ချန်ဂင်တို့စခန်း (၂၆၄)

လေယာဉ်တွေက လာတော့လာတယ်။ ကိုယ်တို့ဘက်ကို မဟုတ်ဘူး။ လိုင်ဆာတဝိုက်ကို အသည်းအသန် မည်းနေပြန်ပြီ။ ဝိုင်းမော်မှာ အလဲလဲအကွဲကွဲဖြစ်နေတာကိုး။ မြစ်ကြီးနားဘက်တောင် လက်နက်ကြီးတွေ ကျကုန်ပြီ။ သို့သော်လည်း သူတို့လေကြောင်းပစ်ကူဆိုတာက ဒလန်မပါရင် ဟိုနေရာရမ်းချ ဒီနေရာရမ်းချနဲ့ ဆီကုန်ကျည်ကုန်ရုံပဲ ရှိမှာပ။ မနေ့တနေ့ကမှ ရောက်လာတဲ့ကိုယ်တောင် လွတ်အောင် ရှောင်တတ်သေးတာ။ အနှစ် ၇၀ လောက် သူတို့နဲ့ စစ်တိုက်လာတဲ့ ကချင်တွေက ပျင်းတောင်ပျင်းသေးတယ်။ စစ်ကောင်စီဟာ ဘယ်လိုပဲ ကောက်ကျစ်ယုတ်မာတဲ့နည်းလမ်းတွေသုံးသုံး တိုင်းရင်းသားပြည်နယ်တွေအားလုံးကို လက်လွှတ်ဆုံးရှုံးရတော့မယ် ဆိုတာ သေချာသထက် သေချာလာပြီ။ ဒါကြောင့်မို့ နောက်ပိုင်းပွဲတွေမှာ သူတို့သုံးတဲ့ဗျူဟာတွေက ခံစစ် ထိုးစစ်တွေထက် တိုင်းရင်းသားတွေ မညီမညွတ်နဲ့ အချင်းချင်းထချကုန်ဖို့ သွေးခွဲရန်တိုက်ပေးတာကိုပဲ သုံးတော့တယ်။ ကသောင်းကနင်းတွေဖြစ်မှ ညွန့်ဝင်းက မြင်းစီးပြီး ပြန်လာမယ်ပေါ့။ ဟုတ်စ။ သူ့အဖေကဖြင့် သေတာကြာလှပြီ။ သူတို့က ဒီဇာတ်ညွှန်းဟောင်းကြီးနဲ့ ကချင်တုန်း။

ကိုယ်ရေးတဲ့ဇာတ်ညွှန်းအတိုင်းဆိုရင်တော့ ကြင်စိုးမှာ ရွေးစရာ ၃ ခုပဲ ရှိတော့တယ်။ NUG/PDF လက်ချက်နဲ့ သေမလား။ သူ့အောက်က နောက်ကျည်ဆန်မှန်လို့ သေမလား။ နိုင်ငံတကာ စစ်ခုံရုံးမှာ ကြိုးပေးခံမလား။ အဲ့ဒါအပြင် တခြားဖြစ်နိုင်တာ မရှိတော့ဘူး။ မသေခင်တော့ သွက်သွက်လည်အောင် ရူးသွားဦးမှာပါ။ အခုတောင် ရူးချင်ချင် ဖြစ်နေပြီ။ ငါ့အဘ အကွက်တွေကို မခန့်မှန်းနဲ့။ ရူးသွားလိမ့်မယ်။ အရူးကွက်တွေ အရူးကွက်တွေ။ တရုတ်ကြီးက J ဝင်လာအောင် ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းကို ရုရှားနဲ့ စာချုပ်ချုပ်မယ်ဆိုပဲ။ ဒါကတော့ ရူးတာ မဟုတ်ဘူး။ တူးတာ။ ကိုယ့်သေတွင်းကိုယ်။ အာရက္ခတပ်တော်ကို ရင်ဆိုင်မလို့ ဘူးသီးတောင် မောင်းတောက ရိုဟင်ဂျာတွေကို “ဘင်္ဂါလီ ဗုဒ္ဓဘာသာ အမျိုးသားတိုင်းပြည်” ဆို စည်းရုံးရေးဆင်းသတဲ့။ ဒီတစ်ခါ ဂမ်ဘီယာ မလိုတော့ဘူး။ AA ကို သူကိုယ်တိုင် တရားစွဲမလို့ ဇာတ်လမ်းတွေ ဆင်နေတာ။ “ပစ်လိုက်ပါဦး။ နောက်တစ်ချက် ထပ်ပစ်လိုက်ပါဦး။ အေး ပျော်လိုက်တာ အကိုကြီးရယ်။” ဆိုတဲ့ ဇာတ်ညွန်းတွေနဲ့။

မြန်မာ့လေပိုင်နက်ထဲမှာ အကုသိုလ် အငွေ့အသက်တွေ ဘယ်လောက်များတယ် မများတယ်။ အပေါ်ကဖြတ်ပျံတဲ့ စင်္ကာပူလေယာဉ်တောင် ပလုပ်တုတ် ဗုဒ္ဓောတွေ ဖြစ်ကုန်တာသာ ကြည့်တော့။ ရပ်တွေရွာတွေ ဖျက်စီးဖို့၊ လူအမြောက်အများ ဗုံးကျဲသတ်ဖြတ်ဖို့ နေ့စဉ်အတက်အဆင်း လုပ်နေကြတဲ့ မိုးကောင်းကင် မဟုတ်လား။ ဒီကောင်တွေ ကာလနာတိုက်ကာနီးရင် လေဆိပ်က တိုက်လေယာဉ်အတက်အဆင်းမှတ်တမ်းကို ဖျောက်ဖျက်ပစ်လိမ့်မယ်။ ကုန်းသွား ကုန်းဘေး၊ ရေသွား ရေဘေး၊ လေသွား လေဘေးထိမယ့် ကောင်တွေ။ ဘုရားသခင်အားလုံးက ဒဏ်ခတ်ဆုံးမတော်မူမယ့်အချိန် ရောက်လာပါပြီ။ ကြိုက်တဲ့ဗေဒင်ဆရာနဲ့တွက်၊ ကြိုက်တဲ့ဘုန်းကြီးနဲ့ ယတြာချေ။ ဒင်းကို ဘယ်သူမှ မကယ်နိုင်တော့ဘူး။

အပြောတွေ ခဏထား၊ အလုပ်ကလေး ပြေးလုပ်ဦးမှပါ။ တောထဲမှာ စစ်ရှောင်နေပါတယ်ဆိုမှ လူနာတွေက တောထဲအထိ လိုက်လိုက်ခေါ်ပြနေတာ တော်တော်ဆိုးတာပဲ။ “ဆေးခန်းပိတ်သည်” လို့ စာကပ်ထားလည်း မရ။ ငှက်ဖျားတွေဖြစ်တော့ သူတို့လည်း အိမ်မှာ ဒီအတိုင်းနေလို့မှ မရတာကိုး။ ဆေးခန်းပိတ်ထားတဲ့ကြားက လတောင်မကုန်သေးဘူး။ ငှက်ဖျားလူနာ ၂၀၀ ကျော်သွားပြီ။ ဆေးရုံကလူတွေလည်း လူစေ့ဖြစ်တယ်။ ကိုယ်ကလွဲလို့။ ကိုယ်ကတော့ ငှက်ဖျားဆေးလိုက်ရှာရင်း ဖျားဖို့မေ့သွားတာနေမှာ။ မနက်မနက်ဆို ၆ နာရီ မထိုးသေးဘူး။ လူနာက လိုက်လာခေါ်ပြီ။

အခုညနေ လိုက်လာခေါ်တာကတော့ မိုင်းထိလူနာ ရောက်လာမယ်ဆိုလို့ လိုက်အကြောင်းကြားတာ။ တောထဲမှာ ဖုန်းလည်းမမိ၊ အင်တာနက်လည်း မမိဘူးလေ။ ဆက်သား လိုက်လာ ခေါ်မှပဲ ရမယ်။ ဒဏ်ရာပြင်းတယ်။ အခြေအနေမကောင်းဘူးဆိုလို့ သွေးလှူရှင်ပါ အသင့်ရှာထားပြီး စောင့်တယ်။ ရှေ့တန်းက အဖွဲ့သားတွေဆီမှာ သွေးတစ်လုံးရှာပြီး သွေးအိပ်တန်းလန်းနဲ့ ပို့တာ။ Pressure က 80 မှာ စမ်းလို့ရတယ် ဆိုရုံလေး။ ကိုယ့်ဆီရောက်တော့ ဆေးထိုးဖို့ လိုင်းတောင် ရှာမရတော့ဘူး။ ရင်ဘတ်မှာရော ဗိုက်မှာရော အပေါက်ပေါင်းများစွာ ရှိပေမယ့် အဆုတ်ထဲကို လေကောင်းကောင်းဝင်တဲ့အသံကြားလို့ ဓါတ်မှန်မရိုက်တော့ဘူး။ သွေးလှူရှင်ရှာပြီး pressure တက်လာတာနဲ့ တန်းဝင်ကြမယ် လို့ ဆုံးဖြတ်လိုက်တယ်။

