စစ်ပွဲကာလအတွင်းမှာ ထွေထွေထူးထူး အပြောင်းအလဲ မရှိပဲ ဖြစ်ရိုးဖြစ်စဉ် နေ့တစ်နေ့ ဖြတ်သန်းရတာဟာ “No news is good news.” လို့ ပြောရမှာလား။ “တစ်ခုခုတော့ လုပ်ကြပါဦး ဟ။ ဒီလိုနဲ့ပဲ တစ်ရက်ကုန်ပြန်ဦးတော့မယ်။” ဆို စိတ်မချမ်းမသာ ဖြစ်ရမှာလား မပြောတတ်တော့ပါဘူး။ “ဘာမှမဖြစ်လည်း တစ်ခုမဟုတ်တစ်ခုတော့ ရေးကိုရေးရမှာ” ဆို ကိုယ့်အိမ်စာနဲ့ကိုယ် ခြေချုပ်မိနေတဲ့ ကိုယ့်အတွက်တော့ အဲ့ဒီ ဘာမှမဖြစ်တဲ့ အကြောင်းအရာကို စိတ်ဝင်တစား လူဖတ်ချင်အောင် စာအရှည်ကြီး ရေးရတဲ့အလုပ်က မလွယ်ပါဘူး။ ဘာမှမဖြစ်လို့ ဘာမှ မလုပ်ဘူးဆိုတာတော့ မဟုတ်သေးဘူးလေ။ တစ်ခုခုတော့ လုပ်နေရမှာ မှလား။ နုတ်စ်အဟောင်းတွေ ပြန်ရှာဖတ်တယ်။ နုတ်စ်အသစ် ရေးဖို့ စဉ်းစားတယ်။ ကိုယ့်ဘာကိုယ်တောင် မေ့တေ့တေ့ဖြစ်နေတဲ့ စာကလေးတွေဆို အသံသွင်း ဗီဒီယိုရိုက်ပြီးတော့ edit လုပ်ကြတယ်။ နေရာထိုင်ခင်း လေးတွေ ရိုးသွားမှာစိုးလို့ တောထဲက စခန်းလေးမှာ သွားရိုက်တဲ့အခါလည်း ရိုက်တယ်။ မိုးရွာပြီဆိုတော့ ဗွက်တွေချောင်းတွေ ဖြတ်ပြီး သွားရတယ်။ ဒီလမ်းကို ကိုယ်တို့ဆိုင်ကယ် မစီးတတ်ဘူး။ ဆင်းတွန်းနေရတာများတယ်။ ဖက်ယားပင်တွေ ရှိတယ်။ ကျွတ်တွယ်တယ်။ ဖြုတ်ကိုက်တယ်။ စာသာဖတ်နေရတယ် လက်ကလေးယမ်းလိုက်၊ နွားရွက်ကလေး ကုပ်လိုက်နဲ့ Loki လောက်တောင် ဣန္ဒြေမရဘူး။
သီချင်းဆိုတဲ့နေရာမှာ key ရှိသလို စကားပြောတဲ့အသံမှာလည်း key တွေ ချိန်းချိန်းသွားရင် နားထောင်လို့မကောင်းဘူး ဆိုတာ အခုမှ သိတော့တယ်။ စကားပြောလက်စ tone မှာ သီချင်းစာသားတွေ ဝင်ဆိုရတဲ့အခါ အသံလည်း မစွဲဘူး။ တစ်ခုနဲ့တစ်ခု မူတည်သံမတူတဲ့အခါ ဟိုမရောက်သည်မရောက်နဲ့ ကြားကျသွားရင် key ကြောင်ကြီးဖြစ်နေတာပေါ့။ ဒါလည်း လူတိုင်းဝင်လုပ်လို့ရတဲ့ ပညာ မဟုတ်ဘူးလေ။ လေ့ကျင့်ယူရဦးမယ်။ မြန်မာစာကို စာဘောင်ပဲ့ပဲ့၊ ဌာန်ကရိုဏ်းကျကျ၊ လေယူလေသိမ်းမှန်အောင် ဖတ်နိုင်ဖို့ဆိုတာ ပါရမီပါမှ လုပ်လို့ရတယ် ဆိုတာ နားလည်သွားတယ်။ အသံနေ အသံထားကနေ ပုခုံးအိုက်တင် လက်အိုက်တင်တွေ ပါကုန်မှဖြင့် “မူလနှစ်ဖြာ” တေးအလင်္ကာကြီးလို ပေါက်ပေါက်မြောက်မြောက် ဖြစ်သွားမှာလည်း စိုးရသေး။
