ချန်ဂင်တို့စခန်း (၂၆၈)

မြေပြင်မှာ စစ်ပွဲတွေ ငြိမ်နေတာ တစ်လလောက် ရှိပါပြီ။ ကောင်းကင်ကနေ လေယာဉ်နဲ့ လာတာတော့ ဘယ်တတ်နိုင်ပါ့မလဲ။ ဆုတ်ခွါသွားတဲ့ စစ်စခန်းတွေမှာ မိုင်းဗုံးတွေ ရာနဲ့ချီပြီး မြှုပ်ထားခဲ့တာမို့ အဲ့သဟာတွေ ရှင်းရတာကလည်း ရက်အတန်ကြာပါတယ်။ မိုင်းဆရာတွေ လက်ထဲတင် မိုင်းကွဲပြီး ရောက်လာတာလည်း ခဏခဏပဲ။ ဆယ်ဇင်းက ကလေးတွေတောင် ခြေနင်းမိုင်းလေးတစ်လုံး ကောက်ရတာကို ချိုင်းသုတ်ဆေးဗူးလေးဆို ယူယူဆော့နေတာ။ ကလေးတစ်ယောက်က “မဟုတ်ဘူး။ အဲ့ဒါ မိုင်းကြီး။” ဆို လွှင့်ပစ်လိုက်တာ ထပေါက်ပြီး ၅ ယောက်လုံး ဆေးရုံရောက်လာကြရော။ ဆင်သမား ၂ ယောက်တုန်းကလည်း ကောက်ရတဲ့ မိုင်းဗုံးအအလေးကို ဘက်ထရီအားကုန်နေတာလား မသိဘူး ဆို ဓါတ်ခဲအသစ်လဲကြည့်လိုက်လို့ ပေါက်သွားတာ။ ကိုယ်လည်း ဒီရောက်မှ မိုင်းထိတဲ့ လူနာမျိုးစုံကို မြင်ဖူးခွဲဖူးသွားတော့တာ။

ပြီးခဲ့တဲ့လ တစ်လလုံး “အရေးပေါ်လူနာပဲ လက်ခံပါတယ်။ ဆေးရုံကို ပိတ်ထားပါတယ်။” ဆိုပြီး ဆရာဝန်တွေ ရှောင်တိမ်းနေရင်းတန်းလန်းမှာတောင် စာရင်းချုပ်တော့ OPD လူနာ ၈၀၀ ကျော်တယ်။ ဒါတောင် စစ်ပွဲအခြေအနေကြောင့် သံလမ်းရိုးက လူနာတွေ မလာရဲကြလို့။ ငှက်ဖျားလူနာတွေ အရမ်းများတာလေ။ တစ်လတည်းနဲ့ ၃၅၀ ကျော်သွားတယ်။ ရွာကလူတွေ လယ်တောထဲသွားအိပ်ကြရလို့၊ တောထဲက စစ်သင်တန်းမှာ ကလေးတွေကို ခြင်ကိုက်လို့၊ ကိုယ်တို့ဆေးရုံက ရှေ့တန်းစစ်မျက်နှာမှာ၊ စစ်ရှောင်စခန်းတွေမှာ mobile clinic ထွက်ကုလို့။ ဒါနဲ့ပဲ ဆေးရုံသာပိတ်တယ်။ ငှက်ဖျားဆေးတွေ၊ test kit တွေက အဆက်မပြတ်ကို မှာနေရတယ်။ elective တွေ ခွဲမပေးပဲ ပြန်ပြန်လွှတ်လို့ ခွဲလူနာလေးတွေတော့ လျော့သွားသား။

