ချန်ဂင်တို့စခန်း (၂၇၇)

ဒီမနက် မိုးတွေရွာနေတယ်။ သည်းလိုက်ဖွဲလိုက်နဲ့ တိတ်ကိုမတိတ်ဘူး။ ရွာမှာပေါ့လေ။ ဝါပဲဝင်တော့မယ့်ဥစ္စာ။ အအေးပိုင်းက သတ္တဝါများလို ဆောင်းခိုတဲ့ အလေ့မရှိပေမယ့်လည်း ကိုယ့်အရပ်ကိုယ့်ဒေသနဲ့ကတော့ မိုးခိုရတာပေါ့။ လမ်းတွေရေမြုတ် ရွှံ့နူးပြီး ဗွက်အိုင်ကြီးတွေ ဖြစ်နေလို့ ဝင်ထွက်သွားလာလို့ မရတော့ပဲ အိမ်တွင်းအောင်းနေရတယ်။ လူနာတွေကတော့ ရောက်အောင်လာကြသားဗျ။ မနေ့က သေနတ်မှန်တဲ့လူနာဆို ဖြည်းဖြည်းချင်းလမ်းလျှောက်လာရလို့ ၆ ရက်တောင် ကြာသတဲ့။ ဒဏ်ရာက အနံ့တွေတောင် ထွက်နေပြီ။ ဒီအတိုင်း ၆ ရက်နေလို့မှ မသေရင် ကိုယ့်ဆီရောက်ပြီးမှတော့ သေလို့မဖြစ်သေးဘူး။ နောက်ဘက် လက်ပြင်က တေ့ပစ်လိုက်တဲ့ဒဏ်ရာဟာ ပုခုံးအထက်နားဆီကို တိုးလျှိုပေါက် ပွင့်ထွက်လာတယ်။ သေပြီဆိုပြီး ပစ်ထားခဲ့ရာက မသေလို့ ကိုယ့်ဆီရောက်လာတာ။ ဒီလအတွင်း ကိုယ့်ဆေးရုံမှာ အသေအပျောက် မရှိပါဘူး။ ငှက်ဖျားလူနာ ၄၀၀ နီးပါး၊ OPD လူနာ ၁၁၆၅ ယောက်နဲ့ စံချိန်သစ်တင်သွားတဲ့ လတစ်လပါပဲ။ စစ်ပွဲတွေဖြစ်၊ လမ်းတွေပိတ်သွားလို့သာ တော်တော့တယ်။

ရွာရဲ့ပတ်ပတ်လည်မှာတော့ လယ်ကွင်းတွေဟာ ရေပြင်ကျယ်ကြီး ဖြစ်သွားပြီ။ လမ်းမလိုတော့ဘူးလေ။ လှေကလေးနဲ့ သွားချင်တဲ့ဘက်ကိုသွား။ ဒီအတိုင်း ဖြတ်သွားလိုက်ရုံပဲ။ ရေလမ်းတွေ ပွင့်သွားပြီ။ ရွာသားတွေ စစ်ရှောင်ထွက်တာ ဝေးဝေးလံလံ ပြေးစရာ မလိုဘူး။ ကိုယ့်လယ်ကွက်ထဲက တဲလေးတွေပေါ် တက်နေလိုက်ရုံပဲ။ အစောင့်လည်း စောင့်ပြီးသား ရတယ်။ စားရေးသောက်ရေးက ဟင်းရွက်ကလေးခူး၊ ဖားလေးငါးလေး ရှာစားလိုက်ရုံပဲ။ မိတာများရင် ကိုယ့်ဆီတောင် လာလာပေးကြသေး။ နာရေးဖျားရေးအတွက် သူတို့ရွာသားတွေ အပူအပင်မရှိတာ ၃ နှစ်တောင် ရှိသွားပြီလေ။ ဆေးရုံမှာ အလုပ်လုပ်တဲ့ ဆယ်တန်းအောင်ပြီးသား ကလေးတွေကို ဖက်ဒရယ်တက္ကသိုလ်ဆက်တက်ဖို့ ဝင်ခွင့်တွေ လျှောက်ပေးထားတယ်။ တက်လက်စကလေးတွေကို သူနာပြု၊ သားဖွားကောင်စီနဲ့ချိတ်ပြီး စာဆက်သင်နိုင်ဖို့ စီစဉ်ပေးရတယ်။ ကိုယ့်ဆီက ဆေးကျောင်းသားတစ်ယောက်ကတော့ လိုင်ဆာမှာ ဆေးကျောင်းဆက်တက်နေပြီ။ “သင့်ရာအပ်ပို့” ဆိုတာလည်း ကိုယ့်ရဲ့ ဝတ္တရားပဲ မဟုတ်လား။