ဘယ်လိုပဲဖြစ်ဖြစ် ဆရာစိုးလေးဟာ သူလုပ်သမျှ အလုပ်တွေကို ကြိုးစားပန်းစား အားစိုက်ထုတ်တတ်မှန်း သိပြီးသား နေမှာပါ။ မနေ့တုန်းကတော့ တောထဲမှာ ခြင်ကိုက်လာခဲ့လို့ လားမသိ။ ဖျားပြီ။ ငှက်ဖျားပိုးမတွေ့သေးပေမယ့် ငှက်ဖျားဖျားသလို ဖျားတာ။ မနက်ကျရင်တော့ ဆေးသောက်ရဦးမှာပေါ့လေ။ ဒီစခန်းမှာ ငှက်ဖျားမမိသေးတာ ကိုယ်တစ်ယောက်ပဲ ကျန်တဲ့ဥစ္စာ။ ခုတော့ မကျန်တော့ပါဘူး။ ဖြစ်ပြီးသွားတော့လည်း အေးတာပေါ့။ ရွာထဲကလည်း ငှက်ဖျားလူနာတွေက အလျဉ်မပြတ်ဘူး။ ကယောင်ကတမ်း ငန်းဖမ်းနေတဲ့သူတွေပါပါလို့ ဆေးရုံတင်ထားရတယ်။ ဆေးတွေကို မရရအောင်တောင်းတယ်။ မရောက်ရောက်အောင် သယ်ယူတယ်။ ပါရာစီတမော တစ်ထောင်ဗူးကို ၃ ရက်လောက်ပဲ ခံတဲ့ ဆေးရုံမှာ ကိုယ်နေတယ်လေ။ ဒါပေမယ့် ဆေးတွေတော်တော်များများကို ကိုယ့်သူငယ်ချင်းတွေက ဝိုင်းလှူကြတယ်။ NUG MoH တို့ Chindwin Medical Network တို့ဆီကလည်း ရတယ်။ အချိတ်အဆက် မိသွားပြီဆိုရင် ဘာမှ မခက်တော့ဘူး။ လိုင်းမိတာနဲ့ မမိတာ အများကြီးကွာတာပေါ့။
တချို့လူတွေဟာ စစ်ပွဲကို ဝယ်ယူကြတယ်လို့ ပြောကြတာပဲ။ ဒီမှာဖြစ်တဲ့တိုက်ပွဲဟာ သူတို့တိုက်တာပါ။ သိမ်းဆည်းလက်နက် ဟောဒီမှာ။ နောက်ပွဲတွေလည်း ဆက်တိုက်ဦးမှာ။ နှုတ်ခမ်းနီဖိုးလေး မစပါဦး။ ဂလောက် ဂလောက်။ ဂလောက် ဂလောက်။ ဟုတ်သလား မဟုတ်သလား။ ကိုယ်မသိပါဘူး။ ကိုယ့်ဆီမှာ ဒီလိုလူမျိုးတွေ တွေ့မှ မတွေ့ဖူးပဲနဲ့။ ကိုယ်တို့ကတော့ တိုက်ပွဲကို ဝယ်မယူဘူး။ share ယူချင်တာ။ ကိုယ်တို့လည်း ပါပါရစေ။ ကူပါရစေ။ တိုက်ပါရစေ။ ဘယ်သူ့အောင်ပွဲပဲဖြစ်ဖြစ် ကိုယ်တို့ ဝမ်းသာမယ်လေ။ စစ်တိုက်ဖို့ အလှူခံချင်ခံမယ်။ အလှူခံဖို့တော့ စစ်မတိုက်ပါဘူး။ နောင်ကျ ဒီဘက်မှာ ငြိမ်းချမ်းသွားပြီ။ တိုက်ပွဲတွေ မရှိတော့ဘူး ဆိုရင်တောင် တိုက်ပွဲရှိတဲ့ အောက်ပိုင်းအထိဆင်းပြီး ဆေးကုချင်တာ။
