ဒီသီချင်းကလေးက “တကျော့နှစ်ကျော့ တေးကိုသီ” ရုပ်ရှင်ကားထဲမှာ ကိုဝင်းဦီး ပြန်လည် ဖော်ထုတ်ခဲ့တဲ့ တေးတစ်ပုဒ်ပါ။ မူရင်းကတော့ လေပါတီမမြရင်ဆိုပြီး ဆရာ မြို့မငြိမ်း ရေးတာပါ။ ရုပ်ရှင်ထဲမှာတော့ တင်တင်မြ၊ ချိုပြုံးနဲ့ ၀င်းဦးတို့က ပြန်ဆိုထားပါတယ်။ ကိုဝင်းဦးဟာ သီချင်းဟောင်း၊ သီချင်းကောင်းတွေကို ပြန်လည်ဖော်ထုတ်တဲ့နေရာမှာလည်း အင်မတန် တော်ပြီး နေရာတကျ စီမံ သုံးတတ်ပုံကိုလည်း အံ့ချီးမိပါတယ်။ ဦးသော်တာနဲ့ မအေးကြည်တို့ရဲ့ အရွှန်းဖောက်တဲ့အိုက်တင် ကိုလည်း ပြန်မြင်မိပါရဲ့။ ဘယ်အခါပြန်ကြည့်ကြည့် မရိုးတဲ့ မြန်မာတေးသံစုံ ဂန္ဓဝင်ရုပ်ရှင်ကားတစ်ကား ဖြစ်ပါတယ်။
အဲဒီဇာတ်ကားဟာ မြန်မာ့အသံက နံမည်ကျော် အဆိုတော်နှစ်ယောက်ကို မင်းသမီးဖြစ်အောင် တင်ပေးခဲ့ပြီး အံတီချိုပြုံးကြီးဆို ကနေ့ထိ ပိတ်ကားပေါ်မှာရော စင်ပေါ်မှာပါ တွေ့နေရဆဲပေါ့။ မြန်မာအဆိုတော်တွေထဲမှာ ဒေါ်တင်တင်မြလို အသံမျိုးကတော့ ရိုးစွဲမရှိပါဘူး။ သီချင်းမဆိုပဲ စကားအဖြစ်ပြောနေရင်တောင် သူ့အသံက သာယာပါပေတယ်။ အသံမှာကိုက လက်မှတ် ထိုးထားပြီးသား။ အံတီချိုပြုံးကြီးကျတော့ အဲဒီကားရိုက်တော့ ကလေးသုံးယောက်အမေ ဖြစ်နေပြီဆိုတာ ပြောလို့သာယုံရတော့တယ်။ သရုပ်ဆောင်တာကလည်း တစ်ကားလုံးကို သူက ဆွဲလှုပ်သွားတာပေါ့။ သီချင်းတွေအများကြီးပါတဲ့ကားထဲက ဒီတစ်ပုဒ်ကို ရွေးလိုက်တာကတော့ အသံဆန်းရုံတင်မဟုတ် စာသားပါပြုံးချင်စရာလေးနဲ့ ဆရာငြိမ်းရဲ့ လက်ရာမို့လေ။
သီချင်းအစမှာတော့ လှိုင်ထိပ်ခေါင်တင်မင်းသမီးရဲ့ စိန်ခြူးကြာညောင် ဘောလယ်အထွက်ကို သံဆန်းလေးနဲ့ချီထားပါတယ်။ ပြီးမှ လှိုင်ထိပ်ခေါင်တင််သခင်မကြီးများ ခုနေရှိလို့ကတော့ အဲဒီဘောလယ်မျိုး ရေးတတ်အောင် ဘုရာ့ကျွန်မကိုလည်း သင်ပေးပါဦး လို့ ပူဆာချင်ပါသတဲ့။ သူ့မောင်တော်ကလည်း ခုထက်ထိ ပြန်မလာသေးလို့ပါတဲ့။ ပြန်လာရင်လည်း ဘယ်မှာ ဘာကိစ္စရှိလို့ပါ နဲ့ ဆင်ခြေဆင်လက်တွေကို ကျိန်တွယ်ပြီးပြောဦးမှာပါ တဲ့။ ဘယ်လောက်ပဲ ကျိန်ကျိန် နောက်ကွယ်မှာ ဖောက်ပြားနေလို့ကတော့ တနေ့ ဗူးပေါ်သလို ပေါ်လာမှာပဲတဲ့။