ခွဲရတဲ့အလုပ်တစ်ခု သက်သာသွားလို့ အချိန်တွေ ပိုထွက်လာတဲ့အခါ အရင်တုန်းက မလုပ်နိုင်လို့ မလုပ်ပဲထားခဲ့တဲ့အလုပ်တွေကို ပြန် အာရုံစိုက်ရပါတယ်။ ကိုယ် Facebook သုံးတဲ့သက်တမ်းတလျှောက် ခုချိန်ထိအောင် monetization လုပ်မထားဘူး။ အင်တာနက်လိုင်းမကောင်းတာရယ်၊ အချိန်မရတာရယ်၊ ကိုယ်လည်း နားမလည်တာတွေကြောင့်။ အခုမှစပြီး ကြိုးစားတုန်းရှိပါသေးတယ်။ အကောင့်တုနဲ့ လာလာဆွတဲ့ကောင်တွေကို ကလော်တုပ်ထားလို့ သူတို့စတန်းဒတ်နဲ့ ငြိပါသတဲ့။ ၂၀၂၂ ကတည်းက restrict လုပ်ပြီးသားကို ခုထက်ထိ warning ပေးမဆုံးဘူး။ မပေးလည်း နေပေါ့ဟာ။ ခခယယတော့ တောင်းပန်မနေပါဘူး။ ကိုယ့်ဘက်က လုပ်စရာရှိတဲ့အလုပ်တွေ သူခိုင်းထားသလို ဆက်လုပ်တာပေါ့။ အဲ့ဒါကြောင့် Facebook ပေါ် အချိန်တွေ ကုန်ကုန်နေရတာ။ အားယားနေလို့တော့ မဟုတ်ဘူး။

ရန်ကုန်မှာ VPN တွေ ban ထားလို့ တိုင်ပတ်နေတဲ့အခိုက် ကိုယ့်ဆီမှာတော့ အင်တာနက်လိုင်းလေးကောင်းနေသေးတော့ ခါတိုင်းထက် ပိုချိတ်ဆက်လို့ အဆင်ပြေပြီးတော်လှန်ရေးအတွက် အကျိုးရှိမယ့်အလုပ်မှန်သမျှ အကုန်လုပ်သွားမယ် စိတ်ကူးပါတယ်။ အင်တိုက်အားတိုက် အစွမ်းကုန် ရုန်းကြမယ်လေ။ ကိုယ်တွေက လွတ်မြောက်နယ်မြေမှာဆိုတော့ လှုပ်သာလှည့်သာ ရှိသေးတယ်။ ရန်ကုန်ကလူတွေမှာ ရွှေကိစ္စ၊ ဒေါ်လာကိစ္စ၊ ဘဏ်ကိစ္စ၊ VPN ကိစ္စတွေနဲ့ မွန်းကြပ်ပြီး မလှုပ်သာ မလှည့်သာ ဖြစ်နေပြီ။ အဲ့ဒါကြောင့် ကိုယ်က သူတို့ကိုယ်စား ပိုရုန်းပေးရတာ။ စစ်တုရင်ကစားသလိုပါပဲ။ ချောင်ပိတ်မိနေတဲ့ အရုပ်တွေ လှုပ်လို့မရလည်း ကိုယ်တို့လို ခြေလှမ်းကျဲကျဲနဲ့ ဆုတ်သာတက်သာတဲ့ အရုပ်တွေက တိုက်ကွက်ကောင်းကောင်း ဖော်ပေးရမယ်။ ပွဲက သိမ်းကာနီးပြီလေ။ သူရွှေ့သမျှ အသာလေး ကောက်စားရုံပဲ။ ကွက်ကျော်မြင်တတ်တဲ့သူက သာတာပေါ့။

