ချန်ဂင်တို့စခန်း (၂၇၁)

ဆရာဝန်ဘဝနဲ့ နယ်တကာထွက်ရတဲ့အခါ ကိုယ့်မှာ ငှက်ဖျားနဲ့ချည်း ရင်ဆိုင်နေရတာပါပဲ။ လူနာတွေ အများကြီး လည်းကုရ၊ ကိုယ်ကိုယ်တိုင်လည်း ဖျားပေါ့။ လောက်ကိုင်မှာလည်း ငှက်ဖျားမိဖူးတယ်။ အမ်းမှာလည်း ငှက်ဖျားမိဖူးတယ်။ အခုတစ်ခေါက်တော့ အင်းတော်ကြီးငှက်ပေါ့။ အရင်တုန်းက ငှက်ဖျားစစ်ရင် blood film ဆွဲပြီး microscope နဲ့ကြည့်ရတာ။ အခုတော့ test kit လေးတွေ ပေါ်နေပြီဆိုတော့ အများကြီး လွယ်ကူသွားတယ်။ ဒါပေမယ့်လည်း ကိုယ့်မှာ သွေးစစ်လိုက်ရင် တစ်ခါမှ ပိုးမတွေ့ဖူးပါဘူး။ သို့သော် ကိုယ့်ဘာသာကိုယ်တော့ သိပ်ကို သေချာတာပါ။ ဆေးရုံမှာ လူနာထိုင်ကြည့်နေရင်း ချမ်းစိမ့်ချမ်းစိမ့်ဖြစ်လာရင် ဆရာဝန်နားနေခန်းထဲဝင်ပြီး စောင်အထူကြီးခြုံကွေးလည်း ခိုက်ခိုက်တုန်နေတာပဲ။ တအောင့်နေ တစ်ကိုယ်လုံး ချွေးတွေ ရွှဲနစ်လာပြီး ကိုင်ရိုက်ထားသလိုနာတယ်။ ၁၅ မိနစ်လောက်နေရင် ပြန်ကောင်းသွားပြီး အပြင်ထွက် လူနာဆက်ကြည့်နိုင်တယ်။ ငှက်ဖျားဆေးထိုးလိုက်မှ ပျောက်တယ်။ အမ်းမှာ ဖျားတော့လည်း အဲ့လိုပဲ။ ပိုးသာမတွေ့တာ ငှက်ဖျားမှ ငှက်ဖျား။ ဖြစ်နိုင်ရင် ကိုယ်က မသေချာပဲ ငှက်ဖျားဆေးတွေ မသောက်ချင်ဘူး။ ဆေးဒဏ်က ပိုခံရတယ်။ ဒီမှာကတော့ ဒီအချိန် ဒီရာသီ ဖျားပြီဆိုရင် ငှက်ဖျားကလွဲလို့ တခြားမရှိဘူး။ ဆေးရုံကို လာလာပြနေတာ တစ်နေ့တစ်နေ့ ငှက်ဖျားလူနာ ၅၀ လောက် ရှိတယ်။ ကိုယ်တို့အဖွဲ့တွေလည်း တစ်ယောက်ပြီးတစ်ယောက်ဖျားတာ လူကုန်ပြီ။ ငှက်ဖျားချည့်သက်သက်က ပါရာလေးသောက်၊ Diclo လေးထိုးလိုက်ရင် ချက်ချင်းပြန်ကောင်းတယ်။ မပျောက်တာပဲ ရှိတာ။ ငှက်ဖျားဆေးသောက်မှ မူးလည်းမူး၊ အစာလည်း မစားနိုင်၊ တနေ့လုံးနုံးချိနေတာပဲ။ တချို့တွေဆို အန်တာ ဝမ်းလျှောတာပါပါတယ်။ ကိုယ်လည်း မနေ့တုန်းက စာတွေဘာတွေ ရေးနိုင်သေးတယ်။ ဒီနေ့တော့ မရတော့ဘူး။ ဘုရားရှိခိုး၊ ပုတီးစိတ်ပြီး စောစောအိပ်ရာဝင်ပေမယ့် ခေါင်းထဲမှာနောက်နေတာ။ ညကြီးမင်းကြီး ဂျက်ဖိုက်တာ ၂ စီးလာမှ ဗုံးခိုကျင်းထဲ ဆင်းဝပ်ပြီး အဖျားတောင် ဘယ်ရောက်သွားမှန်း မသိဘူး။

