မန်ဒါလီ – မာမာအေး

မန်ဒါလီ သီချင်းကို မြို့မငြိမ်းကရေးခဲ့ပြီး လေပါတီမမြရင် က ဆိုခဲ့ပါတယ်။ အခုတင်ထားတာကတော့ ဒေါ်မာမာအေး အဆိုနဲ့ပါ။ မြန်မာ့ရုပ်သံမှာ ဒေလီမြင့်ဆိုထားတဲ့ ဓါတ်ပြားလည်း ကောင်းပါတယ်။ ဒီသီချင်းကို မမြရင်က သူ့ယောင်္ကျားနဲ့ စိတ်ဆိုးတဲ့အခါ ဆရာငြိမ်းကို အရေးခိုင်းတယ်လို့ ကြားဖူးပါတယ်။

ဒီအကြောင်းအရာမျိုးကို ရုပ်သေးမင်းသမီးကြီီး အမေပုက နန်းတော်ရှေ့ဆရာတင်ရေးတဲ့ ပြန်ပေါင်းထုပ် သီချင်းထဲမှာ ဆိုခဲ့ဖူးပါတယ်။ “၀မ်းဘဲ ဟင်္သာ ချောင်းကိုပစ်၍ မြစ်ကိုရှာ ရေသာများ၍ ငါးမတွေ့” ဆိုတဲ့ မြန်မာစကားပုံကို အခြေခံထားပေမယ့် ဆရာငြိမ်းရဲ့ ထုံးစံအတိုင်း အတွန့်ကလေးတပ်ထားပုံက ချောင်းကိုပစ် မြစ်ကို ရှာတာကမှ ငါးမတွေ့တာချင်းအတူတူ ရေများများ မြင်ချင်မြင််ရလိမ့်ဦးမယ်။ အခု ကိိုကိုမန်ဒါလီကြီး လုပ်ပေါက်က မြစ်ပြင်ကျယ်ကြီးကို ပစ်ပြီး ချောင်းထဲ ဆင်းရှာရင်တော့ ငါးမတွေ့ရုံတင် မဟုတ်ဘူး။ တော် ရေလည်းနည်းလို့ ငုတ်တုတ်မှိုင်ရလိမ့်မယ် လို့ အငေါ်တူးထားပါတယ်။

သူ့လိုမျိုး ကိုယ့်ယောင်္ကျားဆိုးပုံကို သည်းညည်းခံနိုင်မယ့်မိန်းမ ဒီကမ္ဘာပေါ်မှာ နောက်တစ်ယောက် မရှိနိုင်ပါဘူး။ ရှိမယ်ထင်လို့ ရှာချင်သပဆိုရင် မသိုးထမင်းမသိုးဟင်းတွေ ထုပ်ပိုးပေးလိုက်ပါ့မယ်။ ထမင်းတွေဟင်းတွေတင်မဟုတ်။ လူပါ မသိုးမချင်း ရှာကြည့်ပါ။ ကမ္ဘာမြေ အစအဆုံး ကျွမ်းသဒ္ဒါလန်အောင် ရှာချေပါ။ တွေ့လိမ့်မယ် ထင်ပါသလား တဲ့။

တွေ့ခဲ့ရင် သူ့ကိုပြစမ်းပါ။ ဘယ်လိုမိန်းမမျိုးလဲဆိုတာ မျက်တောင်မခတ်စတမ်း မျက်စိဒေါက်ထောက် ကြည့်လိုက်ချင်ပါသတဲ့။ အဲဒီမိန်းမမျိုးသာ တွေ့အောင်ရှာလာခဲ့။ အိမ်မှာ ထမီလျှော် ဘိနပ်ခင်းပေးပြီး ခိုင်းလိုခိုင်း၊ ရိုက်လိုရိုက်၊ တည့်အောင်ပေါင်းပါ့မယ်။ လောင်းကြေစားကြေး၊ ခေါ်ခဲ့စမ်းပါ၊ တွေ့မယ်ထင်လို့လားတဲ့။

ယောင်္ကျားကို စိတ်ဆိုးနေတဲ့ မိန်းမတစ်ယောက်ရဲ့ အတွင်းစိတ်ကို ဆရာငြိမ်းက ကွက်ကွက်ကွင်းကွင်း သရုပ်ဖော်ရာမှာ လက်ဖျားခါလောက်ပါပေတယ်။ သူ့စိတ်က အမြင်မကြည်လင်တော့လည်း ယောင်္ကျားလုပ်တဲ့သူ ပြုံးနေတာတောင် မိန်းကလေးများမြင်ရင် စပ်ဖြီးဖြီးနဲ့ ရုပ်ကိုက ပြီတီတီပါလို့ ရန်ထောင်လိုက်ပြန်ပါသေးရဲ့။

