စစ်ပွဲရှိတော့ အရေးပေါ်လူနာပဲ ခွဲတယ် ဆိုပေမယ့် အကြွေးတင်နေတဲ့ လူနာကြီး ၂ ယောက် ရှိပါတယ်။ အပုတ်နံ့တထောင်းထောင်းထနေတဲ့ ရင်သားကင်ဆာ တွေပါ။ နဂိုက ၃ ယောက် ရှိတာ။ တစ်ယောက်ကို ခွဲပေးလိုက်လို့ ၂ ယောက်ကျန်နေတာ။ အနာကြီးတွေက ဆိုးလွန်းလို့ ကင်ဆာဆေး အရင်ပေးပြီးမှ ခွဲမယ် ဆိုပြီး ကင်ဆာဆေးတွေ ရအောင်မှာပြီး ပေးထားတယ်။ ပထမလတုန်းကတော့ ကြုံ့သွားသား။ ဒုတိယလမှာ မထူးခြားတော့ဘူး။ နေ့တိုင်း တနေ့ ၂ ခါ ဆေးထည့်ပေးနေရတာလည်းတော်တော် ဒုက္ခများတာ။ သွေးတွေလည်းထွက်လို့ တစ်ယောက်ကဆို သွေး ၂ လုံးသွင်းယူရတယ်။ အနာတွေကလည်း ရုပ်ပျက်ဆင်းပျက်၊ အနံ့ကဆိုးဆိုတော့ သူတို့လည်း ဒုက္ခများတာပဲ။ ဆေးရုံပိတ်တော့ ရွာထဲက ဘုန်းကြီးကျောင်းမှာနေပြီး နေ့တိုင်း ဆေးလာထည့်နေကြတာ။ Terminal care အထိ ပေးရမယ် ထင်ပါရဲ့။
ခွဲရရင် လွယ်လွယ်ကူကူ မဟုတ်မှန်း အစကတည်းက သိပါတယ်။ ဒါပေမယ့်လည်း ဘယ်လိုလုပ်မလဲ။ သူတို့မှာ အဲ့ဒီမျှော်လင့်ချက်နဲ့ စောင့်နေတာ။ ဘာမှ လုပ်မရပဲ အချိန်လွန်တော့မှ သိပ်ကို ခွဲချင်နေကြတယ်။ တစ်ယောက်ကတော့ သွေးအားနည်းလွန်းလို့ ခွဲမရသေးဘူး။ သွေးတွေသွင်းနေရတယ်။ ရတဲ့တစ်ယောက်ကို အရင်ခွဲနှင့်တာပေါ့။ သူတောင် နောက်လထိစောင့်ခွဲရင် သိပ်မသေချာဘူး။ liver enzymes တွေ တက်နေပြီ။ ပြသနာကတော့ သူ့ကိုခွဲရင် ရင်သား ၂ ဘက်စလုံးခွဲရမှာပါ။ ခွဲပြီးသားဘက်မှာလည်း ဘုသီးအလုံးအလုံးတွေ အပြည့်။ ကျန်တဲ့ရင်သားတစ်ဘက်ကိုဖြတ်၊ ချိုင်းထဲကအကျိတ်တွေထုတ်၊ အငယ်တွေကို ပြန်ချုပ်ဖို့ထားခဲ့ပြီးနောက်တစ်ဘက်ကို ကူးရတယ်။ case ဝင်တဲ့ ဆရာမလေးတောင် မျက်လုံးတွေပြာပြီး ခေါင်းတွေမူးလို့ လူလဲပေးရတယ်။ မမူးပဲနေမလား။ ခွဲချိန်က ၂ နာရီကျော်ပြီ။ နေ့လည်မွန်းတည့်ကြီး။ ပူလောင်အိုက်စပ်ပြီး ချွေးတွေက ရေချိုးထားသလို ရွှဲနစ်နေတာ။ နောက်တစ်ဘက်ခွဲရတာက ပိုခက်နေတယ်။ ၃ နာရီ ပြည့်တဲ့အခါ ကိုယ်လည်း မခံနိုင်တော့ဘူး။ ကုန်အောင်ခွဲရင် နောက် တစ်နာရီလောက်ကြာနိုင်တယ်။ အသည်းမကောင်းတဲ့လူနာကို