ဒီတခါ ရွေးထားတဲ့ သီချင်းကတော့ အဆိုတော် ကိုအံ့ကြီး ရဲ့ “စိမ့်ကြီးမြိုင်ကြီး” မြိုင်ထ ပါ။ မန္တလေးမြို့မက ဦးဘသိန်း ရေးပါတယ်။ အရင်က ကိုအံ့ကြီးသီချင်းတွေကို ဘိုဆန်ဆန် ကြားခဲ့ဖူးသလောက် ဒီတခါတော့ ဗမာလိုလည်း ကျကျနနဆိုပြသွားတာ ကြားရပါမယ်။ အတီးက ရွာစား စိန်မောင်ကို ပါတဲ့။ ဗမာဇာတ်မင်းသားများ မြိုင်ထဆိုတဲ့အခါ ခုနှစ်သံချီပြီး လွင့်နေအောင် ဟစ်ကြတဲ့ဓလေ့ကို ဒီသီချင်းမှာ အသံပါးပါးလေးနဲ့ သာသာယာယာ ဆိုပြသွားပါတယ်။ မြို့မဆိုတာ တခါလာ ဂေါ်ဂေါ်ဂီဂီနဲ့ လေမှုတ်တူရိယာသံ သီချင်းများသာ ရေးဆိုတီးကြတယ်လို့ ပြောနေတဲ့သူတွေကိုလည်း ဘယ်လောက်ဗမာဆန်သလဲဆိုတာ ပြခဲ့တဲ့ သီချင်းတစ်ပုဒ်ပါ။ ရွှေမန်းတင်မောင်၊ စိန်အောင်မင်း၊ ပန်တျာကြည်လင် နားထောင်ဖူးခဲ့ရင် ဇာတ်ဆိုနဲ့ အရပ်ဆို ဘယ်လိုကွာသလဲ သဘောပေါက်ပါလိမ့်မယ်။ ခုခေတ် ဇာတ်မင်းသားများတောင် ဒီလိုဆိုနိုင်တဲ့သူ မရှိတော့တာ အတော်ကြာပါပြီ။ ဒီကနေ့ အင်တာနက်သုံးနေတဲ့ လူငယ်တွေအဖို့ ဇာတ်သဘင်ဆိုတာ အရုပ်ရေးပြရမယ်ထင်ပါတယ်။ နတ်ကန္နားသာသာ အဆိုအကနဲ့ ဇာတ်မင်းသားများတောင် ကြည့်ဖူးကြမယ်မထင်ပါဘူး။ လက်ရှိနံမယ်ကျော်နေတဲ့သူတွေကို ထိမ်းသိမ်းနေဆဲရယ်လို့ လေးစားပါတယ်။ ဒါပေမယ့် အရိုးနဲ့အရွက်မကွဲတာတော့ အမှန်ပါ။ အဆင့်အတန်းမီတဲ့ နောက်ပိုင်းဇာတ်မျိုးကို နိုင်ငံတော်အဆင့် ပြိုင်ပွဲတွေမှာတောင် မတွေ့နိုင်တော့ပါဘူး။ ကွယ်ပျောက်တိမ်မြုတ်သွားတာ နှမြောစရာကောင်းပါတယ်။
ဒီသီချင်းကို တင်ရတဲ့ ရည်ရွယ်ချက်က ပြန်လည်ရှာဖွေလို့ ရသလောက်ကို မျှဝေပေးချင်တာပါ။ ဒီသီချင်းများဟာ ဗမာရှင်ဘုရင်တွေခေတ်တုန်းကတော့ ရွှေနန်းတော်ကြီးမှာသာ ကြည့်ရကြားရတဲ့ အနုပညာတွေပါ။ အင်္ဂလိပ်လက်အောက်ရောက်လို့ ပညာရှင်တွေ အရပ်ထဲ ရောက်လာတဲ့အခါမှာ လက်ဆင့်ကမ်း သင်ကြားပေးရင်း မြန်မာ့ဇာတ်သဘင်ရယ်လို ပြည်သူခံစားနိုင်တဲ့ အခြေအနေ ရောက်လာခဲ့ပါတယ်။ ဇာတ်ရယ်လို့ စတည်ရင် ရှင်ဘုရင်နဲ့ မူးကြီးမတ်ရာတွေက နေရာ၊ အချိန်၊ ဇာတ်ကောင်ကို ဇာတ်ပန္နက်ချပြီးတဲ့နောက် မင်းသား နဲ့ မင်းသမီးက ပြည်တော်ပြန်၊ စခန်းချ မြိုင်ထ နဲ့ နှစ်ပါးသွားပါတယ်။ ဒီသီချင်းဟာ တခြားမြိုင်ထသီချင်းများနဲ့ မတူတာကတော့ နန်းမဆန်ပဲ အရပ်ဆန်တဲ့ စကားအသုံးအနှုန်းများပါ။ ပင်ပန်းလို့ ညှိုးနွမ်းနေရှာတဲ့ ချစ်သူကလေးကို “ဟိုမှာကြည့်စမ်း ဖိုးခေါင်ငှက်ကလေးက ချော့နေတယ်။ ဟော ကြည့်..ကြည့်.. ရယ်တော့မယ်.. ရယ်တော့မယ်… ရယ်လိုက်ပါတော့ကွယ် ..” လို့ အမောပြေအောင် ကျီစားတာ သိဂ်ါရဆန်သလို မျက်စေ့ထဲလဲ ကွက်ကွက်ကွင်းကွင်း မြင်စေပါတယ်။ သီချင်းဆုံးကာနီးမှာ ဗုံထောက်သံနဲ့ချတဲ့အခါ “စုံကန္တာ နေပူခရီး ဘယ်ထီးမှ မပါပါတယ်..” ဆိုတဲ့ အသုံးကို ကာတွန်းတင်အောင်နီ ရဲ့ ရုပ်ပြထဲမှာ စဖတ်ခဲ့ဖူးပါတယ်။ “စလူရွက် ခြူလက်ဝယ်ကိုင်ကာ” ဆိုတဲ့အမည်နဲ့ ၀တ္ထုတိုလည်းဖတ်ဖူးပါတယ်။ ဒီသီချင်းနားထောင်ရမှ ဘယ်ကလာသလဲ သိရတာပါ။
ငယ်ငယ်က နေခဲ့တဲ့ ရွာကလေးက သစ်ပင်ဝါးပင်တွေနဲ့ အုပ်အုပ်ဆိုင်းဆိုင်းရှိပေမယ့် မိုးနည်းရေရှားရပ်ဝန်းက ဆိုတော့ စာဖွဲ့လောက်အောင် စိမ်းစိမ်းစိုစိုတော့ မရှိပါဘူး။ ရန်ကုန်ဆိုတာကတော့ ပြောမနေနဲ့။ ဓါတ်ကြိုးမလွတ်လို့ဆို နတ်နေကိုင်းတောင် ချန်တာမဟုတ်။ စိမ်းစိမ်းစိမ်းစိမ်းဆိုလို့ ပုဆိုးဝတ်ကြီးတွေပဲ ရှိမယ်။ ရှမ်းပြည်ကို တက်တုန်းက မြင်ခဲ့ရတဲ့ သစ်ပင်တွေကတော့ ဥယျာဉ်စိုက်ခင်းနဲ့ ခြံတွေပဲတွေ့ခဲ့ရတယ်။ သဘာ၀ သစ်တောတွေ မတွေ့ခဲ့ဘူး။ တောကြီးမျက်မည်းဆိုတာကို ဘူတန်ရောက်မှ မြင်ဖူးရောက်ဖူးပေမယ့် ထင်းရူးပင်တွေသာများပြီး သစ်ကြီးဝါးကြီး သိပ်မတွေ့ခဲ့ဘူး။ ရှိတဲ့ အပင်ကြီးတွေကလည်း ထိုးထိုးထောင်ထောင်သာ ရှည်နေတာ။ အုပ်အုပ်ဆိုင်းဆိုင်း မရှိဘူး။ မိုးနဲ့ မအေးပဲ နှင်းနဲ့ အေးတဲ့ အရပ်မို့ သူတို့သစ်တောများဟာ မီးခိုးရောင်မှိုင်းမှိုင်းသာ ဖြစ်တယ်။ စိမ့်ကြီးမြိုင်ကြီးလို့တော့ စာမဖွဲ့လောက်ဘူး။ ဒါနဲ့ပဲ ကိုယ့်တစ်သက်တော့ စိမ့်ကြီးမြိုင်ကြီး ရိပ်ကြီးတောတောင် မှိုင်းဝေဆာမှောင် မြအရောင်လို တတောင်လုံး ပြိုမည့်ဟန်လို မိုးဆင်လာဖုံး ဆိုတဲ့ သစ်တောကြီးတွေကို တွေ့ခွင့် မကြုံတော့ဘူးလို့ ထင်နေတာ။ အမ်းကိုရောက်တော့မှ မှားမှန်းသိတော့တယ်။ အမ်းမြို့ကတော့ ခြောက်ခြောက်သွေ့သွေ့ ဖုန်တသောသောမို့ အညာမြို့ကလေးတွေနဲ့ မခြားပါဘူး။ ဒါပေမယ့် အမ်းကနေ ရိုးမပေါ်တက်ပြီး မအီလမ်းဘက်က စက်တော်ရာ အစုံကို သွားဖူးလိုက်တဲ့အခါမှာတော့ တကယ်ကို စိမ့်ကြီးမြိုင်ကြီးထဲကို ရောက်သွားခဲ့ပါတယ်။
ပထဝီသင်ခဲ့တုန်းက သဘာဝပေါက်ပင်အကြောင်းပြောတော့ သမပိုင်းဒေသက ရွက်ကြွေတောတွေနဲ့ အပူပိုင်းဇုံက အမြဲစိမ်းတောတွေ မတူဘူးဆိုတာ အခုမှ သတိထားမိပါတယ်။ မိုးများတဲ့အရပ်ဖြစ်တဲ့အပြင် ဘင်္ဂလားပင်လယ်က မိုးတိမ်တွေကို မြန်မာပြည်ကြီးထဲ မရောက်အောင် သဘာဝခံတပ်ကြီးအဖြစ် တည်ရှိနေတာမို့ ရခိုင်ရိုးမက သစ်တောတွေဟာ ရာသီဥတုကလည်းကောင်း၊ ရေခံမြေခံကလည်းကောင်း၊ ဒီလောက်တောင် အတုံးအရုံးခုတ်နေတဲ့ ကြားက စိမ်းနေတုန်းပါပဲ။ ဘယ်သူမှ မခုတ်ပဲ အလိုလို ဆွေးခြောက်ကုန်တဲ့ သစ်ပွသားတွေမဟုတ်လို့ တစ်ပင်တစ်ပင် လူသုံးယောက်လောက် ဖက်ရပြီး လွင့်နေအောင်ကို မြင့်ပါတယ်။ ကွန်း၊ ပျဉ်းကတိုး၊ အင်၊ ကညင် စတဲ့ အဖိုးတန်သစ်တွေပါ။ ဒါကြောင့်လည်း သစ်တောကို ရတနာလို့ ပြောကြပြီး အင်္ဂလိပ်တွေ မျက်စိကျသွားလို့ မြန်မာနန်းဆက်ပျောက်သွားရတာနေမှာ။
မအီစက်တော်ရာကို ဘုရားဖူးသွားတဲ့လမ်းဟာ မန်းစက်တော်ရာလို လူအများသွားလာနိုင်ဖို့ လမ်းဖောက်မပြီးသေးတာမို့ သစ်လုပ်ငန်းက ဆင်တွေသွားတဲ့ လမ်းအတိုင်း နေကုန်အောင်သွားရပါတယ်။ ဆင်သွားရာ လမ်းဖြစ်တယ်ဆိုတဲ့ စကားပုံကိုလည်း လက်တွေ့သဘောပေါက်သွားတာပေါ့။ ဒါကြောင့် မြန်မာဘုရင်တွေ ခေတ်တုန်းက စီးလို့ရတဲ့ တိရိစ္ဆာန်တွေထဲမှာ ဆင်ကို ဘဂျဲရိုးလောက် သဘောထားကြတာ။ တချို့နေရာတွေမှာ လေးဘက်ကုန်းလို့ တွားသွားလို့တောင် တက်ယူရပါတယ်။ ဘူတန်က ကျားရဲတွင်းကို တက်ခဲ့တုန်းက တောင်ဆိုတာ သေသေချာချာ အီစလံဝေနေအောင် တက်ခဲ့ရသလို ဒီတခါမှာတော့ တောဆိုတာ ရေရေရာရာ ရောက်ခဲ့ပါတော့တယ်။ ရွှေစက်တော်သွားတောလားထဲမှာပါတဲ့ မျောက်ကကြိုးခွေ ဆိုတာလည်း ကိုယ်တိုင် ကြားလိုက်ရတယ်။ တိရိစ္ဆာန်ရုံထဲက ဝူကူး ဝူကူးအော်တဲ့ မျောက်တွေအသံ အနီးကပ်ကြားရတာ။ အမ်းရောက်မှ ခွေးအတွေအသံဆိုတာလည်း ကြားဖူးသွားတယ်။ အပြန်ကားလမ်းနံဘေးမှာ ကြောင်အကြီးစားလေးလို့ မှတ်နေတာ။ မဟုတ်ဘူး။ အဲဒါ ကျားပေါက်တဲ့။ ရင်ဂိုတို့ ဆင်ပေါက်တို့တော့ မတွေ့ခဲ့ဘူး။ ဆင်ကတော့ သစ်လုပ်ငန်းက ဆင်တွေ အားကြီးပဲ။ တောင်တဘက်က တဘက်ကိုကူးရင် အိမ်ရှင်ကို ခွေးကြည့်ပါဦး ပြောသလိုပဲ။ ဆင်လွှတ်ထားသလား အော်မေးပြီးမှ သွားရတယ်။ တောထဲမှာ အိမ်ခြေလေးတွေရှိသားလို့ အောင့်မေ့တာ အဲဒါ ဆင်ထိမ်းတွေနေတဲ့ ဆင်စခန်းတဲ့။ သူတို့ထဲက သစ်ပင်ပိလို့သေတဲ့ အလောင်းတစ်လောင်းတောင် ဆေးရုံကို ရောက်လာဖူးသေးတယ်။ နွယ်ပင်နွယ်ဒါန်း ကျောက်ဖျာ ကျောက်ခါးပန်းတွေလည်းပေါမှပေါ။ ပါးပျဉ်းအကြီးကြီးခွေနေတဲ့ သစ်မြစ်ဆုံကြီးတွေရောပဲ။ ရွာငယ်ကလေးတွေလည်း ရှိတယ်။ ဒီလိုတောနဲ့နီးလို့လည်း အမ်းကထမင်းဆိုင်တွေမှာ ဆတ်သားခြောက် နံမယ်ကြီးတာနေမှာ။
တတောင်နဲ့တတောင်ကြားမှာ ကွေ့ကွေ့ဝိုက်ဝိုက် စီးနေတဲ့ စမ်းချောင်းကလေးတွေကလည်း အများကြီးရှိနေတာလား၊ တစ်ခုတည်းကို အခါခါ ဖြတ်နေရတာလားတောင် မသိတော့ဘူး။ တောထဲမှာ လည်နေမှာကိုတော့ မပူရဘူးဗျ။ ကိုယ်လျှောက်တဲ့လမ်းမှာ ဆင်ချေးတုံးတွေ တွေ့နေသရွေ့ ဘယ်မှ မလွဲဘူး။ လမ်းခွဲသွားတောင် ရှေ့မှာ ပြန်ဆုံမှာ။ လောက်ကိုင်မှာတုန်းက ၀က်တစ်ကောင် သိန်းချီတန်တယ်ဆိုလို့ အံ့သြနေတာ။ ရိုးမမှာတော့ ဆင်တစ်ကောင် ဗင်ကားတစ်စီးဖိုးရှိတယ်ဗျ။ ကျုပ်တို့လူတွေသာ နှစ်ပြားမတန်တာ။ ဆင်သတ်အရပ်ဝေရင် ကုန်နိုင်ပါ့မလားတောင် စိတ်ပူမိတယ်။ ဆင်သေလို့ မြေမြုပ်ဖို့ တူးရရင်လည်း သေရချည်ရဲ့။ အိုးမရှိလို့ ဆင်ဖြူတော်ပြုတ်စားဖို့တော့ မစဉ်းစားပါဘူး။ မြန်မာဆင်တွေက အယုဒ္ဒယမှာ စီးခဲ့တဲ့ ထိုင်းဆင်တွေထက်တော့ ပိုလှသလိုပဲ။ စွယ်စုံကြီးတွေ။
