ချန်ဂင်တို့စခန်း (၂၇၄)

ကိုယ်တို့တတွေ သံလမ်းရိုးဘက် တက်တုန်းက သုမေဓာရှင်ရသေ့ ဇာတ်ပဲ ကခဲ့ရတာ။ အခု ကိုယ်တို့ဆရာတော် တံတားဦးက ကြွလာမှပဲ ရှင်မောဂ္ဂလန် ခိုးသား ၅၀၀ နဲ့ တိုးသလို ဘဝနတ်ထံ ပျံလွန်တော်မူရရှာတယ်။ ရင်နာပေမယ့်လည်း အဆန်းတကြယ်တော့ မဟုတ်ရှာပါဘူး။ မအလ လက်ထက်မှာ လူတကာကြုံနေကျ ရန်သူမျိုးငါးပါး အန္တရာယ်တွေပါ။ ပြီးရင် သူတို့ မဟုတ်ပါဘူး ဗြောင်လိမ်ဗြောင်ငြင်း လုပ်တာကလည်း အမြဲတမ်း လုပ်နေကျမို့ အဆန်းတကြယ် အံ့ဖွယ်သုတ မဟုတ်တော့ဘူး။ စကတည်းက မဲခိုးလို့တောင် မနိုင်တာနဲ့ သူခိုးက လူဟစ်ပြီး ဗြောင်လိမ်ဗြောင်စား အာဏာသိမ်းတဲ့ကောင်တွေ မဟုတ်လား။ အလိမ်အညာဆိုတာ တစ်ခါ အစလုပ်မိပြီးရင် မဆုံးနိုင်အောင် လိမ်ပြီးရင်း လိမ်ရင်းနဲ့ အလိမ် ပေါ်လာရတာပဲ။ ဘုန်းကြီးရဟန်း သတ်ပြီးမှ မုသာဝါဒလေး အဆစ်လိုက် ရတာ ဘာထူးငရဲကြီးစရာ ရှိမလဲ။ ငရဲဆိုတာ တကယ်ရှိချင်မှလည်း ရှိမှာပေါ့။ တပ်ချုပ်ကြီးတောင် ခုထက်ထိ ငရဲမကြီးသေးတာ အောက်လက်ငယ်သားတွေအလှည့် တော်တော်နဲ့ မရောက်လောက်သေးပါဘူး။ ဦးနေဝင်းတို့ ဦးသန်းရွှေတို့ ငရဲကြီးတယ်၊ ဝဋ်လည်တယ် လို့လည်း မမြင်မိပါဘူး။ ဘုန်းတော်ကြီးလို့ သက်တော်ရှည်လိုက်သမှ။ သားတွေမြေးတွေ သုံးမကုန်ဖြုန်းမကုန်။ တန်တယ်လေ။ ငရဲက နောက်ဘဝမှ နောက်ကိုယ်နဲ့ ခံရမှာ။

သာသနာပိုင်ဆရာတော်တွေအနေနဲ့က အတိတ်က ဝဋ်ပါလာလို့ပဲ လို့ victim blaming လုပ်ပြီး ရေငုံနှုတ်ပိတ်နေကြသော်လည်း စာသင်သား သံဃာထုရဲ့ ကန့်ကွက်ရှုံ့ချမှုတွေ မြင်လာရတဲ့အခါ ကမ္ဘာ့မျက်နှာအပြောင်ဆုံး လူလိမ်ကြီး ဇော်မဲလုံးတောင် MRTV မှာ သူထွေးထုတ်ထားပြီးသား ထွေးခံကြီးကို မော့သောက်ရပါတယ်။ သို့သော် သူလိမ်တယ် လို့တော့ ဝန်မခံဘူး။ ဒရိုင်ဘာက လိမ်ပြောလို့ သူပါ အလိမ်ခံလိုက်ရသလိုလိုပြောတယ်။ စုံခုံဖွဲ့ အရေးယူမယ် လို့ပြောတာ အပစ်ခံရတဲ့ ဘုန်းကြီးတွေကို ပြောတာလား မသိ။ စစ်တပ်က ပစ်တာ လို့ ပြောတဲ့ ကံသုံးဆင့်ဆရာတော် ကျောင်းကို စစ်တပ်နဲ့ ဝိုင်းထားတယ်။ ဝင်းနမ္မိတာရုံကျောင်းလည်း အတူတူပဲ။ ဆြာစိုးလေး ဧယျာဉ်လာကျူးမယ် ဆိုလို့ လုံခြုံရေးတွေ ယူပေးထားသလား မပြောတတ်ပါဘူး။ ဓမ္မပူဇာသဘင်ကြီးကလည်း လုပ်ဦးမှာဆိုတော့ ဘာတရားတွေ ဟောမလဲ စိတ်ဝင်စားဖို့ အကောင်းသားနော်။ ဂူဂူ နဲ့ ကိန်ကိန်ကတော့ အဖိတ်မခံရတာလား၊ ငြင်းထားတာလား မသိ။ တရားဟောမယ့်ထဲ မပါဘူး။ မာစီးဒီးကားတွေကို မှန်မတင်ပဲ အဲကွန်းဖွင့်စီးလို့ရအောင် ဝပ်ရှော့ဆရာနဲ့ တိုင်ပင်နေပုံရတယ်။ “လိုက်ကာလေးနဲ့ကော ရမလား ဟင်။” လို့ ကိုယ်တော်တို့ တကာကြီးတွေကို ဈေးဆစ်ကြည့်ပါဦး။

တပည့်တော်တို့ဆီမှာတော့ ဆိပ်ငြိမ်အေးချမ်းချက်နှယ်။ ရွာထဲမယ် အိမ်စောင့်တောင် မကျန်ချင်ဘူး။ အကုန် ပြေးကုန်ကြပြီ။ ဆရာတို့ နေချင်သပဆို ကြိုက်တဲ့အိမ်သာ တက်နေချေပါတော့ လို့ ကြည်ကြည်ဖြူဖြူ ခွင့်ပြုထားခဲ့တယ်။ အိမ်ရှင်တွေကတော့ လစ်ပြီ။ အိမ်ကခွေးတောင် မချန်ခဲ့ဘူး။ မနက်ခင်း ဈေးဝယ်စရာလည်း အသည်မလာတော့ဘူး။ ကြက်ဥ နဲ့ အခြောက်အခြမ်းနဲ့ အောတားနိတ်လေး သွားနေတယ်။ ဆေးရုံကအဖွဲ့လည်း “သားသား ကမယ်။ သားသား ကမယ်။” နဲ့ တက်တက်ကြွကြွ နေရာယူ အသင့်ပြင်နေကြပါပြီ။ ဘောဂဝတီ နဂါးပြည်ကြီးရဲ့ အဝင်မုခ်ဦးကနေ အိပ်ပျော်နေတဲ့ ကာလနဂါးမင်းကြီးကို “We will, we will rock you.” ဆို လှုပ်နှိုးကြမလို့တဲ့။ ဒီမနက်မှာ စခန်းတွေ စသိမ်းနေပြီ။ ကိုယ်တို့ဘက်က တိုက်စစ်တွေ နောက်ထပ် ခြေတစ်လှမ်းတက်ပြီ။ ကိုယ်တို့လည်း လူနာလာမှ ကုတဲ့ စစ်ရှောင်ဆေးရုံဘဝကနေ ကိုယ်တိုင်လူနာထွက်ကောက်တဲ့ စစ်မြေပြင် ဆေးတပ်ဖွဲ့ကလေး ဖြစ်လာပြီ။ ဒီဒေသမှာ စစ်ပွဲတွေ မပြီးမချင်းတော့ ဒီလိုပဲ အလုပ်လုပ်ရလိမ့်မယ်။

