ချန်ဂင်တို့စခန်း (၂၈၁)

စစ်ပွဲတွေက ပြည်လုံးပတ်လည် မြိုင်မြိုင်ဆိုင်ဆိုင်ကြီး တီးနေလိုက်တာ နက်ဖြန်သဘက်ခါများ စကစဘက်က လက်နက်ချတော့မလားလို့ကို ထင်ရတယ်။ ဘေးအိမ်က ပေါက်ဖော်ကြီးကတောင် မုန့်ဟင်းခါး နဲ့ လက်ဘက်ရည် အော်ဒါမှာနေပြီ။ ဒီစကားခေါ်အပြောခံရတဲ့ အဖိုးကြီးနှစ်ယောက်ခမျာ အသားလွတ်ကြီး ငယ်ထိပ်အိုးမည်းသုပ်ခံလိုက်ရသလို ဖြစ်သွားမှာ အမှန်ပါပဲ။ ဒီစကား ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ၊ အဲ့ဒီစကားအတိုင်း သူတို့ သဘောမျှသည်ဖြစ်စေ၊ မမျှသည်ဖြစ်စေ။ ကြင်စိုးဘက်ကတော့ ဒီအဘိုးကြီးနှစ်ယောက်ကို မယုံကြည်ရသောသူများအဖြစ်သာ သတ်မှတ်ပါတော့မယ်။ “ဟိုဘက်ကတော့ အခုလိုပဲ ပြောလိုက်တယ်နော်။” လို့ အရင်းအတိုင်းပဲ ပြန်ပြောရင်တောင် “ဒီလူကြီး ငါ့ကို မပြောပဲ ထိန်ချန်ထားတဲ့ လျှို့ဝှက်ချက်လည်း ရှိဦးမှာပဲ။”ဆို သံသယက ဝင်နေဦးမှာ။

သံသယဆိုတာက ဝင်ပြီးသွားရင် ဖျောက်မရဘူးလေ။ ကိုယ့်အရိပ်ကိုယ်ပြန်ကြောက်နေရတော့မှာ။ သူ့လူသူ ဖြုတ်ထုတ်သတ်လုပ်ရပေါင်းလည်း မနည်းတော့ဘူး။ တာကောကြီးဟာ သံတမန်နည်းနဲ့ အဖိုးကြီးတွေကြားထဲ သပ်လျှိုလိုက်သလိုပဲ ကြိုးကိုင်ထားတဲ့ နယ်စပ်က EROsတွေကို မီးစိမ်းပြပြီး စပွန်ဆာပေးလိုက်တာလည်း သူပါပဲ။ အမေရိကန်ရဲ့ ဘားမားအက်ကြီးက လေထိုးလေလျော်ပဲ ရှိပေမယ့် စိနက ဘာဥပဒေမှ တင်သွင်းစရာမလို၊ အတည်ပြုစရာ မလိုပဲ ဖနောင့်တစ်ချက်ပေါက်လိုက်တာ မီးဟုန်းဟုန်းတောက်ကုန်ပြီ။ ဒီဘက်က စစ်ပွဲဆိုတာတွေက သူတို့တားရင် ရပ်ရတယ်။ သူတို့ မသိချင်ယောင်ဆောင်ပေးရင် တိုက်လို့ရတယ်။ သူများပြည်တွင်းရေးကို မစွက်ဖက်ရဘူး လို့ တွင်တွင်အော်သော်လည်း ဒီဘက်တိုင်းပြည်မှာ သူမလိုလားတဲ့သူဆို အစိုးရတောင် ဖြစ်မလာနိုင်ဘူး။ အခုတောင် “ကာချုပ်အသစ်လဲရအောင်” လို့ သတင်းစကားပါးလာပြီ မဟုတ်လား။ သူပြောသလိုသာ ကြင်စိုးကို အနားပေးဖြစ်သွားရင် မြန်မာဆိုတာ သူတို့အတွက် တကူးတက ကျွန်ပြုစရာ မလိုဘူး လို့ တကမ္ဘာလုံးကို သက်သေပြနိုင်ပြီ။