အထက်စက်တော်ရာရှိတဲ့ မအီချောင်းစပ်က တောင်ကလေးတစ်ခုလုံးကတော့ ငှက်ပျောညွန့်ရောင် တတောင်လုံးစိမ်းနေတဲ့ ဝါးတောကြီးပါပဲ။ ဆင်နင်းလို့ လမ်းဖြစ်နေတဲ့တဘက်တချက်မှာ ဝါးရုံပင် ကြီးကြီးငယ်ငယ်တွေကို ချောင်ရွန်ဖတ်နဲ့ ကျန်ဇိယီတို့ သိုင်းကစားတဲ့ ၀ပ်နေသောကျား ပုန်းနေသောနဂါး ရုပ်ရှင်ထဲကအတိုင်း တွေ့ရတယ်။ ဒါကြောင့် အမ်းမှာ မျှစ်ပေါတာကိုး။ သူတို့က ဝါးတုတ်လို့ ခေါ်ကြတယ်။ ဒီမှာ အိမ်သုံးဖို့ဝါးလိုရင် ၀ယ်စရာမလို၊ ကျောက်စရစ် နဲ့ သဲဆို အမ်းချောင်းထဲသွားတိုက်၊ လှည်းခပဲ ကုန်တယ်။ တောင်ထိပ်ကျောက်ဆောင်ကလေးက ကျောက်သားပြင်ပေါ်မှာ တတောင့်ထွာသာသာ ခြေတော်ရာကလေး ဖူးခဲ့ရတယ်။ ကိုယ့်အပြင် တခြားဘုရားဖူးတောင် မရှိသေးဘူး။ အောက်စက်တော်ရာကတော့ မအီချောင်းထဲက ကျွန်းကလေးပေါ်မှာ၊ သူလည်းကျောက်သားပြင်ပေါ်က ခြေရာကလေးပဲ။ ဖောင်သမားတွေ ရောင်ခြည်တော်လွှတ်တုန်း ဖူးခဲ့ရတာက စတွေ့ခဲ့တယ်ပြောတယ်။ နှစ်စဉ် သင်္ကြန်ရက်တိုင်း တောဆင်ရိုင်းကြီးးတစ်ကောင် ဘုရားလာဖူးပြီး ရေသပ္ပါယ်လေ့ရှိသတဲ့။ ရိုးမပေါ်က ဘုရားတွေဟာ သင်္ကြန်ရက်ဆို ရောင်တော်ပွင့်ကြတယ်တဲ့။ မနက်အရုဏ် မတက်ခင်ကတည်းက ထွက်လာတဲ့ခရီးဟာ မိုးစုပ်စုပ်ချုပ်မှ တောင်ခြေစခန်းကို ပြန်ရောက်တယ်။ ပြန်အဆင်းမှာ နားတောင်မနားရဲဘူး။ ရပ်လိုက်ရင် သွေးအေးပြီး ကိုက်ခဲလာတာနဲ့။ ရွှေလိပ်ခြေ ဟန်တမျှငယ်နှင့် ဖြစ်သွားတယ်။
ငယ်ငယ်က ပုံပြင်တွေထဲမှာ ဖတ်ခဲ့ဖူးတဲ့ ရိုးမတောင်ခြေဆိုတာကို သေသေချာချာ ရောက်ဖူးသွားတာပေါ့လေ။ ရိုးသားသလောက် ဆင်းဆင်းရဲရဲ လုပ်ကိုင်စားသောက်နေရရှာတဲ့ ရိုးမသူရိုးမသားတွေဟာ သေကောင်ပေါင်းလဲ ဖြစ်လာရင်တောင် ဒီဆေးရုံက မနိုင်လို့ ဟိုဆေးရုံကိုလွှဲရင် မသွားနိုင်ကြပါဘူး။ လူမပြောနဲ့ အသားစစစ်ဖို့ နမူနာကလေးတောင် မပို့နိုင်ကြဘူး။ ဒီတောင်ကို မကျော်နိုင်တော့ဘူးလို့ ပြောကြတာ ဒီမှာမှ တကယ့်အစစ်။ ရောက်တာဖြင့် တစ်လမပြည့်သေးဘူး။ အမ်းမှာ ပျော်စပြုလာပါပြီ။ အတိတ်ကံ ၀ဋ်ကြွေးကြီးလွန်းလို့ မြန်မာပြည်မှာ ဆရာဝန်လာဖြစ်နေပေမယ့် နောင်ဘဝဆိုတာကို တွေးကြည့်လိုက်ရင် ကိုယ့်ကိုနှိပ်စက်နေတဲ့ အကုသိုလ်တုံးကြီးတွေနဲ့ အဝေးကြီး ဝေးသွားမယ်ဆိုတာ သိရုံနဲ့တင် ဘယ်လောက်စိတ်ချမ်းသာစရာ ကောင်းတယ်မှတ်လဲ။ ငါတို့ပညာပေးလို့ မင်းကုသိုလ်ရတာဆိုရင်လည်း ကြားကြားသမျှ အမျှ အမျှ အမျှပါနော်။
(စိမ့်ကြီးမြိုင်ကြီး၊ ရိပ်ကြီးငယ် သာဆန်းလေစွတကယ်။)၂ (တလှမ်းမကွာတယ်၊ ဘယ်ဆီမြန်းပါလေတော့ရယ်၊ နန်းညှာနွယ် တွယ်မီကာ လိုက်ရှာလေခဲ့တယ်။)၂(ကန္တာမဆုံးမီမှာတကယ် တလမ်းလုံးသီကရီ မဒီပန်းရှာရော့မယ်။ ရွှေအားတော်ငယ်နဲ့ကွယ်၊ ရွှေအားတော်ငယ်နဲ့ကွယ်)၂ ။ ဟောဒီ ကုန်းအတက်ကလေးက ချော်မယ်၊ မောင့် ပုခုံးကိုသာ မှီတွဲဖက်ပါ့ကွယ်။
(တောမြိုင်လယ် မဟီယံတဝိုက်မှာလကွယ်၊ မမောနိုင်တယ်၊ အမီအမြန်လိုက်ရှာတဲ့မယ်၊ ချောမေခိုင်ရယ်၊ ပြည်တော်ပြန်လမ်း နွမ်းရော့မယ်။)၂(တောင် တောင်ခြေ ဂမုန်းငယ်တို့ ခြောက်နှုန်းပြည့် ကေသီရယ်)၃ (ကျေးငှက်သံ ပလီတယ်)၂ တီတီတာ နော့တယ်ကိုး.. ညှိုးပါနဲ့မယ်။
(မညှိုးလေးလေ့ မညှိုးတဲ့နိုင်အောင်ကွယ်)၂ ဖိုးရွှေခေါင် ဖိုးရွှေခေါင် ငှက်ငယ်ကရယ်၊ မလေးကို (မြည်ကာချော့တယ်၊)၂ ရယ်ပါတော့ကွယ်၊ မြည်ကာချော့တယ်လေး….။
ဟိုး..တောင်ခြေစခန်းမှာလ..ဗျာ…။ (စမ်းရေအေးအိုင်ထင့် ကြည်လင်တယ်)၂။
(ဟောဒီခင်ကွယ်)၂ အပန်းပြေသောက်ရအောင် ဝါးကျည်တောက်မယ် အနည်မပါရစေဘူး။ ဖယ်ဖျောက်ကာ မောင်ယူဖို့ သွားပါ့မယ်…။ အို ခင်ရဲ့..။ မျက်ထားသုန်..မှုန်ပါနဲ့ကွယ်..။
(စုံကန္တာနေပူခရီး ဘယ်ထီးမှ မပါပါတယ်။) ၂
(မြိုင်ကြီးက စလူရွက်ကိုကွယ် ခြူလက်ဝယ်ကိုင်ချိုး) ၄
နေများခ ပျို့အသားညိုမယ်..အလိုကွယ် အနားကို တိုးလို့သာ…မိုး……။