ဒေါ်လာဈေး၊ ရွှေဈေး၊ အထွေထွေ ကုန်ဈေးနှုန်းတွေဟာ မင်းအောင်လှိုင် အာဏာမသိမ်းခင်ကနဲ့စာရင် အကြမ်းဖျင်းအားဖြင့် ၅ ဆလောက် တက်လာတယ်ဆိုတာ ပိုက်ဆံပေးဝယ်စားကြရတဲ့သူတိုင်း သိပါတယ်။ စာရင်းစာအုပ်အဟောင်းလေးများရှိရင် ပြန်သာကြည့်။ ဆေးရုံစဖွင့်ကာစက မနက်မနက် ဟင်းချက်စရာဝယ်တဲ့ ဈေးဖိုးဟာ တစ်ရက်ကို တစ်သောင်းလောက်ဆို လောက်ပါတယ်။ အခုတော့ ၅ သောင်းလောက်မှ လောက်တော့တယ်။ ဒါတောင် ဆန်ဖိုးဆီဖိုးမပါ။ မီးစက်နှိုးဖို့ ဒီဇယ်တစ်ပေပါ ဝယ်ရင် ပထမဦးဆုံး ဝယ်ခဲ့ရတာ ၂ သိန်း။ အခု ၁၀ သိန်း။ ကားခတွေ၊ တန်ဆာခတွေလည်း ငါးဆလောက် တက်တာပဲ။ မတက်တာက လခပဲ ရှိတာ မဟုတ်လား။ ဒီအခြေအနေ ဒီကုန်ဈေးနှုန်းနဲ့မှာ ဘယ်ဝန်ထမ်းမဆို သူ့လုပ်ခလစာက ၅ ဆလောက် လျော့နည်းသွားတဲ့သဘောရှိတယ်။ ရိုးရိုးသားသား လုပ်ကိုင်စားသောက်တဲ့ ဝန်ထမ်းမှန်သမျှ ဘယ်လိုနည်းနဲ့ ရပ်တည်နိုင်မှာလဲ။ စာနာညှာတာတတ်တဲ့ လုပ်ငန်းရှင်တချို့က သူ့ဝန်ထမ်းတွေသူ လစာတိုးပေးတဲ့အခါ လူကိုဖမ်း၊ ပိုင်ဆိုင်မှုတွေ သိမ်းဆည်းချိတ်ပိတ်တယ်ဆိုတာ တကယ်ကြီးပါ။ မေ့သွားမှာစိုးလို့ မှတ်မှတ်ရရ ရှိအောင် စာထဲကို ထည့်ရေးလိုက်ပါတယ်။ နောင်လာနောက်သားတွေကို ပြန်ပြောပြစရာ စစ်ကောင်စီရဲ့ ယုတ်မာမှုများစွာထဲက တစ်ခုပေါ့။ အိမ်ပေါ်တက် ဖုန်းတွေဝင်စစ်ပြီး VPN တွေ့ရင် ဖမ်းတယ်။ ပြန်လွှတ်စေချင် VPN တစ်ခု ၂ သိန်းပေးရတယ် ဆိုတာလည်း ရန်ကုန်မှာ တကယ်ဖြစ်ဖူးတဲ့ ကမ္ဘာ့အံ့ဖွယ်တစ်ခုပေါ့။ ဘာဥပဒေ မှ မရှိဘူး။ နှုတ်မိန့်နဲ့ စီရင်အုပ်ချုပ်တယ်ဆိုတာ အဲ့ဒါပဲ။ နိုင်ငံခြားကပြန်လာခါစတစ်ယောက်က မြန်မာပြည်မှာ ကိုယ့်လက်ထဲကဖုန်းကို စစ်သားတွေ၊ ရဲတွေက အချိန်မရွေး တောင်းစစ်လို့ ရတယ်ဆိုတာကို မယုံနိုင်ဘူး ဖြစ်နေတယ်။ သူအိပ်နေတဲ့ခြင်ထောင်ထဲကို ရပ်ကွက်လူကြီးက ညကြီးသန်းခေါင် လှန်လှောကြည့်ရှုနိုင်တယ် ဆိုတာကော မယုံဘူးလား။ ချွတ်ထားတဲ့ဘိနပ်နဲ့ အိမ်တွေ့တဲ့လူနဲ့ မကိုက်ရင် ပါးရိုက်ခံရတာတွေက ရှိသေး။ ၂၀၂၁-၂၀၂၄ မြန်မာပြည်မှာ ဒီလိုတွေ ဖြစ်ခဲ့ဖူးပါတယ်။ မသေလို့ ကျန်ရစ်တဲ့သူတွေ သားမြေးတွေကို ပုံပြောစရာပေါ့။ မယုံချင်နေ၊ ပုံပြင်တော့ မဟုတ်ခဲ့ပါဘူး လို့။
