အလှပြိုင်ပွဲ – ၀င်းဦး

​ရှေးရှေးက မြန်မာဂီတစာဆိုတွေဟာ တယောက်နဲ့တယောက် ပညာသည်ချင်းမို့ လေးစားတဲ့အခါလည်းရှိ၊ ညီရင်းအကိုပမာ မရှိအတူ ရှိအတူ ဝေမျှချစ်ခင်တဲ့အခါလည်းရှိသလို၊ ကျီစားထေ့ငေါ့လို့ ခပ်ဆတ်ဆတ်ကလေး နှက်လိုက်တဲ့အခါလည်းရှိတတ်ပါတယ်။ အထူးသဖြင့်တော့ မန္တလေး ရွှေမြို့တော်ကြီးက အနုပညာသည်တွေ နဲ့ ရန်ကုန်မင်းနေပြည် က အနုပညာသည်များပါ။ သူ့အရပ် သူ့အဖွဲ့နဲ့သူ ကျော်ကြ၊တော်ကြတဲ့သူချည့်ပေမယ့် အချင်းချင်းတွေ့ရင် သူ့ဝမ်းထဲ အူဘယ်နှစ်ခွေရှိပါလိမ့်လို့ စစ်ကြောပြီးမှ တော်ပါပေတယ်၊ တော်သလောက်လည်း ကျော်ပါပေတယ် လို့ ဖွင့်ဟ ၀န်ခံပြီး လည်ပင်းဖက်ပေါင်းကြပါသတဲ့။ ဆရာနန်းတော်ရှေ့ဆရာတင်က ဇီးကွက်သီချင်းနဲ့ ကျော်ကြားလာတဲ့အခါ ဒီသူငယ် သီချင်းကြီး သီချင်းခန့်မှ တတ်ပါစ လို့ စေ့ငုကြလို့ ဆင်ကြီးဂဠုန်ချီ သီချင်းနဲ့ သူဟာ မဟာဂီတမတတ်ပါဘူး လို့ပြောနေရင်း မဟာဂီတထဲက သီချင်းတွေကို ရောသမမွှေ စပ်ဆိုသွားပါတယ်။ မတတ်လို့သာ တော်တော့ နော်။ အဲဒီလို ပညာသည်အချင်းချင်းအပြိုင်အဆိုင် စိတ်တွေမွေးပြီး ငါကသာအတော်ဆုံးလို့ ကိုယ့်ဖက်ကိုယ် ယက်တတ်တဲ့သူတွေကို ဆရာမြို့မငြိမ်းက “အလှပြိုင်ပွဲ” သီချင်းနဲ့ ပိဿာလေးနဲ့ ဘေးပစ်သလို ထိထိမိမိ ကလိလိုက်တာဟာ အင်မတန်သဘောကျစရာကောင်းလွန်းလို့ မျှဝေလိုက်ရပြန်ပါတယ်။

​နောက်ခံပုံပြင်ကလေးကတော့ တခါက ဂင်္ဂါမြစ်ထဲကငါးတစ်ကောင်နဲ့ ယမုံနာမြစ်ထဲက ငါးတစ်ကောင်ဟာ သူကလှတယ် ငါကလှတယ် အငြင်းပွားလို့ ခုံသမာဓိအဖြစ် ဦးရွှေလိပ်ကို ဆုံးဖြတ်စေပါသတဲ့။ ဒီမှာ ဆရာလိပ်က မင်းတို့ နှစ်ကောင်စလုံး ငါ့လို ဝိုင်းဝိုင်းစက်စက်နဲ့ တင့်တယ်တဲ့ ကိုယ်လုံးမှ မရှိတာ။ ငါသာလျှင် အလှဆုံးပ။ ဒါတောင် ရေမချိုးရသေးဘူးနော်။ လို့ ပြောလိုက်သတဲ့။ ကိုယ့်ဘက်ကိုယ်ယက်တဲ့ လိပ်မျိုး ဆိုတာ အဲဒီပုံပြင်က လာတာပေါ့။