မေ့ဆေးအကြာကြီးပေးရင် ပြန်မနိုးမှာလည်း ကြောက်ရသေးတယ်။ မနိုင်လို့ ၂ ခါခွဲ သယ်ရတာက အကြောင်း မဟုတ်ဘူး။ ခွဲခုံပေါ်မှာ လူနာသေမှာတော့ ကြောက်တယ်။ ဒီလောက်နဲ့ပဲ လက်စသပ်ကြပါစို့ ဆို လက်လျှော့ပြီး ပြန်ထွက်ကြတယ်။ နို့မို့ဆို ဆာဂျင် အသက်ထွက်တော့မယ်။
အမှန်တော့ ဒီလူနာတွေကို ဓါတ်ကင်ရမှာ။ ဒါပေမယ့် ဓါတ်ရောင်ခြည်ဆေးကုဌာနက လူနာတွေများလွန်းလို့ ရက်ချိန်းတောင် မပေးနိုင်တော့ဘူး။ အရင်ကတည်းက သားအိမ်ခေါင်းကင်ဆာတွေခွဲပေးပြီးရင် သူ့ဆီ မရောက်ရောက်အောင် လမ်းစားရိတ်ပေးပြီးကို လွှဲတယ်။ စာအုပ်လုပ်ပေးပြီး “အလှည့်ရောက်ရင် ဖုန်းဆက်ခေါ်လိုက်မယ်။” ဆို ပြန်လွှတ်လိုက်တာချည့်ပဲမို့ ရွှေတိဂုံ၊ မဟာမြတ်မုနိ ဖူးပြီး ပြန်လာကြရတာ။ မတတ်နိုင်ဘူးလေ။ လူဆိုတာ သေမျိုးချည့်ပဲ။ ရုပ်ရှင်ထဲက ဆရာဝန်တွေလို ခေါင်းလေးယမ်းပြပြီး “အချစ်ရေ ပြန်။ ပြန်တော့ကွယ်။ အပြင်မှာ မိုးလည်း ရွာတော့မယ်။” ဆို ငြင်းလိုက်လည်း ရလျက်သားနဲ့။ သက်သက် ဒုက္ခရှာမိတာ။ အဲ့ဒါလည်း မတတ်နိုင်ပါဘူးကွယ်။ လူနာတွေ ဆေးကုတယ်ဆိုတာက ကိုယ်တိုက်နေတဲ့ စစ်မျက်နှာပဲဟာ။ health system တစ်ခုလုံး ဗရမ်းဗတာဖြစ်နေတဲ့အချိန်မှာ ကိုယ်ရသမျှတော့ ကုရမှာပဲ။ သေတာရှင်တာ သူ့ကံတရား။
အဲ့ဒီက ပြန်လာတော့ မောလွန်းလို့ ထမင်းတောင်မစားနိုင်ပါဘူး။ ရေချိုးပြီး တရေးလောက်အိပ်လိုက်တာ ဆေးဖာတွေရောက်တယ်ဆိုမှ ပြန်နိုးတယ်။ ငှက်ဖျားဆေးတွေ test kit တွေ ကုန်ခါနီးပြီ။ ထပ်မှာရပြန်ဦးမယ်။ တစ်လတစ်လ လူ ၄-၅၀၀ လောက် ငှက်ဖျားဖြစ်နေတာနော်။ ဆေးတွေ အဲ့လောက် ရှားပါးနေရတဲ့အထဲ။ ကိုယ်တို့နေရာက ထိုင်းနယ်စပ်က ဆေးရုံများလို တဘက်နိုင်ငံက ဆေးဝါးအထောက်အပံ့ ပစ္စည်းတွေ ရောက်လာဖို့ မလွယ်ကူပါဘူး။ လူသားချင်း မစာနာနိုင်ပဲ ကိုယ့်အကျိုးစီးပွါးကိုယ်ကြည့်တဲ့ တရုတ်တို့ အိန္ဒိယတို့ဆီကရော လူသားချင်းစာနာတဲ့အထောက်အပံ့တွေ ဘယ်လိုနည်းနဲ့ ရောက်လာမှာမို့လဲ။ ဘင်္ဂလားကလည်း လိုချင်သပဆို လူအင်အားပဲ ဖြည့်ပေးနိုင်တာ။ အဲ့ဒါလည်း စကစ စစ်သားစုဆောင်းရေးထဲမှာ သူတို့ချည့်ခေါ်သုံးနေတာလေ။ ရခိုင် နဲ့ မီးတိုက်ပြီး သတင်းလိမ်တွေ ဖြန့်ဖို့လည်း သုံးတယ်။ အဲ့ဒီတော့ ကိုယ်တို့မှာ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်ဖို့ပဲ ကြိုးစားရတယ်။ အဲ့သလောက် ရှာဖွေစုဆောင်းနေတဲ့ကြားထဲက လောက်တယ်လို့ကို မရှိဘူး။ ကျားကြီးတော့ ခြေရာကြီးပြီ မဟုတ်လား။
ကိုယ်တိုက်နေတဲ့ စစ်မြေပြင်က အဲ့ဒီထက်လည်း မကပါဘူး။ ကိုယ်တို့ရဲ့ ဆက်သွယ်ထောက်ပို့လမ်းကြောင်းတွေကို ဖြတ်တောက်ချင်တဲ့ စကစ ကောင်တွေက VPN တွေ လိုက်ဖမ်းပြီး လိုင်းမသုံးနိုင်အောင် လုပ်နေတယ်။ သူတို့ ဝါဒဖြန့် ဆိုက်ဝါးသုံးနေတဲ့ MRTV မြဝတီ ကလွဲရင် ဘာမှကို မကြည့်စေချင်တာ။ ပြည်သူကို တံခါးပိတ် အမှောင်ချဖို့ တစိုက်မတ်မတ် ကြိုးစားနေတာလေ။ အချိန်ကာလ ကြာငြောင်းလာတဲ့အခါ တော်လှန်ရေးအပေါ်မှာ ပြည်သူလူထုရဲ့ စိတ်ဝင်စားမှု ကျဆင်းလာမှာကိုလည်း စိုးရသေး။ ဒါကြောင့်မို့ အရင်ကထက် အများကြီး ပိုကြိုးစားရပါတယ်။ စာတွေလည်း အဆက်မပြတ် ရေးဖို့ အားထုတ်ရတယ်။ Facebook Page အသစ်၊ YouTube Channel အသစ် ထောင်ပြီး content တွေ အဆက်မပြတ် create လုပ်နေရတယ်။ Starlink က ဈေး ၂ ဆ တက်သွားပြီတဲ့။ ဆက်သွယ် ချိတ်ဆက်ရုံနဲ့ မပြီးဘူး။ လိုင်းပေါ်က ငွေရှာနိုင်မှ သုံးရတာ တန်မယ်။ ဒါနဲ့ပဲ ဒီရုပ်ကြီးကို ခဏခဏ ထုတ်ထုတ်မပြချင်သော်ငြား ဖယောင်းတိုင်လေးထွန်းလို့ စာပေဖတ်ကြားသူအလုပ်ကိုလည်း လုပ်ရပြန်ပါတယ်။ “အလကားနေ Starlink ရတုန်း အောကားဒေါင်းမယ်၊ ဆက်ချတ်မယ်။” ဆိုတဲ့ ဒေါ်စိန်အေးသားတွေလို မသာယာနိုင်ပါဘူး။ ညဉ့်နက်သန်းခေါင် မအိပ်မနေ အလုပ်လုပ်နေရတာ။ ကိုယ် အရမ်းကို ကြိုးစားနေပါတယ်။ အစွမ်းကုန်ကို ရုန်းနေတာ။ နိုင်ချင်တယ်လေ။ နိုင်တော့မှာလေ။ မကြာချင်တော့ဘူး။ ဘယ်သူ့ကိုမှ မကြည့်တော့ဘူး။ ကိုယ့်ခြေနဲ့ကိုယ် မိုင်ကုန်ပြေးနေတာ။