ဒီကောင်တွေက ရှုံးမဲမဲပြီး ညစ်တွန်းတွန်းနေတာ ကြာပြီလေ။ ဆေးရုံတွေရှာပြီး ဗုံးကျဲနေတာ မဟုတ်လား။ သူတို့မှာလည်း ဒါပဲ လုပ်စရာ ရှိတော့တာပ။ ဘယ်နေရာမှာမှ မနိုင်တဲ့တိုက်ပွဲတွေမှာ နေ့စဉ်ရက်ဆက် စစ်သားတွေ ပြုန်းတီးနေတာကိုး။ ကိုယ်တို့အတွက်ကတော့ စိတ်မပူပါနဲ့။ ကြိုတွက်ထားပြီးသား၊ ပြင်ဆင်ထားနှင့်ပြီးသား ကိစ္စတွေပါ။ ဆေးရုံကိုလည်း evacuate လုပ်ထားတယ်။ လူတွေအားလုံးလည်း အမြဲတမ်း လေယာဉ်သံ နားစွင့်ထားပြီး ဘေးကင်းရာမှာနေတယ်။ အခါခါ ဗုံးလာကျဲပေမယ့် ခုထိအောင် အထိအခိုက် မရှိပါဘူး။ ဆီရောကျည်ရော ကုန်ရုံရှိမယ်။ ကိုယ်တို့ဆီလာပြီး အလဟဿဖြစ်သွားမယ့်ဗုံးတွေဟာ သူများနေရာမှာဆိုရင် လူအမြောက်အများ သေချင်သေနိုင်မှာပေါ့။ ဒီမှာလာကျဲတဲ့ ဗုံးအတွက် တခြားနေရာက သေစရာလူတွေ လျော့သွားမယ်ဆိုလည်း ကျေနပ်ပါတယ်။ ကိုယ်တို့လည်း ဘာမှမဖြစ်ဘူး မှလား။ သူတို့က အဲ့သည်ဘက်မှာ ရက်စက်ယုတ်မာပြလေလေ ကိုယ်တို့ တော်လှန်ရေးဘက်တော်သား အချင်းချင်း ကျောချင်းကပ်သွားလေပေါ့။ မင်းတို့တွေ ကျည်မကုန်ခင် ကိုယ့်အတွက်ကိုယ် တစ်တောင့်ချန်ထားဖို့တော့ လိုမယ်နော်။

ရခိုင်မှာ Navy SEAL တွေတောင် ထုတ်သုံးထားလည်း တစ်ရက်တည်းကို ရခိုင်မုန့်တီ ပွဲ ၅၀၀ လောက် ထွက်နေတာက ဘယ်လိုလုပ်ကြမတုန်း။ ငပလီ- သံတွဲ တောင် ရှေ့တန်းစစ်မြေပြင်ဖြစ်နေပြီ။ ကရင်မှာ ဒေါနတောင်ပေါ် တက်နေတဲ့အဖွဲ့က ခုထိမရောက်နိုင်သေးဘူး။ ဒုချုပ် ဗုံးမှန်တာတောင် ချေပဂိုး မသွင်းနိုင်သေးတာ။ မင်းတို့တိုက်လေယာဉ် တွေက ဘယ်မှာအားကိုးလောက်လို့လဲကွာ။ လာ။ လာ။ များများလာ မြန်မြန်ကုန်တာပေါ့။ ဒီည သူတို့လေယာဉ်လာတာနဲ့ ကိုယ့်ငှက်ဖျားလေးတောင် ဘယ်ရောက်သွားမှန်း မသိတော့ဘူး။ ပျောက်ချင်တော့လည်းချက်ချင်း။