အဲ့ဒီလို မြို့ပြဖိနှိပ်မှုတွေ တစ်ရစ်ပြီးတစ်ရစ် တိုးလာတာဟာ ရှေ့တန်းစစ်မြေပြင်မှာ နာလံမထူနိုင်အောင် အရေးနိမ့် စစ်ရှုံးလာတာတွေကြောင့်ပါ။ ဗျူဟာမှူး၊ တပ်မမှူးအဆင့်တောင် ဘေးလွတ်ရာ ကယ်မထုတ်နိုင်တော့တဲ့ဘဝမှာ လေကြောင်းကနှိမ်နှင်းချင်သပ ဆိုလည်း အနုမြူဗုံးနဲ့ ထုမှ ရတော့မယ်။ မရှိလို့ပေါ့။ ရှိများရှိ ထုပြီးနေတာ ကြာပြီ။ တိုက်ပွဲက ဒဏ်ရာရလူနာတွေကို ဆေးကုမပေးနိုင်အောင် ပိတ်ဆို့တားဆီးခဲ့တဲ့ အကုသိုလ်ကံကလည်း ချက်ချင်းလက်ငင်းကို အကျိုးပေးလာပါပြီ။ သူတို့ဘက်က ဒဏ်ရာရရင် နောက်တန်းပြန်မသယ်တော့ဘူး။ နေရာတင် ပစ် သတ်ခဲ့ကြသတဲ့။ လောက်ကိုင် ကာရာအိုကေ က ရှောင်မိန်းမိန်းလေးကို ဟယ်လီကော်ပတာနဲ့ ကယ်ထုတ်ခဲ့ပေမယ့် မောင်းတော က ရဲဝန်ထမ်းမိသားစုတွေ ရှပ်ပြေးယာဉ်ပေါ် ကပ်မယ်ကြံရင် သေနတ်နဲ့ ပစ်လို့ ကလေးတွေတောင် သေကြရသေး။ ရာရာသသအေ။ နင်တို့နဲ့ အဘနဲ့ တလှေတည်း စီးစရာလား။ ဖယ်။ မကပ်နဲ့ ငါ့လှေ။
ရန်ကုန်ကနေ မြဝတီကို၊ စစ်တွေကို၊ လွိုင်ကော်ကို၊ မန္တလေး ကနေ မူဆယ်ကို၊ မြစ်ကြီးနားကို၊ တမူးကို၊ ဆိုတဲ့လမ်းတွေဟာ ဘယ်နှစ်ရက် ကြာမလဲ မေးလို့မရတဲ့ ခရီးတွေဖြစ်သွားသလို မရောက်ပဲ လှည့်ပြန်လာရတာလည်း ဖြစ်နိုင်တယ်။ရန်ကုန်၊ မန္တလေး၊ နေပြည်တော်ကလွဲရင် စစ်တပ်ကလူတွေဟာ လက်နက်အပြည့်အစုံ စစ်ကြောင်းလိုက်မဟုတ်ရင် တပ်ပြင်တောင် မထွက်ရဲဘူး။ နေ့စဉ် အကျအဆုံး ရှိတယ်။ နေ့စဉ် လက်နက်ချ၊ တပ်ပြေး၊ ပျောက်ဆုံးစစ်သည် ရှိတယ်။ နေ့စဉ် လက်လွှတ်ဆုတ်ခွါ စစ်စခန်းတွေ ရှိတယ်။ ကိုယ်တို့က ဘယ်လောက်အထိ တောင့်ခံနိုင်မှာလဲ မသိသလို သူတို့ကော