ချန်ဂင်တို့စခန်း (၂၆၇)

မွေးမေလေ ဆိုလို့ဆဲ

အိမ်ခွဲပါလို့ဆောက်ရအောင်

မဲဇာဆို ရွှေလီထဲက

ဝါး ဆွဲခဲ့မောင်။

(ပျို့မောင်တွဲတဲ့ ဝါးရွှေဖောင်ရယ်) x ၂

နှစ်ဆောင်ပြိုင်

ကျယ်ကျယ်ဆောက်မှ

သုံးဆောင် လေးဆောင်

ကျယ်ကျယ်ဆောက်မှ

နေလောက်မယ် ပျိုသက်ထားရယ်

သားတွေက များတယ်။

ရန်ကုန်မှာ VPN တွေ ချိတ်မရ​တော့ဘူး။ စစ်သားစုဆောင်းရေးကလည်း ဟိုရပ်ကွက်ချောင်းလိုက် သည်ရပ်ကွက် ချောင်းလိုက်နဲ့လေ။ နေရထိုင်ရတာ အဆင်မပြေပါဘူး။ အဲ့သလိုနဲ့ပဲ ကိုယ်တို့ မဲဇာရွှေလီအရပ်က တောနက်ထဲဆီရောက်လာတဲ့သူတွေ တစ်ယောက်ပြီးတစ်ယောက်ပေါ့။ နိုင်ငံခြားအလုပ်လုပ်နေတဲ့သူတွေကို passport သက်တမ်းတိုးမပေးတော့ရင်လည်း စိတ်နာနာနဲ့ တောထဲအထိ ရောက်အောင် လာကြတယ်။ ရှင်းရှင်းလေးပဲလေ။ မဖြစ်မနေ စစ်သားလုပ်ရတော့မယ် ဆိုမှတော့ ဒင်းတို့ဆီမှာ လုပ်စရာလား။ ဒီဘက်ကိုပဲ လာမှာပေါ့။ အဲ့ဒါကြောင့် ကိုယ်တို့မယ် သားတွေက များပြီး နှစ်ဆောင်ပြိုင်ကျယ်ကျယ်ဆောက်မှ နေလောက်မယ် ပျိုသက်ထားရဲ့ ဖြစ်ကုန်တာ။ လေ့ကျင့်ရေးပြီးလို့ ရှေ့တန်းကို ကိုယ်စီကိုယ်စီထွက်သွားရင် နောက်အသစ်တွေ ဝင်လာပြန်ရော။ ရှေ့တန်းက ကလေးတွေ အောင်ပွဲနဲ့ပြန်လာကြရင် အိပ်စရာနေရာ မပေးနိုင်လို့ မိုးကာစလေးတွေ ခင်းပြီး အိပ်ရတယ်။ ရှင်ဘုရင်တွေ တောကစားတဲ့အခါ တောသားတွေက ခြောက်လှန့်မောင်းထုတ်လို့ သားကောင်ကို ပစ်ကွင်းထဲ အရောက်ပို့ရသလိုပါပဲ။ မြို့ပေါ်မှာ ကြင်စိုးတို့သားအဖတွေ တောခြောက်လွှတ်လိုက်ရင် ကလေးတွေက ဒီဘက်ရောက်လာလေရဲ့။ စည်းရုံးရေးဆင်းစရာတောင် မလိုဘူး။ ခံယူချက်တွေ နာကျည်းချက်တွေနဲ့ “တိုက်ပါရစေ ဒီကောင်တွေကို” ဖြစ်နေပြီ။

ဒေါ်လာဈေးတွေ၊ ရွှေဈေးတွေ တက် ရင်လည်း သူတို့ကတော့ တောထဲကကောင်တွေ ခု ကုန်ဈေးနှုန်းနဲ့ ငတ်သေကြလေသတည်း လို့ အောင့်မေ့နေတာ။ ဒီမှာဖြင့် မဟုတ်ပေါင်။ ပြည်သူကို အနိုင်ကျင့်လေလေ၊ ပြည်သူက သူစားမယ့် ထမင်းလုပ်ကို မျိုမကျပဲ တော်လှန်ရေး မြန်မြန်ပြီးအောင် PDF ကလေးတွေဆီ ပံ့ပိုးလေလေပါပဲ။ ဒီကောင်တွေ နှိပ်စက်လိုက်တိုင်း ကိုယ်တို့ဆီမယ် ဖလားခေါက်စရာ မလိုပဲ ထောက်ပို့ငွေတွေ တဖွားဖွားကျလာတယ်။ ကိုယ့်သေတွင်းကိုယ်တူးနေမှန်း နည်းနည်းလေးမှ မရိပ်မိကြသေးဘူး။ မကြာဘူး မကြာဘူး။ ရောက်တော့မှာ။ သုံးချိုင်းကင်းကို။

