ဝီလျံရှိတ်စပီးယား ရဲ့ ရိုမီယို နဲ့ ဂျူးလိယက် ဇာတ်လမ်းမျိုးဟာ မြန်မာမှာလည်း ရှိခဲ့ပါတယ်။ သန်လျင်ဘက်ကိုရောက်လေတိုင်း လွမ်းစေတီလေးကိုမြင်ရင် ဟိုးအရင်က သျှင်မွေ့နွန်းမင်းသမီးလေး သူ့မောင်တော်ကို လာမျှော်တဲ့ နေရာလို့ ပြောကြစမြဲပါ။ အဲဒီကကြည့်ရင် တိဂုံဆံတော်ရှင်ကြီးကိုလည်း အထင်းသား ဖူးနိုင်တာကိုး။ ရန်ကုန်မြို့ဝန်းကျင်က
ငမိုးရိပ်ချောင်းတို့ သန်လျက်စွန်းတို့ဆိုတာကလည်း ဒါဟာ ဒဏ္ဍာရီသက်သက်တော့ မဟုတ်ခဲ့ဘူး လို့ သက်သေထူနေသလိုပါပဲ။
အဲဒီဇာတ်လမ်းလေးကို ဂရိတ်ဦးဖိုးစိန်ကြီး ကတဲ့အခါ ကိုယ်လုံးပေါ်မှန်ကြီးရှေ့မှာ ပုဆိုးတွေ တထည်ပြီးတထည်လဲရင်း ရည်းစားဆီသွားဖို့ အလှတပြင်ပြင်လုပ််နေတဲ့ ဖိုးစိန်ကြီးကို ပရိသတ်က တယ်ပွဲကျဆိုပဲ။ ချစ်သူ သမီးရည်းစားဆိုတာ ဘယ်ခေတ်မှာမဆို ဇာတ်လမ်းအထွဋ်အထိပ်မှာ ရှိခဲ့တာချည့်ပဲလေ။ အဲဒီတော့ မြန်မာမှန်ရင် သျှင်မွေ့နွန်း နဲ့ မင်းနန္ဒာ ဆိုတာ မကြားဖူးတဲ့သူ မရှိသလောက်ပဲပေါ့။ ခု ဟယ်ရီပေါ်တာ တို့ရဲ့ အာဗာတာခေတ်မှာတော့ သားငယ် သမီးငယ်တွေ က
တွိုင်းလိုက်ဆာဂါလောက် မရင်းနှီးတော့မှာစိုးလို့ အစပြန်ဖော်ပေးလိုက်ပါတယ်နော်။
စောင်းမောင်နေဝါ နဲ့ ခင်ဖြူကြည် တို့က ပြန်ဆိုထားပါတယ်။ မြန်မာ့ရုပ်သံမှာ သီချင်းကောင်းလေးတွေကို ဆိုခဲ့ တီးခဲ့ကြတဲ့ ဝါသနာတူ ဇနီးမောင်နှံပါ။ မြန်မာ့စောင်းသံ ဘယ်လောက်သာယာတယ် ဆိုတာကိုလည်း အရသာခံ နားဆင်စေလိုပါတယ်။
မြစ်ကူးချောင်းခြားကလာရှာတဲ့ ချစ်သူမင်းသားလေးက ပြန်ခါနီးမှာ ခွဲလည်းမခွဲချင်သေး၊ အပြန်နောက်ကျရင် အန္တရာယ်တွေ့မှာလည်း စိုးရိမ်နေရှာတဲ့မင်းသမီးလေးကို အားပေးနှုတ်ဆက်ရင်း မနက်ဖြန်ခါ ဆက်ဆက် လာပါမယ် လို့ ပြောသွားရှာတော့ ဘယ်သူမမျှော်ပဲရှိပါ့မလဲ။ သစ္စာထား နှစ်ပါးသွားခန်းကတည်းက နောင် လွမ်းခန်းရောက်ရင် ပရိသတ်ကို နင့်သွားအောင် အိုင်ကလေး ကျင်းကလေးယက်ပြီး ပျိုးထားတဲ့ မြန်မာ့ဇာတ်သဘင်ပညာကို အကဲခတ်နိုင်ပါတယ်။