မြေပြင်မှာ မလှုပ်သာလို့ လေယာဉ်နဲ့စစ်တိုက်နေရတာ ၂ နှစ် ၃ နှစ် ရှိနေပြီဆိုတော့ ပိုက်ဆံ ဘယ်ကရှာမလဲဆိုတာ သူတို့အတွက် အကြီးမားဆုံး ပြဿနာပါ။ ကျရှုံးစစ်သည်၊ ထွက်ပြေးစစ်သည်၊ လက်နက်ချစစ်သည်တွေ တနေ့တခြား များလာလို့ စစ်သား ဘယ်ကရှာမလဲ ဆိုတာကလည်း ဖြေရှင်းမရတဲ့ ပုစ္ဆာ။ ၃ နှစ်အတွင်းမှာ အကြိမ် ၁၅၀ ကျော်အောင် အချင်းချင်းသမထားတဲ့အတွက် double coup မဖြစ်အောင် ဘယ်လိုထိမ်းမလဲ ဆိုတာက နောက်ကျောမလုံတဲ့ အိပ်မက်ဆိုး။ စိတ်ကူးယဉ်အတွေးကမ္ဘာထဲမှာ လျှပ်စစ်ရထားကြီးစီး၊ အနုမြူလက်နက်ကြီးပိုင်၊ PR စံနစ်နဲ့ အရွေးခံပြီး သမ္မတကြီးတက်လုပ်။ စီးပွါးရေးတွေဆိုတာက ဦးမော့ရုံတင်မကဘူး။ ထောင်တက်သွားလို့ မနည်းဆွဲချနေရတယ်။ အိုက်ကောင် ရာဘရော ဝိရော နှစ်ပင်လိမ်နေပြီလား မသိပါဘူး။ အခု သူလုပ်နေတဲ့ အကွက်တွေက ကာချုပ်ကိုယ်တိုင် ဓါးပြထွက်တိုက်နေရတာ မဟုတ်ဘူးလား။ ကလေးတွေကို PDF ဖြစ်အောင် တွန်းပို့နေရုံနဲ့ အားမရလို့ ခရိုနီတွေပါ ရုံခါထုတ်နေပြီ။ အဲ့သလောက် အ မှဖြင့် မြန်မာပြည်မှာ သူဌေးဖြစ်မလာပါဘူး။ စစ်အစိုးရအဆက်ဆက် စစ်တပ်ကိုမှီပြီးဖြစ်လာသမျှ စည်းစိမ်ဥစ္စာတွေဟာ သူရမ်းကားတာနဲ့ ဘောဂဗျဿန ဘဝ ရောက်ရတော့မယ်။ ပြေးလို့ရသမျှ လူကြီးသားသမီး ဆွေတော်မျိုးတော်တွေလည်း အကုန်ပြေးနှင့်ပြီ။ တစ်ယောက်မှ မကျန်ဘူး။ ဒါနဲ့များ ဘန်ကောက်က ကွန်ဒိုဝယ်ရင် ဖမ်းမယ်ဆိုတော့ ကိုနေတိုးက ဘာပြောလဲ။ မေးပေးဦး။

ကိုတင်နွယ် နဲ့ ဓါတ်ပုံတွဲရိုက်မိလို့ ဗိုလ်ခင်ညွန့် က ဘူးခါပြီး ငြင်းတယ်ဆိုတာ ဒီကနေ့အထိ မရှိဖူးဘူး။ မောင်ကြင်စိုး နဲ့ ပလူးတယ် လို့ သတင်းထွက်သွားလို့ Burbrit ကလူကြီး က “မဟုတ်ပါဘူး။ မလုပ်ပါဘူး။ မင်းထင်သလို မယုတ်မာဘူး။” ပျာပျာသလဲ ထရှင်းတာ နေ့တောင် မကူးဘူး။ သူက ဘာ VPN နဲ့ များ Facebook ပေါ် တက်လာသလဲ စိတ်ဝင်စားစရာကြီး။ ငနီပါတိုင်း လှေမှောက်တယ်နော်။ မပြောမရှိကြနဲ့။ ဆက်သွယ်ရေးနဲ့ပါတ်သက်ရင် အစိုးရတန်မဲ့ privacy တွေ ချိုးဖောက်လွန်းလို့ တယ်လီနောဆို အရှုံးခံပြီး ထွက်သွားပြီးပြီ။ အဲ့ဒါလည်း သူတို့က အရှက်မရှိ အောက်ဈေးနှိုက်ပြီး တဘက်လှည့်နဲ့ ပြန်ဝယ်သေးတာ။ Facebook ကို ပိတ်ချင်လို့ တခြား App တွေ အစားထိုးဖို့ ကြိုးစားတာလည်း တစ်ခါမှ မအောင်မြင်ပါဘူး။ နောက်ဆိုရင် အင်တာနက်တောင် ပေးသုံးတော့မှာ မဟုတ်ဘူး။ သမဆိုင်မှာ ဆီတွေဆန်တွေ ပြန်တိုးခိုင်းဦးမလား မသိ။ ဆင်းကဒ်တစ်ကဒ်ကို သိန်း ၅၀ လောက်နဲ့ ရှိခိုးဦးတင် ပြန်ရောင်းစားချင်လို့လား။ ဆေးလောကရဲ့ ဆရာကြီးသမားကြီးတွေတောင် မြဝတီသတင်း ရိုက်စရာ Liver transplant လုပ်ပြနိုင်မှ “မင်းတော်တယ် မောင်ပြူး” ဆို ဆင်းကဒ်လေးတစ်ကဒ် ဘောက်ဆူးပေးရတာကို သူတို့ အရသာတွေ့နေပြီလေ။ ရမယ်ထင်ရင် ကြိုးစားကြည့်ပေါ့ကွာ။ ဇင်ဘာဘွေတောင် မြန်မာကို ကျော်တက်သွားခဲ့ပြီ။ နောက်ကရေရင် နံပါတ် (၁) ကွ။