“Loki ရေ။ ဆရာတို့ အောက်ပိုင်း ဆင်းတော့မယ်။ မင်းလိုက်မှာလား။” လို့ မေးစရာ မလိုဘူးဗျ။ ဒီကောင်က ထားခဲ့လို့ကို မရတာ။ “ဆရာတို့ ရှေ့တန်းခဏသွားဦးမယ်။ နေခဲ့ဦး။” လို့ တစ်ခါထားခဲ့ဖူးတယ်။ စိတ်ကောက်တာ ကောက်တာ ဆိုတာလေ။ လူအတိုင်းပဲ။ ထမင်းလည်း မစားဘူး။ တုံးလုံးကြီး မလှုပ်မယှက် အိပ်နေတယ်။ ပြန်လာလို့ မုန့်လေးတွေနဲ့ သွားချော့လည်း လှည့်တောင်မကြည့်ဘူး။ မျက်နှာကြီး လွှဲနေတာ။ အရုပ်ကြီးကျနေတာပဲ။ ဘယ်လိုမှ ချော့မရ။ ညနေကျ သူ့ဘာသူ စိတ်ပြေသွားတော့မှ လူဆီ အပြေးဖက်တက်ပြီး မျက်နှာ လာလာလျက်တယ်။ ဒီကောင်က သိပ်ပွတ်သီးပွတ်သပ် နေချင်တာ။ အိပ်ယာခွဲသိပ်ထားလည်း တရေးနိုးတာနဲ့ ဘုံးကနဲ ဘေးမှာ လာလှဲအိပ်ရော။ ဒါပေမယ့် မနက် အရုဏ်မတက်မချင်း မနှိုးဘူး။ မနက်ခင်းအလင်းရောင်တွေလာမှ လူပေါ်တက်ပြီး မထမချင်း နှိုးတော့တယ်။ အရင်တုန်းကလို ရှူးပေါက်ချင်လို့ လာနှိုးတာ မဟုတ်ဘူး။ “သူ ထတော့မယ်။ ဆရာလည်း ထတော့။” ဆိုတဲ့သဘော။ သူက မနက်ခင်းဆို တအားမြူးတာ။ ခုန်ပေါက် ပြေးလွှား ဖက်လျက်တက်တယ်။ အပြေးသန်တယ်။ သူ့ဘာသူတောင် ဘရိတ်မမိဘူး။ အပြင်ထွက်ရင် သူမမြင်အောင် ထွက်နေရတယ်။ မြင်ရင်တော့ ဘယ်လောက်ဝေးဝေး ပြေးလိုက်လာတာ။ ဒီကောင်လေးနဲ့ တိုက်ပွဲတွေကြားထဲ လှည့်ဆေးကုရင် အုံးအုံးဒိုင်းဒိုင်းတွေ သူကြောက်နေမလား မသိဘူး။
အောက်ပိုင်းမှာ ကိုယ့်ဆီက training လာယူထားတဲ့ ဆေးဗိုလ်လေးတွေ ရှိတယ်။ သူတို့လည်း ခွဲခန်းလေးတစ်ခု ထောင်ထားတယ်။ အဲ့ဒီဆရာလေးတွေက MoH အောက်က မဟုတ်ဘူး။ MoD အောက်က။ “နားကြပ်လည်းကိုင်၊ သေနတ်လည်းကိုင်” ဆိုတဲ့ဒေါက်တာတွေ။ အခုရက်ပိုင်းကတော့ မိုးမောက်၊ မံစီ၊ ဗန်းမော် ဝန်းကျင်မှာ တိုက်ပွဲတွေ ပြင်းထန်နေတယ်။ ဗန်းမော်ဆေးရုံမှာ Surgeon ရှိတယ်။ NonC ပေမယ့် ဘယ်မှ မပြေးပဲ ထိုင်ကုပေးနေတာ။ အဲ့ဒီဘက်မှာ သူရှိနေလို့ ကိုယ်မသွားလည်းရတယ်။ ဖားကန့်မှာလည်း ကိုယ့်ရဲ့ဂျူနီယာ ဆာဂျင်တစ်ယောက် ရှိပါတယ်။ ကန့်ဘလူမှာလည်း အိုဂျီတစ်ယောက်ရှိတယ်။ surgeon တစ်ယောက်လို ခွဲနိုင်နေပြီ။ ရှေ့လျှောက် အဲ့ဒီလူတွေအားလုံးနဲ့ ချ်ိတ်ဆက်လုပ်ကိုင်ရဦးမယ်။ ဘယ်နေရာမှာ လစ်ဟင်းသလဲ။ လစ်တဲ့ဟာတဲ့နေရာမှာပဲ ဖြည့်ချင်တယ်။ ခွေးလေးတစ်ကောင်နဲ့ လျှောက်သွားနေတဲ့ ဆာဂျင်တစ်ယောက်ပေါ့။