ကိုယ်တို့ တောထဲကို စရောက်တဲ့အချိန်တုန်းက KPDF တွေ ပထမဆုံး အပါတ်စဉ်က သင်တန်းဆင်းကာစပံ ရှိသေးတယ်။ လက်နက်တောင် မတပ်ဆင်ပေးရသေးဘူး။ အစိုးရဝန်ထမ်း လူလတ်ပိုင်းတွေ များပါတယ်။ အရမ်းလည်း ပင်ပန်းသလို အရမ်းလည်း အနစ်နာခံကြရတယ်။ ကိုယ်နေမယ့်တဲ ကိုယ့်ဘာသာဆောက်ပြီး ကိုယ့်အိမ်သာကျင်း ကိုယ့်ဘာသာ တူးကြရတာ။ သေနတ်ကိုင်ရဖို့အရေး ပေါက်တူးပေါက်ပြားတွေ အသားမာတက်အောင် အရင်ကိုင်ရတာ။ တောထဲရောက်စ ပထမဆုံးအတွေ့အကြုံဆိုတာ ဘယ်သူ့အတွက်မှ ချိုမြိန်တယ်လို့ မရှိပါဘူး။ အဆင်မပြေခြင်း များစွာနဲ့ အသားကျအောင်နေရတာပါ။ ဒီစာမေးပွဲကိုမှ မအောင်ရင် ရှေ့တန်းစစ်မျက်နှာဆိုတာ ဘယ်လိုရင်ဆိုင်နိုင်မှာလဲ။ ကလေးတွေလည်း တော်တော် စိတ်ဓါတ်ကြံ့ခိုင်လို့သာ ဒီနေ့အထိ လက်ရည်မကျပဲ တိုက်ပွဲဝင်နိုင်ကြတာပေါ့။

သူကိုယ်တိုင်က တောထဲရောက်နေတဲ့သူမို့ ကလေးတွေကို တောထဲ မရောက်ရောက်အောင် ဆွယ်နေတယ် လို့ အပြောခံရတော့မှာပဲ။ တကယ်တမ်းတော့ ကိုယ်က တောထဲရောက်နေတဲ့သူကိုသာ ရဲဘော်ရဲဘက်စိတ်နဲ့ ပေါင်းတာ။ မြို့ပေါ်နေတဲ့သူကိုတော့ ဘယ်တော့မှ တောထဲ မခေါ်ပါဘူး။ လာမယ်ဆိုရင်တောင် အတန်တန် စဉ်းစားပြီးမှ လာခဲ့ခိုင်းတာ။ ကိုယ်ခေါ်လိုက်တဲ့သူ တစ်ခုခုဖြစ်သွားရင် ဘယ်လိုလုပ် ဖြေသိမ့်ရမလဲ။ ကိုယ့်ညီလေးတွေ တူလေးတွေ လာချင်တယ် ဆိုရင်တောင် မလာပါနဲ့ လို့ချည့် တားတာ။ ဆရာမစန်းစန်းနွဲ့သာယာဝတီ ရေးခဲ့ဖူးသလို တောထဲက မမာတဲ့သူဆီ ဆေးသွားပို့လို့ ထောင်နှစ်ရှည်ကျသွားတာ နောင်ကျတော့ တောခိုတဲ့သူက အလင်းဝင်၊ ပါတီကောင်စီမှာ လူကြီးနေရာရတာတောင် ဆေးပို့ပေးတဲ့သူက ထောင်က မလွတ်သေးဘူးဆိုတဲ့ လောကဓံမျိုး မကြုံချင်ဘူး။ အဲ့ဒါကြောင့် ရောက်လာသမျှ ကလေးတွေကိုပဲ ကိုယ့်ဆွေမျိုးသားချင်း လို စောင့်ရှောက်တာ။ ကိုယ့်ဆွေမျိုးသားချင်းကိုတော့ မခေါ်ပါဘူး။ သူတို့အသိစိတ်နဲ့သူတို့ ဝင်ပါရင် ဝမ်းသာတယ်။ ကိုယ်ကတော့ မဆွယ်ဘူး။ ဒါတောင်မှပဲ သားတွေကများလို့ နှစ်ဆောင်ပြိုင်ကျယ်ကျယ် ဆောက်ရမလို ဖြစ်နေပြီ။ ရှိတဲ့လူအင်အားကလေးနဲ့ ဆေးရုံ ၂ ရုံ ခွဲ အလုပ်လုပ်နေတာ။