ခဏတာ လာနေပေမယ့် ဒီဒေသကလူတွေရဲ့အကျိုးစီးပွါးအတွက် အတတ်နိုင်ဆုံး ကြိုးစားပေးခဲ့ပါတယ်။ တသက်လုံးနေလာတဲ့ တိုင်းပြည်တစ်ခုလုံး ဖွတ်ဖွတ်ညက်ညက်ကျေအောင် ပျက်စီးဆုံးရှုံးစေခဲ့တဲ့ စစ်ဗိုလ်စစ်သား အာဏာရူးများနဲ့ တန်ဖိုးချင်း၊ အရည်အသွေးချင်း ဘယ်သူကသာသလဲ။ ယှဉ်ဝံ့တဲ့ကောင် တက်ခဲ့ပစေလေ။ သူတို့လို စစ်သားမျိုးဟာ ရွာမှာရှိရင် ရွာနာတယ်။ မြို့မှာရှိရင် မြို့နာတယ်။ တိုင်းပြည်မှာ ရှိရင် တိုင်းပြည်နာတယ်။ ဘယ်မှာရှိရှိ ကောင်းကျိုးမပေးတဲ့ကောင်တွေ။ ဘယ်ထောင့် ဘယ်နေရာက ဘာအထောက်အထားပြပြီး ငြင်းနိုင်သလဲ။ ငြင်းစမ်းကွာ။ ချက်နဲ့လက်နဲ့ အငြင်းပွါးစရာ မရှိတဲ့ ဗြောင်လိမ်ဗြောင်စား သတ္တဝါတွေ။ မင်းတို့မိဘ ဘယ်လိုများ ဆုံးမထားလို့ ဒီလောက်တောင် မိုက်ရိုင်းနိုင်ရသလဲ စဉ်းစားလို့တောင် မရဘူး။

စစ်ပွဲအခြေအနေကတော့ မထူးခြားသေးပါဘူး။ လုံးတုံ၊ နန့်မွန်း ကနေ ပိတ်ထားလို့ သံလမ်းရိုးနဲ့ အဆက်အသွယ်ဖြတ်ထားတယ်။ ဒါပေမယ့် အင်းတော်ကြီးပတ်ပတ်လည်ကနေ ဖားကန့်ရောက်တဲ့အထိတိုင်အောင် ဘာဂိတ်၊ ဘာစခန်းမှ မရှိတော့လို့ အတားအဆီးမရှိ ဥဒဟို သွားလာနိုင်ပြီ။ မြောက်ပိုင်းမှာ ကျောက်စိမ်းတွင်း၊ ရွှေတွင်း၊ ပတ္တမြားတွင်းတွေ သူတို့လက်အောက်က လွတ်မြောက်လာပြီ ဆိုတဲ့ သဘောပေါ့။ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းတွေလည်း ဒီဘက်က ထိန်းချုပ်ထားနိုင်ခဲ့ပြီ။ သူတို့မှာတော့ ပိုက်ဆံလိုချင် ဆီသည်ဆန်သည်တွေ လိုက်ဖမ်းနေရတဲ့ဘဝ။ အသစ်ရိုက်ထုတ်ထားတဲ့ ပိုက်ဆံတွေနဲ့ ပေါက်ယူချန်းဆီသွားပြီး “သိန်းတစ်သောင်းပေးပါ့မယ်။ ရှိကြီးခိုးပါရဲ့။ ဝင်မတိုက်ပဲ ဘေးထွက်နေပေးပါ။” လို့ ခြေသလုံးဖက် တောင်းပန်နေရတယ်။ အရှက်မရှိတဲ့ ဘဝများ။