မနက်ထိအောင် နောက်ထပ် လေယာဉ်မလာတဲ့အခါ ကိုယ်လုပ်စရာရှိတဲ့အလုပ်ပြန်လုပ်ကြတာပေါ့။ ငှက်ဖျားနဲ့စစ်တိုက်နေတယ်လေ။ လူနာတွေ အဲ့လောက်များတာ ဆေးတွေက သောက်သောက်လဲ ကုန်တာပေါ့။ ဒီလောက်အဖမ်းအဆီး အစစ်အဆေးများတဲ့ကြားက ရအောင် ရောက်အောင် သယ်ရတာလည်း တိုက်ပွဲပဲ။ ဘီလူးလမ်းမှာ ဓါးပြတိုက်တော့ ဆေးဖာတွေ ကားပေါ်က ကန်ချပစ်ခဲ့တယ် ဆိုတာက ရှိသေး။ ဆေးဈေးတွေက ခေါင်ခိုက်နေပါတယ်ဆိုမှ။ ကိုယ်ကတော့ မရ ရတဲ့နည်းနဲ့ ဆေးမပြတ်အောင် ကြံရဖန်ရတာပဲ။ ဆေးရုံလာတဲ့ လူနာချည့်ပဲ ကုတာ မဟုတ်ဘူး။ ရှေ့တန်းက ကလေးတွေ၊ စစ်သင်တန်း တက်နေတဲ့သူတွေ၊ တောင်ပေါ်က စစ်သားတွေ ငှက်ဖျားဖြစ်လာရင် ဆေးမရ မရှိလေအောင် ဖြန့်ပေးထားတယ်။ ကျန်းမာမှ စစ်တိုက်နိုင်မှာ မဟုတ်လား။ မိုးတွင်းက ခုမှ ဝင်တာ။ နောက် ၂ လ ၃ လ လောက်တော့ တောင့်ခံရဦးမယ်။ အဆက်အသွယ်ကောင်းကောင်း နဲ့ ဆေးရနိုင်တာ ကိုယ်ပဲ ရှိတော့ ဒီဘက်ပိုင်းမှာ focal center လေးတစ်ခုအနေနဲ့ ပြန်ဖြန့်ဝေနိုင်ဖို့ ကြိုးစားကြည့်မယ်။

သူတို့ဘက်က ဘယ်လောက်ပဲ ကြိုးစားပန်းစား တားဆီးပိတ်ဆို့နေသည်ဖြစ်စေ ကိုယ်ကတော့ မရရအောင် ဖောက်ထွက်နိုင်ခဲ့တာချည့်ပဲ။ ဂိတ်တွေမှာ စောင့်ဖမ်းရင် ကွင်းလမ်းက ပတ်သယ်တယ်။ ကြီးကြီးမားမား စက်ပစ္စည်းတွေလည်း ဖုံးဖုံးဖိဖိ ဝှက်သယ်တယ်။ ကိုယ့်အတွက်ဆို ကူညီပေးမယ့်သူတွေ ဘယ်နေရာမှာမဆို ရှိတယ်။ ဖုန်းလိုင်းတွေ၊ အင်တာနက်လိုင်းတွေ ဖြတ်ထားတာတောင် လိုင်းပေါ်က မဆင်းတမ်း ကလိနေတာ မြင်တယ်မှလား။ vpn သုံးရင် ထောင် ၃ နှစ်ချဖို့ နည်းပညာဥပဒေတင်သွင်းသတဲ့။ နောက်ဆို Facebook သုံးရင် ဖမ်းမယ်တွေ ဘာတွေ လာမှာ။ သူ့တပ်ထဲကလူတွေဆို “Facebook မသုံးရ။ မြဝတီပဲ ကြည့်ရမယ်။” အမိန့်ထုတ်ထားတာ ကြာလှပေါ့။ ဒီကောင်တွေ Facebook ကို သေးတဖြန်းဖြန်းပါအောင် ကြောက်နေကြတာ သိလိုက်ရလို့ ကိုယ့်ကိုယ်ကိုယ် Facebooker တစ်ယောက်အနေနဲ့ အရမ်းဂုဏ်ယူမိပါတယ်။ ဒီပေါ်ကနေ တွန်းရွှေ့ခဲ့လို့ ရွေ့သွားတာတွေ အများကြီးပဲ။ သူတို့ကို ကောင်းကောင်းကြီးအထိနာအောင် ထိုးနှက်နိုင်ခဲ့တယ်ဆိုတာ သေချာပါတယိ။ အရသာရှိလိုက်တာများ။