တောထဲကိုလာရင် အဆင်ပြေမယ် လို့ ကိုယ် အာမမခံနိုင်ပါဘူး။ တောထဲမှာ အဆင်ပြေခြင်း မပြေခြင်းတွေက ကိုယ်ကိုယ်တိုင် ဖန်တီးယူရမယ့်အရာတွေ။ လူတစ်ယောက်နဲ့တစ်ယောက် ခံနိုင်ရည်ချင်းကလည်း မတူဘူး လို့ ပြောဖူးတယ်လေ။ ထုသားပေသားကျလာတဲ့အခါကျမှ ဒူပေတာပေ ခံနိုင်လာတာ။ တောထဲကိုလာချင်ရင် ကိုယ်လက်လည်း ကြံ့ခိုင်ရတယ်။ စိတ်ဓါတ်လည်း ကြံ့ခိုင်ရတယ်။ ဒါပေမယ့် မပူပါနဲ့။ ကိုယ်လိုလူတောင် ကောင်းကောင်းကြီးရပ်တည်နိုင်ပါတယ်။ နိက္ခမပါရမီဆိုတာ ဒီလိုပဲ ဖြည့်ကျင့်ရတယ်။ ကိုယ်မခေါ်လည်း တောထဲကိုရောက်လာတဲ့ကလေးတွေ တော်တော်ကိုများနေပြီ။ ဆွဲအားကြောင့် မဟုတ်ဘူး။ တွန်းအားကြောင့်။

“တော်လှန်ရေးဆိုတာ တောထဲရောက်မှ လုပ်လို့ရတာလား ဆရာကိုစိုးမင်းရယ်။” လို့ စကားနာလာထိုးမယ့်သူတွေလည်း အများကြီး ရှိပါတယ်။ အဲ့သလိုတော့ မဆိုလိုပါဘူး။ တောထဲကဖြစ်ဖြစ်၊ မြို့ပေါ်ကဖြစ်ဖြစ်၊ နိုင်ငံခြားကဖြစ်ဖြစ်၊ နောက်ဆုံးမှာ သူတို့စစ်တပ်ထဲကဖြစ်ဖြစ် တော်လှန်နေတဲ့သူတွေ နည်းတာမှတ်လို့။ အရေးကြီးတာ အမှား နဲ့ အမှန်၊ ဓမ္မ နဲ့ အဓမ္မကို ခွဲခြားသိတဲ့ အသိဉာဏ်ရှိဖို့ရယ်၊ အကြမ်းဖက်နှိပ်စက်သတ်ဖြတ်နေတဲ့ စကစစစ်တပ်အပေါ် အကြောက်တရား မရှိဖို့ရယ်။ ဒီ ၂ ခုပဲ လိုတာပါ။ “တစ်ယောက်တည်း ခံစားနေရ၊ အမေ့သားတွေ သမီးတွေ ထိုင်းမှာ က က က က။” ဆိုတဲ့ကလေးတွေလည်း တော်လှန်ရေးကို စွန့်ခွါသွားတာ မဟုတ်ဘူး။ ဒီဘက်ခံတုတ်ကျင်းက ဟိုဘက်ခံတုတ်ကျင်း ပြောင်းတိုက်တာပဲ ရှိတယ်။ မြို့ပေါ်မှာနေတဲ့ NonC ဆရာဝန်တွေသာ မကူညီရင် ကိုယ့်ဆေးရုံကလေးက ခုလောက်ထိ အဆင်ပြေချောမွေ့စရာ မရှိဘူး။ မဲဆောက်နေမှ ကိုယ့်ဘက်သား၊ ရန်ကုန်နေရင် ဘောမ လို့ ဘယ်သူပြောတုန်း။ အန္တရာယ်က လက်တစ်ကမ်းမှာမို့ သိုသိုသိပ်သိပ် တော်လှန်နေတဲ့သူတွေလည်း အများကြီး ရှိပါတယ်။