“ချစ်သူမောင်ရဲ့ ကြိုက်သူမောင်ရဲ့” ဆိုတဲ့ အပိုဒ်ကလေးက စိန်ပါတီဆိုတဲ့ ကထိန်သင်္ကန်း သီချင်းပိုဒ်ကလေးနဲ့ အသံတူတူပါပဲ။ ရှေးကစာဆိုများဟာ တယောက်နဲ့တယောက်လည်း အကြောင်းသိ ရင်းနှီးကြပြီးသားမို့ “အကိုရေ ကျွန်တော် ကြိုက်လို့ဗျာ” ဆို ပြေလည်သွားတာချည့်ပါပဲ။ လက်ရည်တပြင်တည်း ရှေးကတော့ ပိုချစ်ကြတယ် ဆိုတာ အမှန်ပါ။
သျှင်မွေ့နွန်း မင်းနန္ဒာ ဇာတ်လမ်းကလေးရယ်၊ မယ်လမုဘုရား၊ ရွှေတိဂုံသမိုင်း၊ ငမိုးရိပ်ချောင်း အစရှိတာတွေဟာ သက်ကြီးစကား သက်ငယ်ကြားခဲ့ရတဲ့ ရန်ကုန်ပတ်ဝန်းကျင်က ပါးစပ်ရာဇဝင်ကလေးတွေပါ။ အခုတော့ ကိုယ်က လူကြီးနေရာရောက်လာပြီဆိုတော့ နောက်လူတွေ ကြားဖူးတယ်ရှိအောင် ဧဝံမေသုတံ လုပ်ရတော့မှာပေါ့လေ။ နို့မဟုတ်ရင် ဘာပြည်မှာ ဘာမင်းကြီးက ဘာသီးကြီး ဘာမြစ်ထဲမျောလာတာ ဆယ်ပြီး ဘာဆိုလားလုပ်လိုက်တာ ဘာတွေဖြစ်ကုန်မှန်းတောင် မသိတော့ပါဘူး လို့ ဘာပုံပြင်တွေ ပြောနေကြရမှာစိုးလို့ပါ။
ရွှေတိဂုံစေတီတော်မြတ်ကြီးကို ဂေါတမမြတ်စွာဘုရားရှင်ရဲ့ ဆံတော်တွေကို ဌာပနာထားတယ် ဆိုတာရယ်။ အဲဒီဆံတော်တွေကို တဖုဿ နဲ့ ဘလ္လိက ကုန်သည်ညီနောင်က ပထမဦးဆုံး ဥပဿကာအဖြစ်နဲ့ မဇ္စျိမဒေသကနေ ရယူလာခဲ့တယ်ဆိုတာကတော့ ဗုဒ္ဓဝင်ထဲမှာပါလို့ ငြင်းစရာမရှိပါဘူး။ အဲဒီဆံတော်တွေကို စေတီအဖြစ် တည်ထားကိုးကွယ်မယ့် ဥက္ကလာပမင်းကြီးရဲ့ အကြောင်းကတော့ မယုံရင် ပုံပြင်လို့သာ မှတ်လိုက်ပါကွယ်။ ဘဒ္ဒကမ္ဘာမှာ ပွင့်တော်မူပြီးကုန်သော ဘုရားရှင်လေးဆူတို့ရဲ့ အမွေအနှစ်တွေကို ပရိဘောဂစေတီအဖြစ် တည်ထားကိုးကွယ်ရမယ့် ဘုရားတကာ အလောင်းအလျာကြီးဆိုတော့ သူလိုငါလို ဘယ်ဟုတ်ပါ့မလဲ။ သိကြားမင်းကြီးကိုယ်တိုင် ကံထရိုက်ပေးဖို့ လူ့ပြည်ဆင်းရှာတဲ့အခါမှာ သင့်တော်ရာ တစ်ယောက်မှ မတွေ့ဘူးတဲ့။ ဒီလို ပရောဂျက်ကြီးကြီးမားမားဆိုတာ သွေးမတော် သားမစပ်တွေကို ချပေးလို့ စိတ်မချရဘူးမဟုတ်လား။ သိသားနဲ့။ နောက်ဆုံးတော့ ဥစ္စာရင်လို ဥစ္စာရင်ခဲဆိုသလို သူကိုယ်တိုင် ကြိုးစားမှ ဖြစ်မယ့်ကိစ္စဆိုတော့ သူကိုယ်တိုင် လူယောင်ဖန်ဆင်းလို့ လူ့ပြည်ကို သာသနာပြုဖို့လာခဲ့ပါသတဲ့။ ဘယ်ကိုလာသလဲဆိုတော့ မယ်လမုကလေးဆီကိုပေါ့ကွယ်။ မယ်လမုမင်းသမီးကလေးဆိုတာကတော့ သိကြတဲ့အတိုင်း လမုသီးကြီးကမွေးတဲ့ သန္ဓေသူကလေးကို ဘရသေ့ကြီးက အဓိဌာန် လက်ညှိုး နို့ချိုတိုက်ကျွေးပြီး မွေးထားသူကလေးပါတဲ့။ ဒါကတော့ အုန်းကျွန်းလုပ်တာ လွန်သွားသလားမသိပါဘူး။ တကယ်တော့ သန္ဓေသူဆိုတာ နို့တိုက်စရာမှ မလိုတာ။ ဥပပါတ်သန္ဓေနဲ့မွေးရင် ၁၆နှစ်အရွယ် တန်းရောက်တယ်လို့ သူတို့ပဲ ပြောကြတာလေ။ သိကြားမင်းကြီးကတော့ အဲဒီမယ်လမုကလေးကို သိကြားခြောက်ရွာက ကိုမာဃ လို့ ပြောပြီး လူပျိုလှည့်ဖို့ရာပါတဲ့။ (တို့လည်းပဲ သူ့လိုတော့ သာသနာပြုလိုက်ချင်သားကွယ်)
သို့သော်လည်း လူ့ပြည်မှာ ဗီဇာကုန်သွားတဲ့အခါ ထပ်တိုးမပေးလို့ နတ်ပြည်ပြန်သွားတော့ မယ်လမုကလေးခမျာ လွမ်းဖျားလွမ်းနာများကျရှာသတဲ့။ ဒီအခါမှာ ကိုကိုမာဃက မာတလိတို့ ဝိသကြုံတို့ကို မယ်လမုကလေး အလွမ်းပြေစေဖို့ သိကြားရေစင်ကို ဝါးကျည်တောက်နဲ့ အပို့လွှတ်တော့ နတ်သားကလေးတွေက ကျေးယောင်ဆောင်လို့ သယ်ရတာပေါ့။ အပြင်မှာ ခြေပုန်းခုတ်ခဲ့တာကို ဒီလို အိမ်အပါသယ်လာလို့တော့ ဘယ်ရပါ့မလဲကွယ်။ အိမ်မှာတင် သုဇိတာ၊ သုမာလာ၊ သုနန္ဒာ၊ သုမိတ္တာ၊ သိကြားမိဖုရားလေးပါး ရှိနှင့်ပြီးဟာ။ သူတို့က ကျေးသားလေးတွေ နောက်ကနေ သိမ်းစွန်ယောင်ဆောင်ပြီး လိုက်သုတ်တော့ ဝါးကျည်တောက်တစ်ခုက ငမိုးရိပ်ချောင်းထဲကျပြိး ငမိုးရိပ် နတ်မိကျောင်းကို မွေးပါသတဲ့။ နောက်တစ်လုံးက ဟိမဝန္တာမှာကျလို့ ကျားငစဉ်းလဲကြီးမွေးရောတဲ့။ တစ်လုံးကို မေဓါဝီသမင်မက သောက်လို့ ဘေဒါရီ မင်းသမီးကလေး မွေးပြန်ရော။ နောက်ဆုံးတစ်လုံးကျမှ မယ်လမုကလေးဆီရောက်တော့ အလွမ်းတွေ ပြေပြီး သားယောင်္ကျားလေး မွေးပါလေရောတဲ့။ သို့သော်ငြားလည်း