မြန်မာသံသီချင်းတွေ အကြောင်းပြောတဲ့အခါ ဒေါ်ရီရီသန့် ကို ချန်ထားလို့ မရပါဘူး။ လှတောရွာ ဇာတိဖြစ်ပြီး မဟာဂီတသီချင်းကြီးတွေကို ခြေခြေမြစ်မြစ် နှံ့နှံ့စပ်စပ် တတ်ကျွမ်းပြီးမှ မြန်မာ့အသံမှာ တဟုန်ထိုး နံမည်ကျော်လာသူပါ။ သူ့ရဲ့ နံမည်ကြီးသီချင်းတွေထဲက ဒီတစ်ပုဒ်ကို ရွေးထုတ်ရတာကတော့ မြန်မာဆန်လွန်းလို့ပါ။ စကားအသုံးအနှုန်းလည်း ယဉ်ကျေးသလောက် လှတောသူပီပီ စကားတတ်ရန်ကောလို့ ဆိုရမလောက် ထိထိမိမိ ရှိပါတယ်။ ဂီတစာဆို ကိုသက်ဦးက ရေးခဲ့တဲ့ သီချင်းကလေးပါ။
သဘောထားတွေ အရင်လိုမဟုတ်တော့တဲ့ ချစ်သူကို အရင်ပြောခဲ့ဖူးတဲ့ စကားလေးတွေ ပြန်အစဖော်ပြီး ခနဲ့တဲ့တဲ့ ရန်ထောင်ရာမှာ ဝေါဟာရကြွယ်ယုံတင်မဟုတ်၊ ဥပမာ ဥပမေယျနဲ့ပါ မငြင်းနိုင်အောင် စွဲချက်တင်ထားပါတယ်။ ပြီးတော့ သူကပဲတပြန် စကားတွေတတ်တိုင်း လှည့်ဖျားလို့ ယုံမိရပါတယ်လို့ ဆိုပြန်ပါသေးတယ်။
အစကတော့ ဘယ်လောက်တောင်ချစ်လှပါတယ် ကြိုက်လှပါတယ် ဆိုခဲ့ပြီး အခုတော့ စိမ်းကားသွားတာဟာ မုန်းပင်မေ့ပင်အောက်ကိုများ ရောက်သွားလို့လားလို့ မေးပုံလေးက ပြုံးချင်စရာပါ။ ကလိန်စေ့ငြမ်းဆင်တယ်ဆိုတဲ့ စကားကတော့ သေးသေးမွှားမွှားလေးကို စစ်စစ်ပေါက်ပေါက် ရှာရှာဖွေဖွေ ဆင်ခြေဆင်လက်ပေါင်းစုံပေးတာ ကို ဆိုချင်တာပါ။ ချစ်သူက လှည့်ဖျားတတ်မှန်း သိပေမယ်လို့ သူ့ကိုယ်က တမင်သက်သက်ကို ယုံချင်နေတာပါ။ သူ့ကိုချစ်ပါတယ် ကြိုက်ပါတယ်လို့ ညာပြီးတော့ပဲဖြစ်ဖြစ် ရင်ထဲမှာအေးသွားအောင် ပြောလှည့်ပါဦး။ ချစ်မိုးတွေ သည်းကြီးမည်းကြီး ရွာလှည့်ပါဦး လို့ ဆိုပုံက ဂရုဏာသက်စရာလည်းကောင်းပါတယ်။
အဆိုပညာပိုင်းက ကြည့်ရင်တော့ အသံကုန်အောင်ယူတယ်၊ ရောက်အောင်ဆိုတယ် ဆိုတဲ့ စကားကို သီချင်းအထွက် “အမုန်းဆိုတဲ့စကား……..သောတနား ….