ဒီလိုနဲ့ပဲ ကျော်ဖြတ်လာလိုက်တာ ငှက်ဖျားဆေးတွေ ကုန်အောင်သောက်ပြီးလို့ အမြစ်ဖြတ်ဆေး ဆက်သောက်နေရတဲ့အချိန် ရောက်ပါပြီ။ နေကောင်းသွားပြီလား မေးရင် ကောင်းသွားပြီ လို့ ပြောလို့ရပေမယ့် လုံးလုံးကြီး ကောင်းတာတော့ မဟုတ်သေးဘူး။ မဖျားတော့တာပဲ ရှိတယ်။ ချွေးတွေ တရားလွန် ထွက်လာလိုက်၊ ပြန်အေးသွားလိုက်။ အစားတော့ မစားနိုင်သေးပါဘူး။ အအိပ်ရော အိပ်နိုင်သလား ဆိုတော့ တချိန်လုံး အိပ်ယာထဲမှာပဲလေ။ အိပ်တဲ့အခါလည်း အိပ်တယ်။ နိုးတဲ့အခါလည်းနိုးတယ်။ တခါတခါတော့ အိပ်သလိုလိုနဲ့ နိုးနေပြီး တခါတခါလည်း နိုးသလိုလိုနဲ့ အိပ်နေတာ။ အိပ်မက်မက်နေတာတွေက တကယ်လို့ ထင်ပြီး တကယ်တွေးနေတဲ့ စိတ်ကူးတွေက အိပ်မက်မက်နေသလို ထင်ရတယ်။ ဘာတွေအိပ်မက်မက်သလဲ ပြောစမ်းပါဦး။ ဓါးတွေလှံတွေ အရောင်ထွက်သလား။ အူတွေအခွေလိုက်ကြီးထွက်ပြီး မြန်မာပြည်တပါတ် ပတ်သလား။ သံတွဲမြို့၊ လွိုင်ကော်မြို့၊ မြစ်ကြီးနားမြို့၊ မြဝတီမြို့တွေကနေ မီးပုံကြီးလေးပုံထတောက်သလား။ နေပြည်တော်မှာ ပိုကြီးတဲ့ မီးပုံကြီးတွေ့သေးလား။ ဒါဆိုရင် အဲ့ဒါ မဟော်သထာဖွားမြင်လို့ မဟုတ်ပါဘူး။ စစ်တပ်က လေယာဉ်နဲ့ ဗုံးလိုက်ကျဲလို့ပါ။ အဲ့သလိုမျိုးတွေလေ။ အိပ်မက်တွေကို အသိစိတ်နဲ့ လိုက်သုံးသပ်ပြီး အဲ့ဒီအသိစိတ်က အိပ်မက်ထဲမှာ ဖြစ်နေတယ်။ ဆရာဝန်စကား နဲ့ ပြောရမယ်ဆိုရင်တော့ “confusion” လို့ ပြောရမှာဖြစ်ပြီး တရုတ်နံမည်လေးပေးချင်ရင်တော့ Confucius လို့ ခေါ်ကြရမှာ။