ဒါပေမယ့် အဲ့သလို လုပ်နိုင်ဖို့ ကိုယ်တို့မှာ အဆင့်တစ်ဆင့် ကျိန်းသေဖြတ်သန်းဖို့ လိုဦးမယ်။ နမ္မတီး၊ မိုးကောင်း၊ မိုးညှင်း၊ ဟိုပင် သံလမ်းရိုးက မြို့တွေကို သိမ်းရဦးမှာလေ။ ဧရာဝတီမြစ် အနောက်ဘက်ခြမ်းက လမ်းကြောပေါ့။ အရှေ့ခြမ်းက သိမ်းပြီးသွားပြီ။ အခုသူတို့က အဲ့ဒီတကြောကို ဂဏန်းလက်မညှပ်သလို ဘေးနှစ်ဘက်က ဆင်းလာခဲ့ပြီ။ အဲ့ဒါကြောင့်လည်း နမ့်မားကနေ ကြောက်ကြောက်နဲ့ လက်နက်ကြီးတွေ ထင်ရာမြင်ရာ စမ်းထုပြီး အသံပေးနေပုံရပါတယ်။ အဲ့ဒီတစ်ဆင့်ပြီးရင်တော့ ကချင်ပြည်နယ်က လွတ်မြောက် သလောက် ရှိသွားပြီ။ သူတို့ထိန်းချုပ်မှုအောက်မှာ မရှိတော့ဘူး။ ဗိန္ဓုသာရမင်းကြီးရဲ့ မုန့်သည်မသား မုန့်စားသလိုတိုက်တဲ့ စစ်ဗျူဟာက အနားသားတွေကုန်လို့ အလည်သားပဲ ဖောက်စားစရာ ကျန်တော့တယ်။ အောင်ပွဲတွေကို မျှဝေယူမယ်ဆိုတာ အဲ့ဒါပြောတာလေ။ KIA/KIO ရဲ့အောင်ပွဲ၊ NUG/KPDF ရဲ့အောင်ပွဲ။ အောင်လံစိုက်တော့မှ ဓါတ်ပုံလာတွဲရိုက်တဲ့ အောင်ပွဲ မဟုတ်ဘူး။ ကိုယ်တိုင် တပ်ဦးကချီပြီး သက်လုံးပုံတိုက်တဲ့ အောင်ပွဲ။ အစစ်အမှန်တွေ ရနိုင်လျက်နဲ့ ဘာကိစ္စ အတုအယောင်တွေနဲ့ ဟန်ဆောင်ပန်ဆောင် လုပ်ရမှာလဲ။
လွတ်မြောက်မှုအစစ်ကိုရဖို့ လက်တစ်ကမ်း အလိုကျမှ စစ်ဗိုလ်ချုပ်တွေ ဂျင်းထည့်တဲ့ ငြိမ်းချမ်းရေး အတုကြီးကို ကားပါမစ်နဲ့ လဲယူစရာ မလိုဘူး။ စစ်တပ်ရဲ့အကာအကွယ် ယူဖို့ရာ ဘိန်းရောင်းစားနေတဲ့သူ ကျားဖြန့်လုပ်နေတဲ့သူလည်း တစ်ယောက်မှ မပါဘူး။ ဘယ်ထိအောင် သွားကြမလဲဆိုတာ သူတို့မှာလည်း ပြတ်သားတဲ့ လမ်းစဉ်ရှိတယ်။ “ကိုယ့်ပြည်နယ်ကိုယ်ပြန်ရသွားရင် ဆက်တိုက်မပေးပဲ ဘေးထွက်ထိုင်နေမှာ။” လို့ ပေါက်ပန်းဈေးတွေ လာလာပြောတဲ့ သောက်ပိန်းတွေကို ပို၍ပိန်းသော ငတုံးများကသာ ယုံလိမ့်မယ်။ “ဘဏ်လုပ်ငန်းများ အဆင်ပြေချောမွေ့စွာ လည်ပတ်လျက်ရှိသည့်အတွက် ရန်ကုန်မြို့ရှိ ဘဏ်အသီးသီးတွင် ငွေကြေးအပ်နှသူများ အလွန်များပြားလျက် ရှိ။” လို့ မြဝတီသတင်းထဲပါတာ အတည်ပေါက်ကြီးနော်။ တပ်ထဲက မုဆိုးမတွေ ယုံကြပါဦးဟ။ နျူကလီးယားဓါတ်အားပေးစက်ရုံကြီး ရုရှားကနေ လာတည်ပေးတော့မယ် ဆိုတာက ရှိသေး။ မျက်နှာပြောင်ပြောင်နဲ့ အရှက်ကင်းမဲ့စွာ ဗြောင်လိမ်တယ်ဆိုတာ သူတို့ရဲ့ မွေးရာပါ အရည်အချင်း။ ဒီလယ်ဗယ်နဲ့များ ဝါဒဖြန့်တဲ့အလုပ်ကို လုပ်ချင်သေး။
ဝါမဝင်ခင်မှာ တော်လှန်ရေးရဲ့ တိုးတက်မှု အဆင့်တစ်ဆင့် တက်လာတာကို ထင်ထင်ရှားရှား မြင်ရမှာ ဖြစ်သလို ကိုယ်တို့ဆေးရုံကလေးမှာလည်း အဲ့ဒါနဲ့ လိုက်လျောညီထွေဖြစ်အောင် ပြုပြင် ပြောင်းလဲ တည်ဆောက်နေတဲ့ အဆင့်မြှင့်တင်ရေး အလုပ်တွေ ရှိပါတယ်။ ကိုယ်လုပ်နေသမျှ အလုပ်တိုင်းကို ရောင့်ရဲတင်းတိမ်တယ် ဆိုတာ မရှိဘူး။ ဒီ့ထက်ကောင်းအောင် ဘယ်လိုလုပ်မလဲ ဆိုတာပဲ အမြဲစဉ်းစားနေတာ။ စေတနာ စိတ်ဇောက တအားကို ထက်သန်နေတော့ လူကတောင် အမီမလိုက်နိုင်ဘူး။ စောင့်စောင့်ခေါ်နေရတယ်။ စစ်သားတွေကို နိုင်အောင်တိုက်ဖို့ဆိုတာ ဘဝရဲ့ရည်မှန်းချက်ပန်းတိုင်ပဲ။ ကျန်တာ ဘာမှ မလိုချင်ဘူး။
အခု နေမကောင်းဘူး။ ဖျားနေတယ် ဆိုပေမယ့် လူကသာ အိပ်ယာထဲ လှဲနေတာ။ စိတ်ကတော့ စာရေးနေတုန်းရယ်။ အပေါ်မှာ ပြောခဲ့တဲ့အတိုင်း ဘာမှမဖြစ်တဲ့ အကြောင်းအရာကို စာအရှည်ကြီး ရေးနေတာလေ။ Loki ကတော့ နေမကောင်းမှန်း သိလို့လား မသိဘူး။ အနားမှာ လာအိပ်နေတယ်။ ခေါင်းကလေးနဲ့တိုးဝင်လိုက်၊ ပေါင်ပေါ်မှာ မေးစေ့လေးလာတင်ထားလိုက်၊ ပုခုံးပေါ် လာမှီနေလိုက်။ ဒီကောင် ဘာပြောချင်နေတာလဲ မသိဘူး။ သူဂရုစိုက်တဲ့အကြောင်း၊ သူ့ဆရာကို ချစ်တဲ့ခင်တဲ့အကြောင်း ပြချင်တာ နေမှာပေါ့။ Loki က ကိုယ်တို့ချစ်လို့ ကိုယ်တို့ကို ပြန်ချစ်လာတာ မဟုတ်ဘူး။ သူက အရင် စချစ်လို့ ကိုယ်တို့ကလည်း သူ့ကို ပြန်ချစ်ရတာ။ အခုတော့ အားလုံးက သူ့ကို လူတစ်ယောက်လိုပဲ သဘောထားလိုက်တော့တယ်။ နေပြန်ကောင်းလာရင် ဟိုးတောင်ထိပ်ပေါ်တက်ပြီး Loki နဲ့ ဓါတ်ပုံတူတူ တွဲရိုက်ဦးမှပါ။