ဘယ်ထိအောင် တောင့်ခံထားနိုင်မလဲ စောင့်ကြည့်နေတယ်။ အဆုံးထိတောင့်ခံထားနိုင်သူက အနိုင်ရမှာပဲ။ ကိုယ်တို့ဘက်ကတော့ တနေ့ထက်တနေ့ တရွေ့ထက်တရွေ့ တွန်းရွှေ့လာခဲ့ပြီ။ ဖျားလို့နာလို့တောင် နားနေတာ မရှိဘူး။ လူရောစိတ်ရော မရပ်မနား အလုပ်လုပ်နေတယ်။ မနက်အိပ်ယာကနိုးတိုင်း ဒီကနေ့ တော်လှန်ရေးအတွက် ဘာလုပ်စရာ ရှိသလဲ။ တစ်ခုခုတော့ ပြီးမြောက်အောင် လုပ်ထားမှ ဖြစ်မယ်။ တိုင်းပြည်ရဲ့လွတ်မြောက်မှုက စစ်တပ်အဟောင်းကြီး ပျက်သုဉ်းသွားမှ ရမှာဆိုတော့ အဲ့ဒီမရောက်မချင်း ရွှေ့ကြရုံပေါ့။
ပင်ပန်းတယ်။ ဆင်းရဲတယ်။ ရင်းနှီးပေးဆပ်မှုတွေ အရမ်းကြီးမားတယ်။ သို့ပေမယ့် ပြန်ရလာမယ့် အကျိုးအမြတ် ကလည်း အင်မတန် ကျေနပ်လောက်စရာပါ။ ရှည်ရှည်ဝေးဝေး မတွေးတတ်ဘူးဆိုရင်တောင် အခုလိုမျိုး စစ်တပ်က မတရားသဖြင့် ဥပဒေမဲ့ အနိုင်ကျင့် စော်ကား သတ်ဖြတ်မှုတွေ မရှိတော့ဘူး ဆိုတဲ့ တိုင်းပြည်အသစ်ကြီးဟာ ဘယ်လောက် စိတ်ချမ်းသာစရာ ကောင်းမလဲ စဉ်းစားကြည့်လေ။ ဒီလူတွေအောက်မှာ နေချင်တာလား။ ဒီလူတွေ မရှိတဲ့ မြန်မာပြည်ကြီးမှာ နေချင်သလား။ ကိုယ့်ဘာသာ စဉ်းစား။ ဒီလူတွေလက်အောက်က လွတ်မြောက်ချင်တယ် ဆိုရင်တော့ ဒီအတိုင်းထိုင်နေလို့ မရဘူး။ ကိုယ်တိုင်ဝင်ရုန်းမှ ရမယ်။ မရုန်းနိုင်ရင် ကိုယ့်အသက် ကိုယ့်ဘဝ ထိခိုက်လာပြီမို့လို့ ဖြစ်တဲ့နည်းနဲ့ ရုန်းရမှာ။ သေရေး နဲ့ ရှင်ရေးကို ရွေးရတဲ့အခါ ဘယ်ဟာက ကိုယ့်အသက်ကို ကယ်တင်နိုင်မှာလဲ သိဖို့လိုတာပေါ့။ ရေနွေးအိုးထဲကဖားတွေလိုတော့ ငုတ်တုတ် အသေမခံပါနဲ့။ သတ္တိမွေးပြီး စွန့်စားပါ။ မိဘစကား နားထောင်ငြားက တမျိုးသားလုံး ကျွန်ဖြစ်ကုန်မှာပဲ။ ဘယ်ကလေးမှ တောထဲရောက်စရာ မရှိ။ “ငါ့မှာက သားနဲ့ မယားနဲ့။ နောက် ၇ ရက်နေရင် စကြာရတနာရောက်တော့မှာ။” ဆိုတဲ့ ငဲ့ကွက်ခြင်းကြီးတွေ ရှိနေရင်လည်း ကိုယ်တို့ဖူးစရာ ဘုရားတောင် ပွင့်လာမှာ မဟုတ်ဘူး။ တော်လှန်ရေး ခြေလှမ်း စချင်ရင် Gen L’s thought တွေ အကုန်ထားခဲ့ရပါလိမ့်မယ်။