အရေးကြီးဆုံးက ရှင်သန်အောင် နေထိုင်ဖို့ လိုမယ်လေ။ ဂဠုန်လာရင် မြေလျှိုး၊ ရေငုပ်ရတဲ့ နဂါးများလိုပဲ ကိုယ်တို့လည်း လေယာဉ်လာရင် ဘယ်မှာ ပုန်းမှာလဲ လို့ ကြိုကြိုတင်တင် ပြင်ဆင်ရတယ်။ လေယာဉ်ပြန်ရင် ဘယ်မှာအလုပ်လုပ်မှာလဲ ကလည်း ကိုယ်ပဲ စီမံပြင်ဆင်ရတာ။ လူနာ နဲ့ ရောဂါအကြောင်းချည့်ပဲ သိရုံနဲ့ ဆေးကုလို့မရဘူး။ လက်ရှိစစ်ပွဲရဲ့ မြေပြင်အခြေအနေကိုလည်း အမြဲ update ဖြစ်နေမှ အသက်ရှင်ကျန်ရစ်တဲ့အထဲမှာ ကိုယ်ပါမယ်။ ကိုယ်တို့နားရွက်ကလေးများဟာလည်း ယုန်ကလေးများလို အပေါ်ကိုထောင်နေမလားတောင် မပြောတတ်။ မိုးသံလား လေသံလား၊ မိုးခြိမ်းသံလား၊ လေယာဉ်သံလား။ အနီးအဝေး၊ လာရာ လားရာ အကုန် ကွဲကွဲပြားပြား ကြားတယ်။ လက်နက်ကြီးသံဆိုရင်လည်း ဘယ်နားလောက်က အသံလို့ ခန့်မှန်းတတ်တယ်။ အိပ်ပျော်နေလို့ မကြားလိုက် မရှိ။ အာရုံတွေက နိုးကြားနေတာကိုး။

မနေ့ညကတော့ လက်နက်ကြီးသံ သဲ့သဲ့ကြားပြီး အိပ်ရတာပေါ့။ အင်းမြောက်ဘက်မှာ လေယာဉ်လာသွားတယ် လို့လည်း ပြောတယ်။ နည်းနည်းပါးပါး အထိအခိုက်ရှိတဲ့လူနာတွေတော့ မနက်မှပဲ ပို့တော့မယ်တဲ့။ ဘယ်အချိန်ပို့ပို့ ကိုယ်တို့ဘက်ကတော့ အဆင်သင့်ပါပဲ။ အင်းပတ်ပတ်လည်က စကစ စခန်းတွေအားလုံး မိုင်းတွေခင်းပြီး ကင်းစောင့်နေကြတာမို့ ဒီအချိန်ဒီအခါကတော့ အသွားအလာ မလုပ်တာ ကောင်းပါတယ်။ တပ်အချင်းချင်းပဲ လှုပ်ရှား၊ တပ်အချင်းချင်းပဲ ထိပ်တိုက်တွေ့ရင် အရပ်သားတွေ ဆွမ်းခံရင်း ငှက်သင့်စရာ မရှိဘူးပေါ့။ ကိုယ်တို့အဘွားတွေပြောတဲ့ ဒုတိယကမ္ဘာစစ်အတွင်းက စစ်ရှောင်စစ်ပြေး စစ်ဘေးသင့်ရပုံတွေလိုပဲ ကိုယ်တို့မှာလည်း ကြင်စိုးလက်အောက် ၃ နှစ်တာကာလအတွင်း ဘယ်လိုရင်ဆိုင်တွန်းလှန်ကြသလဲ ဆိုတဲ့ ကိုယ်တွေ့မှတ်တမ်းတွေ နောင်လာနောက်သားများအတွက် ပြောမကုန် ရေးမကုန်အောင် ရှိကြပါလိမ့်မယ်။ အင်မတန်ရွံစရာကောင်းတဲ့ ဘုန်းကြီးအိုကြီးတွေ အကြောင်းလည်း ပါမှာပေါ့။ မှတ်ကျောက်တင်လိုက်ရင် ရွှေစစ်မစစ် သိရတာချည့်ပဲ။