ရွှေ့စရာ အကွက်ကုန်ပြီး သူ လုပ်တတ်တာ၊ လုပ်နိုင်တာ၊ အရပ်သား ပြည်သူတွေကို အကြမ်းဖက်သတ်ဖြတ်တာပဲ ရှိတယ်။ အဲ့ဒီအကျိုးဆက်ကြောင့် သူတို့စစ်တပ်ကြီးက အကြွင်းအကျန်မရှိအောင် ပျက်သုဉ်းရလိမ့်မယ်။ ဒီလပိုင်းထဲမှာကို သိသိသာသာ အဖြေထွက်လာခဲ့ပြီ။ ဆက်သာတိုက်။ လူကုန်တော့ အလိုလိုရပ်သွားလိမ့်မယ်။ ခုချိန်မှာ အဲ့ဒီဘက်ကလူတိုင်း စဉ်းစားရမှာက လိုက်သေမှာလား နေခဲ့မှာလား ဆိုတဲ့ ဆုံးဖြတ်ချက်ပဲ။ ကိုယ့်သေရေးရှင်ရေးကို ကိုယ့်ဘာသာ မှန်အောင်ရွေးချယ်ကြပေါ့။ အရွေးမှားရင် သေမှာ။ သင်ကိုယ်တိုင် ဆုံးဖြတ်ရမယ့် အချိန်ရောက်လာပြီ ဖြစ်တယ်။ ဟဲ့ ပလုတ်တုတ်။ လန့်ထှာနော်။

စစ်တပ်က ပြည်သူကို ပြောင်ပြောင်တင်းတင်း ဓါးပြထွက်တိုက်တဲ့သတင်းက မထူးဆန်းပေမယ့် အာဏာသိမ်းပြီး ၃ နှစ်ကာလအတွင်း ဗဟိုဘဏ်ကနေ ငွေစက္ကူအသစ် ဘီလီယံ သုံးသောင်း ရိုက်ထုတ်သုံးစွဲပြီးသွားပြီ ဆိုတဲ့ သတင်းကတော့ စစ်ခေါင်းဆောင်တွေ ဘယ်ခြေလှမ်းလှမ်းတော့မလဲ ဆိုတာ သိသာထင်ရှားစေတဲ့ သဲလွန်စတစ်ခုဖြစ်ပါတယ်။ ဒီလောက်များပြားတဲ့ပမာဏနဲ့ ငွေစက္ကူရိုက်ထုတ်မှုဟာ ငွေကြေးဖောင်းပွပြီး တိုင်းပြည်စီးပွါးရေးကို ဆိုးဆိုးရွားရွား ပြိုလဲစေမှန်း သူတို့ မသိပဲ ဘယ်နေပါ့မလဲ။ သိလျက်သားနဲ့ တမင် ရည်ရွယ်ချက်ရှိရှိ အဲ့သလို ဖြစ်အောင် လုပ်တာပါ။ သူတို့စစ်အုပ်စုရဲ့ စီးပွါးရေးအရင်းအမြစ်တွေအားလုံး နိုင်ငံခြားမှာ ရွှေ့ထားပြီးသား။ သားသမီးတွေပါပို့ပြီး ရင်းနှီးမြှုပ်နှံထားပြီးသားဆိုတာ ထွန်းမင်းလတ်ကို အဖမ်းခံရကတည်းက ဗူးပေါ်သလို ပေါ်သွားခဲ့တာပဲ။ သူတို့ ဒီစစ်ပွဲကို မနိုင်မှန်းသိလို့ ပြေးဖို့ပြင်နေပြီ။ ခွါယူရွှေ့ပြောင်းလို့မရတဲ့ ပြည်တွင်းက အိမ်ခြံမြေ ပိုင်ဆိုင်မှုတွေကို အရည်ဖျော်ပြီးသယ်မလို့ ကြံနေတာ။ သူတို့က ရွှေတွေ ဒေါ်လာတွေ တပွေ့တပိုက်ကြီးနဲ့ ထွက်သွားပြီးမှ မြန်မာပြည်ကကောင်တွေ ဆန်တစ်ပြည်ဆယ်သိန်းပေးဝယ်ရတော့ရော ဘာဖြစ်သေးလဲ။ ထိုင်ရယ်နေကြမှာပေါ့။ အေးလေ။ ဒါဆိုလည်း တော်လှန််ရေးရဲ့ပန်းတိုင်ဟာ စစ်အာဏာရှင်နိဂုံးချုပ်ရေးသက်သက်နဲ့ ဘယ်အဆုံးသတ်တော့မှာလဲ။ စစ်မျိုးစစ်နွယ် အဆွယ်အပွါးတွေပါမကျန် တစ်ယောက်မှ အသက်ရှင်လျက် အပြင်ပေးထွက်လို့မရဘူး ဆိုတဲ့ ရှေ့မှတ်တိုင်အထိ ဆက်စီးမှ ရောက်တော့မယ်။ နို့မို့ဆို တိုင်းပြည်ကြီးတစ်ခုလုံး ဘုန်းဘုန်းလဲကျန်ရစ်ခဲ့ပြီး ဒီကောင်တွေက သူများတိုင်းပြည်မှာ ဘီလျံနာသွားလုပ်နေမှာပေါ့။ “ရန်ကိုရန်ချင်း မတုန့်နှင်းနဲ့။” ဆိုတဲ့စကားဟာ ကိုယ့်ဗိုက်ထဲစိုက်ဝင်နေတဲ့ ဓါးကို အရင်နှုတ်ပြီးမှ နားချလို့ရမယ့်စကားလေ။

မြန်မာပြည်တပြည်လုံး မီးဟုန်းဟုန်းတောက်နေတဲ့အချိန်မှာ အေးနေဝင်းတို့ မိသားစုတွေ ဘယ်လိုနေကြသလဲ။ ဦးသန်းရွှေတို့ အသိုင်းအဝိုင်းရော ဘယ်ရောက်ကုန်သလဲ။ အဲ့သလိုပဲပေါ့။ စစ်သားတွေ အကုန်သေလို့ နောက်တက်တဲ့ ဖက်ဒရယ်အစိုးရက ခွက်ဆွဲတိုင်ပတ်နေတုန်းမှာ အကိုအောင် နဲ့ ကြူကြူတို့က မော်စကိုမှာ ပျော်သလို နေကြမယ် ဆိုတာ ဖြစ်သင့်ဖြစ်ထိုက်တဲ့ ကိစ္စလား စဉ်းစားပါဦး။ ရှင်းရှင်းပြောရရင် မင်းအောင်လှိုင်ဟာ တိုင်းပြည်ကို ချောက်ထဲတွန်းချပြီး သူ့အတွက် ထွက်ပေါက်ရှာနေပြီ။ သူအုပ်ချုပ်တဲ့ စစ်တပ်ကိုလည်း ဓါးစာခံထိုးကျွေးပြီး သူ့ကိုယ်သူ အလွတ်ရုန်းတော့မယ်။ ထမင်းရည်ပူစည်းလည်း အခါခါနင်းထားပြီးသား။ တားတဲ့ဆီးတဲ့သူ မှန်သမျှလည်း အလဲလဲအကွဲကွဲ တွန်းချခဲ့ပြီးသား။ အခု ဒီကောင်ကြီးက “အောင်လူ အောင်လူ အောင်လူ ပြန်ပြီဝေး” လို့ အော်နေတာကို လက်မှိုင်ချပြီး လွှတ်ပေးလိုက်တော့မှာလား။ ပွဲပျက်မှာ မပူနဲ့လေ။ ပွဲက အစကတည်းက ပျက်ပြီးသား။ နပန်းပဲ ဖက်လုံးရလုံးရ အဲ့ဒီကောင်ကြီးတော့ အလွတ်ပေးလို့ မဖြစ်ဘူး။ လက်ရကို ဖမ်းရမှာ။ ဒီကောင့်မမိမချင်း လူတွေသေလို့လည်း ဆုံးမှာ မဟုတ်ဘူး။ ဒီတစ်ခါတော့ တကယ့်ကို အဆုံးသတ်တိုက်ပွဲ ရောက်လာပါပြီ။ ရန်သူတွေကို တစ်ယောက်မှ မလွတ်စေနဲ့ လို့တော့ သတိပေးရမှာပေါ့။