အတိတ်ဝဋ်ကြွေးကြောင့်လား ဖေဖေကိုပွေလီကြောင့်လားတော့ မသိပါဘူး။ ကလေးခမျာ မွေးကတည်းက တကိုယ်လုံး ကုဋ္ဌနူနာတွေ ပါလာသတဲ့။ ဆရာပေါင်းစုံနေအောင်ကုတာတောင် မပျောက်တဲ့အဆုံး ဘရသေ့ကြီးက “ညည်းကလေးဟာဖြင့် သိကြားမင်းဆင်းကုရင်တောင် ပျောက်မှာမဟုတ်” လို့ ဆိုသတဲ့။ ဒါမျိုးတော့ ဘယ် အပြောခံပါ့မလဲကွယ်။ သိကြားမင်းကြီးကိုယ်တိုင် ဆေးဆရာယောင်ဖန်ဆင်းလို့ လာကုပါလေရော။ ကလေးတစ်ကိုယ်လုံးကို တက်နင်းလိုက်တဲ့အခါ ခြေထောက်ကြွလိုက်တာနဲ့ အနာတွေဟာ အလွှားလိုက် ကွာကျသွားတယ်ဆိုပဲ။ ငယ်ထိပ်ကလေးနားရောက်တော့ ကလေးအမေက ထိခိုက်မိသွားမှာစိုးလို့ “ ဦးခွံလေးတော့ လှပ်ပ ဆရာရယ်” လို့ ပြောတာနဲ့ ငယ်ထိပ်ကလေးတော့ မနင်းပဲ ချန်ထားလိုက်သတဲ့။ ဒါကြောင့် အဲဒီဘုရင်ကြိး ငယ်ထိပ်မှာ အနာမပျောက်ဘူးတဲ့။ သူ့ကို ဦးခွံလှပ်ပထားလို့ ဦးခွံလှပ်ပမင်းသားလို့ ခေါ်ရင်း ကာလရွှေ့လျောလာတော့ ဥက္ကလာပမင်းကြီးဖြစ်လာတယ်ဆိုပဲ။ သူအုပ်ချုပ်တဲ့တိုင်းပြည်ကို ဥက္ကလာပတိုင်းလို့ခေါ်ပြီး (တိုင်းဒေသကြီး လို့တော့ မခေါ်သေးဘူးနော်) နောက်တော့ ဒဂုံ။ အလောင်းမင်းတရားကြီးလက်ထက်ရောက်ခါမှ ရန်ကုန်ရယ်လို့ ဖြစ်လာသတဲ့။
ဥက္ကလာပမင်းကြီးဟာ ကုန်သည်ညီနောင် မဇ္စျိမအရပ်ကနေ သင်္ဘောကြီးတွေနဲ့ ပင့်ဆောင်လာတဲ့ ဆံတော်မြတ်တွေကို ကြည်ညိုတော်မူလွန်းလို့ စစ်သည် ဗိုလ်ခြေတစ်ထောင်နဲ့ ရေထဲမှာ ရင်ခေါင်းမြုတ်တဲ့အထိ ဆင်းပြီး ဆီးကြိုဖူးမျှော်ပါသတဲ့။ အဲဒီနေရာမှာ ဆံတော်တစ်ဆူကို ဌာပနာပြီး ဆံတော်ဦးစေတီတည်ခဲ့တာ အခု ဗိုလ်တထောင်ဘုရားပေါ့ကွယ်။ အဲဒီနောက်တော့ သိကြားမင်းကြီးက ရှေးဘုရားရှင်တို့ရဲ့ တောင်ဝှေးတော်၊ ရေစစ်တော်၊ ရေသနုပ်တော်တို့ တည်ရှိရာ သိင်္ဂုတ္တရကုန်းမြေမှာ စေတီတည်ရမယ်လို့ အထက်ကလာတဲ့ ညွှန်ကြားချက်ရှိခဲ့တော့ အဲဒီကုန်းမြေကြီးဟာ ဘယ်နေရာမှာပါလိမ့်လို့ လိုက်ရှာကြသတဲ့။ ဘယ်သူ့မှ မေးမရတော့ ဒေသခံနတ်မင်းကြီးတွေထဲက