ဟာနုမာန်ကမှ သိန်းဃိုလ်ပြည်ကို မီးရှို့ချင်ရင် ကျွန်းပေါ်လာ အဖမ်းခံပြီး သူ့အမြီးသူဆီဆွတ်ရသေးတယ်။ စွန်းဝူခုန်းတို့များ ဒီတောင်လာစရာမလို။ ဒီကအဖိုးကြီးတွေ ကိုယ့်ဖင်ကိုယ်ဆီဆွတ်ပြီး သွားသွားအရှို့ခံရတာ။ အခုတော့ မုန်းစိတ်နာ သိန်းဃိုလ်ပြည်ကြီး မီးဟုန်းဟုန်းလောင်ကာနေ။ လေယာဉ်ကြီးနဲ့ကို ပေါင် ၅၀၀ ဗုံးတွေ လာချနေတာ နေ့ရောညရော။ မန်းလေး နဲ့ လားရှိုးတောင် စစ်မြေပြင်တွေ ဖြစ်လုပြီ။ အသေအပျောက်၊ ထိခိုက်ဒဏ်ရာရတဲ့သူတွေဆိုတာ ဆေးရုံတွေနဲ့အပြည့်မို့ ဆရာဝန်၊ သူနာပြု နဲ့ ဆေးဝါးပစ္စည်းတွေ လိုအပ်နေပါတယ်တဲ့။ “စစ်ကိုခေါ်ရင် စစ်လာမှာပေါ့။” လို့ မိုက်မိုက်ရိုင်းရိုင်း စိန်ခေါ်လေ့ရှိတဲ့ ဘောမရပ်ကွက်မှာတော့ မုဆိုးမတွေ ခေါင်းချင်းဆိုင်ပြီး “တူတူပဲ sis ရေ။” ဆို လောင်မြိုက်နေရတဲ့ခေတ် ဖြစ်သွားပြီ။

မြောက်ပိုင်းညီနောင် ၃ ဖွဲ့ရဲ့နောက်ကွယ်မှာ မီးစတစ်ဘက် ရေမှုတ်တစ်ဘက် လုပ်နေတဲ့ ပေါက်ဖော်ကြီးရဲ့ လက်ချက်ကို စကစ ကလည်း မြင်ပါတယ်။ သူပဲ မဘသတွေကို တရုတ်သံရုံးရှေ့ သွားသွားအော်ခိုင်းနေတဲ့ဥစ္စာ။ သူတင်မကဘူး။ တကမ္ဘာလုံးက မြင်အောင် နည်းနည်း ထပ်ရှို့လိုက်ပါဦးမယ်။ ၁၀၂၇ စစ်ဆင်ရေးစတော့ အဲ့ဒီအဖွဲ့တွေ စစ်တိုက်ဖို့ရာ အသစ်စက်စက် 4 wheel ကား အစီး ၄၀၀ ရှိပါသတဲ့။ လက်နက်ကို မပြောသေးဘူးနော်။ ဒီလောက်များတဲ့ ယာဉ်ယန္တယားများဟာ ရန်ကုန်ဆိပ်ကမ်းကဝင်တာတော့ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ တရုတ်ပြည်ကဝင်ရင်ကော ရှီကျင့်ဖျင်ကြီးမသိအောင် တိတ်တိတ်ကလေး ဝှက်သယ်လာလို့ ရမလား။ တာ့ကောကြီးက အန်ကယ်ဆမ်လို လေထိုးလေလျော် မဟုတ်ဘူး။ ရေတွေတလဟောလောင်းချသွားတာ။ ဟော အခု သူက ရပ်စေချင်တယ် မှလား။ လားရှိုးမြို့ကြီး တည်းတည်းလေးကျန်တော့မှ ခဏရပ်ပေးလိုက်ကြပြန်ပြီ။