မြစ်ကြီးနားဘက်မှာ ရေတွေကြီးနေတယ် လို့တော့ သတင်းကြားပါတယ်။ ကိုယ်တို့အရပ်ကတော့ ချင်းတွင်းမြစ်ထဲ စီးဝင်မယ့် ရေဝေရေလဲဆိုတော့ ဒီဘက်ပိုင်းမှာ ရေကြီးရေလျှံဖြစ်ဖို့ မရှိပါဘူး။ မိုးက တနေကုန်ရွာနေတော့ ခွဲခန်းထဲသုံးမယ့် အဝတ်တွေကလည်း မခြောက်တော့ဘူး။ ဆိုလာလည်း အားမဝင်ဘူး။ ခုနေခါ တိုက်ပွဲမဖြစ်သေးတာပဲ ကျေးဇူးတင်နေရမယ့် သဘောရှိတယ်။ နို့မို့ တော်တော် ကသီဦးမှာ။ လောလောဆယ်တော့ ကိုယ့်နေရာက မိုးကုတ်၊ ကျောက်မဲတို့လို hot zone ဖြစ်မနေတော့ လေယာဉ်မလာလောက်သေးဘူး။ ပစ္စုပ္ပန်တည့်တည့်ရှုရင် အေးချမ်းတဲ့ အချိန်ကာလလို့ ဆိုရမယ်။ ဘာမှ ပူစရာ မရှိပါဘူး။ မနက်ပြန်ညပြန် ဘုရားရှိခိုး၊ မေတ္တာပို့၊ ပုတီးစိတ်၊ ပရိတ်ရွတ်လို့ သူတော်စင် သူတော်ကောင်းလေး လုပ်နေတယ်။ ဆင်းရဲ နဲ့ ငရဲကို ဟိုဘက်တိုင်းပြည်ရောက်အောင် မောင်းထုတ်ရဦးမှာ မဟုတ်လား။

တနေကုန်ရွာတဲ့မိုးဟာ ညဘက်ကျတော့ ပိုသည်းလာပါသေးတယ်။ ချောင်းရေတွေတက်လာပြီး ချင်းတွင်းမြစ်ရေလည်း လိုက်တက်လာဦးမှာပဲ။ ဒီရေတွေက နှစ်တိုင်းတက်နေကျအတိုင်း ပဲခူးလောက်မှာ တစ်ခါ ရေသွားကြီးဦးမယ့်ပုံရှိတယ်။ ရန်သူမျိုးငါးပါးတို့ အခါမလပ် နှိပ်စက်နေတဲ့နောက်တော့ ရေကြီးရေလျှံတာ တစ်ခုတိုးလည်း ခုထက်ပိုစိတ်ညစ်စရာ မရှိလောက်တော့ပါဘူး။ ရတနသုတ်ထဲမှာပါသလို ကပ်ဆေးမိုးကြီး ရွာချတာလည်း ဖြစ်ချင်ဖြစ်မှာပေါ့။ မနက်အိပ်ယာကနိုးတဲ့အခါမှ ရေတွေ ဘယ်နားထိရောက်ပြီလဲ လိုက်ကြည့်ဦးမယ်။ ခုညမှာတော့ လူရောခွေးရော မိုးလုံလေလုံရာမှာမို့ အိပ်ရေးဝဝ အိပ်ထားဦးမှ။