အသက်အရှည်ဆုံး စတုမဟာရာဇ်အနွယ် ရုက္ခစိုးနတ်မင်းကြိီတွေကို ပင့်ဖိတ်ပြီးမေးမြန်းသတဲ့။ နတ်မင်းဘိုးဘိုးကြီးတို့ကို အခု ရန်ကုန်မြို့တော်ခန်းမရှေ့ကိုခေါ်ပြီး အဲဒီအရပ်မှာ စုလေလို့ လက်ညှိုးကြိီထိုးပြီး ညွှန်ကြားလိုက်တဲ့နေရာမှာ စေတီတစ်ဆူ တည်လိုက်တာကတော့ ဆူးလေစေတီရယ်လို့ ဖြစ်လာသတဲ့။ မေးခွန်းလေးကို မှန်ကန်စွာဖြေဆိုသွားနိုင်သူ ဝါသနာရှင် လူငယ်ကလေးကတော့ ကျိုက္ကဆံဘိုးဘိုးကြီးပါတဲ့။ သူက အသက်အကြီးဆုံး ဆိုပဲ။ ဒါကြောင့် သူနေတဲ့ နတ်ကွန်းနေရာမှာ စေတီတစ်ဆူတည်ရင်းက ကျိုက္ကဆံစေတီလို့ ဖြစ်လာပြန်ရော။ မယ်လမုဘုရားကတော့ အဲဒီအချိန်တုန်းက မရှိခဲ့ပါဘူး။ လွတ်လပ်ရေးရပြိးနောက်ပိုင်း ရန်ကုန်မြို့ထဲက ကျူးကျော်ရပ်ကွက်တွေကို တောင်ဥက္ကလာပ မြောက်ဥက္ကလာပ မြို့သစ်တွေတည်ပြီး မြို့ပြင်ကို ထုတ်တဲ့အခါ အခုပြောပြတဲ့ ပုံပြင်ကလေးက ခေတ်စားလာပြီး ဆရာတော်ကြီးတစ်ပါးက ရုပ်ထုတွေ လှလှပပနဲ့ သရုပ်ဖော်ထားတဲ့ စေတီတစ်ဆူတည်ခဲ့တော့မှ ပေါ်လာတာပါ။ သူ့စေတီပရဝဏ်ထဲက ရုပ်ထုကလေးတွေက လှလည်းလှ စိတ်ဝင်စားဖွယ် ပုံပြင်ကလေးနဲ့ဆိုတော့ နယ်ကလာတဲ့ ဘုရားဖူးတွေက မယ်လမုဘုရားကိုမှ လိုက်မပို့ရင် မပြန်ဘူးရယ်လို့ ရန်ကုန်နေ အိမ်ရှင်တွေကို ပူဆာကြတာပေါ့။
ဥက္ကလာပမင်းကြီးဆီမှာ သူ့အဖေ သိကြားမင်းကြီး ပေးထားတဲ့ ကြိမ်စကြာဆိုတာ ရှိသတဲ့။ ကုန်းပေါ်ကို ရိုက်လိုက်ရင် ကုန်းနေသတ္တဝါထဲက အကြီးဆုံး၊ ရေပေါ်ကို ရိုက်လိုက်ရင် ရေနေသတ္တဝါထဲက အကြီးဆုံးက လာပြိီး ခစားလို့ အမှုတော်ထမ်းရသတဲ့။ ကောင်းလိုက်တဲ့ ပေါ်တာကြိမ်လုံးနော်။ သူ့သားကလေးကတော့ ဟိုးအစတုန်းကပြောခဲ့တဲ့ မင်းနန္ဒာမင်းသားလေးပေါ့ကွယ်။ ဇာတ်ရည်လည်လာပြီမှလား။ ရန်ကုန်သားကလေးနဲ့ တညင်သူကလေးတို့ အကြောင်း။