​လူဆိုတာတဲ့ အသက်ကြီးကြီးငယ်ငယ် မနိုင်ကာမှနေရော သူ့ထက်ငါတော့ ပြိုင်ချင် ကြတာချည့်ပဲ တဲ့။ ကိုယ့်ရုပ်ကိုယ် မှန်ထဲကြည့်ပြီး လှမလှတောင် မစူးစမ်းပဲ အာရုဏ်တော်အဖွဲ့က ၀န်းခင်းဖို့ ဆင်ဖြူတော်ဝန် ခန့်ခန့်ချောချောနှစ်ယောက်လောက် လိုသတဲ့ ဆိုလည်း အပြေးဝင်ပြီး လျှောက်လိုက်ချင်သေးတာတဲ့။ ဂင်္ဂါငါး နဲ့ ယမုံနာငါးအလှပြိုင်တဲ့အခါ ခုံသမာဓိ ဦးရွှေလိပ်က ငါအလှဆုံးလို့ ၀င်ပြောတာ ကြားဖူးလား တဲ့။ အဲဒါ အနှိပ်သည် ငတိုးပြောတာနော်။ ကျုပ်ကသောတာ လှောင်တာမဟုတ်ဘူးလို့ စာစီညွှန်ဖွဲ့ရင် နာမည်အလွန်ထည့်ချင်တဲ့ ကိုကြီးတင်ကိုလည်း ကလိလိုက်သေးတာ။

​တစ်ယောက်နဲ့တစ်ယောက် လေလုံးထွားပြီး လေချင်းပြိုင်ကြမယ်ဆိုရင် လေယာဉ်ပျံကို ဘယ်သူနိုင်မှာတုန်း တဲ့။ ဒါတောင် သူ့ခမျာ ရခိုင်ရိုးမတောင်တန်းကြီးကို အချစ်သွားစမ်းတဲ့အခါ လေဟုန်ဆော် လို့ မြေခုံပေါ်ကျရရှာတာပေါ့ တဲ့။ တကယ်တော့ လောကမှာ ပြိုင်ကြစတမ်းဆိုရင် သူ့ထက်သူ လူစွမ်းကောင်းချည့်မို့ သူ့ထက်ကဲပြီးရင် ရွှေပြည်စိုး တို့ ညီပုလေးတို့ လာဦးမှာ တဲ့။ ဒီတော့မှ တရုတ်ဇာတ်လမ်းထဲက အဲဒီ ညီပုလေးရဲ့ ယောင်ကိုဆွဲပြီး ကျုပ်ကသာ အလှဆုံးပါဗျာ လို့ ဦးရွှေလိပ်ကြီးလို ပြောလိုက်ချင်ပါသတဲ့။ စိတ်မဆိုးပါနဲ့။ အဲဒါ အနှိပ်သည် ငတိုးပြောတာပါ။ ကျုပ်မပါပါဘူး တဲ့။ ကဲ.. ဘယ်လောက်များ ကောင်းလိုက်တဲ့သီချင်းပါလဲ။