“လူတစ်ယောက် ထောင်ထဲမှာနေရတဲ့ အချိန်ကာလကို သူ့ဘဝသက်တမ်းထဲက နှုတ်ပစ်ရမယ့် ရက်လတွေ” လို့ ဆရာမစမ်းစမ်းနွဲ့က ပြောဖူးတယ်။ ကိုယ်ကတော့ ထောင်ထဲမရောက်ပဲ တောထဲရောက်နေတဲ့သူတစ်ယောက်အနေနဲ့ ပြောရမယ်ဆိုရင် ကိုယ့်ဘဝရဲ့ တောတွင်းသက်တမ်း ၃ နှစ်တာဟာ အနှုတ်သဘောမဆောင်ပဲ အများကြီးပြောင်းလဲတိုးတက်သွားတဲ့ အချိန်ကာလတွေပါ လို့ ဆိုချင်တယ်။ နန်းစိန်လုပ်ပြီး Doctorate ၃ နှစ်တက်ခဲ့ရင်တောင် ဒီကာလမှာ ကိုယ်သင်ယူတတ်မြောက်လာတဲ့ ပညာရပ်ပိုင်း ကျွမ်းကျင်မှုမျိုး ရနိုင်မှာ မဟုတ်ဘူး။ ခွဲတဲ့စိတ်တဲ့ဘက်ရော၊ မေ့ဆေးပေးတဲ့ဘက်မှာရော လက်ရည်အများကြီး တက်ခဲ့ပြီ။ အဓိကကတော့ အခက်အခဲတွေကို ကျားကုတ်ကျားခဲ ရင်ဆိုင် ကျော်လွှားတဲ့နေရာမှာ တောထဲမရောက်ခင်တုန်းကနဲ့ ဘာမှမဆိုင်အောင် တွေးတတ်၊ ဆုံးဖြတ်တတ်သွားတယ်။ အသက်နဲ့ရင်းထားရတာလေ။ မှားရင်သေမှာ။ လူနာအသက်ရော ကိုယ့်အသက်ရော။ ကိုယ့်ဘဝမှာ ဒီအသက်ဒီအရွယ်သာ ရောက်လာရော။ ကိုယ့်မိသားစုကိုယ်တောင် ထမင်းဝအောင် မကျွေးနိုင်ခဲ့ဘူး။ တောထဲမှာတော့ လူ အစိတ်သုံးဆယ်လောက် တာဝန်ယူထားတာ ၃ နှစ်တောင် ပြည့်တော့မယ်။ လူနာတွေကိုလည်း အခမဲ့ဆေးကုနိုင်တယ်။ အစဉ်အမြဲ တိုးပွါးအဆင့်မြင့်လာတဲ့ ဆေးရုံလေးတစ်ခုလည်း ပီပီပြင်ပြင် ပေါ်လာတယ်။ ကိုယ့်ရဲ့ဆရာဝန်သက်တမ်း အနှစ် ၃၀ မှာ တောထဲက ၃ နှစ်ကသာ လူနာအများဆုံး ကုနိုင်ခွဲနိုင်ပြီး စွမ်းဆောင်ရည် အမြင့်ဆုံး ကာလတွေ ဖြစ်တယ်။ အဲ့ဒါကြောင့် ကိုယ့်အတွက်တော့ တောထဲရောက်တယ် ဆိုတာ ဘဝမှာ အနှုတ်လက္ခဏာ မပြပဲ super booster dose တွေ ရလိုက်တာပါလေ။