သျှင်မွေ့နွန်းမင်းသမီးကလေးဟာ သူ့မယ်တော် ကံတော်ကုန်ပြီး ဖုတ်ကျည်းသင်္ဂြိုလ်စဉ်မှာ ၀မ်းဗိုက်ကို ထိုးဝါးနဲ့ တွန်းခိုက် ဖွားမြင်လာလို့ “ရှင်တော့လည်း ရှင်လွန်း မွေးတော့လည်း မွေးလွန်းပါပေ့” လို့ဆိုရင်း ရှင်မွေးလွန်း လို့ ခေါ်တာပါတဲ့။ မင်းသွေးအစစ်ဖြစ်လင့်ကစား သုဿန်တစပြင်မှာ ဖွားသူမို့ မင်္ဂလာမရှိ၊ ဘုန်းကံနိမ့်ပါးသူမို့ ခမည်းတော် အရင်းကတောင် နန်းတော်ထဲမခေါ်ပဲ သုဿန်ဝမှာ တပင်တိုင်မြနန်းနဲ့ ထားပါသတဲ့။ ဒါကြောင့်လည်း သူ့ကိုယ်သူ သိကြားသားက တပြားသားမှ မလျှော့တဲ့ ဥက္ကလာပမင်းကြီးက ချွေးမတော်ဖို့ ခါးခါးသီးသီးဖြစ်နေတာပေါ့။ သူ့သားတော် သန်လျှင်ဘက်ကမ်းမကူးရအောင် ရှိသမျှ လှေသင်္ဘောတွေကို မင်းမိန့်နဲ့ ကာဖျူးထုတ်ထားသတဲ့။
လူကြီးသားဆိုတာ သူ့အဖေထုတ်တဲ့ အမိန့်လောက်တော့ ဘယ်မှုလိမ့်မလဲကွယ်။ ကြိမ်စကြာကြီးနဲ့ ရေပေါ်တချက်ရိုက်လိုက်ရင် ငမိုးရိပ် စီးတော်မိကျောင်းကြိးက ဘွားကနဲပေါ်လာရတာပေါ့။ ဘာပြဿနာရှိသလဲနော့။ ပြဿနာတိုင်းရဲ့ အစမှာ မိန်းမတစ်ယောက်ကတော့ ပါစမြဲလို့ ပြောကြတာ ဟုတ်များ ဟုတ်မလားပဲ။ ငမိုးရိပ်မှာ ရန်သူဟောင်း နတ်မိချောင်းမ သံသုမာ ဆိုတာရှိတယ်။ နယ်လုရင်း ကိုက်ထည့်လိုက်တာ လက်တစ်ဘက်ပြတ်သွားရှာလို့ မလက်တို လို့လည်းခေါ်တယ်။ သူကလည်း မတရားလုပ်လို့တော့ ဘယ်ခံမလဲ။ အမျိုးသမီးရေးရာ မရှိသေးပေမယ့် သူ့အကို မောင်ကြီးနတ်ကို တိုင်တာပေါ့။ သို့သော်လည်း မင်းနန္ဒာမင်းသားလေးက ဘုန်းကြီးလွန်းလို့ မောင်ကြီးနတ်လည်း မကြံနိုင်။ “သူ့အရှင်ကို အရင် ဘုန်းကံနိမ့်ပါးအောင် ကြိုးစားချေပါ” လို့ ထမင်းရေပူလာ လျှာလွှဲလိုက်သတဲ့။ မိန်းမတစ်ယောက်ရဲ့ အငြိုးကို ဒီလောက်နဲ့တော့ ဘယ်နှစ်သိမ့်လို့ရမလဲကွယ်။ များစိတ်ကို သိတယ်မဟုတ်လား။ မွေ့နွန်းသခင်မလေးထံမှာ ခစားလို့ မြှောက်ထိုးပင့်ကော် ဇာတ်လမ်းတွေ ဖန်တော့တာပေါ့။ “သခင်မလေးရဲ့မောင်တော်ဟာ ထိပ်ထားသခင်မကို မေတ္တာစစ်နဲ့ ချစ်ရိုးမှန်ရင် အလိုလိုက်ရမှာပေါ့။ သူ့ညာလက်ရုံးပေါ်ကို ခေါင်းအုံးအိပ်ချင်တယ်လို့ ပူဆာကြည့်ပါလား” လို့ ချွန်သတဲ့။ ယောင်္ကျားတို့ဘုန်း လက်ရုံးမို့ ခွင့်မပြုပြန်ရင်လည်း “ဒါဆိုရင်လည်းပြီးရော မချစ်ဘူးလို့မှတ်လိုက်မယ်” ဆိုတဲ့ဒဏ်ကို မခံနိုင်လို့ နောက်ဆုံးတော့ ယောင်္ကျားတို့ထုံး နှလုံးမူပြီး အလိုလိုက်ရတာပေါ့။ ဘုန်းနိမ့်သွားတဲ့ မင်းနန္ဒာလေး အပြန်မှာ သံသုမာတို့ ဆပ်ပလိုင်းချက်နဲ့ တွေ့တော့ ငမိုးရိပ်ကြီးက အရင်လို မခုခံနိုင်ပဲ မင်းနန္ဒာလက်ထဲက သန်လျှက်တော်တောင် ရေမှာခသွားသတဲ့။ အဲဒီနေရာကို ကနေ့အထိ သံလျှက်စွန်းလို့ခေါ်ပါသတဲ့။ နောက်ဆုံးတော့ ငမိုးရိပ်ကြီးက မင်းသားလေးကို အာခံတွင်းထဲငုံလို့ အလွတ်ရုန်းပြေးခဲ့ရပါလေရော။ ဒဂုံဆိပ်ကမ်းလည်းရောက်ရော မောမောနဲ့ အိပ်ပျော်သွားမိတာ မင်းသားလေးကို ပြန်အံထုတ်ဖို့ သတိမရတော့ဘူးတဲ့။ သားပျောက်လို့ ကြိမ်စကြာရိုက်ခေါ်တဲ့ ဘုရင်ကြီးရှေ့ရောက်မှ “တို့က မေ့တတ်တယ်နော်.. အချစ်” ဆိုပြိး အံချလိုက်တာ မင်းသားလေးခမျာ အသက်ငွေ့ငွေ့ကလေးကနေ ပြန်မလည်လာတော့ဘူးတဲ့။ မျှော်သာမျှော် မပေါ်လာတဲ့ ချစ်သူလေးဟာ ဘယ်တော့မှ လာနိုင်မှာ မဟုတ်တော့ဘူးလို့ သိလိုက်တဲ့အချိန်မှာ မင်းသမီးကလေးလည်း ရင်ကွဲနာကျပြီး နတ်ရွာလားပြန်ရောတဲ့။ လူချင်းမပေါင်းလိုက်ရတဲ့ ချစ်သူနှစ်ဦးဟာ မသာတော်တွေ မီးသဂြိုင်္လ်တဲ့အခါမှာတော့ ကောင်းကင်မှာ ဒဂုံဘက်ကလာတဲ့ မီးခိုးလုံးကြီးနဲ့ သန်လျှင်ဘက်ကလာတဲ့ မီးခိုးလုံးကြီး နှစ်ခုအဖြစ် အတူတကွ ပေါင်းမိသွားသတဲ့ကွယ်။ ကိုင်း .. ပုံပြင်ကလေးကတော့ ဒါပါပဲကွယ်။ မောင်ညီမကလေးတို့လည်း ရန်ကုန်ရောက်တဲ့အခါ ပုံပြင်ထဲက နေရာကလေးတွေကို သွားကြည့်ပြီး ဦးဦးပြောတဲ့ မဟုတ်ကဟုတ်ကတွေကို ဆက်ပြီး ဖော်ဝပ်ဒ်လုပ်လိုက်ကြပေါ့ကွယ်။
တကျွန်းဆီနေ တမြေဆီခြား မောင်ဘုရားကိုတဲ့ အားကိုးတဲ့ သူပါကွယ်၊ မျက်နှာချင်း (လမင်းမှာ)၂ ဆုံလို့ရယ်။
မခွဲနိုင် မခွါရက်ပါကလား။ အစဉ်ပ ခင်နှမ မြင်သမျှတော့ ချစ်စမ်းစေချင်တယ်။ တူမောင်မယ် အကြောင်းဆက်သွယ် ပေါင်းဖက်မယ်။ ခန်းသဥ္ဇာ စိန်ခြူးမြနန်း ဆောင်ခန်းရိပ်ဝယ် မင်းနန္ဒာ မောင်ဘုရားကို စောင့်စားနေပါတယ်။
