ပဥ္ဇင်းအမ – ထား

မြန်မာ့ယဉ်ကျေးမှုနယ်ပယ်မှာ ဗုဒ္ဓဘာသာအဆုံးအမနဲ့ ကင်းတယ်လို့ မရှိပါဘူး။ အင်္ဂလိပ် မအုပ်ချုပ်ခင်က မြန်မာလူမျိုးတွေရဲ့ ပညာရေးကိုလည်း ဆရာတော် သမားတော်များကသာ ပို့ချ သင်ကြားပေးခဲ့တာပါ။ မင်းတုန်းမင်းကြီးတောင် ဘုန်းကြီးကျောင်းသားဘဝက လာခဲ့သေးတာလေ။ မြန်မာလူမျိုးများဟာ သားယောင်္ကျားလေးမွေးရင် “သာသနာ့အမွေခံ မောင်ရင်လောင်းလေး ရပဟဲ့” လို့ ၀မ်းမြောက်ကြတဲ့သူတွေပါ။ သားရှင်ပြုုဖို့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ မိဘများ စုဆောင်းလေ့ရှိကြပါတယ်။ သားကိုရင်က သာသနာ့ဘောင်မှာ ပျော်လို့ “ပဥ္ဇင်းတက်မယ်” လို့ဆိုရင် မိဘများထီပေါက်သလို “တို့တော့ ပဥ္ဇင်းတကာ ပဥ္ဇင်းအမဖြစ်ရတော့မယ်။” ဆိုပြီး နှစ်ထောင်းအားရ ဖြစ်ကြရတာပေါ့။ ရဟန်းမယ်တော် ဘတော် များဟာ အနိစ္စရောက်တဲ့အခါတောင် ရွှေထီးရံခွင့်ရပေတာကိုး။ ခေတ်တွေပြောင်းလာတဲ့အခါ မောင်ရင်လောင်းလေးလည်း နွေကျောင်းပိတ်တုန်းလေးပဲ ပျော်ကြရပြီး၊ မောင်ပဥ္ဇင်းတို့လည်း ဒုလ္လဘပဲ ၀တ်နိုင်ကြပါတော့တယ်။

ဒီသီချင်းထဲမှာတော့ မကြည်အောင်က သူ့ချစ်သူ ပဥ္ဇင်းတက်ချင်တယ်ဆိုတော့ သူကိုယ်တိုင် ပဥ္ဇင်းအမဖြစ်ရလေပြီ ဆိုပြီး အလှူ့အမကြီးနေရာက အရာရာ စီမံနေတဲ့သဘောပါ။ သဒ္ဓါတရားကလည်း ထက်ထက်သန်သန်၊ လှူဖို့တန်းဖို့ဆိုလည်းတစက်မှလက်မတွန့်ပဲ အလှူရေစက် လက်နဲ့မကွာအောင်ပြုချင်လို့ ယောင်္ကျားလုပ်စာကို မလစ်ဟင်းရအောင် ထိန်းသိမ်းနေပါသတဲ့။ ကိုယ်တိုင်ကလည်းရဟန်းသံဃာဆို ကြည်ညိုရင်းစွဲမို့ ကြုံတောင့်ကြုံခဲ ဒီလိုအလှူမျိုးကို နိဗ္ဗ္ဗာန်ကိုရည်စူး လှူဒါန်းနိုင်ပေမယ့် သူ့ချစ်သူ သာသနာ့ဘောင်မှာ ပျော်ပိုက်ပြီး လူပြန်ထွက်မလာမှာတော့ ကြောက်သေးသတဲ့။ ဒီတော့ မောင်လည်း ရခဲတဲ့ ရဟန်းဘဝမှာ ပျော်အောင်နေပါ၊။ ခင်လည်း မခွဲနိုင်ပေမယ်လို့ ခနတော့သည်းခံပါ့မယ်။ ဒါပေမယ့် ရက်အကြာကြီးတော့ မဝတ်နဲ့နော်။” လို့ ပြန်မလာပဲ မနေအောင် သံယောဇဉ်ကြိုးလေးနဲ့ မတုတ်သာတုတ်သာ ချည်နှောင်လိုက်တဲ့ သီချင်းလေးပါ။