အခြေအနေတွေကတော့ အဲ့ဒီအတိုင်းပဲ။ ဒါဆိုရင် ပွဲမြန်မြန်ပြတ်သွားအောင် ဘယ်နေရာမှာ ဘာဝင်လုပ်ပေးနိုင်မလဲဆိုတာတော့ ကိုယ့်ဘာသာပဲ စဉ်းစားပါ။ SP လေးတစ်ခုတောင် ထိရောက်အောင် မလုပ်နိုင်ပဲ စောင်ပိုတွေ လာမရောင်းပါနဲ့။ အခုချိန်က လှေနှစ်စင်း ခွဲထွက်သွားပြီမို့ လှေနံနှစ်ဘက်နင်းထားတဲ့သူတွေ ဖင်ပြဲပြီး ရေထဲပြုတ်ကျတော့မှာ ဖြစ်ပါတယ်။ ရန်သူမိတ်ဆွေ ကွဲပြားသွားပြီဆိုရင် မိတ်ဆွေရဲ့နောက်ကျောကို ဓါးနဲ့မထိုးဖို့၊ ရန်သူ သူခိုးကို ဓါးရိုးမကမ်းဖို့ လိုပါလိမ့်မယ်။ နှစ်ဘက်စလုံးက ဒလန်ကို ရှာဖွေ သုတ်သင်နေတာမို့ ကြားညပ်ရင် သေဖို့ပဲ ရှိပါတယ်။ တည်ငြိမ်အေးချမ်းတဲ့ဘဝကို ပြန်လိုချင်ရင် လောလောဆယ် အိုးနင်းခွက်နင်း ကမောက်ကမတွေကို ကိုယ်တတ်နိုင်တဲ့နည်းနဲ့ ငြိမ်ဆိမ်အောင် ကူညီရပါလိမ့်မယ်။ တလောကလုံးက ဆရာကြီးဖြစ်နေတဲ့အချိန်မှာ ဘယ်သူ့ကိုမှ ဆရာကြီးလုပ်ချင်စိတ်လည်း မရှိပါဘူး။ ကိုယ့်ယုံကြည်ချက်နဲ့ကိုယ် ကိုယ်သန်ရာသန်ရာ ပါဝင်ကူညီကြဖို့ တိုက်တွန်းပါတယ်။ ဒုက္ခရောက်နေတဲ့အထဲမှာ သင်လည်း ပါတယ် မဟုတ်လား။ အဲ့ဒီဒုက္ခတွေက အမြန်ဆုံး လွတ်မြောက်ချင်တယ် မဟုတ်လား။ အခုပဲ ရုန်းထွက်လိုက်ရအောင်နော်။

ကိုင်း… တို့လူကလေးများ ဆိုသလေး….။