ဒီအချိန်မှာ တော်လှန်ရေးလုပ်ချင် တောထဲကိုဝင်ရတယ် ဆိုတဲ့ အယူအဆတောင် တော်တော် ဒိတ်အောက်သွားပါပြီ။ အခုဟာက တောထဲက ကလေးတွေတောင် မြို့ပေါ်ကို ပြန်တက်လာတဲ့အချိန်လေ။ မြို့တွေသိမ်း စခန်းတွေသိမ်းနေတဲ့ အခြေအနေမှာ သူတို့နဲ့ ထိထိရောက်ရောက် ပူးပေါင်းနိုင်ဖို့ပဲ လိုပါတယ်။ ကိုယ့်ရပ်ကိုယ့်ရွာထဲကို PDF တွေ ဝင်လာတာ နဲ့ စကစတပ်တွေ ဝင်လာတာ ဘယ်သူက ကိုယ့်အသက်ကို ရန်ရှာမှာလဲ သဘောပေါက်တယ် ဟုတ်။ ရန်သူကို ရန်သူမှန်း မိတ်ဆွေကို မိတ်ဆွေမှန်း မခွဲခြားတတ်ရင် ကျောချမှ ဓါးပြမှန်း သိပါလိမ့်မယ်။ အခုထက်ထိအောင်ကိုပဲ လေယာဉ်နဲ့ ဗုံးလာကျဲတဲ့ စစ်တပ်ကို မငြိုငြင်ပဲ “PDF တွေ ရှိလို့ ငါတို့ရွာ ဗုံးကျဲခံရတာ။” ဆိုတဲ့ ဆယ်ပြားတန် ဦးဏှောက်တွေ ရှိနေပါသေးတယ်။ အဲ့ဒီဉာဏ်ရည်နဲ့တော့ လင်သေ အလျော်မရ မုဆိုးမဘဝက တက်မှာ မဟုတ်ပါဘူး။
မြို့ပြတိုက်ပွဲတွေ ဖော်ဆောင်လာတဲ့အခါမှာ မြို့နေပြည်သူလူထုရဲ့ ပူးပေါင်းပါဝင်မှုက အရေးကြီးပါတယ်။ ဘာမှထွေထွေထူးထူး ဝင်ရောက်တိုက်ခိုက်စရာ မလိုပါဘူး။ ဆန္ဒပြတုန်းက ကလေးတွေကို လွတ်သွားအောင် ကယ်သလိုမျိုး လွတ်လမ်း ဆုတ်လမ်းလေး ပေးပြီး နောက်ကမလိုက်သာအောင် ကာထားပေးရင် လုံလောက်ပါတယ်။ ခရီးသွားဟန်လွှဲလောက် ကူညီစောင်မ လိုက်ရုံပဲ။ စောလူးမင်း မလုပ်ပါနဲ့။ ဒီကလေးတွေက ကိုယ့်ကို ကယ်တင်မယ့်သူပါ။ ရန်ကုန်မှာ ဆန္ဒပြကြတုန်းက နေ့တိုင်းလိုလို စမ်းချောင်းထဲမှာ ဘာလို့ပွဲဖြစ်သလဲ သိလား။ စမ်းချောင်းလူထုက ကလေးတွေကို ကိုယ့်သားသမီးလို စောင့်ရှောက်ကြလို့ပေါ့။ အဲ့ဒီ အသိစိတ်ဓါတ်မျိုး ရှိရင် ရပါပြီ။
စစ်တိုက်တဲ့အခါ လက်နက်အင်အား လူအင်အား ဘယ်လောက်များသည်ဖြစ်စေ၊ စစ်မြေပြင်သတင်းအချက်အလက် ထောက်လှမ်းရေးနဲ့ ဒေသခံ ပြည်သူလူထု ထောက်ခံပံ့ပိုးမှု မပါရင် မအောင်မြင်နိုင်ပါဘူး။ သူတို့ဘက်ကလည်း အဲ့ဒီ ၂ ခု ကလေးတွေဆီရောက်သွားမှာစိုးလို့ ရွာသားတွေကို ရက်ရက်စက်စက် သတ်ပြနေတာ မဟုတ်လား။ ပါးစပ်ကတောင် ထုတ်ပြောကြတယ်။ “PDF တွေကို ထောက်ပံ့ရင် နောက်တစ်ခါဆို မိန်းမတွေပါ အရှင်မထားဘူး။” တဲ့။ အဲ့ဒီတော့ ရွာသူရွာသားတွေဘက်က တုန့်ပြန်စရာ ၂ နည်းပဲ ရှိတယ်။ သူတို့ဖိနှိပ်မှုတွေကို ကြောက်ပြီး ကိုယ့်လင်ကိုယ့်သား မောင်ဖွားတွေကို သတ်တဲ့စစ်တပ်အောက်မှာ အစော်ကားခံမှာလား။ အဲ့ဒီသွေးကြွေးတွေကို ဖြစ်တဲ့နည်းနဲ့ ပြန်ယူမှာလား။ ကိုယ်သာဆိုရင်ကော ဘယ်လမ်းကို ရွေးမှာလဲ။ ဘယ်သူ့ကို ကူညီမှာလဲ။ အရှင်းကြီးပါ။ နေထက်လင်း နေထူးနိုင်နဲ့ ရိုက်တဲ့ တောကားတွေကို အခု နေတိုး မြင့်မြတ်နဲ့ ရန်ကုန်မှာ ပြန်ရိုက်ရတော့မယ်။ ဒီတစ်ခါတော့ တဲပုတ်ကလေးတွေ မီးလောင်တဲ့ဆက်တင်လောက်နဲ့ ဘယ်ရမလဲ။ သိန်းဃိုလ်ပြည်ကြီး မီးဟုန်းဟုန်းတောက်တော့မယ်။
စစ်တပ်ဘက်မှာက ထောက်လှမ်းရေးနဲ့ ဒလန်အင်အား ရှိပြီး ပြည်သူ့ဘက်မှာ အဲ့ဒါတွေ မရှိပါဘူး။ ပြည်သူကိုယ်တိုင် ပါဝင်ကူညီမှ ရပါမယ်။ အဲ့ဒါကြောင့် ကိုယ့်နယ်မြေ ကိုယ့်ဒေသရဲ့ စစ်ရေးသတင်းအချက်အလက်တွေကို မျက်ခြေမပြတ် update လုပ်ထားဖို့ လိုပါလိမ့်မယ်။ ဥပမာ လမ်းထိပ်မှာ စစ်ခွေးကားတစ်စီးရပ်ထားတယ်။ ယူနီဖောင်းနဲ့ ဘယ်နှစ်ကောင်၊ အရပ်ဝတ်နဲ့ ဘယ်နှစ်ကောင်ပါတယ်။ အဲ့သလိုဟာမျိုးတွေကို ကြည့်တတ်မြင်တတ်အောင် ကျင့်ပါ။ ကြောက်ကြောက်နဲ့ မော့မကြည့်ရဲတဲ့အဖြစ် မရောက်ပါစေနဲ့။ ကိုယ့်ရပ်ကွက်ထဲက စစ်ခွေးနဲ့ ပလူးတဲ့ သတင်းပေး ဒလန်တွေကိုလည်း အနည်းဆုံးတော့ ကိုယ့်ဘာသာ သိထားအောင် ဖော်ထုတ်ပါ။ မသိရင် ကိုယ်လည်း အန္တရာယ်မကင်းဘူး။ စုံထောက်မောင်စံရှား မလုပ်သော်ငြား အရာရာမှာ အမှုမဲ့အမှတ်မဲ့ မနေပဲ နားမျက်စိဖွင့်ထားရပါမယ်။ ကိုယ်သွားမယ့်လမ်း ဘယ်နေရာတွေမှာ အစစ်အဆေးရှိတယ်။ ဘဲဥစစ်လား၊ ရဲစစ်လား၊ အုပ်ကြီး၊ စစ်ကား