ဆင်” လို့ ချီလိုက်ကတည်းက သိသာခံစားနိုင်ပါတယ်။ အသံပေါတဲ့သူပီပီ ညာသံလို့ခေါ်တဲ့ ကီးအမြင့်ပိုင်းတွေတင်မဟုတ်၊ ဘယ်သံလို့ခေါ်ကြတဲ့ အနိမ့်ကီးနဲ့ပါ ဘယ်ဟာမှတစ်ရွေးသား မယွင်းအောင်ဆိုထားတာကို ဂရုတစိုက် နားထောင်မိရင် သီချင်းရဲ့ အရသာကို ပိုခံစားနိုင်ပါလိမ့်မယ်။ အရုပ်ပါတဲ့ မြန်မာကာရာအိုကေတွေရှိပေမယ့် အဲဒီလက်လက်တောက်တွေ ဟိုပြေးဒီပြေးလုပ်ပြနေရင် သီချင်းသံမခံစားနိုင်မှာစိုးလို့ အသံဖိုင်နဲ့ပဲ တင်ပေးလိုက်ပါတယ်။
ဒီသီချင်းမျိုးတွေကို ဘာဖြစ်လို့ ရှာရှာဖွေဖွေ လိုက်ရေးနေရသလဲ လို့ဆိုရင် ခေတ်ရေစီးကြောင်းကြောင့်ပါ။ လူငယ်တော်တော်များများ အထူးသဖြင့် မြို့နေလူတန်းစားများဟာ ဒီလို သီချင်းမျိုးနားထောင်ရမှာ ရှက်ကြပါတယ်။ အယ်ဆိုင်းဇီ တို့ ရေဘက္ကာဝင်းတို့ ချမ်းချမ်းတို့ဆိုရင် အသစ်ထွက်သမျှ လူကြားအောင် လိုက်ဆိုတတ်ကြပေမယ့် ဒီသီချင်းသံတွေကိုတော့ သူများဖွင့်တာကြားရင်တောင် တောကျရန်ကောလို့ ပြုံးကြလှောင်ကြပါတယ်။ သေချာနားထောင်ဖို့ ဆိုတာတော့ ဝေးရော။ သူတို့ကို အပြစ်မတင်ပါဘူး။ ဘာလို့လဲဆိုတော့ ကိုယ်တိုင်လည်း ငယ်ငယ်တုန်းက အဲသလိုပဲကိုး။ အိုဗာတင်းသောက်တဲ့ဘဝမှာ ကော်ပီတွေ မကြိုက်ပါဘူး။ အုန်းကျွန်းမှ ဆိုပြီး ယင်းမာကထုတ်တဲ့ စီးရီးလိုက် မူရင်းသီချင်း အထုပ်ဖြေတဲ့ အခွေတွေကို ၀ယ်နားထောင်ပါတယ်။ ငါက မူရင်း အင်္ဂလိပ်သီချင်းကိုသိတယ်လို့ ကြွားချင်တဲ့စိတ်က ပိုများနေမှာပါ။
သီချင်းအသစ်ထွက်တဲ့အခါ ကောင်းတာ မကောင်းတာ နားစွဲတာ မစွဲတာထက် အသစ်ပေါ်တာတွေကို မီအောင်လိုက်သိတယ်လို့ သူများအထင်ကြီးခံချင်တဲ့စိတ်က မရင့်ကျက်သေးတဲ့ ကလေးသဘာဝမှာ တားလို့မရပါဘူး။ ဒါပေမယ့် ဒီခေတ်ဟောင်းသီချင်းတွေကို ကိုယ်ငယ်ငယ်က မိဘ အဖိုးအဖွားများက နှစ်နှစ်ချိုက်ချိုက် နားထောင်ခဲ့ကြတော့ အမှတ်တမဲ့ ကြားမိရုံနဲ့ နားထဲမှာ စွဲနေတာ နောင်ကျတော့မှ သတိထားမိပါတယ်။ နားထောင်ချင်တဲ့အခါကျတော့ အဲဒီသီချင်းတွေက အလွယ်တကူ ရှာလို့မရတော့ဘူး။ မြန်မာ့အသံဆိုတာတောင် တော်တော် တိမ်ကောနေပြီ။ တဖြေးဖြေးနဲ့ ကြာလာရင် မှတ်တမ်းမှတ်ရာတောင် မကျန်မှာစိုးလို့ ညောင်ထောက် ကျားကန် တတ်နိုင်သမျှ တဘက်တလမ်းက ရှာဖွေ ဝေမျှပါတယ်။ ခေတ်နောက်ပြန်တော့ မဆွဲလိုပါဘူး။ ခေတ်မီရတာ အားကြီးကောင်းတယ်လေ။ အသစ်ပေါ်တာတွေ အားလုံးလည်း ကောင်းတာပဲ။ တစ်ခုပဲ ရှိတယ်။ အရေးကြီးတဲ့တစ်ခု။ ကိုယ်တိုင်ဖန်တီးထားတဲ့ အသစ်မဟုတ်ပဲ သူများဆီက ပုံတူကူးထားတဲ့အသစ်ဟာ ကိုယ်ပိုင် ဘယ်ဖြစ်လာနိုင်ပါ့မလဲ။ ကျွန်တော် ရေးနေတဲ့ သီချင်းဟောင်းတွေထဲမှာလည်း မွေးစားထားတဲ့ ကော်ပီတွေ ပါပါတယ်။ ဒါပေမယ့် မြန်မာ့တူရိယာ မြန်မာ့ အာဘောင်အာရင်းနဲ့ မြန်မာမှုပြုထားလို့ မြန်မာဟန်တော့ မပျောက်သေးပါဘူး။
အင်္ဂုလိမာလ လက်ညှိုးတွေလိုက်ဖြတ်ကာ အစပိုင်းမှာ တော်တော်နဲ့ တစ်ထောင်မပြည့်နိုင်ဘူးတဲ့။ ဖြတ်ထားတဲ့ လက်ညှိုးတွေကို ဟိုထားသည်ထား ထားတော့ ကျီးဆွဲလို့ ခွေးချီလို့ ကုန်ပါလေရောတဲ့။ နောက်ဆုံး ကြိုးနဲ့သီပြီး လည်ပင်းမှာ ဆွဲထားလိုက်မှ လက်ညှိုးပန်းကုံးရှင် ပါဠိလို အင်္ဂုလိမာလ လို့ အမည်တွင်ရတော့သတဲ့။ မြန်မာ့ဂီတပညာရှင်တွေ စိုက်လိုက်မတ်တတ် ဖန်တီးထားခဲ့တဲ့ အနုပညာ လက်ရာကောင်းကလေးတွေဟာ အဲသလို စံနစ်တကျမှ ထိန်းသိမ်းမထားရင် သီကုံးပန်းသွင် နေ့တိုင်းဆင်မထားနိုင်ရင် ကျီးစာခွေးစာဖြစ်ကုန်မှာစိုးလို့ ဝါစာကမ္မာ ဖြည့်စွက်ကာနဲ့ မကြားဖူးသေးတဲ့သူတွေလည်း ကြားဖူးသွားအောင်၊ ကြားဖူးပြီးသားလူတွေလည်း တသစ်ဆန်းပြီး နားထောင်ချင်လာအောင် သက်ရှိထင်ရှားရှိနေသေးတဲ့ အနုပညာရှင်များလည်း ကြုံကြိုက်လို့ ဖတ်မိတဲ့အခါ “ငါတို့ကို မေ့မသွားကြသေးပဲကိုး။” လို့ ပိတိကလေးခံစားရအောင် ရေးမိပါတယ်ဗျာ။ မောင်ကျော်ဇံတို့ ထောင်စော်နံလို့ ရောင်တော်ပြန်နဲ့ ရောလွှတ်တယ်ထင်ရင် ခွင့်လွှတ်တော်မူကြပါ။
