ချန်ဂင်တို့စခန်း (၂၇၉)

မနေ့ကတစ်ရက် မိုးတိတ်လို့ လမ်းကလေး ခြောက်မယ် မကြံသေးဘူး။ အခု မိုးတွေက သည်းသည်းမည်းမည်း ရွာလာပြန်ပြီ။ ရွာထဲရှိသမျှ ကုန်စုံဆိုင် တွေကလည်း ပြောင်တလင်းခါနေပြီ။ ဈေးဆိုင်ကယ်တွေမှ မဝင်နိုင်တာကိုး။ မိုးတိတ်ပြီဆိုပြီး ဒီနေ့ဝင်ချလာတဲ့ဆိုင်ကယ်တွေကလည်း မိုးနဲ့လေနဲ့ ရွှံ့နဲ့ဗွက်နဲ့ဆို အပျက်အစီးများဦးမှာ။ မထူးဆန်းဘူးလေ။ ဒါ သဘာဝပဲ။ နှစ်တိုင်းကြုံနေကျ။ တောင်ပေါ်က၊ ရပ်ဝေးက၊ cerebral malaria နဲ့ လာတဲ့လူနာတွေ ပိုများလာတယ်။ ကိုယ်တို့ဆေးရုံကလေးက သူတို့အတွက် ကူရာကယ်ရာ ဖြစ်နေတဲ့အတွက် ကျေနပ်ပါတယ်။ နည်းနည်းတော့ ပိုရုန်းရတာပေါ့။ ကိုယ့်ဝန်ကိုယ့်တာပဲ ဥစ္စာ။ ကိစ္စမရှိပါဘူး။ ကူညီထောက်ပို့တဲ့သူတွေလည်း အားလျော့မသွားဘူးဗျ။ အခက်အခဲအမျိုးမျိုးကြားက အပင်ပန်းခံပြီး ပို့ပေးကြပါတယ်။ လိုင်းပေါ်မှာ ပိုက်ဆံတွေလည်း စဝင်နေပါပြီ။ Loki လေးတောင် စတားတွေအများကြီးရှာပြီး ဒေါ်လာတွေ ထောက်ပံ့နိုင်တယ်။ သူ့ဆရာ ဘုရားရှိခိုးရင်လည်း ဘေးနားမှာ ငြိမ်ငြိမ်လေး လာထိုင်နေတတ်တယ်။ B တွေ C တွေ သူလည်း မတတ်ပေမယ့် ဘုရားသံ တရားသံ ကို သိပြီး ငြိမ်ငြိမ်ဆိမ်ဆိမ် နာရကြားရမှန်းတော့ နားလည်တယ်။ ဒါကြောင့်လည်း သူ့ကို မြင်တဲ့သူတိုင်းက ချစ်ကြ သနားကြ၊ မေတ္တာထားကြတာပေါ့ကွယ်။

