ဒီတခါတော့ သီချင်းမြူးမြူးလေး ရွေးထားပါတယ်။ ရွှေမန်းမေ တဲ့။ ဆရာရွှေပြည်အေးရဲ့ လက်ရာ အံတီမေ ရဲ့ ငယ်မူငယ်သွေး အသံလေးကြားရပါမယ်။ ချိုပြုံး တို့ ခင်ယုမေ တို့ ဆိုတာ ရေဒီယိုမှာ တော်တော် နံမည်ကျော်ပြီးမှ ရုပ်ရှင်မင်းသမီး ဖြစ်လာကြတာပါ။ ချောလိုက်ကြတာလည်း မှုန်လို့။ အဲဒီခေတ်က ဖက်ရှင် တပတ်လျှိုထုံးလေးမှာ ပန်းပွင့် ကြီးကြီးတွေပန်လို့။ အင်မတန် ယဉ်ပါပေတယ်။ မင်းသမီးမဖြစ်ခင် အဆိုတော်ဘဝက ဓါတ်ပုံတွေက ပိုလှနေသယောင် ရှိပါတယ်။ ငယ်ငယ်နုနုလေးတွေကိုး။ ဆယ်ကျော်သက်အရွယ်နဲ့ နိုင်ငံကျော်အဆိုတော် ဖြစ်ခဲ့သူတွေပါ။ ဒါပေမယ့်လည်း အဲ့ဒီသီချင်းရဲ့ မူရင်းအဆိုရှင်က ဒေါ်မာမာအေး ဖြစ်ပြီး ရုပ်ရှင်သီချင်းအဖြစ် ဆိုခဲ့တာလို့ အန်တီမာမာအေးကိုယ်တိုင် ပြောပြဖူးပါတယ်။ အရင်တုန်းက အဲ့သလိုပါပဲ။ “မောင့်အချစ်မြားစူး” သီချင်းကလည်း ဒေါ်မာမာအေး အရင်ဆိုတာ မဟုတ်ပဲ အန်တီချိုပြုံးက ရုပ်ရှင်သီချင်းအဖြစ် အရင်ဆိုခဲ့တာပါတဲ့။ “ချစ်ဆိပ်ရည်” ကို ဒေါ်မြင့်မြင့်ခင် က အရင်ဆိုခဲ့တယ် ဆိုတာလည်း အဲ့သလိုပါပဲ။ သီချင်းတွေမှာ ပိုင်ရှင်ရှိတယ်။ သူ့ပိုင်ရှင်ဆီ သူရောက်အောင်သွားတယ် ဆိုတာ ဟုတ်မယ် ထင်ပါရဲ့နော်။
ရွှေမန်းမေသီချင်းကို မြန်မာ့မီးရထားက ရထားအသစ်ကြီးတွေ ၀ယ်ပြီး ဒဂုံမေ ရွှေမန်းမေ အမည်တွေနဲ့ ရန်ကုန် မန္တလေး အမြန်ရထား စဆွဲတုန်းက ရထားပေါ်မှာ ဖျော်ဖြေခဲ့တယ် လို့လည်း သိရပါတယ်။ မန်းရာပြည့်ပွဲအမီလား သေချာတော့ မမှတ်မိတော့ပါဘူး။ နောက်ခံတီးလုံး တွေနားထောင် ကြည့်ရင် အဲဒီခေတ်က အေဝမ်းထွက်ရုပ်ရှင် တော်တော်များများမှာ ပါတဲ့ ကာလပေါ် တီးကွက်ဆန်းတွေကို သတိပြုမိမှာပါ။ ဆရာရွှေပြည်အေး အေဝမ်းခင်မောင် တို့ဟာ အေဝမ်းကုမ္ပဏီရဲ့ ပင်တိုင် ဂီတမှူးများကိုး။ သူ့လက်ရာ ဟာ ဘယ်လောက်ထိ အစပ်အဟပ်တည့်သလဲဆို ဒီသီချင်းကြားတိုင်း ရထားကြီးကိုပြေးပြေးမြင်တဲ့ အထိပါပဲ။ ရထားဥသြသံလေးလည်း တခါတခါ ကြားရပါတယ်။ ဒါပေမယ့်သီချင်းထဲမှာ ရထားဆိုတဲ့စကားလုံး တစ်လုံးတောာင် မပါပါဘူး။ ရွှေမန်းသူကလေး တစ်ယောက်က သူ့မြို့ကို အလည်လာဖို့ ဖော်ဖော်ရွေရွေ ဖိတ်ခေါ်နေတာပဲ ပါ ပါတယ်။ ဒီကနေ့ခေတ် သီချင်းတွေလို တိုင်းတပါးက ဧည့်သည်တွေကို ဘယ်လိုသာယာပါတယ် ကြွခဲ့ပါဆိုတာမျိုးမဟုတ်ပဲ တရပ်တရွာက လာမယ့် မိတ်ဆွေတွေကို ဧည့်ဝတ်ကျေရပါစေမယ် လို့ ကတိပေးရင်း မန်းမြို့တခွင်မှာ ပျော်စရာကောင်းပုံတွေ၊ ဘုရားဖူးလိုက်ပို့စရာတွေ၊ ပွဲလမ်းသဘင်တွေ စည်ကားပုံတွေနဲ့ လာချင်အောင် ဖိတ်ခေါ်ထားတဲ့သီချင်းလေးပါ။
အဲဒီတုန်းက ရထားစီးရတဲ့ အရသာကလည်း ခုတော့ ရာဇဝင်ထဲမှာ ကျန်ရစ်ခဲ့ပါပြီ။ ရထားအသစ်ကြီးဆိုတော့ ခုလိုနံစော် မှောင်မဲကြီး ဘယ်ဟုတ်ပါ့မလဲနော်။ ရန်ကုန် နဲ့ မန္တလေး ကြားဘူတာတွေမှာ အစားအသောက်တွေကလည်း ကောင်းမှကောင်း။ ဘယ်ဘူတာမှာ ဘယ်ဟာက ကောင်းတယ်ဆိုပြီးကို နံမယ်ကြီးကြတာပါ။ ဒေသထွက်ကုန်တွေမို့ အိမ်ပြန်လက်ဆောင် ၀ယ်ချင်စရာတွေကလည်း ပေါမှပေါ။ အဲဒါတောင်မှ ခရိးသည်တိုင်းလို ချိုင့်ကြီးချိုင့်ငယ်တွေနဲ့ စားကောင်းသောက်ဖွယ်တွေကို ပျော်ပွဲစားထွက်သလို သယ်လာပြီး တလမ်းလုံး စားသောက် ရယ်မောပြီး ခရီးသွားကြတာပါ။ ပျော်စရာကောင်းလွန်းလို့ ရထားသီချင်းလေးတွေတောင် ခေတ်စားခဲ့ပါသေးတယ်။ “ကလောအလွန် တစ်ဘူတာ” တို့။ “သူဇာခင် နဲ့ ဘူတာစဉ်” တို့။ ဘူတာရပ်လိုက်တိုင်း ရောက်လာကြတဲ့ စျေးသည်လေးများကတော့ ဒီကနေ့ခေတ်နဲ့ အတူတူပါပဲ။ ဒါပေမယ့် ပိုတော့ ရိုးသားကြပါတယ်။ ရေသန့်ဘူးမပေါ်သေးတဲ့ ခေတ်မို့ ရေအိုးလေးတွေ ခေါင်းပေါ်ရွက်ပြီး “ရေ ရမယ် ရေ” ဆိုတဲ့ ကလေးသံလေးတွေလည်း ကြားယောင်မိပါတယ်။ ခုခေတ် ရေသန့်ဘူးခွံလေးတွေ ပစ်ချခဲ့ပါဆိုတဲ့ အရွယ်ကလေးတွေပေါ့။ အချိန်တွေ ပိုပေါတဲ့ ခေတ်မို့ ဘယ်သူမှလည်း အလောသုံးဆယ် ပြာယိပြာယာ မရှိပါဘူး။ အေးအေးဆေးဆေးပဲ။ ဂိတ်ဆုံးရင် သူ့ဘာသာရောက်သွားမယ့် ခရီးကို သက်တောင့်သက်သာပဲ ဖြတ်သန်းကြပါတယ်။ ညကြီးသန်းကောင် လမ်းခုလတ်မှာ အိပ်ချင်မူးတူးနဲ့ လမ်းဆင်းလျှောက်ပြီး မှတ်ပုံတင်ပြစရာလည်း မလိုဘူးလေ။ အဲလိုခရီးသွားနေတဲ့ အချိန်မျိုးမှာ ဒီလို သီချင်းသံ သာသာယာယာလေးနဲ့ဆို ဘယ်လောက် ပျော်စရာကောင်းလဲလို့။ လွမ်းလိုက်လေခြင်း။