အမှန်ဆိုရင် စစ်ဆိုတာ ခဏပဲရပ်ရပ်၊ အပြီးအစီးပဲရပ်ရပ်။ ဝမ်းသာရမယ့်ကိစ္စ။ လိုလားရမယ့် ကိစ္စပါ။ လူနာတွေ ကုရမယ်။ ဒုက္ခသည်တွေ ကယ်ရဦးမယ်လေ။ ရေနစ်တဲ့သူများတောင် ရေပေါ်ပေါ်သခိုက် အသက်ဝအောင် ရှူရသလိုပေါ့။ သို့သော် Made in China, Cease Fire ကြီးက EPC က မီးပေးသလို ကွမ်းတစ်ယာညက်လောက်တောင် မကြာချင်ဘူး။ သူ့ဩဇာက မျောက် ၃ ကောင်အပေါ်မှာပဲ တည်တယ်။ ကြင်စိုး ကို နားချလို့မှ မရတာ။ ဟိုအဖိုးကြီးနှစ်ယောက်ကတဆင့် အထက်မီးအောက်မီး နဲ့ နှဲ့ကြည့်ချင်တာလား။ “Nice try” ပါ။ စောင့်ကြည့်ရသေးတာပေါ့။

လက်ခုပ်က တစ်ဘက်တည်းတီးလို့ အသံမမြည်ပေမယ့် ပါးရိုက်ရင်တော့ တစ်ဘက်တည်းနဲ့ တဖြောင်းဖြောင်းမြည်အောင် ဘယ်ပြန်ညာပြန် ဆော်လို့ရတယ် ဆိုတာ မေ့မသွားနဲ့ဦး။ လက်နက်မရှိလို့ ပြန်မတိုက်နိုင်တဲ့ စစ်ဘိနပ်အောက်ကပြည်သူတွေမှာ သူတို့လုပ်သမျှ ငုတ်တုတ်လည်စင်းပေးရတယ် ဆိုတာ မြင်တယ်မှလား။ အရင်တစ်ခါလည်း အပစ်ရပ်ထားပြီးပါပြီ။ စကစဘက်က မလိုက်နာလို့ တိုက်ပွဲပြန်ဖြစ်ရတဲ့ဥစ္စာ။ ခများတို့ လုပ်တဲ့ ငြိမ်းချမ်းရေးဆိုတာ ခများတို့ဆီကဝယ်တဲ့ ပါရာစီတမော ဆေးပြားတွေလိုပါပဲ။ ဈေးပေါတယ်။ အများကြီးရတယ်။ အာနိသင်တော့ ရှိချင်မှ ရှိတယ်။ ရှိလည်း ကြာကြာမခံဘူး။

သူတို့ဘက်မှာ အပစ်မရပ်ခင်ကတည်းက ကိုယ်တို့အရပ်ဆီမှာလည်း အပစ်ရပ်ချင်ချင်ဖြစ်နေတာ ကြာပါပြီ။ ဘယ်လိုပဲဖြစ်ဖြစ် တိုက်ပွဲပြင်းပြင်းထန်ထန် ဖြစ်မနေရင် သွေးထွက်သံယို သေကောင်ပေါင်းလဲ လူနာတွေ နေ့မအားညမအား ခွဲမနေရလို့ ဝမ်းသာရမယ့်ကိစ္စပါ။ ဒါပေမယ့်လည်း အပစ်ရပ်တယ် ဆိုတာ သူတို့လက်နက်ကိုင်အချင်းချင်းပဲ ခဏလောက် ဘွာတေးခပ်တာပါ။ အရပ်သားပြည်သူတွေအပေါ်မှာတော့ ဘယ်ဘက်ကမှ အပစ်မရပ်ကြပါဘူး။ မသေတဲ့သူက ဆေးရုံရောက်လာသလို သေတဲ့သူတွေ အလောင်းပြန်မရပဲ မိသားစုဆီစာပို့ပေးလို့ သိရပါတယ်။ မနေ့ညကတောင် နန့်မွန်းမှာ ၂ ယောက် အသတ်ခံရတယ်။ ဘာအမှားမှ လုပ်မိတာ မရှိဘူး။ အိမ်စောင့်ကျန်နေတဲ့ကလေးတစ်ယောက်ကို “မင်း ဘယ်ကလဲ။” မေးပြီး “နနွင်းကုန်းက” လို့ ဖြေလို့ ဒိုင်းညှောင့်သတဲ့။ SNA က သတ်တာပါ။ စစ်မဖြစ်လို့ အပစ်ရပ်ထားရင် ရွာထဲပတ်မွှေတယ်။ လမ်းပေါ်တက် မွှေတယ်။ ဘာဥပဒေမှ မရှိပဲ မထင်ရင် မထင်သလို လူသတ်တယ်။ အခါခပ်သိမ်း ငြိမ်းချမ်းရေး က အဖြေ မဟုတ်ဘူး။ စစ်ပွဲကို ပြီးအောင်တိုက်တာကမှ အဖြေ။ သူတို့မသေပဲ ကိုယ်တွေဘက်က အကုန်သေသွားတော့လည်း တိုက်ရဲတဲ့သူ ထပ်ထွက်မလာရင် အလိုလိုရပ်သွားမယ့်ဟာကို။ ဦးသိမ်းဝေကြီး ရပ်သလို ရပ်သွားမှာလေ။ ဆွေးနွေးနေရင် ပေရှည်တယ်။ အဆုံးထိလျှောက်ကြည့်လိုက်။ ငါတို့ဟာငါတို့ ဇာတ်က နာပြီးသားပါဟာ။ ခိုင်နှင်းဝေ လာလာမလုပ်ပါနဲ့။ ဟုတ်တာလည်း မဟုတ်ပဲနဲ့။