၀၃၀၇ က စခဲ့တဲ့ ကချင်ပြည်နယ်ရဲ့ ထိုးစစ်တွေကို ကြည့်မယ်ဆိုရင် မြစ်ကြီးနား အရှေ့ဘက်ကမ်း ဝိုင်းမော်ကနေ ဗန်းမော်လမ်းတောက်လျှောက် စခန်းတွေသိမ်းထားသလို လိုင်ဆာကို ထိမ်းချုပ်ထားတဲ့ စခန်းကုန်းတွေကိုလည်း သိမ်းယူထားတယ်။ ဖားကန့်ပတ်ပတ်လည်က အဝင်အထွက် လမ်းကြောင်း အားလုံးကိုလည်း ထိန်းချုပ်ထားတယ်။ မြစ်ကြီးနားကနေ အထက်ဘက် ပူတာအို၊ ခေါင်လန်ဖူး၊ နောင်မွန်းထိ မတက်နိုင်အောင်လည်း ဆွမ်ပရာဘွမ်ကနေ ပိတ်ဆို့ဖြတ် တောက် ထားတယ်။ တရုတ်နယ်စပ် မျဉ်းတလျှောက် လွယ်ကျယ်၊ လိုင်ဆာ၊ ဆဒုံး၊ ကမ်ပိုင်တီးကလည်း သူတို့လက်ထဲမှာ။ လီဒိုလမ်းအတိုင်း ခန္တီး တနိုင်း ဘက်ကိုလည်း သွားလို့ မရတော့ဘူး။ အခု သူတို့ တိုက်နေတာက အင်းတော်ကြီးပတ်ပတ်လည်ကို ထိမ်းချုပ်ဖို့ ကြိုးစားနေတာ။ အဲ့ဒါပြီးရင် ကချင်ပြည်နယ်ထဲမှာ စစ်တပ်ထိုင်လို့ရတာ မြစ်ကြီးနား၊ မိုးကောင်း၊ နမ္မတီး၊ ဟိုပင်၊ မိုးညှင်း။ သံလမ်းရိုးမြို့တွေ ကွက်ကွက်ကလေးပဲ ကျန်မယ်။ ဟောဒီ ၃ လအတွင်းမှာ သိမ်းယူလာတဲ့ စကစ စခန်းတွေ ၁၅၀ ပြည့်ခါနီးလာပြီ။ တနိုင်ငံလုံးက စစ်ရေးအခြေအနေတွေကိုလည်း တချက် ပြန်ကြည့်လိုက်ဦးလေ။

ဒီအခြေအနေမျိုးမှာ စကစတပ်က စစ်ဗိုလ်စစ်သားတွေ ဘယ်လိုစိတ်ဓါတ်အင်အားနဲ့ စစ်တိုက်မလဲ။ စိတ်ဓါတ်အင်အား မပြောနဲ့။ သူတို့မှာ လူအင်အားတောင် မရှိတော့ပါဘူး။ SNA နဲ့ ပြည်သူ့စစ်ကို အားကိုးပြီး တိုက်နေးတာ။ အောက်ဘက်မှာဆို ပျူတွေကို လက်နက်ပေး၊ မြှောက်ပင့်သွေးထိုးပြီး စစ်တိုက်ခိုင်းတဲ့အခါကျတော့ သွေးရူးသွေးတမ်းနဲ့ သောက်ရမ်းတွေ လုပ်ကြတာ လက်လွန်ကြက်သွန်တွေဖြစ်ကုန်ရော။ သူတို့ကား ကျော်တက်တဲ့ ဘုန်းကြီးကားကို ကြောက်အားလန့်အား ဆော်ထည့်လိုက်တာ မိုးမီးလောင်သွားတယ်လေ။ စစ်ရဲ့သဘောအရ မဟာမိတ် ဆိုတာမျိုးဟာ နိုင်မယ် ထင်ရင်သာ အောင်ပွဲကို မျှဝေယူဖို့ ကူတိုက်ချင်တိုက်ပေးမှာ။ ရှုံးမှာ သေချာနေရင်တော့ “After you” ဆိုပြီး နောက်တစ်လှမ်း ဆုတ်သွားတတ်ကြတာချည့်ပဲ။ SNA ဟာ ဆယ်ဇင်းကို စကစသိမ်းတော့ ရွာထဲကပစ္စည်းတွေ လုချင်ယက်ချင်စိတ်နဲ့ ဝင်တိုက်ပေးခဲ့ပေမယ့် ဆယ်ဇင်းစခန်းတွေ စကစ လက်လွှတ်ရတဲ့အခါ အသေအကြေ ဝင်မတိုက်ပဲ ရှောင်ထွက်သွားပါတယ်။ တပ်ကကောင်တွေတောင် ပြေးကုန်မှဟာ။ သူတို့က ဘာကိစ္စ အသေခံတိုက်ရင်း ကျန်ခဲ့ရမှာလဲ။ သူတို့စခန်းတွေ KIA က လာသိမ်းရင် အသာလေးဆုတ်ပြီး ကိုယ်ရောင်ဖျောက်သွားရော။ ဒီအရပ်မှာ သူတို့က နယ်ခံလေ။ သူတို့လည်း ပျောက်ကျားစစ်ပဲ သုံးတာပေါ့။ ဒါကြောင့်မို့လို့ စစ်ကောင်စီက အရေးနိမ့်ထွက်ပြေးသွားရင် SNA နဲ့ KIA နဲ့ အသေအကြေ ထချပြီး ကျန်ရစ်ခဲ့မယ်ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်တဲ့ ကိစ္စ။

ကချင်ပြည်နယ်မှာ စကစနဲ့ မဟာမိတ်အဖြစ်တိုက်ပေးနေတာ ဆခုံတိန့်ယိန်း၊ ခက်ထိန်နန် နဲ့ ယွက်ဆစ်အောက်က SNA ပဲ ရှိတာလေ။ ဒီအဖွဲ့တွေ နောက်တစ်လှမ်းဆုတ်သွားရင် စကစမှာအားကိုးစရာ လေကြောင်းနဲ့ လက်နက်ကြီးပစ်ကူပဲ ရှိတော့တယ်။ အဲ့ဒါတွေကလည်း အချိန်ကြာလာနဲ့အမျှ အင်အားချိနဲ့လာပြီး မထိရောက်တော့ဘူး။ လေယာဉ်နဲ့ လာကျဲတိုင်းသာ သေရရင်် ကိုယ်တို့မယ် အသက်ဆယ်ချောင်းပါတောင် မလောက်ဘူး။ အညာမှာလို မြေပြင်ပြောင်ပြောင် ကွင်းခေါင်ခေါင်မှ မဟုတ်တာ။ တိုက်ပွဲတိုင်းမှာ လေယာဉ်လာတယ်။ သို့သော် အရင်လို အထိအခိုက် မများတော့ဘူး။ ကြိုရှောင်ထားကြတယ်။ အဲ့လိုနဲ့ပဲ စခန်းတွေ တစ်ခုပြီးတစ်ခု သိမ်းလာခဲ့တပြီးသား။ အခု သူတို့ဆီက အလင်းဝင်လာတဲ့ စစ်ဗိုလ်တွေပဲ ပြောနေကြတာ။ “မင်းတို့ လုံးတုံဂိတ် ဘယ်နှစ်ရက်ခံမလဲ စောင့်ကြည့်ဦးမယ်။” တဲ့။