ပါသေးလား။ နေ့တိုင်း ရှိသလား။ တနေ့လုံးစစ်သလား။ အဲ့ဒါတွေ သိအောင်လုပ်ရမယ်လေ။ ကိုယ်ကိုယ်တိုင်လည်း အန္တရာယ်ကင်းကင်း သွားချင်လာချင်တယ် မှလား။ ကိုယ်တို့လည်း ဒီဘက်မှာ ခရီးသွားရင် ရှေ့ကို ပွိုင့်ထောက်ထောက်ပြီးမှ သွားရတာပဲ။ မြို့ပြတိုက်ပွဲတွေဖော်ဆောင်တဲ့အခါမှာ သတင်းအချက်အလက် အမှန်တွေ ကိုယ့်ဆီရောက်လာဖို့နဲ့ သူတို့ဘက်မှာ သတင်းအမှားတွေနဲ့ မျက်စိလည်နေဖို့က လက်နက်အင်အား လူအင်အားထက် အရေးကြီးပါတယ်။ အဲ့ဒါတွေ သိအောင်တတ်အောင် တောထဲထိသွားသင်စရာမှ မလိုတာ။ အိုးမကွာ အိမ်မကွာ၊ အလုပ်အကိုင်မပျက်၊ ခရီးသွားဟန်လွှဲကလေး အရောက်ပို့ပေးလိုက်နိုင်ရင် တော်လှန်ရေးမှာ ကိုယ်တိုင်ကိုယ်ကျ ပါဝင်လိုက်ရာရောက်တယ်။
သူတို့တတွေ Facebook နဲ့ Messenger ကို ဘာလို့ ဒီလောက်တောင် ကြောက်သလဲ။ အဲ့ဒီထဲမှာ ကိုယ်တို့ဘက်က စိတ်တူကိုယ်တူ မိတ်ဆွေ သူငယ်ချင်းတွေ group chat လုပ်ပြီး ကွန်ယက်ဖွဲ့ကြတယ်လေ။ ကျောင်းတုန်းက အဖွဲ့၊ အလုပ်ထဲက အဖွဲ့၊ ဈေးရောင်းဈေးဝယ်အဖွဲ့၊ အတင်းတုပ်တဲ့အဖွဲ့၊ အမျိုးမျိုးပေါ့။ ကကျိုးကကြောင်နဲ့ ဒလန်လိုလို ဘောမလိုလို သဘောထားချင်းကွဲလွဲလာရင်လည်း go ထဲက ထုတ်ပစ်ရင်ပစ်၊ ဒါမှ မဟုတ် သူမပါပဲ go အသစ် ထပ်ဖွဲ့ကြနဲ့ နောက်ဆုံးတော့ ယုံကြည်စိတ်ချရာ မိတ်ဆွေအချင်းချင်း စုဝေးနှီးနှောရာ အစုအဖွဲ့လေးတွေ ဖြစ်လာရော။ သတင်းစီးဆင်းမှုက အဲ့ဒီကအမြန်ဆုံး၊ စိတ်အချရဆုံးပါပဲ။ ကိုယ်တိုင်မြင်တွေ့ကြားရတာကို ချက်ချင်းတင်တာမှလား။ တောမီးပမာလည်း ပျံ့နှံ့နိုင်ပါတယ်။ ဒီနေရာဟာလည်း တော်လှန်ရေးရဲ့ စစ်မြေပြင်ပါပဲ။ ဝင်ကြဲလို့ ရပါတယ်။ Viber နဲ့ Telegram ကို ရွှေ့ကြရအောင်နော်။ အဲ့မှာဆို VPN မလိုဘူး။