အဲ့လိုနေရင်းကမှ မိုးတွေဟာ အရမ်းကို သည်းကြီးမည်းကြီး ရွာချလိုက်တာ တစ်ယောက်နဲ့တစ်ယောက် စကားပြောလို့တောင် မကြားရနိုင်အောင်ပါပဲ။ ဒီကိုရောက်ကတည်းက ဒီ​လောက်ထိသည်းတာ ဒီတစ်ခါပဲ ကြုံဖူးသေးတယ်။ မနက်ထိအောင် မစောင့်ရပဲ ရေဘေးကြီး ကြီးကြီးမားမား ကြုံရတော့မယ် လို့ သဘောပေါက်သွားပါတယ်။ အမိုးအကာအောက်က ဆေးတွေ ဆေးပစ္စည်းတွေတောင် စိတ်ချရတဲ့ အခြအနေ မဟုတ်ပါဘူး။ အပေါ်ကယိုတာ ဘေးကပက်တာနဲ့ ပျက်စီးကုန်မယ့်သဘော ရှိပါတယ်။ ညကြီးသန်းခေါင် လိုက်သိမ်းရအောင်ကလည်း တနေရာစီမှာထားတာ။ ရေမြုတ်နိုင်တဲ့အနိမ့်ပိုင်းမှာ မဟုတ်ပေမယ့် လေဒဏ်မိုးဒဏ်နဲ့ ရစရာမရှိအောင် စိုရွှဲကုန်တော့မှာပဲ။ အပြင်ကို ထွက်ကြည့်တော့လည်း ဘာဆိုဘာမှ မမြင်ရ။ ပိန်းပိတ်အောင် မှောင်အတိကျနေတာ။ ဘာမှလုပ်လို့မရဘူးလေ။ မိုးလင်းအောင်ပဲ စောင့်ရလိမ့်မယ်။ သူများတွေဆီမှာဆို လူရောပစ္စည်းရော ရေထဲမျောပါသွားလိမ့်မယ် ထင်ပါရဲ့။ အဲ့သလောက် အဖြစ်မဆိုးသေးတာပဲ တော်လှပြီ။ Loki တစ်ကောင်ကတော့ ကြောက်လို့လား သခင်ကို စိတ်မချလို့လား မသိဘူး။ အတင်းကို ပူးကပ်ပြီး လိုက်အိပ်နေတယ်။ ဟျောင့်ရေ။ ဒီမိုးနဲ့ မနက်ကျ ငါတို့ ဆေးရုံတောင် ပြန်လို့ရမှာ မဟုတ်။ ပျော်စရာကြီးကွ။

ဟိုးအရင် ကိုသာပို ရေဘေးကယ်ဆယ်ရေးတွေ လုပ်ကတည်းက မြန်မာပြည်မှာ ရေကြီးရေလျှံပြဿနာဟာ နှစ်စဉ်ရင်ဆိုင်ရမယ့် ဒုက္ခ လို့ ဟောကိန်းထုတ်ခဲ့ဖူးတာ မှန်နေသားပဲနော်။ ဝေဠုကျော်တို့၊ ဘုန်းကြီးကြက်ဖတို့တောင် ရိုးသွားလို့ အတန်ရှည်ဝင်မရှာတော့ဘူး။ ကိုဗစ်ဟာ ရာသီတုပ်ကွေးဖြစ်သွားသလို နာဂစ်ကလည်း မုတ်သုန်မိုးသည်းအဖြစ် မှန်မှန်လာတော့မယ်။ အာဇာနည် ဗုဒ္ဓဘာသာ အမျိုးသားတိုင်းပြည် ဆိုတော့ ဒီလိုပဲ ရှိရမှာပေါ့ကွယ်။ ကြင်စိုးအုပ်ချုပ်တဲ့တိုင်းပြည်မှာ ဒါလောက်များဖြင့် ဒုက္ခလို့တောင် အမည်တပ်မရသေးပါဘူး။ တစ်နိုင်ငံလုံးက စစ်ဘေးဒုက္ခသည် ဖြစ်နေမှဟာကို။