အဲသလို ခနခန ကျိန်တွယ်ပြောတာတွေများ သူက ကောင်းမှတ်နေသလား မသိပါဘူး။ မတော် အဟုတ်စူးရင် ဘယ့်နှယ်လုပ်ပါ့မလဲတဲ့။ မိုးကြိုးပစ်ရစေ့ဆိုနေပုံထောက်ရင် ဘယ်သူငယ်မရဲ့ မိုးကြိုးခြေကျင်းနဲ့ငြိနေ မဆိုနိုင်ပေါင် တဲ့။ ခုဆို မျှော် မျှော်နေရတာ လည်ပင်းတောင် ကိုးတောင်ကျော်ရှည်နေပါပေါ့ တဲ့။ ပြောတတ်ရန်ကော။
ဒီလိုနဲ့ အာရုဏ်ကျင်းလို့ လင်းကြက်တွန်မှပဲ မောင်မင်းကြီးသားက ကြွလာတော်မူတော့ “အလို ကိုရင်ရယ် အခုတွန်တဲ့ ကြက်ကလေးက ဘာကြက်များပါလိမ့်” လို့ ငေါ့တော့တော့လေး မေးမိပြန်တဲ့အခါ ကိုယ်တော်ချောက “အင်း စစ်တစ်ကောင်း ကြက်ကြီးဖြစ်မှာပေါ့ကွာ။ မသကာ အချိန်ရှိလှ နှစ်ပိဿာခွဲပေါ့” လို့ဖြေပါသတဲ့။ သီချင်းထဲက မောင်နှံတင်မကဘူး ရေးပေးတဲ့ဆရာ နဲ့ ဆိုတဲ့ အဆိုတော်ပါ ထေ့တတ်ငေါ့တတ် ကြပါပေတယ်ဗျာ။
လင်ယောက်ကျားပြန်မလာလို့ မျှော်ရတယ်ဆိုတာ လှိုင်ထိပ်ခေါင်တင်တို့ခေတ်ကစခဲ့တာ ခုထက်ထိလည်း မရိုးနိုင်သေးပဲကိုး။ လူပျိုလူလွတ်များကျတော့လည်း မိဘက အထူးသဖြင့် အမေတို့ အဖွားတို့က မျှော်ကြရတာပါပဲ။ သူတို့မျှော်ပုံက အိမ်ရှင်မများမျှော်တဲ့ပုံနဲ့ မတူပါဘူး။ ဘယ်နေရာမှာ ဘာများဖြစ်နေမှာပါလိမ့်လို့ စိတ်ပူတာပဲ ရှိပါလိမ့်မယ်။ ဇနီးမယားများ မျှော်တဲ့အခါကျတော့ သူတို့မှာ အဲဒီစိတ်ပူတာထက် ဆိုးတဲ့အပူတစ်ခု ပိုပါတယ်။ ဘယ်ကောင်မနဲ့များ အကြည်ဆိုက်နေပါလိမ့်ဆိုတဲ့ အပူက သူတို့ကို ငယ်ထိပ်မြွေပေါက်သလို ခံရခက်စေသလားပဲ။ အိမ်ပြန်နောက်ကျတဲ့ ယောင်္ကျားတစ်ယောက်ဟာ ကိုယ့်စိတ်ထဲမှာတွေးနေသလို လော်လီဖောက်ပြားနေဖို့ ဘယ်လောက်ပဲ ဖြစ်နိုင်ခြေနည်းပါးနေသည်ဖြစ်စေ အဲဒီဖြစ်တတ်တန်ရာ အလားအလာကို သူတို့က တထစ်ချ ယူဆပါတယ်။ ကိုယ့်ယောင်္ကျား ကိုယ်နဲ့အတူရှိမနေရင် တခြားမိန်းမတစ်ယောက်ဆီ ရောက်နေမှာပေါ့ဆိုတဲ့အယူကို ဘယ်သူကများ သူတို့ခေါင်းထဲ ထည့်ပေးလိုက်တယ် မသိပါဘူး။ ဒီလိုပြောပြန်တော့ “တော်တို့ယောင်္ကျားတွေကရော ဘယ်လောက်များ ယုံချင်စရာကောင်းလို့တုန်း” လို့ ဆိုကြမှာပ။