မီးရထားအကြောင်းပြောလိုက်တာ ဟိုရှေးရှေးက မီးရထားများနဲ့ ဒီကနေ့ ခေတ်မီဖွံ့ဖြိုး တိုးတက်သောနိုင်ငံတော်ကြီး က မီးရထားများ ဘယ်လိုကွာပါလိမ့်လို့ စီးကြည့်လိုက်ရအောင်။ နောက်ဆုံးစီးခဲ့တာကတော့ နေပြည်တော်အထူးအမြန်ရထားကြီးတွေပေါ့။ ဘာကွာသလဲဆိုရင် ဘာမှ မကွာပါဘူးဗျာ။ မကွာဆို အတူတူပဲလေ။ တူမှာပေါ့ တစ်စီးတည်းဟာ။ ဟောင်းသွားလို့ ဆေးပြန်သုတ်ထားတာတစ်ခုပဲ။ အထဲက မီးကျိုးမောင်းပျက်တွေအကုန် အရင်အတိုင်း ရှေးမူမပျက် ထိမ်းသိမ်းထားမြဲ။ အန်တီမေသာ အဖွားကြီးဖြစ်သွားတာ။ ရွှေမန်းမေကလေးကတော့ ခုချိန်ထိ မရောက်ရောက်အောင် ပို့မယ့်မေပဲ။ ဘယ်အချိန်ရောက်ရောက် ရောက်မှာတော့ သေချာတယ်။ ဒိီံလမ်းကြီးပေါ်က ဘယ်မှလွဲစရာမရှိ။ ဘယ်လောက် ရှေးမူမပျက် ထိမ်းသိမ်းထားသလဲဆို ရန်ကုန်ဘူတာကြီးကိုကြည့်။ “ဗန်တိုလူလေး” ကားထဲမှာပါတဲ့ ညွန့်ဝင်း ဒေစီကျော်ဝင်းခေတ်ကနေ ဒီကနေ့အထိ တသွေမတိမ်း။ မီးရထားဝန်ထမ်းတွေလည်း ဘယ်လောက်မြန်မာဆန် ရှေးဆန်ကြသလဲဆို “သူ့ကျွန်မခံပြီ” ထဲက ပါတော်မူခန်းမှာကြည့် မြစ်ငယ်နဲ့ ရွာထောင် က လူတွေချည့်ပဲ။ ၀န်ကြီးကိုယ်တိုင် ဦးဘိုးလှိုင် ၀င်မလုပ်တာကံကောင်း။ (နာနာလေးက မလုပ်ပါနဲ့ အန်ကယ်ရယ် လို့များ တားထားရော့သလား)
အိန္ဒိယကိုရောက်တဲ့အခါ သူတို့ဆီက မီးရထားစံနစ်က ကမ္ဘာမှာ ဒုတိယလိုက်တယ်လို့ ကြွားတာနဲ့ ဘယ်လိုနေသလဲ စပ်စုကြည့်မိပါတယ်။ မီးရထားပေါ်က စားသောက်တွဲ စားပွဲပေါ်မှာ ဖန်ခွက်ထဲရေဖြည့်ပြိး တင်စီးလို့ ရပါသတဲ့။ အဲသလောက်ငြိမ်ဆိုပဲ။ ဘူတာတစ်ခုတစ်ခုမှာ ရထားစီးချင်ရင် လမ်းညွှန်သေချာမဖတ်လို့ကတော့ ရွာလည်ပြီသာမှတ်။ အိန္ဒိယမှာ လေဆိပ်တွေတောင် တို့ဆီက ဘူတာရုံလို လူစည်စည် ရုတ်ရုတ်သည်းသည်းဆိုတော့ စျေးသက်သာပြီး လူအများစီးတဲ့ မီးရထားဘူတာရုံဆို စဉ်းစားသာကြည့်ပေတော့။ ပလက်ဖောင်းတိုင်း စင်္ကြန်တိုင်းမှာ တစ်နေရာစီကိုသွားမယ့်ရထားတွေ အဆက်မပြတ်ထွက်နေတာ။ ရထားလမ်းချော်တာ မှောက်တာဖြစ်လာရင် ရထားဝန်ကြီး ကုလားမကြီးကိုယ်တိုင် ရောက်ချလာရော။ ကာလကတ္တားမှာ ဘန်ကောက်လို မိုးပျံရထားစံနစ်မရှိပေမယ့် သူတို့မြေအောက်မြို့ပတ်ရထားက မြန်လည်းမြန် မှန်လည်းမှန် စျေးလည်းသက်သာတယ်။ နေမပူ လမ်းမပိတ်ဘူး။ ၀န်ထမ်းတွေ ကျောင်းသားတွေအားလုံး မြေအောက်ရထားပဲ စီးကြတာ။ ခါးပိုက်နှိုက်တော့ ကြောက်ရသတဲ့။ ဘူတန်ကလူတွေက