အက်ဆေးလေးဖြစ်ဖြစ် တင်ပေးပါလားကွယ်။ ရယ်စရာများ သိပ်ကိုကောင်းနေမလား လို့။ ဖတ်ကြည့်ချင်မိပြီလေ။