အဲသလို မယုံရတဲ့ ယောင်္ကျားမျိုးတွေဟာ မိန်းမကို ပိုပြီး ညာတတ်ပလီတတ် ချွဲတတ်ပြိးသားပါ။ ငါ့မိန်းမနဲ့ တစ်ညတောင် ခွဲမအိပ်နိုင်ပါဘူးဆိုတဲ့သူတွေ၊ မိန်းမကို ပြားပြားဝပ်ကြောက်ပြပြီး ချစ်ရေ သက်ရေ လုပ်နေတဲ့သူတွေကိုသာ ပိုသတိထားကြပေါ့ဗျာ။ “ငါ့ယောင်္ကျားဟာ ငါ့ထိမ်းချုပ်မှုအောက်မှာ မီးကိုသေလို့” လို့ အထင်ရောက်နေရင်ဖြင့် သေချာသလောက်ပါပဲ။
တကယ်တော့ ယောင်္ကျားမို့ ဖောက်ပြန်တတ်ကြတယ်။ မိန်းမမို့ လော်လီတတ်ကြတယ် လို့ မရှိပါဘူး။ ယောင်္ကျားဖြစ်ဖြစ် မိန်းမဖြစ်ဖြစ် ဖောက်ပြန်တတ်တဲ့သူဟာ ဖောက်ပြန်တာပဲ။ အကောင်းဆုံးကတော့ မယူခင်ကတည်းက ကိုယ်ယူမယ့်သူဟာ ဘယ်လိုစရိုက်မျိုးရှိသလဲ သေချာလေ့လာပေါ့။ ကိုယ်မြင်ဖူးတွေ့ဖူးသလောက်တော့ မိန်းမလေးငါးယောက်ယူတဲ့ ယောင်္ကျားများဟာ မခုတ်တတ်တဲ့ကြောင်ကလေးများလို လူပုံအေးအေးလေးနဲ့ မိန်းမတွေကို သိပ်အလိုက်သိတတ်ပြီး တချို့ဆို သူတို့လောက် ဘုရားတရား စကားပြောတာ မရှိဘူးဗျ။
“ကိုယ့်အကြောင်းကိုတော့ ပေါင်းကြည့်ရင် သိပါလိမ့်မယ်။ သူများတွေ ပြောစကား မယုံပါနဲ့။ ကိုယ့်ကိုယုံမှ လက်တွဲပါ” လို့ပြောတာကိုယုံပြိး အကြောင်းသိတွေက “သူ့မှာ မိန်းမသုံးယောက်ရှိတယ်နော်” လို့ သတိပေးတာကို မယုံတဲ့သူကို ဘယ်သူကမှ အမုန်းခံပြီး လိုက်တားဆီးမနေပါဘူး။ အဲဒီလူတွေရဲ့ အားနည်းချက်ကတော့ အခွင့်အရေးလေးများ နည်းနည်းပေးလိုက်ရင် ဘာမှမကျန်အောင် ယူဖို့ စိုင်းပြင်းတတ်တာပါ။ သူတို့မှာ စောင့်ထိန်းခြင်းတရားဆိုတာ မရှိပါဘူး။ အရင်တုန်းကပေးခဲ့တဲ့ ကတိတွေဆိုတာလည်း မရှိပါဘူး။ သူတို့လိုချင်တာ မရသေးခင် ယာယီလိုက်လျောခြင်းတွေသာရှိပြီး မင်းသားခေါင်းကွာတာနဲ့ ဇာတိရုပ် မဖုံးနိုင်ကြပါဘူး။
ကံအကြောင်းမလှလို့ အဲဒီလူမျိုးနဲ့ဆုံမိရင် အမြန်ဆုံး ရပ်တန်းက မရပ်နိုင်လို့ကတော့ နစ်သထက်နစ်ဖို့ပဲ ရှိပါတယ်။ အရေးကြီးတာက ကိုယ်ယူထားတဲ့ယောင်္ကျားဟာ ဘယ်လိုလူစားလဲဆိုတာ ကိုယ်တိုင်သိဖို့ပါ။ အစကတော့ ရိုးသားပဲ နောက်တော့မှ ဆန်းသွားတာဆိုရင်လည်း ခနခန မဆန်းအောင် ဘယ်လိုထိမ်းချုပ်ရမလဲဆိုတာ ခေါင်းအေးအေးနဲ့ စဉ်းစားမှ အဖြေပေါ်ပါလိမ့်မယ်။