ဒီကနေ့ မနက်ခင်းမှာတော့ တကယ်ပဲ စောင့်ကြည့်နေရတဲ့ အခြေအနေကို ရောက်လာပါတယ်။ အင်းတော်ကြီးက ဖားကန့်အဝင်လမ်းမှာရှိတဲ့ ညောင်ပင်၊ ဝေလုံ၊ ချောင်းဝ စခန်းတွေအားလုံး အပြီးသတ် သိမ်းလိုက်နိုင်ပြီဆိုတော့ လုံးတုံ နဲ့ နန့်မွန်းတောင်ထိပ်က စခန်း ၂ ခုပဲ ကျန်တော့တယ်။ သူတို့ဘက်ကလည်း အသည်းအသန် ကာကွယ်ဖို့ လေယာဉ်တွေရော ဟတ်စကီးတွေရော လာလာဝဲနေကြလေရဲ့။ နန့်မွန်းတောင်ထိပ်ကနေ လက်နက်ကြီးနဲ့ ထုနေတာကရှိသေး။ မိုးညှင်း အမြောက်တပ်ကနေ သံချပ်ကာကား ၆ စီး တက်လာတယ် ဆိုတာလည်း ကြားရတယ်။ ပွဲကြီးပွဲကောင်းတစ်ပွဲ နွှဲရတော့မယ် လို့ ပြောသားပဲ။ ဒီပွဲပြီးရင် အင်းတော်ကြီးကို ရပြီ။ သူများတွေဆို သံတွဲလဆိပ်ကို လေယာဉ်နဲ့တကွ သိမ်းထားပြီးပြီမို့ ကိုယ်တို့လည်း အမီလိုက်ရမှာပေါ့။

အိမ်ပြန်ချိန်ဆိုတာ တစ်ရက်ပြီးတစ်ရက် နီးစပ်လာပြီလေ။ နပခ စစ်တိုင်းကြီးတစ်ခုလုံးရဲ့ တပ်ရင်း၊ တပ်မ၊ ဗျူဟာ အခြေအနေတွေနဲ့ စစ်သည်အင်အားစာရင်းကို ကြည့်ရင် ဘယ်လောက်များ သွေးပျက်ချောက်ခြားစရာ ကောင်းမလဲ သူတို့ဘာသာ အသိဆုံး နေပါလိမ့်မယ်။ အိုးခြမ်းပဲ့ကြီး လက်ထဲကိုင်ပြီး “ရေဗူးပေါက်တာ မလိုချင်ဘူး။ ရေပါတာပဲ လိုချင်တယ်။” ဆိုတဲ့ အထက်အမိန့်တွေကိုလည်း သူတို့ကိုယ်တိုင် ကလော်ဆဲချင်ရော့မယ်။ ဒုချုပ်ကြီးကိုယ်တိုင်ဦးစီးတဲ့ အောင်ဇေယျစစ်ကြောင်းတောင် ခုထက်ထိ ပုံမလာတာ။ ချုပ်ကြီးကို “ကိုယ်တိုင်ကြွ” ဆို တပ်ဦးက ခေါင်းဆောင် တင် တိုက်ဖို့ပဲ ကျန်တော့တယ်။ မောင်ပုတိုရေ။ မင့် သပိတ်သွပ်မယ့် ဘုန်းကြီးတောင် ပင့် ရပါ့မလားကွယ်။ မင်းဆရာက မင်းကို ပလစ်ပြီး “ဆွစ်ဇာလန်မှာ ဆေးသွားကုလိုက်ဦးမယ်နော်။” ဆို ချေချသွားပြီ။ လွှတ်သင့် မလွှတ်သင့် မင်းပဲ စဉ်းစားပါကွာ။ တော်နေကြာ စွေစောင်းကို သင်္ကန်းဆည်းပေးပြီး တရားနာနေရမယ်။