စစ်ရေးစစ်ရာနဲ့ တိုက်ပွဲအခြေအနေတွေဆိုတာကလည်း ကြက်ဥအရောင် တိမ်တောင်သဖွယ် မင်းရေးကြွယ်သတဲ့။ ဒီမှာ ဘယ်လောက်ကြီးပဲ သူသေကိုယ်သေ မီးကုန်ယမ်းကုန် တိုက်ခိုက်တော့မယောင် ရှိပေမယ့်လည်း တခြားနေရာတွေက အခြေအနေတွေကို အကဲခတ် သုံးသပ်ပြီး “သွားတော့မယ်။” “ရောက်ပြီ။” ဆို ချက်ချင်း အဆုံးသပ်လိုက်တာမျိုးလည်း ရှိနိုင်တယ်လေ။ ညှိနှိုင်းမှုဆိုတာ လူသိရှင်ကြား စားပွဲဝိုင်းမှာထိုင်ပြီး အချေအတင် ဖြစ်ချင်မှ ဖြစ်တာ။ အောင်သွယ်တွေ အပို့ကောင်းရင် မမြင်ဖူးမတွေ့ဖူးပဲတောင် ညားချင်ညားသွားတတ်တာမျိုး။ မန္တလေး၊ လားရှိုး ကျရင် ဟိုပင်၊ မိုးညှင်း၊ နန့်မွန်းလောက်က ဘယ်သူ့ဆန်စားလို့မှ မရဲနိုင်တော့ဘူး။ လူကိုယူပါ အသည်းကိုချမ်းသာပေးပါ ဖြစ်သွားပြီ။ “ရှုံးရင် ပြန်မလာနဲ့။” လို့ စကားကုန်ပြောလွှတ်လိုက်တဲ့ တိုင်းမှူးဟာ မနိုင်တော့မှန်း သေချာသွားရင် သူ့ခေါင်းသူဖြတ်ဝံ့တဲ့ သတ္တိလည်း ရှိတာ မဟုတ်။ ဟိုဘက်ကအချုပ်ကမှ သူ့အတွက် လွတ်မြောက်ရာလမ်း ဖြစ်တော့မှာပ။ တိုင်းမှူးတစ်ယောက်ပြုတ်ရင် ကျန်တဲ့တိုင်းမှူးတွေလည်း အလိုလို ဒူးတုန်လာတာဗျ။ အခုတောင် လားရှိုးသွားမလား မေးရင် ဒေဝဒဟ အလွှတ်ခံရတဲ့ ဗကဘိုးဘိုးကြီးလို တုန်ဆင်းလာကြပြီ။

SNA၊ စကစ နဲ့ KIA ဟာ လုံးတုံ နဲ့ နန့်မွန်းမှာ တစ်ဖွဲ့နဲ့တစ်ဖွဲ့ ဆိုင်ထားသော်ငြားလည်း အလစ်အငိုက်ဖမ်းတာ၊ သွေးတိုးစမ်းတာ၊ ကြားခံကတဆင့် ဆက်သွယ်ညှိနှိုင်းတာတွေ ရှိနေပုံရပါတယ်။ အဲ့ဒီအဖွဲ့ ၃ ဖွဲ့ထဲမှာ KIA ဟာ လိုင်ဆာဌာနချုပ်ဆီက တိုက်ရိုက်ကွပ်ပဲ ညွှန်ကြားမှုတွေကို အလျဉ်မပြတ် လက်ခံရရှိနေတာဖြစ်လို့ chain of command က ပြတ်သွားစရာ မရှိပါဘူး။ SNA နဲ့ စကစကရော ကျောထောက် နောက်ခံ command center နဲ့ ရထားဖြစ်ရဲ့လား။ ယုံကြည်ရလောက်သလား။ ပစ်မထားခဲ့မှာ သေချာရဲ့လား။ အဲ့ဒီအခြေအနေပေါ်မူတည်ပြီး သူတို့ဘက်က တိုက်မယ် မတိုက်ဘူး၊ ပြေးမယ် လက်နက်ချမယ်၊ အဖြေတွေက ပြောင်းလဲသွားမှာပဲ။ ပြည်သူရဲ့ထောက်ခံမှုကို မရတဲ့အတွက် သူတို့ဘက်က စိတ်ဓါတ်ခွန်အားဆိုတာ မရှိနိုင်ဘူး။ လမ်းချင်းကလည်း ဆန့်ကျင်ဘက်။ ပြည်သူက အာဏာရှင်ကို အလိုမရှိတာ။ သူတို့က အာဏာရှင်လက်ပါးစေ လက်ကိုင်တုတ်။ စစ်တပ်ဟာ အရင်လိုအခြေအနေ ပြန်ရနိုင်ဦးမလား ဆိုတာ စစ်ဗိုလ်စစ်သားတွေ ကိုယ်တိုင်ပဲ တွေးတောကြည့်ကြပါလေ။