စိတ်မပူပါနဲ့။ တနေ့တခေါက် မောင်ရောက်အောင်လာမယ်။
ချစ်သူမောင်ရဲ့ ကြိုက််သူမောင်ရဲ့ ချစ်သူကြိုက်သူမောင်ရဲ့ မင်းနန္ဒာ ရွှေဂုံသားကို ကြောက်အားပိုလှတယ်။
အသက်နဲ့ ထပ်တူကြင်မယ် တညင်ကျွန်းက ခင်လွန်းသူဇာနွယ်။
(အချစ်ကိုဆောင်သပ မြင့်မိုရ်တောင်မက မောင့်အပေါ်မှာ သဒ္ဒါပွားလို့ ပျိုအားထားလို့ရယ် ချုပ်ချယ်သူမိဘများက ဖျက်ဦးမှာလား နောင်များဝယ်)၂
(အသည်းကျော် တပါးပျို ခမည်းတော်ဘုရားကို ပန်ကြားလျှောက်ထားမယ်)၂
နောင်ခါရေးမှာသာကွယ် တွေးညှာတာဖွယ် မာယာဉာဏ်နဲ့နှော၊ ခင့်သဘော ဖွင့်ပြောမယ်၊ စိတ်ချကာပ မယုံနိုင်တယ်။
ကမ္ဘာ့ ကမ္ဘာတွေ မတွက်ရေနိုင်တော့တယ်၊ အသင်္ချေညွှန်းပါတယ် သျှင်မွေ့နွန်း ငယ်ကျွမ်းသူဇာနွယ်။
ချစ်သူမောင်ရဲ့ ကြိုက််သူမောင်ရဲ့ ချစ်သူကြိုက်သူမောင်ရဲ့ မင်းနန္ဒာ ရွှေဂုံသားကို ကြောက်အားပိုလှတယ်။
အသက်နဲ့ ထပ်တူကြင်မယ် တညင်ကျွန်းက ခင်လွန်းသူဇာနွယ်။
(အသည်းထဲမှာ စွဲမြဲပါလို့ရယ် လာဖို့ကွယ် မှာလျက်သားနဲ့ စကားဖျက်တယ်။ နောင်များဝယ် ကြောက်အားငယ် မောင်ဘုရားရယ်
သဘောအထင်တော်မလွဲနဲ့ ခင်သက်လယ် ကြင်ဖက်ရယ်။ လာချင်ဇောနဲ့ မောလှတယ်။ နဒီခြားတယ် တညင်ကျွန်းဝယ် ခင်လွန်းရယ်)၂
(ဥက္ကလာ ဒဂုံ ပြည်တိုင်း ဌာနာဝယ် ညဉ့်နက်ပါလို့ရယ် မပြန်စေချင်တယ်)၂
(မပြန်လို့တော့ မဖြစ်ဘူး ထင်တယ် အချစ်ဦးခင်ရယ် ခွင့်ပြုပါတော့ကွယ်)၂
(အချိန်မလှတယ် အချိန်မလှတယ် မြစ်ရေပြင်ကျယ် မကူးစေချင်တယ်)၂
မစိုးရိမ်ပါနဲ့ကွယ် ငမိုးရိပ်စီးကာ အပြီးတိုင် ပြန်ခဲ့မယ် နက်ဖြန်ခါ လေသာပြူတင်းက ဆင်းလို့ စောင့်ပါကွယ် မောင်လာမယ်။
ချစ်သူမောင်ရဲ့ ကြိုက််သူမောင်ရဲ့ ချစ်သူကြိုက်သူမောင်ရဲ့ မင်းနန္ဒာ ရွှေဂုံသားကို ကြောက်အားပိုလှတယ်။
အသက်နဲ့ ထပ်တူကြင်မယ် တညင်ကျွန်းက ခင်လွန်းသူဇာနွယ်။
သီချင်းနားထောင်ရန်။