ဒီခေတ်ကြီးမှာ မိန်းမမရှားပါဘူးလို့ ယောက်ျားကပြောတော့ ယောင်္ကျားကကော ရှားသလားတော်။ အသက်တစ်ရာ လင်တစ်ရာ နေလို့ရသပ။ တော် သာ ကျုပ်လိုမိန်းမမျိုး တွေ့လိမ့်နိုးထင်မနေနဲ့ လို့ ဆပ်ဆပ်ကြဲ ပြန်ရန်တွေ့ပုံကလည်း စိတ်မဆိုးပဲ ချစ်စရာကောင်းနေပါတယ်။

တယောက်နဲ့ တယောက် စိတ်အခန့်မသင့်လို့ လင်မယားချင်း စကားများကြတဲ့ အငေါ်တူး ရန်တွေ့တဲ့ စကားအသုံးအနှုန်းတွေကိုတောင် ဒီလောက် နားဝင်ပီယံဖြစ်အောင် ရေးဖွဲ့ခဲ့ တဲ့ ဂီတစာဆိုကြီးတစ်ယောက် တို့ ဗမာပြည်မှာ ဟိုးရှေးရှေးကတည်းက ရှိခဲ့ဖူးလေရဲ့ လို့ ဂုဏ်ယူမိပါတယ်။

ဒါပေမယ့်လည်း သူ့ခမျာမှာ နွံနစ်တဲ့ ပတ္တမြားများလိုပါပဲ။ အပျောက်အမွှန်းတွေနဲ့ တန်းဆာဆင်၊ အမြတ်တနိုး ရွှေပေါ်မြတင်လုပ်မယ့်သူတွေနဲ့ တွေ့ခွင့်မရရှာတော့ ကမ္ဘာကျော်လောက်တဲ့ အရည်အသွေးမျိုးတွေ ရှိလင့်ကစား ကိုယ့်မြန်မာအချင်းချင်းတောင် သိသူဖော်စား မသိသူကျော်သွားဘဝနဲ့ ဇာတ်သိမ်းရရှာတယ်။ ပြည်တန်ပတ္တမြားတွေကို ရက်တက်ရည်နဲ့ လဲစားရင်း ၀မ်းရေးတောင် အနိုင်နိုင်ကျောင်းခဲ့ရပါသတဲ့။ တန်ဖိုးမှ မသိကြတာကိုး။

အခု စာဖတ်နေတဲ့သူတွေကို မေးကြည့်ရင်တောင် “သြော်.. ဟုတ်လား။ ကြားတော့ ကြားဖူးတယ်လေ။” ဆိုတဲ့သူက အများစုဖြစ်မှာ သေချာသလောက်ပေါ့။ သေပြီးသားလူဆို ကိုယ့်ကြီးတော်ကြီးတောင် ခပ်မေ့မေ့ဖြစ်နေပြီ။ ခင်ဗျားနဲ့ ဘာတော်လို့ ဂလောက်တေင် ညွှန်းနေရတာလဲ ဆိုရင်လည်း ခံရမှာပါပဲ။ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်အတွက် ဂုဏ်ယူလို့ ဖော်ထုတ်နေတာမဟုတ်ပါဘူး။ မြန်မာလူမျိုးတွေရဲ့ ယဉ်ကျေးမှု အနုပညာဖန်တီးမှု စွမ်းအားဟာ ဘယ်နိုင်ငံနဲ့ယှဉ်လို့မှ အောက်တန်းနောက်တန်း မကျပါဘူးလို့ သက်သေပြချင်လို့ အထုပ်ဟောင်းကလေး ဖြေကြည့်တာပါ။ ဘောလုံးနဲ့လည်း ၀င်ခြေမစမ်းနိုင်၊ ရုပ်ရှင်နဲ့လည်း အနားကပ်လို့မရ၊ ကျန်တာတွေနဲ့ဆိုရင် အိပ်မက်တောင် မမက်လေနဲ့လို့ အလှမ်းကွာပြီး ကြံရာမရတဲ့အဆုံး မြန်မာ့ဂီတကလေးဟာဖြင့် တချိန်က ခြေခြေမြစ်မြစ် ရှိခဲ့ပေသားလို့ ရှင်ပြုတုန်းက ရွှေထီးဆောင်းခဲ့တဲ့ ဓါတ်ပုံဟောင်းကလေးတွေ ကို စားမြုံ့ပြန်တာလေ။