စိတ်ဝင်စားဖို့တော့ ကောင်းပါတယ်။ ဒီတစ်ခါ တိုင်းရင်းသားတွေ အပစ်ရပ်ဖို့ သူ့ဘက်က ကိုင်ကစားတဲ့ဖဲက မင်းအောင်လှိုင်ဖဲ ဖြစ်နေတာကိုး။ “ဒီနေရာမှာ ရပ်လိုက်ရင် ဘယ်လောက်ပေးမလဲ။” ဆိုတဲ့ အတွက် proposal က “မအလ ကို ဖြုတ်ပေးရင် ရမလား။” ဆိုတဲ့အထိတော့ ရောက်လာပြီ။ “တကယ်လား။ ဒါဆိုရင် ၄ ရက်တော့ စောင့်ကြည့်မယ်လေ။” လို့ မီးစိမ်းပြထားတာကတော့ ကိုးကန့်ပါ။ ညကမှ လောက်ကိုင်ကို လေယာဉ်နဲ့ ဗုံးကျဲထားလို့ injury time ယူတာလည်း ဖြစ်နိုင်ပါတယ်။ ကိုးကန့်ဘက်က အပစ်ရပ်ပြီဆိုသော်လည်းပဲ စကစဘက်က အပစ်မရပ်တဲ့အကြောင်း ညဘက်ကြီး လားရှိုးကို လေယာဉ်နဲ့ ဗုံးကျဲပြီး အသိပေးသွားပါတယ်။ လောက်ကိုင်ကို တိုက်တာ မဟုတ်တဲ့အတွက် ခံစစ်ဆိုပြီး ကာကွယ်စရာ အကြောင်းမရှိဘူးပေါ့လေ။ အပစ်ရပ်လိုက်ရင် အရပ်သားတွေ အသေအပျောက် ပိုများလာတယ်ဆိုတာ နောက်ထပ်ဥပမာတစ်ခုပါ။ လက်နက်ချပြီးနောက်ပိုင်း မျက်နှာငယ်လေးနဲ့ ရုပ်သံအင်တာဗျူး တက်လာတဲ့ ဗိုလ်မှူးဗိုလ်ခြေ ပိုင်းလော့တွေဟာ အဲ့ဒီမတိုင်ခင်တုန်းကတော့ ဘီလူးသဘက်တွေလို ကြမ်းတမ်းခက်ထန်တဲ့သူတွေချည့်ပဲဆိုတာ မျက်နှာနှစ်ဘက်စလုံးကို မြင်ဖူးထားမှ သိပါမယ်။ ဘယ်တုန်းကမှ အမှန်စကားမပြောတဲ့သူတွေရဲ့ စကားကို အတည်ယူဖို့ဆိုတာ အမှတ်သညာရှိတဲ့သူတွေအတွက် မဖြစ်နိုင်ပါဘူး။