အဓိကကတော့လေ တော်လှန်ချင်တဲ့စိတ်ဓါတ်၊ လည်စင်းခေါင်းငုံ့ အညံ့မခံလိုတဲ့ စိတ်ဓါတ်ရှိရင် ရပါပြီ။ ဘယ်သူမဆို ဘယ်နေရာကဖြစ်ဖြစ် ပါဝင်လို့ရပါတယ်။ “ငါတို့က အသက်ကြီးပါပြီ။” ဆိုပြီး ဘေးထွက်နေစရာလည်း မလိုဘူး။ ပါလို့ရတယ်။ “ငါတို့မှာက မိသားစုနဲ့လေဟာ၊ မိဘတွေက အသက်ကြီးပြီ။” ရှင်းပြဖို့ မလိုပါဘူး။ ပါလို့ရပါတယ် ဆိုမှ။ မိုဟာမက်က တောင်ကြီးဆီ သွားစရာ မလိုတော့ဘူးလေ။ တောင်ကြီးက မိုဟာမက်ဆီ ရောက်လာတော့မှာ။ အရေးအကြောင်းဆို panic buying လုပ်ဖို့ချည့် စိတ်ကူးမနေနဲ့။ ဝဋ်ဒုက္ခအပေါင်းက မြန်မြန်ကျွတ်အောင် ပြည်သူ့ဘက်က ဝင်ပါပေးပါဦး။ နေရာတကာ ဝင်ပါခဲ့ပြီး ဒီနေရာကျမှ မပါပဲနေလို့ ဖြစ်မလား။
တကယ်တော့ ဘာတွေကို ဘယ်လို လုပ်ရမယ် အသေးစိတ် သင်ပေးနေစရာ မလိုပါဘူး။ ဒီကလေးတွေက ငါတို့ကလေးလေးတွေ။ ငါတို့လွတ်မြောက်ရေး အတွက် တိုက်ပွဲဝင်နေတာ။ ဟိုကောင်တွေက ငါတို့အိမ်ပေါ် တက်လာတဲ့ သူခိုးဓါးပြတွေ။ အဲ့ဒါလေး ခွဲခွဲခြားခြား နားလည်ရင် ဘယ်သူ့ကို ဘယ်လိုတုန့်ပြန်ရမလဲ ကွဲကွဲပြားပြား သိသွားမှာပဲ။ လောလောဆယ်မှာတော့ ဒီစစ်ပွဲမပြီးမချင်း အမှားနဲ့အမှန်၊ ဓမ္မ နဲ့ အဓမ္မ ကို အရပ်သားလား စစ်သားလား နဲ့ပဲ အဖြူအမည်း သဲကွဲအောင် ကြည့်လို့ရမယ်။ ဘုရား တရား သံဃာတောင် ရေရာတဲ့ကိစ္စမဟုတ်။ စစ်ခွေးတွေ ဘောမတွေ အားလုံးက အမျိုးဘာသာ သာသနာ အရေခြုံထားတာ။ ပရိုဖိုင်းမှာ ဘုရားပုံတွေတင်ရင်၊ ဘုရားစာတွေ၊ ဆရာတော်ကြီးဓါတ်ပုံတွေ ရှဲနေရင် သတိသာထားပေတော့။ ပါးစပ်က ဘုရားစကား တရားစကား တဖွဖွ ပြောနေတဲ့သူဆို ယုံကို မယုံတော့ဘူး။ မင်းအောင်လှိုင်လောက် ဘုရားထီးတင်တာ၊ ဘုန်းကြီး ဘွဲ့တံဆိပ် ကပ်တာလည်း မရှိဘူး။ သူ့လောက် ကောက်ကျစ်ယုတ်မာ သစ္စာမရှိတာလည်း မရှိဘူး။ အဲ့ဒီတော့ အမှန်တရား နဲ့ သစ္စာကို ရှာဖွေချင်ရင် တော်လှန်ရေးပြီးမှ ပြန်ရှာယူပေတော့။ ဒီကာလမှာတော့ ပြည်သူ က အမှန်၊ စစ်တပ် က အမှား။ အဲ့သလိုပဲ မှတ်ထားနှင့်ဦးနော်။ ဒါမှ မရှင်းသေးရင်လည်း ဆရာစိုးလေးပြောတာ အမှန် လို့ မှတ်ယူထားလိုက်ပါကွယ်။ ရှင်းရောမှလား။