မိန်းမနဲ့ယောက်ကျားဟာ စိတ်ပိုင်းဆိုင်ရာ အတွေးအခေါ်ချင်းမတူပါဘူး။ ယဉ်ကျေးမှုအရရော ပတ်ဝန်းကျင်အရရောကြောင့်ပါ။ လင်များတဲ့မိန်းမကို မိန်းမချင်း အထင်ကြီးနိုင်ခဲပေမယ့် မယားတွေ အများကြီးနဲ့လူဆို ယောင်္ကျားတွေက တယ်စွံသကိုးလို့ ယေဘုယျအားဖြင့် တွေးတတ်ကြလေရဲ့။ အိမ်ထောင်သည် ယောက်ကျားတစ်ယောက် ခြေပုန်းခုတ်လာရင် ယောက်ကျားအချင်းချင်းတော့ဖြင့် “သည်လူစွံတုန်းပဲကွ” လို့ မြှောက်ထိုးပင့်ကော်လုပ်ဖို့ ၀န်မလေးပါဘူး။
နောက်တစ်ခုက “ဘယ်သူက သည်လို အဖြစ်မျိုး ဖြစ်ချင်ပါ့မလဲ။ မလွှဲသာလွန်းလို့သာပေါ့” လို့ ဆင်ခြေအတူတူပေးကြပေမယ့် မယားငယ်ဆိုတာ ကြာကူလီထက်စာရင် အများကြီး ဂုဏ်ရှိပါသေးတယ်။ အဲဒီမတူညီမှုတွေကြောင့် ယောက်ကျားတို့သဘောဟာ မိန်းမတွေထက်စာရင် ခြံခုန်ဖို့အလားအလာ ပိုများပါတယ်။ သည်အထဲမှာ အိမ်ကလူကြီး မပါဖို့ကတော့ ကိုယ့်အထိမ်းအသိမ်း အလိမ္မာက အခရာပါ။ သို့သော်လည်းပဲ ဘဝဟောင်းက အကြောင်းရေစက်တွေက ဆုံစရာများလာခဲ့ပြန်ရင် အဲဒီအလိမ္မာတွေတောင် မကယ်နိုင်ပြန်ပါဘူး။ ခက်ရချည်ရဲ့နော်။
နောက်ဆုံးတော့လည်း အဲဒီချစ်ဆိပ်ရည်တွေအတွက် အကောင်းဆုံးသော ဖြေဆေးကတော့ အချစ်ပဲဖြစ်ပါတယ်။ အချစ်ကြီးလို့ အမျက်ကြီးရတယ်ဆိုတဲ့ဘက်ကိုမသွားပဲ “ချစ်ပြန်တော့လည်း ခါးတမာကို ပျားသကာလို ချိုရပါသတဲ့” ဆိုတဲ့ဘက်ကိုပါအောင် ခွင့်လွှတ်စိတ်ကလေးထားလိုက်ရင် မေတ္တာဆိုတာ တုန့်ပြန်လာနိုင်လိမ့်မယ်။ အတုအယောင်တွေကို မြင်တတ်လာတဲ့တနေ့ကျရင် လက်ဟောင်းအစစ်ကြိးဆီ ဆိုက်ဆိုက်မြိုက်မြိုက်ကြီး ပြန်လာလိမ့်မယ်လို့ မျှော်လင့်ရတာပေါ့လေ။ သူ့ဘာသာ မေ့လျော့ပျော်ပါးနေဆဲ ဆိုရင်တောင် အခိုက်အတန့် ကိုယ့်မှာခံစားနေရတဲ့ ဒေါသတွေ သောကတွေ ဗျာပါဒတွေ ငြိမ်းသွားမယ်ထင်တာပဲ။ မီးဆိုတာ ရေနဲ့ငြှိမ်းမှ ငြိမ်းရိုးထုံးစံကိုး။ ယောင်္ကျားတွေဘက်က တယ်လည်း ရှေ့နေလိုက်သကိုးလို့ မမှတ်ပါနဲ့။ လင်ကွာမယားကွာတွေ ယဉ်ပါးလွန်းလာတဲ့ခေတ်မှာ ရိုးမြေကျ အိုအောင်မင်းအောင် ပေါင်းရဖို့ဆိုတာ အချစ်စစ်တာ မစစ်တာထက်၊ တယောက်အပေါ်တယောက် နားလည်မှု သည်းခံမှု ခွင့်လွှတ်မှုက ပိုအဓိကကျတယ်လို့ တွေးမိလာလို့ပါ။ “မန်ဒါလီ” ထဲကလို ရန်တွေ့ပြီး “၂ပိဿာခွဲ” ထဲကလို အငေါ်တူးတတ်မှဖြင့် ဘယ်လို ယောင်္က်ကျားမျိုးမှ ပစ်နိုင်စရာမရှိပါဘူးဗျာ။ ဆရာငြိမ်းနဲ့ မမြရင်တို့ တတ်လည်းတတ်နိုင်ကြပါပေတယ်။
စိန်ခြူးကြာညောင် ကြာညောင် လရောင်ငယ်လင်းပါလို့ မှန်ရွှေပြူတင်းဆီက မယ်ခုမျှော်၊ သုံးချက်စည်တော် သြော် သုံးချက်စည်တော် ရိုက်ဆော်ကာညှင်းတယ်လေး၊ လင်းပြန်လုသော်။
ရှေးကလှိုင်ထိပ်ခေါင်တင် သခင်မအမော်၊ သူ့မောင်တော် ပေါ်လာခဲ စက်လည်းမပျော်။ လာနိးနိုးမယ်မျှော် ထူးတဲ့တကိုယ်တော် သုံးချက်စည်ဆော်။ သံချိုချို ရွှေပဟိုရ်ညှင်းသော်် တောင်တောင်ပံ နှက်သံပြင်းတယ်လေး လင်းကြက်တွန်သံဆော်။
(ခုနေများ ရှိများရှိရင် လှိုင်ထိပ်ခေါင်တင် သခင်မကြီးထံတော် အရောက်သွားလို့ ဘုရားကျွန်မရဲ့ အဖြစ်တွေကို သိကြတဲ့လူတွေနဲ့ သူလည်းသိလေအောင်)၂ စိန်ခြူးရယ်တဲ့ ကြာညောင် ကြာညောင် ဘောလယ်ကဲ့သို့ တစ်ပုဒ်လောက်ရေးဖို့ အကြံလေးများပေးသနားပါလို့ တင်ရသော် တော်မလားနော်။ လာနိုးငယ်မျှော်၊ မှန်ပြူတင်းက လည်ပင်း ကိုးတောင်ကျော်။
(ရှင်ကျိန်တာတွေ အဟုတ်စူးမနော်။ တမင်လိမ်တာတွေ မမြုတ်ဘူး ဗူးပေါ်သလိုပေါ် ဟိုနောက်များနော် သွေဖောက်ပြားသော် မျက်နှာများခဲ့သော်)၂ ကျိန်တာများလည်း ကောင်းတယ်မထင်နဲ့ မိုးကြိုးကျိန်ရင် မိုးကြိုးခြေကျင်းငြိမှာ စိုးရသတော်။ ရွှေလရောင်ထိုး လာနိုးမျှော်၊ မှန်ပြူတင်းက လည်ပင်း ကိုးတောင်ကျော်။
(အာရုဏ်ကျင်းလုပါပေါ့၊ လင်းကြက်ကယ် ရွှေတောင်ပံ နှက်သံပြင်း ယွင်းတဲ့အချိန်မနော်)၂ တွန်သံပေး ဝေးးနီးခေါ် တကျော်ကျော်။ အခန့်သင့်သူပြန်လာသော် “ဒါက ဘာကြက်တုန်း” လို့ ခပ်ငေါ့ငေါ့နဲ့ မေးလိုက်ရင်နော််။ “စစ်တကောင်းကြက်ကြီးပါကွာ။ အချိန်နည်းရင် နှစ်ပိဿာခွဲလောက်တော့ ရှိမပေါ့” ဖြေပုံပေါ်။
http://www.youtube.com/watch?v=BnQgOdyO6ZE
သီချင်းနားထောင်ရန် ။ ။