အောက့်စဖို့ဒ်မှာ၊ ဟားဗတ်မှာ ဘွဲ့ရလာခဲ့တယ်ဆိုတဲ့ နိုင်ငံရေးကျွမ်းကျင်သူတွေ၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများစွာမှာ ပင်စင်ယူတဲ့အထိ တသက်လုံးအလုပ်လုပ်လာခဲ့ပါတယ် ဆိုတဲ့အကြံပေးပုဂ္ဂိုလ်ကြီးတွေ၊ ဆယ်နှစ်၊ အနှစ်နှစ်ဆယ်ကြာအောင် ငြိမ်းချမ်းရေး၊ အပစ်အခတ်ရပ်စဲရေး၊ စားပွဲဝိုင်းမှာ တွေ့ဆုံဆွေးနွေးရေးတွေ လုပ်ခဲ့ကြပါတယ်။ အောင်မှ မအောင်မြင်တဲ့ဟာ။ ၂၀၂၁ ကတည်းက five consensus နဲ့ ရှေ့ဆက်မရတဲ့ အာစီယံကြီးဟာ နောက်ထပ် ၄ နှစ်လုံးလုံး မရပ်မနား လူသတ်နေတာကို တစ်မိနစ်စာလောက်တောင် တုန့်ဆိုင်းမသွားစေပါဘူး။ အောက်လွှတ်တော်ရော အထက်လွှတ်တော်ရော သမ္မတကြီးလက်မှတ်ပါ ထိုးပြီးသွားပေမယ့် အမေရိကန်အစိုးရရဲ့ Burma Act ကြီးကလည်း မြန်မာပြည်သူတွေကို မကယ်တင်နိုင်သေးပါဘူး။ On table နဲ့ on ground က တူမှ မတူတာကိုး။ အောက်ကလူတွေ ဘယ်လောက်ပဲအော်အော် အပေါ်ကလူက သူကြားချင်တာလေးပဲ နားထောင်တာ။ လုပ်တဲ့အခါကျတော့လည်း သူ့အတွက် ကိုယ်ကျိုးစီးပွါး ရှိတာလေးပဲ ရွေးလုပ်တာ။ “Encore des mots, toujours des mots, rien que des mots.” တဲ့။ ပြောတုန်း၊ ပြောဆဲ၊ ပြောမြဲ၊ ပြောရုံသက်သက်မျှသာရယ်ပါ။ အပြောမှာတင် လမ်းဆုံးနေကြတာ။ အလုပ်မဖြစ်ပါဘူး။ အရွေ့မရှိပါဘူး။

သူများတွေရဲ့ ပါးစပ်ပြော ကတိကဝတ်တွေကြားမှာ ကိုယ့်အသက် ကိုယ့်ဘဝနဲ့ ပုံပြီး ယုံကြည်ဖို့ဆိုတာတော့ အင်းဝခေတ်တုန်းကလူတွေတောင် မလုပ်ဖူးဘူး။ ခုခေတ်မှာလည်း သတိုးအရူးတွေ မရှိလောက်တော့ပါဘူး။ အတွင်းကဖြစ်စေ၊ အပြင်ကဖြစ်စေ၊ “နင် သေစမ်း” အမိန့်ပေးလာလို့ သေပေးမယ့်လူမှ မရှိတာ။ “မိထီလာ စိလယ်။ကန်စိလယ်၊ ဖားစိလယ်။ ကျန်လာ နိမေလာမှ ဆက်မေး။ အိပ်ဆော့ အိပ်ဆော့။” ဆိုပြီး တရုတ်ကြီးချော့သိပ်လို့ အိပ်သွားမယ့်ကလေးတွေ မှတ်နေလား။ ဆွဲချင်ရင် အစကတည်းက ဆွဲလေ။ ယာလည်းညက် ကြက်လည်းပန်းလုမှ ကိုယ့်ကြက်ကလေးကိုယ် ဆွဲမပြေးနဲ့။ နင့်ပါ တက်ခွပ်ပစ်မှာ။ ကဲ မေးပေးဦး။ ဟိုအဖိုးကြီးနှစ်ယောက်က “ကောင်မရေ ညည်းဖယ် ညည်းဖယ်။” သွားလုပ်တော့ ဟိုက ဘာပြန်ပြောတုန်း။