ကိုယ့်အဖို့ကတော့ အသက်တောင် ပေးထားပြီးပါပြီ။ သေချင်လည်း သေပါစေတော့။ အေး။ မသေခင်တော့ ကိုယ့်မှာ ရှိသမျှ ၃၂ ကောဌာသ အကုန်လုံး အမှုန့်အညက်မကျန် ဒီကောင်တွေအတွက် အဆိပ်အတောက် ဖြစ်ပြီး လှိုက်စားလောင်မြိုက်စေမယ့် biological weapon တစ်ခု ဖြစ်စေရမယ်။ ရေးသမျှ စကားလုံးတိုင်းက ဓါးသွားလို စူးရှစေချင်တယ်။ တော်လှန်ရေးအတွက်ဆိုရင် ကိုယ်စွမ်းဉာဏ်စွမ်း ရှိသမျှတင် မကဘူး။ ဟိုး ဘဝါဘဝက ကုသလ ပါရမီတွေပါ တစ်ခုမကျန် အသုံးချပြီး အနိုင်ယူပြမယ်။ အိပ်လည်းဒီစိတ် စားလည်း ဒီစိတ်ပဲ။ စစ်ကောင်စီကို ဆန့်ကျင်တဲ့ အလုပ်မှန်သမျှ အကုန်လုပ်မယ်။ မရပ်မနား လုပ်မယ်။ ဆထက်ထမ်းပိုး တိုးပြီးတော့ကို လုပ်သွားမယ်။
ကိုယ်တို့မှာ ဘယ်အချိန် ဘယ်အခြေအနေကျ ဘာလုပ်မယ်ဆိုတဲ့ plan ရှိပါတယ်။ ပြုသမျှ နုနေရတဲ့ အနေအထား မဟုတ်ပါဘူး။ ပြည်နယ်တွေ အားလုံး တပြိုင်တည်းလိုလို လွတ်မြောက်ကြတော့မှာပါ။ သူတို့က VPN တွေ တအိမ်တက်ဆင်း လိုက်ဖမ်းနေချိန်မှာ ကိုယ်တို့သိမ်းထားလိုက်တဲ့ စစ်စခန်းတွေမှ အများကြီး။ အဲ့ဒီသတင်းတွေ မကြားရဲလို့ Facebook မသုံးရဲတာနေမှာ။ လက်နက်ကိုင်ချင်းတိုက်တဲ့ စစ်ပွဲတိုင်းမှာ အရှုံးချည့်ပဲမို့ လက်နက်မဲ့တွေကို အနိုင်ကျင့်ပြီး ဆောက်တည်ရာ ရှာနေတာ။ အခုတော့ ပြည်သူတွေက လက်နက်ကိုင်ရော လက်နက်မဲ့ရော ပေါင်းပြီး ဖက်ဆစ်စစ်တပ်ကို အမြစ်ဖြတ်ကြတော့မယ်။ တိုက်ပွဲတွေက မြို့ပေါ်ရောက်လာကြပြီ။ စစ်သားတွေကို တပ်ပြင်စည်းရုံးရေးဆင်းခိုင်းသတဲ့လား။ ဟားဟား။ အညောင်းပြေ အညာပြေ၊ အပြင်လေလေး ထွက်ရှူရဲရင် ရှူကြပါဦး။ ထွက်ပြေးမှာစိုးလို့ ကြိုးချည်ပြီး တိုက်ခိုင်းထားရတာများ။ ဒီက ရှေ့လျှောက် တဝက်လောက်က နောက်ကျည်နဲ့ချည့် စားရိပ်ငြိမ်းဖို့မြင်တယ်။ ရိုးရိုးပြေးလို့ မရရင် ပစ်ပြီးပြေးမှာ။
တိုက်ပွဲတွေ အကြားမှာ ဆေးရုံကို တပ်စခန်းပုံစံ လှုပ်ရှားတက်ဆုတ်နိုင်အောင် ပုံစံပြောင်းထားတာမို့ ဒီတစ်နေရာက ဆုတ်လာရင် နောက်တစ်နေရာမှာ အထိုင်ကျအောင် ပြောင်းလဲဖွဲ့စည်းရတာပါပဲ။ အထိုင်တစ်ဖွဲ့၊ အထွက်တစ်ဖွဲ့ အလုပ်လုပ်တာ အထာကျလာပြီ။ တိုက်ပွဲနဲ့ လက်တကမ်းရောက်လာလို့ Civil service ကိုတော့ အရင်လို မပေးနိုင်သေးဘူး။ Malaria တစ်ခုကိုပဲ သေသေချာချာ ကုပေးနိုင်တယ်။ မွေးလူနာ နဲ့ အရေးပေါ်တော့ လက်ခံတယ်။ ကိုယ့်သဘောအတိုင်းဆိုရင်တော့ ဆေးရုံမှာ ပြန်အထိုင်ချပြီး elective တွေပါ ခွဲပေးချင်ပြီ။ ဒါပေမယ့် တရုတ်ကြီးက ဒရုန်းတွေ စကစကို ရောင်းပေးထားတာမို့ ဒရုန်းတထောက်စာ အကွာအဝေးအတွင်းမှာ စိတ်ချလက်ချ မနေနိုင်ဘူး။ ကိုယ်ရောင်ဖျောက်ပြီး ခွဲစိတ်နေရတာ။ အခုတောင် အခြေအနေ မကောင်းလို့ တရွာလုံး ပြေးကြရှောင်ကြရပြန်ပြီ။ မီးခြစ်ဆံတစ်ချောင်း ကြံတစ်သောင်းတဲ့။ တာ့ကောတော့ ပိုက်လိုင်းမီးရှို့ခံရဖို့နီးပြီ။
အခုတခေါက် ပွဲကရင်တော့ ပွဲကြီးပွဲကောင်း ဖြစ်လိမ့်မယ် ထင်ပါတယ်။ သူနိုင်ကိုယ်နိုင် အပြိုင်ကြဲရလိမ့်မယ်။ နိုင်သွားရင်လည်း စိတ်အေးလက်အေး အထိုင်ချပြီး Referral Hospital တစ်ခုဖြစ်အောင် တိုးချဲ့ယူရမယ်။ အဲ့ဒီအတွက် ရည်မှန်းပြီး စုထား အုထားတဲ့ အရာတွေ အများကြီးပဲ။ ကိုယ့်မှာလည်း တနေ့တခြား တိုးပွါးလာစရာ အကြံအစည် ရည်မှန်းချက်တွေ မရှိပဲ နေမလား။ ကြံစည်တိုင်း ဖြစ်မလာတာ ဘာတစ်ခုမှမရှိသေးဘူး။ စစ်ပွဲတစ်ပွဲစီ တစ်ပွဲစီ မကြည့်ပဲ ပြည်နယ်တစ်ခုလုံးကို ခြုံကြည့်လိုက်ရင် တိုင်းရင်းသားတွေဟာ စစ်ကောင်စီအစိုးရကို သူတို့ပြည်နယ်ထဲကနေ ပြည်ပုပ်သွေးပုပ်တွေ အနာဝက ညှစ်ထုတ်သလို အကုန်အစင် ထွက်သွားအောင် မောင်းထုတ်နေကြတယ်ဆိုတာ သိသာမြင်သာပါတယ်။ တဆက်တည်းမှာပဲ ကြားကာလ ဖက်ဒရယ်အုပ်ချုပ်ရေးနဲ့ အစားထိုးနေရာယူဖို့ လုပ်ဆောင်နေတာလည်း တွေ့နေရတယ်။ ကျောင်းတွေ၊ တက္ကသိုလ်တွေ ပြန်ဖွင့်နေကြပြီ။ ဆေးရုံတွေလည်း ပြန်ဆောက်နေကြပြီ။ အုပ်ချုပ်ရေး၊ တရားစီရင်ရေးအဖွဲ့တွေပါ နေရာလပ်မရှိအောင် ဖြည့်ထားကြပြီ။ မောင်ပုတစ်ကောင်သာ ရွေးကောက်ပွဲလုပ်ဖို့ ဧည့်စာရင်းစစ်နေသတဲ့။ ကိုသန်းဌေးတောင် ဝင်အရွေးခံမှာ မဟုတ်ဘူး။ နောက်တစ်ခါ ဘုရားထီးတင်ရင် ပြည်မှာ သွားတင်ကြကွာ။ မင်းတို့ကို ဘောဘောကြီးပဲတဲ့။