စစ်ပွဲမဖြစ်ပဲ အီနေတာကြာလို့ နန့်မွန်းကလူတွေ တိုးတိုးတိတ်တိတ် အိမ်လေးဘာလေး ဝင်ကြည့်ကြတယ်။ သူများဖောက်ယူရင် အကုန်ကုန်မှာလေ။ နန့်မွန်းထဲက SNA ဂိတ်တွေက ကနေ့နက်ဖြန် ဆုတ်ပေးတော့မလိုလို သတင်းတွေ ထွက်ပေမယ့် ခုမနက်ထိတော့ ရှိတုန်းပဲ။ ပိုက်ဆံတွေလည်း တောင်းတုန်းပဲ။ ဂိတ်ကြေးပေးရတာများလို့ ကုန်မဝင် ကားမဝင် ဖြစ်နေတာလေ။ ဓါတ်ဆီ တစ်လီတာကို တစ်သောင်းတဲ့ဗျ။ သူတို့ဘက်ကတော့ “ဒီကောင်တွေကို ဖြတ် ၄ ဖြတ် လုပ်ထားတယ်။ ဘယ်လောက်ထိ ခံနိုင်မလဲ ကြည့်သေးတာပေါ့။” လို့ အောင့်မေ့နေမှာပေါ့။ သူတို့ ဘယ်လိုဖြတ်ဖြတ်လေ။ ခုလေးတင် ဆေးဖာရောက်လို့ ဝေခြမ်းသိမ်းဆည်းပြီး နောက်ထပ်လိုတာတွေ မှာနေတယ်။ သူတို့ အင်းတော်ကြီးဘက်က စစ်ရှောင်ဆေးခန်းတွေအတွက်တောင် ခွဲပေးနိုင်သေးတယ်။ ပိတ်နိုင်သပဆို ဆက်ပြီး ပိတ်ထားဦးပေါ့။ တို့ဘက်ကတော့ အေးဆေးပါ။ မင်းတို့ အာဏာသိမ်းတဲ့နေ့ကတည်းက Facebook သုံးမရအောင် နည်းအမျိုးမျိုးနဲ့ ပိတ်နေတာလေ။ အခု ၃ နှစ်တောင်ရှိပေါ့။ တစ်ရက်မပြတ်သုံးပြနေတာ မြင်တယ်မှလား။ ရုရှားဖေဖေ၊ တရုတ်ဖေဖေတွေ အားကိုးနဲ့တောင် ဘာတစ်ခုမှ အဖြစ်ရှိအောင် မလုပ်နိုင်ပဲနဲ့။

ထောင်ထဲကိုရောက်နေတဲ့သူမှာဖြစ်ဖြစ်၊ တောထဲကိုရောက်နေတဲ့သူမှာဖြစ်ဖြစ်၊ ယုတ်စွအဆုံး သူတို့သတ်လိုက်လို့ သေသွားတဲ့သူမှာဖြစ်ဖြစ်။ မင်းအောင်လှိုင် ရဲ့ စစ်တပ်ကို အရှုံးပေး အညံ့ခံတဲ့စိတ် တစိုးတစိမျှ မရှိကြပါဘူး။ ကြောက်လည်း မကြောက်ဘူး။ ရှင်းလား။ အဲ့ဒါကြောင့် သူတို့တွေ ဘယ်တော့မှ အနိုင်ယူလို့ ရမှာ မဟုတ်ဘူး။ စစ်တပ်က လက်ဖျောက်တီး ခေါ်လို့ ဆိုင်ကယ်ကြီးစီးပြီး ဝင်မယ့်သူ၊ အမြီးလေးနှန့်ပြီး ပါးလျက်နားလျက် လုပ်မယ့်သူ ဒီဘက်မှာတော့ မရှိဘူး။ ဖက်ခွက်စားထဲမှာပဲ လျှောက်ရှာချေတော့။