ကိုယ်တွေ ကာလကတ္တားမှာ စာမေးပွဲသွားဖြေမယ်ဆိုရင် ခါးပိုက်နှိုက်သတိထားဖို့ အတန်တန်မှာတယ်။ သူတို့ဆီမှာ ရှိမှ မရှိပဲကိုး။ တို့ဆီကနဲ့တူတာလည်း ရှိတယ်ဗျ။ ရထားပေါ်မှာ သူများက အအေးတိုက်ရင် သွားမသောက်လိုက်လေနဲ့တဲ့။ မေ့ပင်အောက်ကိုရောက်သွားလို့ ဘူတန်အထိ ဆယ်ရက်ကြာလမ်းလျှောက်ပြန်လာရတဲ့ ညီအကိုအကြောင်း သတင်းစာတွေထဲမှာ ဖတ်ခဲ့ရတယ်။
ဘန်ကောက်က မိုးပျံရထားကြီးတွေ လေဆိပ်ကြိုပို့ ရထားကြီးတွေဆိုရင်တော့ ဘာပြောကောင်းမလဲ။ လူဆိုတာ သည်လိုသွားရလာရပါလားလို့ အဲဒီတော့မှ သဘောပေါက်သွားတယ်။ ခေါင်းဆောင်တွေ မာစီဒီး ဆိုက်ဂနပ်စီးတာချင်း သိပ်မကွာပေမယ့် ပြည်သူတွေ စီးနေရတဲ့ ဘတ်စကား မီးရထားချင်း မယှဉ်သာတာ ကျုပ်တို့ကိုက လူမဟုတ်လို့ နေမှာပေါ့လေ။ နေနှင့်ဦး။ နောက်တခါ အလောင်းဘုရား ဘုရင့်နောင် ဇာတ်ကားတွေ ရိုက်မှ ဒင်းတို့ ယိုးဒယား၊ အာသံတွေကို ဖနောင့်နဲ့ ပေါက်ပစ်လိုက်မယ်။ ကိုယ့်ဘာကိုယ် ရွှေမန်းမေလေး လှုပ်တုပ်လှုပ်တုပ် စီးနေတာအဟုတ်။
ရွှေမန်းမေ..။ ရွှေမန်းမေ၊ ရွှေမန်းမေ။ နန်းထိုက်တဲ့ ရွှေမန်းမေ။ ရွှေမန်းမေ။ ရွှေမန်း.. ရွှေမန်း…..မေ။
(ရွှေမန်းမေ … ရွှေမန်းမေ။ ဟန်မူယာ တကယ့်နွဲ့နွဲ့နှောင်းနှောင်း ပျော့ပျော့ပြောင်းပြောင်း ချစ်ဖို့ကောင်းလှပေ။ ရွှေမန်းမေ … ရွှေမန်းမေ။ ယဉ်တင်တင် စကားလေးနဲ့ ထိအောင် မိအောင် ငြိအောင် ပြောတာ သဘောကျသလေ။)၂
မန်းမြို့ပြေ လှမ်းလို့နေ အဝေးကအဆွေ အပြေးကြွလေ။ စိတ်မပျက်နဲ့လေ မိတ်ဆက်မည့်မေ။ သဘောရှိကွဲ့ လည်ဦးပတ်ဦး မြို့လုံး ကြည့်ရှုစရာ မဆုံးဘူးလေ။ တခေါက် နှစ်ခေါက်တောင် မချို့ငဲ့စေ။ မရောက်ရောက်အောင် ပို့မယ့်မေ။ ဧည့်ဝတ်တွေ ပြုစုကာ တာဝန်ကျေစေမယ်လေ ရွှေမန်းမေ။
(ပျော်ပွဲတွေ ရွှင်ပွဲတွေ ၀င်နွှဲပြီးကြဲမယ်လေ။ ဘုရားတွေ မနားမနေ မေသွားရင်း အပျင်းကိုဖြေ။)၂ ထူးလှတဲ့ မန်းမြို့အခြေ မြူးကြွဝင့်ဆန်းလို့ထွေ၊ ဘာဘာညာညာစုံနေ သာယာသာယာပုံတွေ ပြောစမှတ်တောင် တွင်ပါသလေ။ အတောမသတ်အောင် ရွှင်ကာနေ။
ရွှေမန်းမေ..။ ရွှေမန်းမေ၊ ရွှေမန်းမေ။ နန်းထိုက်တဲ့ ရွှေမန်းမေ။ ရွှေမန်းမေ။ ရွှေမန်း.. ရွှေမန်း…..မေ။
သီချင်းနားထောင်ရန်။ ။