ဒီဘက်က ဖက်ဒရယ်အစိုးရဆီကနေ အုပ်ချုပ်ရေးအဆောက်အဦတွေ ထောင်တက်လာတာနဲ့ တသက်လုံးအဖျက်အမှောက်ချည့်ပဲ လုပ်လာခဲ့တဲ့ အကြမ်းဖက်စစ်ကောင်စီကလည်း မဆိုင်းမတွ လေယာဉ်နဲ့ ဗုံးလာကျဲမယ် ဆိုတာ သိပါတယ်။ အဲ့ဒီအချိန်ကျရင် လေကြောင်းရန်ကာကွယ်ပေးမယ့် နိုင်ငံတကာ အစီအရင် တစ်ခုခု အသက်ဝင်လာအောင်လည်း ကြိုးစား ပေးကြပါဦး။ ကိုယ့်ဆေးရုံက နယ်စပ်မျဉ်းနဲ့ အလှမ်းဝေးလွန်းတော့ တဘက်နိုင်ငံကနေ “တက်မလာနဲ့။ တောက်ချပစ်လိုက်မယ်။” အကာအကွယ်မျိုးတော့ ရနိုင်မှာ မဟုတ်ဘူး။ လေဆိပ်တွေ သိမ်းပြီးတဲ့အခါ “လေသူရဲတွေ လေယာဉ်ပျံနဲ့အတူ အလင်းဝင်လာရင် ဘယ်လောက် ပေးမှာလဲ။” ကိုနဝနကြီးကို မေးပေးပါဦး။ ငှက်ပစ်တံနဲ့ချည့် ပစ်ချရတာ အားမရဘူး။ fighter jet အချင်းချင်း ကောင်းကင်မှာ fight ရမှ အရသာရှိတာမှလား။ End game ဆိုတော့ super power တွေနဲ့ level up ဖြစ်လာရမယ်လေ။ Mobile Legend ဆော့တဲ့ကလေးတွေနဲ့ စစ်တိုက်တဲ့ ဒေါ်စိန်အေးသားတွေ ခုတော့ မျိုးတုန်းဖို့ ဖြစ်လာရပြီ။ တံတားဦးလေဆိပ်ကအထွက်မှာ ထေရ်ကြီးဝါကြီးမရှောင် ရမ်းသမ်းပစ်ခတ်တဲ့ စခတွေကတော့ ဘယ်လိုကျိန်စာဆိုးမျိုးသင့်မလဲ စောင့်ကြည့်ရမှာပဲ။ သံဃမဟာနာယက ဆရာတော်တွေကရော ဘာတဲ့တုန်း တရားနာ ပရိသတ်ရဲ့။ ကျုပ်များ ဧယျာဉ်ကျူး လာငှါးလို့ကတော့ မျက်ရည်တွေ ဘူးသီးလုံးလောက်ကျအောင် ပစ်ခတ်ပြီး ငိုပလိုက်မှာ။ “အဖြစ်ဆိုးလှချည်လား ဖယာ့။ ရက်စက်လိုက်လေခြင်း။ ဒဗျိတော် မခံနိုင်ဘူးဖျား။ လက်တုန့်ပြန်ပရစီ။” ဆို ကျခတ်ဝိုင်း ထဲ ရိုင်ဖယ် တစ်လက်နဲ့ တက်တခေါက်ခေါက် လူးလှိမ့်ပြီးကို ငိုမှာ။ အခုလောက်ဆို ဇော်မဲလုံးက သတင်းထုတ်ပြန်ဖို့ စာစီနေလောက်ပြီ။ “PDF တွေ ပစ်တာပါ။” ဆိုပြီး။ ကားနောက်ခန်းကပါတဲ့ ဆရာတော်များလည်း သတိထားတော်မူပါဖျား။ ရွှေနှုတ်တော် လာပိတ်နေပါဦးမယ်။ ဒီလူတွေ ပြောလို့ရတာ မဟုတ်။ မနက်ကျ မဟာသမယသုတ် ရွတ်တဲ့အခါမှပဲ စကြာငဠာတိုက်တစ်သောင်းက နတ်ဗြဟ္မာအပေါင်းတို့ကို နံမည်လေး တ တ ပြီး တိုင်ဦးမယ်။ နှိမ်နင်းနှင်ထုတ် တော်မူကြပါကုန်။