“မင်းတို့တော်လှန်ရေးက ၃ နှစ်တောင်ကြာပြီ။ ပြီးမှ မပြီးနိုင်တာကွာ။ ငါတို့က ကိုယ့်ထမင်းကိုယ် ရှာမစားလို့ မင်းတို့ လာကျွေးထားမှာလား။” လို့ မေးလာခဲ့ရင် အဲ့ဒီလူရဲ့အသက်ကို ပြန်ကြည့်လိုက်ပါ။ ၆၀ ကျော်ကြီးနဲ့မှ အဲ့လို ပဋီးပဋားတွေ ပြောနေရင် ဒီလူဟာ တော်တော်ကို သောက်မှတ်မရှိတဲ့ လူကြီးပါလား လို့ အောင့်မေ့လိုက်ပါ။ ဒီနေ့ ဘာနေ့လဲ လို့ မေးလို့မှ “ဒီနေ့ဟာ တင်းဂွေနေ့လေ ဘေးဘေ။” လို့ပဲ ဖြေတတ်မယ့်သူပါ။ “7 July” ကို သူမသိဘူးလေ။ တော်လှန်ရေးက ၂၀၂၁ မှ စလို့ ၃ နှစ်ကြာသော် ဆိုပြီး ကတ်ချိန်းမလို့လား။ ၇.၇.၆၂ ကတည်းက ကျခဲ့ရတဲ့သွေးတွေကို မေ့ပစ်လိုက်တာလား။ ဦးသန့်အရေးအခင်းဆိုတာ မမှတ်မိတော့ဘူးလား။ ၈၈ အရေးအခင်းကို မေ့ချင်ယောင်ဆောင်နေတာလား။ ရွှေဝါရောင်တော်လှန်ရေးကို ခများ မမီလိုက်ဘူးလား။ ပြန်မေးကြည့်စမ်းပါဗျာ။ အဲ့ဒါနဲ့မှ “မတူဘူးလေ။ သပ်သပ်စီပဲ။” လို့ အသံထွက်လာရင် အဲ့သလိုအဲ့သလို သောက်ပိန်းကြီးတွေများလွန်းလို့ အရင်တုန်းက ရှိခဲ့သမျှသော တော်လှန်ရေးတွေ ဇာတ်လမ်းမပြတ်ခဲ့တာပါ လို့ ရှင်းရှင်းလင်းလင်း ကောက်ချက်ချနိုင်ပါတယ်။ ဒီကနေ့ခေတ်မှာ အဲ့ဒီအရင်ကအကြွေးတွေပါ ဘောက်ချာဆုတ်ပြီး အာဏာရှင်စံနစ် အမြစ်ပြတ်အောင် တိုက်မှာဗျ။ ဗမာပြည်ကြီး ၆၈ စိပ် ကွဲသွားလည်း အရင်စစ်သားတွေ တစ်ယောက်မှ မပါတဲ့ တိုင်းပြည်အတွင်းမှာပဲ နေချင်တယ်။ ဒါကြောင့် ၃ နှစ်ကြာတာလောက်ဖြင့် စာမဖွဲ့တော့ဘူး။ ရှမ်းနီဟာ သီးခြားကိုယ်ပိုင်အုပ်ချုပ်ခွင့် လိုချင်ရင် မင်းအောင်လှိုင် ဆီက တောင်းလို့ ရနိုင်မလား။ နောက်တက်မယ့် ဖက်ဒရယ်ပြည်ထောင်စု လွှတ်တော်မှာ တောင်းဆိုရမှာလား။ ဘယ်ဟာက ပိုသေချာမလဲ။ ဘယ်ဟာက ပိုနီးစပ်မလဲ။ ဘိန်းရောင်းဖို့သက်သက် လက်နက်ကိုင်ထားတာ မဟုတ်ဘူးဆိုရင် သဘောပေါက်မှာပါ။