အိပ်မက်တွေကို ဘာဖြစ်လို့ တကယ် ထင်သလဲ ဆိုတော့ ကိုယ်က စိတ်ကူးယဉ်တာတွေ အိပ်မက်မမက်ဘူး။ အပြင်မှာ တကယ်ဖြစ်နေတာတွေကိုပဲ အိပ်မက်ထဲမှာ ဆက်မက်လို့ပေါ့။ မဏိမေခလာ မပါဘူး။ အရှင်ရုက္ခစိုးနတ်မင်းကြီး ကြွမလာဘူး။ လူနာတွေကို ဆေးကုနေတာ။ ခွဲခန်းထဲမှာ ခွဲစိတ်နေတာ။ လေယာဉ်လာလို့ ကျင်းထဲဆင်းတာ။ စစ်သားတွေနဲ့ လိုက်တမ်းပြေးတမ်းကစားတာ။ အပြင်မှာ အလုပ်လုပ်နေတဲ့အတိုင်းပဲ အိပ်မက်ထဲမှာလည်း လုပ်နေတုန်း။ တခါတခါ ဆေးရုံက လူနာခေါ်ပြရင် သွား။ စမ်း။ ခွဲမှာလား မခွဲဘူးလား မေး။ ခွဲဖို့ consent မပေးရင် ဆေးပေးပြီး ပြန်အိပ်။ နိုးတဲ့အခါ “အိပ်မက်များလား။ မျုံနိုင်ပု။” ဇဝေဇဝါဖြစ်။ ဖျားနေရင်းနဲ့ လေယာဉ် လာရင်လည်း ကျင်းထဲ ဆင်းရတာပဲ။အိပ်မက်ထဲမှာ လေယာဉ်လာရင်လည်း ကျင်းထဲဆင်းရတာပဲ။ နှစ်မျိုးစလုံးကို အခါခါ ကြုံဖူးတော့ “ဆောင်းရယ် နှင်းရယ် ကိုယ့်ချစ်သူရယ် တူတူပါပဲကွယ်။” ဖြစ်ကုန်ရော။ အိပ်မက်တွေကို တကယ်ထင်ပြီး လိုက်လုပ်ရင်တော့ အဲ့ဒီအဆင့်ကို “delirium” လို့ သတ်မှတ်တယ်။ ရုပ်ရှင်ထဲကလို “မူးပြီး ဘာတွေ လုပ်လိုက်မှန်း မသိပါဘူး။ မနက်လင်းတော့ ဘာမှလည်း မမှတ်မိဘူး။” ဆိုတာ အပြင်မှာ တကယ်ရှိတာများလား။

ဒီဟာကို ဘယ်မှာသတိထားမိသလဲဆိုတော့ ဖျားနေတဲ့ ၃ ရက်စလုံး (၂၇၁) ကို ရေးတာ အဆုံးမသတ်နိုင်ဘူး။ အိပ်မက်ထဲမှာလည်း ရေးတယ်။ အပြင်မှာလည်း ရေးတယ်။ အိပ်မက်ထဲမှာ ရေးထားတဲ့ စာပိုဒ်တွေက အိပ်ယာနိုးရင် ပြန်စဉ်းစားလို့မရဘူး။ အမှန်တော့ ရေးပြီးသားတွေ။ စာရေးရင်း လက်ထဲ ဖုန်းတန်းလန်းနဲ့ အိပ်သွားပြီး အိပ်မက်ထဲထိ ဆက်သယ်သွားတဲ့အတွေးတွေဟာ နိုးလာတဲ့အခါ ပြန်ပါမလာဘူး။ ပြတ်သွားတဲ့နေရာကနေ ကောက်ကောက်ပြီး အသစ်ပြန်ရေးရတယ်။ ငါ ညက တွေးထား ရေးထားတာတွေ ဘယ်ရောက်ကုန်ပါလိမ့် လို့ အောင့်မေ့မိတယ်။ အိပ်မက်ထဲမှာ စာရေးလို့ရသလား ဆိုရင် ကိုယ်ကတော့ “ရတယ်” လို့ပဲ ဖြေပါမယ်။ အိပ်မက်ထဲကအတွေးစတွေနဲ့ တရေးနိုးတဲ့အခါ အဲ့ဒီအတွေးတွေ ပျောက်မသွားခင် ခေါင်းအုံးဘေးချထားတဲ့ ဖုန်းလေးကောက်ကိုင်ပြီး စာရေး။ အဲ့သလိုချရေးလာခဲ့တဲ့စာတွေ ကိုယ့်မှာ အများကြီးရှိတယ်။ ကိုယ့်အိပ်မက်က သူများတွေလို ချဲဂဏန်း မပေးပေမယ့်လည်း စာမူတော့ အပေးသား။ ပြိတ်သတ်ကြီး သိရင် “ဆြာစိုးရေ။ အိပ်ရအောင်လေ။ အိပ်သေးဘူးလား။” လာလာပြောနေဦးမယ်။