ကိုယ့်ရဲ့ စာဖတ်ပရိသတ်တွေအတွက်ဆိုရင်ကော ဘူတန်မှာ ရေးတဲ့စာ၊ ဂျပန်ပြည်မှာ ရေးတဲ့စာ၊ အိန္ဒိယမှာ ရေးတဲ့စာတွေနဲ့ အခု တောထဲကနေ ရေးတဲ့စာ၊ ဘယ်ဟာက ပိုဖတ်ကောင်းတယ် ထင်သလဲ။ ၂၀၁၉ တုန်းက ကိုယ့်မှာ followers ၆ သောင်းပဲ ရှိသေးတယ်။ ၂၀၂၄ မှာ ဘယ်လောက်ဖြစ်သွားသလဲ ကြည့်လိုက်။ တောထဲကိုရောက်ရတဲ့ ကိုယ့်ရဲ့ရည်ရွယ်ချက်ဟာ တော်လှန်ရေးကြီး အောင်မြင်ဖို့အတွက် ဖြစ်တာမို့ တိုင်းပြည်အတွက်လည်း အနှုတ်လက္ခဏာပြသလား၊ အပြုသဘောဆောင်သလား ဆိုတာ မေးစရာတောင် မလိုတော့ဘူး။ ကိုယ်ကုပေးလိုက်လို့ ကောင်းသွားတဲ့လူနာတွေ၊ ကိုယ်ခွဲပေးလိုက်လို့ အသက်မသေတော့တဲ့ ရဲဘော်တွေ၊ ကျန်းမာရေးအတွက် စိတ်ချလက်ချ အားကိုးနိုင်တဲ့ ဒေသခံတွေအတွက် ကိုယ်တောထဲရောက်လာရတာ ဘယ်လောက်တန်ဖိုးရှိသလဲ။ “သူများတွေ ခုန်ပျံကျော်လွှားပြီး ရာထူးတွေ တက်ကုန်ပြီ။ ဆေးခန်းမှာ လူနာတွေခွဲရလွန်းလို့ အိမ်တွေမြေတွေ ဝယ်ကုန်ပြီ။ ဒီကောင်ကတော့ စစ်တပ်ကိုစော်ကားလို့ တောထဲသွားပြီး ကိုယ့်ကျင်းကိုယ် တူးနေရပြီ။” လို့ ပြောလာရင်လည်း ကြေကြေနပ်နပ်ကြီးကို ပြုံးပြီး ကြည့်နေလိုက်မယ်။ ရွှေပင်မှာနားတဲ့ ရွှေလှောင်အိမ်ထဲက ရွှေကျေးလေးဘဝနဲ့ တောထဲမှာ လွတ်လွတ်လပ်လပ် တောသဘာဝအတိုင်း ပျံသန်းနေထိုင်တဲ့ ကျေးတမာလေးရဲ့ဘဝ။ နေရာချင်းတော့ မလဲနိုင်ပါဘူး။

တောထဲမှာနေတယ်ဆိုတာ ဘာတစ်ခုမှ လွယ်လွယ်နဲ့မရတာတော့ မှန်ပါတယ်။ အရင်ဆုံး ကိုယ်နေမယ့်နေရာကို ခြုံတွေထွင်၊ အပင်တွေခုတ်၊ မြေညှိမြေပေါက်လုပ်ရတာနဲ့တင် တော်တော်နဲ့မပြီးဘူး။ ဆင်တစ်ကောင်ငှါးပြီး အလုပ်လုပ််တာတောင် ၂ ရက် ၃ ရက် ရှင်းယူရတယ်။ သစ်ပင်တွေလှဲ၊ သစ်ကိုင်းတွေဖြတ်၊ တိုင်ထောင်၊ အမိုးမိုး။ အကုန် ကိုယ့်ဘာသာလုပ်ရတာ။ အမိုးမိုးဖို့ ရုန်းတွေ၊ သက်ကယ်တွေလည်း ကိုယ့်ဘာသာ ရိတ်လာကြတာ။ ရေဘယ်က သယ်မလဲ။ ထင်းဘယ်က ရှာမလဲ။ အိမ်သာ ဘယ်မှာဆောက်မလဲ။ အရာအားလုံး ကိုယ့်လုပ်အားနဲ့ အရင်းတည်ရတယ်။ စခန်းချ မြိုင်ထဆိုတာ ဇာတ်ထဲမှာလို မင်းသားလေးနဲ့ မင်းသမီးလေးနဲ့ မောတယ်၊ ပန်းတယ်၊ ထူမယ်၊ ထမ်းမယ် နဲ့ ကရင်းခုန်ရင်း ပြီးသွားတာ မဟုတ်ဘူး။ ရန်ကုန်က အထူးကုဆရာဝန်ကြီးမို့ လက်ကလေးပိုက်ပြီး ထိုင်ကြည့်နေမယ် မကြံနဲ့။ ရောက်ကာစ ဆေးရုံကအဆောင်တွေမှာ ကိုယ်ကိုယ်တိုင် ထရံရိုက်ရတာ။ စာထဲမှာတောင် ထည့်ရေးဖူးသေး။ တောထဲမှာနေတာ လူကိုကြံ့ခိုင်သန်မာစေတယ်ဆိုတာ အလကားနေရင်းတော့ ဘယ်ဟုတ်ပါ့မလဲ။