တော်လှန်ရေးကြီးကဖြင့် ပြီးလုပြီနော်။ လားရှိုးက တိုင်းမှူးတောင် အိမ်ကဟာမကြီး အထုပ်ပြင်ခိုင်းနေပြီ။ ရှမ်းပြည်မှာ ရှမ်းလက်နက်ကိုင်အဖွဲ့အစည်းတွေ ဘယ်ပျောက်နေလို့ ရုပ်မမြင် သံမကြား ဖြစ်နေရတာလဲ။ တော်တော်ကြာ ကိုးကန့်တွေ၊ ဝတွေ၊ ပအို့တွေ၊ ပလောင်တွေဆီက ရှမ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဆိုပြီး ပြန်တောင်းယူမလို့လား။ ဇာတ်သိမ်းခန်းပဲ ရောက်တော့မယ်။ တစ်ဆင်းမှလည်း ဝင်မရိုက်ပဲနဲ့ အကယ်ဒမီချိန်ချင်လို့ မဖြစ်သေးဘူး။ ဦးနေဝင်းကြီးက ပြောတယ်။ သူ အာဏာထသိမ်းရတာဟာ ရှမ်းပြည်နယ်က ဖက်ဒရယ်မူကို အဆိုတင်သွင်းလာလို့ ပြည်ထောင်စု မပြိုကွဲရေးအတွက် လုပ်လိုက်ရပါတယ် တဲ့။ အဲ့ဒီစကားကြီးကို ခုထက်ထိ မချေပချင်သေးဘူးလား။ နေဝင်း ကနေ မင်းအောင်လှိုင်အထိ dynasty တစ်ခုလို လက်ဆင့်ကမ်း အုပ်ချုပ်လာခဲ့တယ် ဆိုတာကိုရော သဘောမပေါက်သေးဘူးလား။ စော်ဘွားသားသမီးတွေ စစ်တပ်ကိုတော်တော်ယုံကြသားပဲဗျ။

၆၂ က ဘောက်ချာတွေ ပြန်ဆုတ်ရင် ရှမ်းတွေဘက်က ရစရာရှိတဲ့ အကြွေးတွေကို ရေအဆုံး ကုန်းတဝက်လောက်မှ ပြန်မလိုချင်တော့ဘူးလား ဟင်။ ယူလီဟားက ရှမ်းသမ္မတကြီးလို ဝဝစား၊ ဝေးဝေးနေပြီး တေတေဂနိတ်လုပ်မလို့လား။ ကျိုင်းတုံ တာချီလိတ်မှာ ဖွတ်တွေမျိုလို့ ရှမ်းတွေ ပျောက်ကုန်သလား အောင့်မေ့ရပါတယ်ကွယ်။ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးဆိုတာ ပြည်ထောင်စုကြီး တစ်ခုလုံးနဲ့ ညီညွတ်ရတာလေ။ စစ်တပ် နဲ့ပဲညီညွတ်ရင် စားဖားညီညွတ်ရေးလို့ပဲ ခေါ်တယ်။ ပြိုကွဲမယ့်စကားနဲ့ သွေးခွဲနေတာ မဟုတ်ပါဘူး။ အတူပူးပေါင်းပါဝင်ဖို့ လက်ကမ်းကြိုဆိုနေတာပါ။ တော်လှန်ရေးကြီးက အောင်တော့မှာမို့လို့ ကျန်မနေခဲ့စေချင်လို့ပါ။ “လာလာလေ။ လာကြမယ်လေ။ ရေမြေတောအနှံ့က တို့ဆွေသဟာတွေ။ ရပ်ဝေးကတွေ ရပ်နီးကဆွေ စုပေါင်းညီညာစေ။” တဲ့။