တခါတလေတော့လည်း ဘဝမှာ တကယ်ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေကို “အိပ်မက်သာဖြစ်မယ်ဆို ဘယ်လောက် ကောင်းလိမ့်မလဲ။” လို့ အသိစိတ်ကနေ မေ့ပျောက်ပစ်ဖို့ ကြိုးစားရတဲ့အဖြစ်တွေလည်း ရှိတတ်ပါတယ်။ နာကြင်ရတဲ့အချိန်တွေ လျော့သွားချင်တာကိုး။ ကိုယ်တို့ဦးဏှောက်ထဲက memory ဟာ ဖုန်းထဲက၊ hard disc ထဲက memory တွေလို မလိုချင်တဲ့ဖိုင်တွေ delete လုပ်ပစ်လို့ရသလား။ အိပ်မက်ထဲမှာပဲဖြစ်ဖြစ် လက်တွေ့ဘဝမှာပဲဖြစ်ဖြစ်၊ ကိုယ့်စိတ်ကူး၊ ကိုယ့်အတွေး၊ ကိုယ်တွေးချင်သလိုတွေးမယ် ဆိုတာ ရွာသာကြီးကလူတွေပဲ တတ်နိုင်တဲ့ကိစ္စပါ။

တကယ့်လက်တွေ့ဘဝမှာ မခံစားနိုင်တော့လို့ အိပ်မက်ထဲတောင် ထည့်မမက်တော့တဲ့ အကြောင်းအရာတွေလည်း အများကြီး ရှိတာပဲ။ ဒီ ၃ နှစ်အတွင်းမှာ ကိုယ့်အိမ်ကိုယ်ပြန်ရောက်သွားတယ် တို့၊ YGH မှာ အလုပ်လုပ်နေတယ်တို့၊ ၂၀၂၁ ရှေ့နားလေးက memory တွေကို တစ်ခါမှ အိပ်မက်မမက်မိဘူး။ တောထဲက ကလေးတွေလည်း ခုနောက်ပိုင်းမှာ “အမေ့အိမ်” မဆိုတော့ဘူး။ “လေလွင့်ခြင်းလမ်းမများ” ပဲ ဆိုတော့တယ်။ “ဘူတာရုံက ခုံးတံတားကြီး ဖြတ်လျှောက်တဲ့အခါတိုင်း၊ ဒါမှမဟုတ် ဟိုအဝေးကြီးက ဥဩသံကြားတိုင်း” ဆိုတာ ခုကာလ ဘယ်အညာသားမှ မဆိုတဲ့သီချင်း။ ကိုယ်တို့တွေဟာ ပျော့ညံ့မယ့်၊ တွေဝေမယ့်၊ ထိခိုက်နာကြင်စေမယ့်ကိစ္စတွေကို စိတ်ကူးထဲမှာတောင် မထားဘူး။ အိပ်မက်ထဲလည်း ထည့်မမက်ဘူး။ နိုးနေရင်ပဲဖြစ်ဖြစ်၊ အိပ်ပျော်နေရင်း အိပ်မက်ထဲမှာပဲဖြစ်ဖြစ် စကစတပ်တွေကို အမြစ်ပြတ်အောင် ချေမှုန်းသွားမယ့် အတွေးတွေ၊ စိတ်ကူးတွေ၊ လက်တွေ့တိုက်ပွဲတွေပဲ ရှိပါတော့တယ်။ သေပြီးတဲ့သူတွေတောင် ကိုယ်တို့နဲ့လိုက်ပြီး စစ်တိုက်နေတုန်း ဆိုတာ ဒီကောင်တွေ ယုံအောင် ဘယ်လို ပြောရမလဲ။ ဘယ်လိုမှ မပြောပါဘူး။ ကိုယ်တိုင်မြင်တော့ ယုံကြမှာပေါ့။ သိပ်မှ မကြာတော့ပဲဟာ။

“ရွှေမေတ္တာ ပို့ကြ ထာဝစဉ်

အကျိုးကလျှင် ဆယ့်တစ်ပါး

ပွါးတာ မုချပါပဲ ထင်။

အိပ်တဲ့အချိန်မှာပင်

ဇိမ်ယူလို့ ချမ်းသာဖို့ပြင်

ညတိုင်း အကြိမ်ကြိမ်စက်တော့

ထက်မြက်ပါတဲ့ အိပ်မက်ကိုမြင်

နိုးကြားပါလို့ မနက်လင်းရင်

အစဉ်သုခ ကိုယ်စိတ်နှစ်ပါးတွင်

ဪ သူ ငါ ဖြစ်အင်

လူတကာ ချစ်ခင်

နတ်တွေကတောင် စောင်မချင်။”