ရာမမင်းသားလေး နဲ့ လက္ခဏမင်းသားလေးလို ဘီလူးစောင့်တဲ့ ရေကန်ထဲဆင်းသွားပြီး မြရောင်၊ ရွှေရောင် ဝင်းဝင်းပြောင်ပြောင်နဲ့ ပြန်တက်လာတာမျိုး မဟုတ်ပေမယ့် နဂိုက မြို့ပေါ်မှာ နုနုနယ်နယ် မလည်မဝယ်နဲ့ ကလေးတွေဟာ တောထဲရောက်ပြီးနောက် ကိုယ်စွမ်းကိုယ်စတွေနဲ့ ဒေါင်ကျကျ ပြားကျကျ နေနိုင် နေတတ်သွားတာလည်း တောက လေ့ကျင့်သင်ကြားပေးလိုက်တာပါပဲ။ ခြေမှာလက်မှာ အသားမာတက်သလိုပဲ အသည်းတွေပါ မာကုန်တဲ့ ကလေးတွေ ဖြစ်လာတယ်။ တောထဲရောက်တဲ့သူတိုင်း မျက်ရည်ကျဖူးတယ်။ လဲကျဖူးတယ်။ ဆူးစူးဖူးတယ်။ ကျွတ်တွေမျှော့တွေ တွယ်ဖူးတယ်။ ငှက်ဖျား လွမ်းဖျား ဖျားဖူးတယ်။ သို့သော် recovery ရတဲ့နှုန်းက သိပ်မြန်တယ်။ မာန်တင်းလိုက်ရင် နာကြင်ခြင်းများ အားလုံး ပြေပျောက်သွားတာ။ ဒါကြောင့်မို့ တောထဲမှာနေတာ စိတ်ဓါတ်ကို ကြံ့ခိုင်စေတယ်ဆိုတာ အမှန်ပဲ။