မြို့မငြိမ်း၊ နန်းတော်ရှေ့၊ ရွှေတိုင်ညွန့်၊ ရွှေပြည်အေး တို့ဟာ ရေးလည်းရေးနိုင် ရေးသလောက်လည်း တင်ကျန်ရစ်ခဲ့ကြပြီး၊ မြန်မာ့မူဟန်ကိုလည်း အမြဲထိန်းသိမ်းခဲ့ကြလို့ မြန်မာသီချင်းရယ်လို့ လောက်လောက်လားလား ပြစရာဆို သူတို့လက်ရာတွေနဲ့ ကင်းလို့မရတဲ့အထိ ရှေးဦးတီထွင် လမ်းဖောက်သူများဖြစ်ပါတယ်လို့ နောင်လာနောက်သား လူငယ်များကို မိတ်ဆက်ပေးလိုက်ပါတယ်။ မြန်မာသီချင်းဟောင်းတွေကို မြန်မာတွေကိုယ်တိုင်ကမှ ကောင်းလည်းမကောင်းဘူး ထင်နေရင်ဖြင့် ရှာလေဦးတော့ ထမင်းထုပ်ကြီးနဲ့ လူပါမသိုးရုံဖြင့် မှာလိုက်ချင်သည်။ ပထဝိီ ဤမြေကြိး လှန်လှောကာ ကုန်း၍ရှာတောင် တွေ့လိမ့်နိုးနိုးထင်သည် တဲ့။ ကိုကိုမန်ဒါလီတို့ရေ။

ချောင်းကိုပြစ်ကာ မြစ်ထဲကိုရှာ ရေသာများတော့သည် ထွေရာများလှပါပေသည်။ ငါးမတွေ့နိုင်တဲ့ ဟင်္သာထက်ကဲ ၀မ်းဘဲဘွဲ့ထူးချီ ခေါ်လောက်ပါပေသည်။ မန်ဒါလီ၊ မန်ဒါလီ။

မန်ဒါလီ မြစ်ကိုလွှဲတယ် ၀မ်းဘဲက ချောင်းထဲရှာသည် ရေသာနည်း၍ ငါးလည်းမတွေ့ပြီ။ ချောင်းရိုးမှီငေးတဲ့ မန်ဒါလီ။

မောင့်ဆိုးမျိုး ခံနိုင်သူကို ကျွန်မဖြင့် တွေ့မမြင်ပြီ။ ရှာလေဦးတော့ ထမင်းထုပ်ကြီးနဲ့ လူပါမသိုးရုံဖြင့် မှာလိုက်ချင်သည်။ ပထဝီ ​ဤမြေကြီး လှန်လှောကာ ကုန်း၍ရှာတောင် (တွေ့လိမ့်နိုးနိုး ထင်သည်။ မန်ဒါလီ မြစ်ကိုလွှဲ ၀မ်းဘဲကချောင်းထဲရှာသည်။ ရေသာနည်း၍ ငါးလည်းမတွေ့ပြီ၊ ချောင်းရိုးမှီငေးတဲ့ မန်ဒါလီ။)၂

ရှင်ချေးထူပုံ အကုန်လုံးသိရင် ဟန်ပုံမရပြီ။ မြင်စမ်းပါရစေ။ ဘယ်မိန်းမမျိုး ဒေါက်ခံကြည့်ဦးမည်။ တွေ့စမ်းချင်၊ တွေ့ရင်တော့ဖြင့်မောင်၊ ဘိနပ်ခင်း ထမီလျှော် ကိုယ်တိုင်ပိုင်ပိုင် ကြိုက်ရာ ရိုက်ကာ ကြိုက်ရာ ခိုင်းပါစေတော့ရှင့်။

(တွေ့လိမ့်နိုးနိုးထင်သည်။ မန်ဒါလီ မြစ်ကိုလွှဲတယ် ၀မ်းဘဲကချောင်းထဲရှာသည်။ ရေသာနည်း၍ ငါးလည်းမတွေ့ပြီ၊ ချောင်းရိုးမှီငေးတဲ့ မန်ဒါလီ။ )၂

(ပြုံးချိုချို သူ့မျက်နှာထားကိုက မြာကလေးများ မြင်ယုံမျှဖြင့် ရှုပက်ကာ စပ်ဖြီးပြီတီတီ၊)၂ မိန်းမရှားသလားဟုတ်စ။ ယခုခေတ်အခါဆီ ပေါတဲ့မြာမဒီ၊ တစ်ယောက်မကောင်း တစ်ယောက် ပြောင်းလိမ့်မည်။ ယောင်္ကျားတော့ ရှားသလားဆိုသည်။ အနှစ်တစ်ရာ လင်တစ်ရာပြည့်ပေါ့ မာနခဲမို့ ဇွဲနဲ့မာန်ဖီ။

တွေ့လိမ့်နိုးနိုးထင်သည်။ မန်ဒါလီ မြစ်ကိုလွှဲ ၀မ်းဘဲကချောင်းထဲရှာသည်။ ရေသာနည်း၍ ငါးလည်းမတွေ့ပြီ၊ ချောင်းရိုးမှီငေးတဲ့ မန်ဒါလီ။

သီချင်းနားထောင်ရန် ဤနေရာကို နှိပ်ပါ။

https://youtu.be/x8Lo-_3Q0rc?si=WJ09huto-Xlm-9pg