သီချင်းအထွက်မှာကတည်းက ဗြောသံတေး ပလုတ်တုတ်ဗြုန်းနဲ့ စလိုက်ပြီး နောက်တစ်ပုဒ်မှာ ဘိုသန်သွက်သွက်ကလေး တလှည့်နဲ့ဆိုတော့ အသံကလေးတွေက ဆန်းလည်းဆန်း ယဉ်လည်းယဉ်လိုက်တာ၊ နားထောင်ရတာ အင်မတန်ကို နားဝင်ပီယံရှိပါတယ်။ ဒေါ်ကြည်အောင်ရဲ့ မူရင်းအဆိုက ပညာပါသလို အခု အံတီထား ပြန်ဆိုလိုက်တော့လည်း သူ့အသံလေးနဲ့ ချစ်စရာကောင်းနေပါတယ်။ မြန်မာ့ရုပ်မြင်မှာ အန်တီခင်စိုးဝင်း ဆိုထားတာလည်း ရှိပါတယ်။ တဖြေးဖြေးနဲ့ ဗုဒ္ဓဘာသာယဉ်ကျေးမှုတွေ မှေးမှိန်စပြုလာတဲ့ မြို့ပြလူနေမှုသဘာဝမှာ “ရှေးတုန်းကတော့ ဒီလိုရှိကြလေရဲ့” လို့ ပုံပြောသလို ပြောပြချင်တဲ့ စိတ်နဲ့ ဒီသီချင်းလေးကို မျှဝေပါတယ်။

သာသနာ့အမွေခံ ရည်သန်ပါတဲ့ ပျို့စိတ်ထား။ မြတ်စွာဘုရား၏ သားတပည့်သံဃာတော်။ ပရိက္ခရာအစုံ သပိတ်သင်္ကန်းရယ်နဲ့ လှူဒါန်းခဲ့ပါပြီနော်။ ဗြောသံကြားရင် တရားနာ ကြွလှည့်ပါ မောင်တော်။

ပြည်နိဗ္ဗာန်နန်း ရည်မှန်းကာမျှော်။ သာသနာတော်အတွင်း၊ သာသနာတော်အတွင်း၊ ဘုရာ့သာသနာတော်အတွင်း သွတ်သွင်းတဲ့ အလှူတော်။ ဒါနကိုအထူးမျှော်၊ ပကာသနမလိုဘူးနော်။

ပဥ္ဇင်းအမနဲ့ တူပျော်ပျော် အထူးသဒ္ဓါပေါက်သော် အလှူ့ဒကာ မောင့်ကိုမျှော်။

(စေတနာကောင်းနဲ့နော် မနောက ကြည်ဖြူလှူပါသနော်။ ပျိုစိတ်ထားမြတ်တဲ့ ပရမတ္ထထေရှင် သံဃာတော်) ၂ (ခေမာပြည် ရည်ဆောင်သော် ကြည်အောင် ကုသိုလ်တော်)၂ အမျှဝေပါတယ်နော်။ ပေါင်းသဟာတစု သာဓု သာဓု သာဓုခေါ်စေသော်။

(သဒ္ဓါတရား ပွားများခဲ့သနော် အလှူအတန်းပေးကမ်းဖို့မျှော် မောင်ရတဲ့ငွေတွေ မလစ်ဟင်းပါစေနဲ့တော်)၂ (အလှူရေစက် လက်နဲ့ မကွာစေရန် ကုသိုလ်ပြုပါသော်)၂ သာသနာ့အမွေခံ ဧကန်မှန်သော် ပျို့မောင်တော်။ ( ကြည်အောင် မောင့်ကို ပြောမယ်နော်၊ ရဟန်းဘဝဟာ ရနိုင်ခဲသတဲ့ ပျို့မောင်တော်)၂၊ မောင်လည်းပဲ သာသနာ့ဝန်ထမ်း သင်္ကန်းဝတ်မယ်ဆိုသော်၊ ရှင်လည်းပဲ သာသနာ့ဝန်ထမ်း သင်္ကန်းဝတ်မယ်ဆိုသော် (ချစ်ပေမယ်လို့ မခွဲနိုင်ပေမယ့်လို့ တရားနဲ့သာပျော်)၂ မဖျက်ဆီးတယ် မဂ်ခရီးတွက် ရက်အနည်းငယ် ခွင့်ပြုနိုင်မယ်တော်၊

(စေတနာကောင်းနဲ့နော် မနောက ကြည်ဖြူလှူပါသနော်။ ပျိုစိတ်ထားမြတ်တဲ့ ပရမတ္ထထေရှင် သံဃာတော်) ၂ (ခေမာပြည် ရည်ဆောင်သော် ကြည်အောင် ကုသိုလ်တော်)၂ အမျှဝေပါတယ်နော်။ ပေါင်းသဟာတစု သာဓု သာဓု သာဓုခေါ်စေသော်။

သီချင်းနားထောင်ရန် ။ ။

http://soundcloud.com/soe-min/zshare-08-bazinnahma-mp3