ကြံ့ခိုင်မှ ရှင်သန်နိုင်မှာကိုး။ ခံနိုင်ရည်မရှိတဲ့သူ တောထဲလာရင် သေတတ် တယ်။ ကျားတွေ၊ဆင်တွေ၊ မြွေတွေ၊ သားရဲတိရိစ္ဆန်တွေ ရှိတယ်လေ။ မပဋာကို ထမီမကပ်အောင် ရူးသွားစေတာလည်း တောထဲမှာပဲ။ အခုဆိုရင်တော့ တောထဲမှာ မြေမြုပ်မိုင်းတွေ၊ ကြိုးတန်းမိုင်းတွေ ရှိတတ်တယ်။ လက်နက်ကြီးတွေလည်း ကျတတ်တယ်။ လေယာဉ်နဲ့လည်း ဗုံးလာကျဲတတ်သေးတယ်။ မနေ့ကပဲ မြို့ကုန်းဆေးရုံကို ဗုံးလာကျဲသွားပြန်ပြီလေ။ ခုနောက်ပိုင်း ဆေးရုံကို ဗုံးချရင် လူကိုသေစေနိုင်ရုံ မဟုတ်ဘူး။ ဆေးရုံပါ လုံးဝ ပြန်သုံးလို့မရအောင် ပေါက်ကွဲအားများတဲ့ ဗုံးတွေကို သုံးတယ်။ တောထဲမှာ ရင်ဆိုင်ရတဲ့ ဘေးရန်အန္တရာယ်အပေါင်းတွေဟာ စဉ်းစားကြည့်ရုံနဲ့ကို ကြက်သီးတဖြန်းဖြန်းထပြီး မအိပ်နိုင် မစားနိုင် သောကပွေစေတတ်တာ၊ ကြောက်စရာကောင်းတာ၊ လူတိုင်းသိပါတယ်။ ဒါပေမယ့်လေ တကယ်တမ်း တောထဲမှာ ကျင်လည်နေထိုင်ကြတဲ့ ကိုယ်တို့တတွေအတွက် အဲ့ဒီအကြောက်တရားတွေကို ရင်ဆိုင်ကျော်လွှားနိုင်ခဲ့ပြီ။ စကော့ဈေးရှေ့ လမ်းဖြတ်ကူးရင်း ပွတ်ဆွဲလာတဲ့ကားကို ဖင်ကလေးကော့ ရှောင်သလို ရန်သူ့ထိုးစစ်လက်နက်တွေကို ပွတ်ကာသီကာ ရှောင်တတ်သွားပြီ။ ဘယ်သူမှ ထွက်မပြေးဘူးလေ။ “မင်း သည်ကလာ ငါ သည်ကသွား” ပဲ။

လက်တွေ့မလာနိုင်ပဲ စိတ်ကူးထဲမှာ သွားအံ့သောငှါ တွေးတောကြံစည်ရင်တော့ ဘယ်တော့မှ ရောက်မလာနိုင်ပဲ တွေးလေတွေးလေ အကြောက်ပိုလေ ဖြစ်လိမ့်မယ်။ တကယ်တမ်း တုံးတိုက်တိုက် ကျားကိုက်ကိုက် ဖြစ်လာသမျှကို ရင်ဆိုင်မယ်ဆိုတဲ့စိတ်နဲ့ ထွက်လာရင်တော့ သိပ်အခက်ကြီး မဟုတ်ပါဘူး။ ရေထဲမဆင််းပဲ လက်ကလေးပစ်ပစ်ပြီး ရေကူးသင်တာနဲ့ “ဝုန်း” ဆို ရေထဲကန်ချလိုက်ပြီး ရုန်းရင်းယက်ရင်း ရေကူးတတ်သွားတာ တူမှ မတူတဲ့ဟာ။ ဘာတွေဘယ်လို အခက်အခဲရှိရှိ တောထဲရောက်သွားရင် ရင်ဆိုင်ကျော်ဖြတ်တတ် သွားမှာပါ။ တကယ့် လူစွမ်းလူစ ကို အဲ့ဒီတော့မှ သိရမယ်လေ။ လိုက်ခဲ့မယ်ဆိုရင် အိမ်ကမိဘတွေ ကန်တော့ခဲ့ပြီး တိတ်တိတ်ကလေး ထွက်လာခဲ့နော်။ နောက်တော့လည်း အဆင်ပြေသွားမှာပါ။

“ရွှေမန်ကျည်းရယ် ခုနစ်စဉ်

ယဉ်ပါလေစ ရပ်ကယ်က

ကိုကြီးမြတ်ကယ် ဆီးကြိုလာ

ကျားညီနောင် ကြောင်နှစ်ကွင်း

မယ် မငြင်းသာ။

မယ် မငြင်းသာ လာပြန်သောခါ

ထမီဖာ လိုပါသေးရဲ့။

ထန်းခေါက်ဖာ လိုပါသေးရဲ့။

ဘီးနဲ့မှန် လိုပါသေးရဲ့။

မွေးမေလေးတို့ ခန်းစက်ရာကို

တစ်ကြိမ်နှစ်ကြိမ် ဦးနှိမ်ချလို့

သုံးကြိမ်လေးကြိမ် ဦးနှိမ်ချလို့

လိုက်ပါရစေ လိုက်ပါရစေ။

စိန်ဗေဒါရဲ့ လိုက်ပါရစေ။”