အမုန်းဆိုတဲ့ စကား …. လေသံတောင်မကြားချင်ဘူးတဲ့ ရှင်။ ဟိုအရင်အစက ကျွန်မကိုချစ်ခင်၊ ဘယ်တုန်းကမှ အပြစ်ကိုလည်းမမြင်၊ ချစ်တုန်းခင်တုန်းမှာဖြင့် မောင်သုံးခဲ့ဖူးတဲ့ စကားသံလေးတွေ ကျွန်မပြောပြမယ်၊ သောတနားဆင်..။
(နှစ်ကိုယ်တူ တွေ့များတွေ့ရင် ချိုရွှင်မျက်နှာထား၊ အသည်းများတောင် ကွဲသွားမလားလို့ ထင်မြင်နေသတဲ့ရှင်။ မျက်စိအောက်ကကိုဖြင့် အပျောက်မခံနိုင်ဘူး..။ ရူးမတတ် မောင်ချစ်ခင်် သူလှည့်ဖျားလို့ စကားတွေတတ်တိုင်းထွင်၊)၂
ချစ်ခင်နေတုန်းမှာ ပြုံးတာလေးတွေ ရေးရေးမြင်။ ခုနေခါများတွင် မောင့်ကိုတွေ့ရင် မေးလိုက်ချင်။ မုန်းပင်အောက် မောင်ရောက်လို့ပင် မုန်းတာလားရှင်။ မေ့ပင်အောက် မောင်
ရောက်လို့ပင် မေ့တာလားရှင်။ မေတ္တာစစ်ဒီပန်းပင် မနွမ်းခင် ကြွေမှာစိုး အမျိုးမျိုးစာနာကာပင် ချစ်မိုးကြီး ရွာပါစေချင်။
ကလိန်စေ့ငြမ်းဆင်၊ လိမ်ပင်လိမ်ဦးမှာလားရှင်။ ဟိုအရင် နှစ်ကိုယ်ပင် တွေ့စဉ်တုန်း မောင်ပြုံး၊မယ်ပြုံး ဘယ်တော့မှ မုန်းဖို့မမြင်။ မောင်ပြောသမျှ အဟောဝတ သဘောကျပါသရှင်၊ သဘောကျပါသရှင်။ မေခင်ကလေးကို ရွှေရင်နွေး အေးအောင်သာပင် အချစ်ဆေး တိိုက်ကျွေးပါလားရှင်။
(ယုံလောက်အောင် သူပြောပြန်လျှင် ယုံကြည်စွာ စိတ်ကထင်။ ချိုချိုသာသာ စကားတွေဆိုလာပြန်တော့ ထားမေကျော့လေး၊ ယုံမိပါသေးရဲ့ တမင်။ ချစ်ခွန်းတုံ့တင် တွင်တွင်သူပြော။ မောလည်းမောနိုင်ဘူးရှင်။ ပန်းလည်းပန်းနိုင်ဘူးရှင်။ ပိုင်ပိုင်နိုင်နိုင်၊ မေ့အနားမှာသူထိုင် စကားတွေ လှိုင်လှိုင်ချွဲ သည်းကြီးမည်းကြီး စွဲပြီးချစ်သတဲ့ ရှင်။)၂
ချစ်ခင်နေတုန်းမှာ ပြုံးတာလေးတွေ တွေးပြီးမြင်။ ခုနေခါများတွင် မောင့်ကိုတွေ့ရင် မေးလိုက်ချင်။ မုန်းပင်အောက် မောင်ရောက်လို့ပင် မုန်းတာလားရှင်။ မေ့ပင်အောက် မောင်ရောက်လို့ပင် မေ့တာလားရှင်၊ မေတ္တာစစ်ဒီပန်းပင် မနွမ်းခင် ကြွေမှာစိုး အမျိုးမျိုးစာနာကာပင် ချစ်မိုးကြီး ရွာပါစေချင်။
သီချင်းနားထောင်ရန် ဤနေရာကို နှိပ်ပါ။။