​ဒီသီချင်းကို ပထမဆုံး ကြားဖူးတာကတော့ မြန်မာ့ရုပ်မြင်မှာ ဓနုဖြူစိုးသိန်းကြီးဆိုသွားတာပါ။ ကောင်းလွန်းလို့ သဘောကျလိုက်တာ။ ဘယ်သူရေးတာမှန်းတောင် မသိလိုက်ဘူး။ နောက်ထပ်လည်း မလွှင့်ဖြစ်တော့ မေ့တောင်နေတာ။ အင်တာနက်ပေါ်က နေ့သစ်စာမျက်နှာမှာ ကိုဝင်းဦးကြီး အဆိုနဲ့တွေ့တော့မှ ပြန်မှတ်မိတယ်။ ဓနုဖြူစိုးသိန်းက ပိုကောင်းပါတယ်။ ဘာလို့ဆိုတော့ ၀င်းဦးက သီချင်းလိုပဲ ဆိုပြီး ဟိုက မှင်နဲ့ မောင်းနဲ့ လေနဲ့ သန္ဓေနဲ့ ဆိုသွားတာကိုးဗျ။ သီချင်းဆိုရင်း မျက်နှာပေး ကိုယ်နေဟန်ထား အမူအယာ လေယူလေသိမ်း အားလုံးကို ခံစားလို့ရလို့ သူဆိုတဲ့အခါ သီချင်းက ကြွကြွရွရွ နဲ့ ပိုအသက်ဝင်ပါတယ်။ တီဗီမှာ ကြည့်ရတာထက် ပွဲခင်းထဲမှာ ကြည့်ရတာဆိုရင် ပရိသတ်နဲ့ အဆိုတော်နဲ့ အပေးအယူ အခေါ်အပြောနဲ့ဆိုတော့ တော်တော်ကို ပွဲကျတဲ့ အဆိုတော်မျိုးပါ။ သူများတကာ အဆိုတော်တွေက အသံနဲ့ သီချင်းကိုပဲ ဂရုစိုက်နေပြိး ကက်ဆက်ထဲက နားထောင်ရသလောက်ပဲ ရှိတာ။ သူတို့ကတော့ တခါနဲ့တခါ တပွဲနဲ့တပွဲတောင် သီချင်းတစ်ပုဒ်တည်းပေမယ့် မတူဘူး။ အဲသလို အဆိုတော်မျိုးက သိပ်မရှိလှပါဘူး။ ဓနုဖြူစိုးသိန်း အပြင် ဖိုးဆိုချင်ခင်မောင်ညွန့် ရယ်။ ရဲဘော်ခင်မောင်လှ ရယ်ပဲ ရှိတာ။ သူတို့သီချင်းတွေကလည်း ဒီ့ပြင်လူလိုက်ဆိုရင် သီချင်းပဲ ဖြစ်တယ်။ သူတို့ဆိုသလို အသက်မဝင်ဘူး။ “အပျိုကြီး မမရယ် မမတို့ရယ်” ဆိုတဲ့သီချင်း၊ “ကျွန်တော်အဆိုတော် နံမယ်ကြီး” ဆိုတဲ့သီချင်း၊ “စဉ်းစားပြီး မရွှင်နိုင်ပါသဗျာ။ မင်းသားကြီး တပင်တိုင်ဘဝမှာ ယှဉ်ပြိုင်ကစရာ အလှကညာလိုသဗျာ” ဆိုတဲ့သီချင်း၊ “ယူချင်ဦးဟဲ့ မိန်းမ ငြှိမ်းမရတဲ့မီးတွေနော်” ဆိုတဲ့ စာရေးကြီး သီချင်း။ အခုဆို ဘယ်နား ရှာနားထောင်ရမှန်းတောင် မသိတော့ဘူး။ နောက်တစ်ပုဒ်ရှိသေးတယ်။ ဇာဂနာတောင် ပြန်ဆိုထားသေး။ “ဒီမှာ လဒကာ၊ လမွန်းတည့်တော့မယ်လကွာ။ လဆွမ်းကပ်တော့လေလကွာ။ လဒကာကြီးရာ..” ဆိုတဲ့သီချင်း။ သူတို့သီချင်းဆိုနေတာ နားထောင်ရရင် ဆိုတဲ့သူတွေကလည်း မြူးကြွပျော်ရွှင်လို့။ နားထောင်ရတဲ့သူတွေမှာလည်း အပျော်တွေ ကူးစက်ပျော်ရွှင်လို့ တသောသောပဲ။

ခုနောက်ပိုင်းတော့ လူကြီးတွေလည်း မရှိကြတော့ဘူး။ လူငယ်တွေကလည်း သူတို့ သီချင်းတွေ မကြားဖူးကြတော့ဘူး။ ခွန်းထောက်တောင် အသံစွဲအောင်မတည်တတ်တဲ့ လူပြက်တွေက လိုက်ဆိုပြန်တော့လည်း သီချင်းကောင်းကလေးတွေ ပျက်စီးကုန်ပြန်ရော။ သဘင်သုခုမ အတတ်ဆိုတာ အမြင်လွယ်သလောက် တကယ်လုပ်တော့ အဟုတ်ခက်တာကိုး။ ဇာတ်ထဲကလာတဲ့ ဦးမိုးဒီတို့ ဦးမော့စ် တို့နဲ့ သင်္ကြန်မင်းသားဘဝက တက်လာတဲ့ လူရွှင်တော်တွေ ခွန်းထောက် သံပေါက် ဆိုတာချင်း ယှဉ်နားထောင်ကြည့်ရင် သိသာပါတယ်။ အလကားနေရင်း အမုန်းခံလို့ ဟိုလူ့ဝေဖန် ဒီလူ့ဝေဖန် မလုပ်ရပေါင်ဗျာ။ တတ်သင့်တတ်ရာတွေကို လေ့လာဆည်းပူးကြရင် မကောင်းဘူးလားလို့ တွေးကြည့်ပေးတာပါ။ ၀မ်းစာဆိုတာ သမုဓ္ဒရာရေမဟုတ်တော့ အသစ်ပြန်မဖြည့်ဆည်းနိုင်ရင် ကုန်တတ်ခမ်းတတ်ပါတယ်။ ဒါမှလည်း နောက်လူတွေ တသသဖြစ်ကျန်ရစ်တဲ့ အနုပညာအမွေတွေ ထားခဲ့နိုင်မှာ မဟုတ်ပါလားလို့။ အနှိပ်သည်ငတိုးက ပြောတာပါဗျာ။ မသောဝံ့ပါဘူးနော့။