၆၂ မှာ အာဏာသိမ်းပြီးကတည်းကနေ အခု ၂၀၂၄ ရောက်တဲ့အထိ ဘယ်ခေတ် ဘယ်ကာလမှာများ စစ်တပ်ကို ဖွဲ့စည်းပုံပျက်သွားတဲ့အထိ ပြိုဆင်းသွားအောင် အလဲထိုးနိုင်ခဲ့ဖူးသလဲ။ ကာချုပ်ကို ထွက်ပြေးရအောင်၊ ကာချုပ်အိမ်ပေါ် လက်နက်ကြီးကျအောင် တိုက်နိုင်တာ ဒီတစ်ခါ ပထမဦးဆုံးလေ။ အုန်းကျော်မြင့်တစ္ဆေက အရိပ်လိုလိုက်နေလို့ ကျည်ကာ နဲ့ ပရိတ်ကြိုးကို အိမ်သာထဲမှာတောင် မချွတ်ဝံ့ဘူးမှလား။ ဝဂ်နာအဖွဲ့ငှါးမလို့ ခရိုနီတွေဆီ ဓါးပြတိုက်နေတယ်ဆို။ ဦးတေဇတို့ စမိုင်းတို့က ဒီအတိုင်းပဲ ကြည့်နေကြသလား။ နောက်ဆုံးကျ ရွှေဘ ပြန်နိုင်မယ်ဆိုတာ သူတို့တောင် မယုံတော့ဘူး ထင်ပါရဲ့။ ဒီတစ်ခါ မနိုင်ရင် ဘယ်တော့နိုင်မှာလဲဗျာ။ ဒီလောက် သေချာနေတဲ့ဟာကို။

သဗ္ဗေ သင်္ခါရာ အနိစ္စ တဲ့။ အရာအားလုံးဟာ ဥပါဒ်၊ ဌီ၊ ဘင် ဖြစ်တည်ပျက် အကြောင်း ၃ ပါးနဲ့ သွားရတယ်။ အနိစ္စ ကို နိစ္စ လို့ မှတ်ပြီး ကိုယ်ပြုပြင်ချယ်လှယ် လို့ ရလိမ့်မယ် အထင်နဲ့ အာဏာကို လုယူခဲ့တာ ဘယ်လောက် ဒုက္ခကြီးသလဲ။ သေရာညောင်စောင်း လဲလျောင်းတော့မှ အသိတရားရလို့ “ဒီလိုမှန်းသိရင် မလုပ်ခဲ့ပါဘူး။” ဆိုတဲ့ နောင်တနဲ့ချည်း ဘဝကူးကြရတယ်။ အစိုးမရတာကို အစိုးရတယ်ထင်လို့ အစိုးရတက်လုပ်ချင်ကြတာကိုး။ ကိုင်း အခု မြန်မာ့တပ်မတော်ကြီးရဲ့ အဆုံးသတ် နိဂုံးချုပ်ပုံကလေးကို သတိလေးကပ်ပြီး ဆင်ခြင်သုံးသပ်ရအောင်နော်။ အနိစ္စ၊ ဒုက္ခ၊ အနတ္တ လက္ခဏာယာဉ်တင်ပြီး ဆင်ခြင်ကြည့်တတ်ရင် ဝိပဿနာဉာဏ်ဆိုက်ပြီး မဂ်လမ်းဖိုလ်လမ်းတောင် တက်လှမ်းနိုင်ပါလိမ့်မယ်ဗျား။ အဲ့ဒါသဘောမပေါက်လို့ကတော့ မာစီးဒီးစီးစီး၊ ဘန်တလေစီးစီး မဂ်ဖိုလ်မနီး အချည်းနှီးပါ။ ကာမဂုဏ်ဆိုတာ ပါယ်သတ်ရမယ့် အရာသာဖြစ်ပါတယ်ခင်ဗျ။

“ထူးမြတ်တဲ့ငါးပါးအာရုံအကုန်လုံးပါယ် အနိစ္စ နဲ့ ဒုက္ခကို ကြံဆရွယ်။

အနတ္တသဘော စောမိတယ်

ကြည်အောင်ရယ်။ (ဘာတဲ့တုန်း)

လက္ခဏာရေး ၃ ပါး ကို ထင်မြင်တယ်။”