မနက်မိုးလင်းတဲ့အခါ ကိုယ်တို့အိပ်တဲ့အောက်မှာ ရေပြင်ကျယ်ကြီး။ သစ်တွေဝါးတွေ ရေစီးနဲ့ မျောပါသွားကြတယ်။ ရွာတစ်ခြမ်းလောက်က ရေမြုတ်သွားခဲ့ပြီ။ အိမ်အောက်ကရေ၊ လမ်းပေါ်ကရေ၊ လယ်ကွက်ထဲကရေ၊ ချောင်းထဲကရေတွေ အားလုံး တဆက်တစပ် တပြင်တည်း ဖြစ်သွားကြပြီ။ ထွေလာလေးတွေ ရေမြုတ်လို့။ လှေနဲ့သွားရင်တော့ လမ်းမလိုတော့ဘူး။ ဘယ်ဘက်သွားသွား သွားလို့ရတယ်။ ဒီ​ရေပြင်ကြီးအတိုင်း စက်နဲ့ခုတ်သွားလို့ရှိရင် ဆယ်ဇင်းအထိလည်း တန်းတန်းမတ်မတ် ရောက်တယ်။ ကိုယ်တို့မှာ ရေဘေးဒုက္ခသည် ဖြစ်သွားပြီမို့ Loki ကိုလည်း ထမ်းခေါ်ရတယ်။ မိုးတိတ်တော့မှ ပစ္စည်းတွေ လိုက်ဥစ္စာချောက်ဦးမယ်။ တော်တော်များများက အမြင့်ပိုင်းမှာမို့ ရေတော့ မမြုတ်ဘူး။ မိုးပက်မိုးစိုတော့ ရှိလိမ့်မယ်။ ညတုန်းက မိုးတွေတအားသည်းနေသခိုက် Meningitis နဲ့ လူနာကတော့ ဆုံးသွားရှာပါတယ်။ ရှိသမျှဆေးတွေ အကုန်သွန်ပေးပြီး ဖားကန့်အထိတောင် ဆေးသွားဝယ်ခိုင်းထားတာ မရလိုက်ဘူး။ သူ့ဘေးက ကြွက်သတ်ဆေးသောက်တဲ့ ကလေးမလည်း တစ်ရက်တစ်ရက်ကို atropine အလုံး ၄-၅၀ ထိုးနေရတာ ဆေးရုံမှာရှိတာနဲ့ မလောက်တော့လို့ သူ့အဖေကို မြို့တက်ဆေးဝယ်ခိုင်းလိုက်တယ်။ ဒီပုံနဲ့ဆို ဘယ်ပြန်လာနိုင်လိမ့်မလဲ။ “သမီးဆန္ဒ ပြည့်ဝရတော့မယ်။” လို့ အားပေးရမှာလား မသိ။ အသက်က ခုမှ ၁၆ နှစ်ရယ်။ ဘေးကုတင်မှာ အဝှါပြုတော့ သူက ဟီးဟီးဟားဟားတွေ ထရယ်ပြီး မိတင်စိန် လုပ်နေတာ တခြားလူနာတွေပါ လန့်ကုန်ရော။

မထင်မှတ်တာတွေ အကုန်ဖြစ်လာတော့လည်း ဖြစ်တဲ့အတိုင်း လိုက်လုပ်ရုံ ရှိတာပေါ့။ ဘာလို့စိတ်ညစ်နေရမလဲ။ ပျော်ပျော်ပေါ့။ ကိုယ်တွေက ချောင်းကလေးအနားပဲ ရှိသေးတာ။ ဟိုဘက်က မြစ်ကြီးအနားကလူတွေ ကူကြကယ်ကြပါစေဦး။ မိုးရွာသည်ဖြစ်စေ၊ နေပူသည်ဖြစ်စေ၊ ဆောင်းတွင်းမို့ ခိုက်ခိုက်တုန်အောင် ချမ်းနေလည်းပဲ ကိုယ့်ဝန်ကိုယ်ထမ်း ကိုယ့်လမ်းကိုယ် လျှောက်ကြရဦးမှာပဲ။ လဲသွားရင်လည်း ကိုယ်ထူကိုယ်ထ ကိုယ့်ကိစ္စ။ ကိုယ်တို့ဘက်မှာ အသေခံပြီးတိုက်တဲ့သူပဲ ရှိတယ်။ “လက်နက်ချတယ်၊ အညံ့ခံတယ်၊ အလင်းဝင်တယ်၊” ဆိုတာ ဘယ်တုန်းကမှ မရှိဖူးဘူး။ မီးသွေး နဲ့ စိန်ဟာ ကာဗွန်ချင်းတူပေမယ့် နှစ်ပေါင်းများစွာ ဖိအားအမျိုးမျိုးဒဏ် ခံနိုင်လို့ သိပ်သည်းဆခြင်းတော့ လိုက်မမီအောင် ကွာခြားကွဲပြားပါတယ်။ မင်းတို့က မကြာခင် ပြာဖြစ်ရမယ့် မီးသွေးခဲတွေပါလေ။