လူမှန်ရင် တစ်တောင်လောက်နီး ကြီးချင်ကြီး မကြီးချင်နေ

နိုင်ချင်နိုင် မနိုင်လို့ရှုံး၊ ပြိုင်အုံးမယ် ကျုပ်အလှဆုံး။

ရုပ်ချောသလား ကြွခဲ့ပါခင်ဗျာ၊ အသွက်ဆုံးရုပ် အဟုတ်ကို မှန်လျှင်

အရုဏ်တော်မှာ ဆင်ဖြူတော်ဝန် နှစ်ယောက်လောက်လိုတယ်၊

ကိုယ့်ကိုယ်ကိုယ်ပင် မှန်ထဲကြည့်ပီး ရုပ်လှသလားလို့

ဟန်မယ် မဟန်မယ် ထင်တလုံးနဲ့ ထူးတဲ့ရုပ်ဖြူးယဉ်။

ဂင်္ဂါငါးနဲ့ ယမုံနာငါးတို့ အလှပြိုင်ကြမလို့တဲ့ လေထွားရာဝယ်

အချင်းဖြစ်ပွားခိုက် ခုံထားလိုက်ရာ ဦးရွှေလိပ်က မိန့်ကြားသည်မှာ

ငါ့လို ဝိုင်းဝိုင်းစက်စက် မင်းတို့ မတင့်တယ်

ရုပ်လှတာရယ် မုချပါကွယ် ကျုပ်ကသာတယ်

ဒါတောင်ဦးရွှေလိပ်က ရေမချိုးသေးဘူးတဲ့ခင်ဗျာ

အနိုင်အရှုံးသဘောထား အပြောကြွားလေတယ်၊ ထွားတဲ့လေနှယ်။

ဒီလိုပဲ ထုံးပုံရှိတယ် အနှိပ်သည်ငတိုးပြော သောတာမဟုတ်ဖူးနော်။

(လေကိုလေချင်း အတင်းပြိုင်သော် လေယာဉ်ပျံဟာလေ သူအနိုင်ဆုံးပ

ရိုးမ ရခိုင်တောင်တန်းအချစ်စမ်းရာဝယ် လေဆော်တာနဲ့ပဲ မြေကိုချော်လို့ဒေါင်း) x၂

စူထက် စူ စူ လူစွမ်းကောင်း လူစွမ်းကောင်း စူ့ထက်ကဲ ရွှေပြည်စိုး ညီပုလေး

ညီပုလေးလို့ ယောင် ယောင် ယောင် ယောင်ဆွဲ၊ တရုတ်ဇာတ်ထဲ အဟုတ်မှတ်စွဲ

ကျုပ်အလှပဲလို့ ထင် ထင် ထင်တယ်။

ဂင်္ဂါငါးနဲ့ ယမုံနာငါးတို့ အလှပြိုင်ကြမလို့တဲ့လေထွားရာဝယ်

အချင်းဖြစ်ပွားခိုက် ခုံထားလိုက်ရာ ဦးရွှေလိပ်က မိန့်ကြားသည်မှာ

ငါ့လို ဝိုင်းဝိုင်းစက်စက် မင်းတို့ မတင့်တယ်

ရုပ်လှတာရယ် မုချပါကွယ် ကျုပ်ကသာတယ်

ဒါတောင်ဦးရွှေလိပ်က ရေမချိုးသေးဘူးတဲ့ခင်ဗျာ

အနိုင်အရှုံးသဘောထား အပြောကြွားလေတယ် ထွားတဲ့လေနှယ်

ဒီလိုပဲ ထုံးပုံရှိတယ် အနှိပ်သည်ငတိုးပြော သောတာမဟုတ်ဖူးနော်။

သီချင်းနားထောင်ရန်။

http://www.naytthit.com/…/12-Horse%20Khin…/Track_03.MP3