မျက်နှာမှာလည်း ဒဏ်ရာတွေနဲ့မို့ tube ထည့်လို့မှ အဆင်ပြေပါ့မလား။ မေ့ဆေးပေးလို့မရရင် ဘယ်လိုလုပ်ရပါ့မလဲ တထိတ်ထိတ်နဲ့ ခွဲခန်းရှိရာခေါ်သွားတာ။ လိုအပ်ရင် ချက်ချင်း chest tube ထည့်နိုင်ဖို့ အရင်ပြင်ဆင်ရတယ်။ မေ့ဆေးပေးပြီးမှ ရင်ဘတ်တွေ ဗိုက်တွေ အကုန်လိုက် ရှင်းလင်းဆေးကြောရတယ်။ ခဲတွေရွှံ့တွေဝင်နေတဲ့ အပေါက်ပေါင်းများစွာက ကံကောင်းစွာနဲ့ ရင်ခေါင်းဝမ်းခေါင်းထဲထိ မရောက်ဘူး။ ဗိုက်တပြင်လုံး ဟက်တက်ကြီးပွင့်နေတာ ဝမ်းခေါင်းမြှေးပါးပါးလေးပဲ ကျန်တော့တယ်။ ခဲတွေသဲတွေက ငပိကောင် ရင်ခွဲပြီး ဆားသိပ်ထားသလိုပဲ။ လက်ဖဝါးနှစ်ဘက်စလုံး မရှိတော့ဘူး။ ပြတ်ထွက်သွားပြီ။ အဲ့ဒီကနေ သွေးတွေ တောက်တောက်ယိုပြီး shock ရနေတာ။ ပေါင်နှစ်ဘက်စလုံးက ဟက်တက်ကြီးပြဲပြီး ကြွက်သားတွေ အပိုင်းပိုင်းပြတ်ကုန်တာ။ ပေါင်ခြံက သွေးကြောမကြီးနဲ့ သီသီကလေးပဲ လွဲတယ်။ အဲ့ဒါကြီးထိသွားလို့ကတော့ ပွဲချင်းပြီးပဲ။ ဘယ်ဘက်ခြေကျင်းဝတ်ကကျိုးသွားပေမယ့် open fracture လောက်ပဲ။ အရင်လူတွေလို ခြေထောက်ဖြတ်စရာ မလို။

ဒဏ်ရာတွေက အများကြီးပဲ။ နဖူးပေါ်ကချွေးတွေ မျက်လုံးထဲထိ တတောက်တောက်ကျအောင် ခွဲရတယ်။ ဓါးမတင်ခင် အောက်ဆီဂျင်ကျလာလို့ အထဲဝင်သွားတဲ့ tube ကို ဆွဲထုတ်ရတာက တစ်မျိုး။ ဆေးရုံရှိသမျှ လူကုန် တစ်ယောက်မှ အအားမနေရပဲ ဝိုင်းလုပ်ရတာ။ သွေးတစ်လုံးနဲ့ မလောက်နိုင်ဘူး ထင်လို့ သွေးလှူရှင်လှမ်းခေါ်ပြီး ခွဲတဲ့နေရာဘေးတင် သွေးထုတ်ယူရတယ်။ တောထဲမှာဆိုတော့ aseptic zone တော့ မရနိုင်တော့ဘူး။ clean zone ဖြစ်အောင်ပဲ အတတ်နိုင်ဆုံးစီစဉ်ပြီး ခွဲရတော့ ခွဲခန်းတစ်ခုမှာ ရှိသင့်ရှိထိုက်တဲ့ criteria တွေ မပြည့်မီပါဘူး။ အဲ့ဒါကြောင့် elective မခွဲပဲ emergency only ကို life saving အတွက်ပဲ ခွဲပေးတာ။ လူသူမလာနိုင်တဲ့ ပိုးမွှားမဝင်နိုင်တဲ့ နေရာမျိုးရွေးရတာပေါ့။ ဆေးရုံ team ကတော့ ခွဲခန်းထဲက aseptic zone ထဲမှာ အလုပ်လုပ်တဲ့အတိုင်း လုပ်ကြရတယ်။ အပြင်လူ အလာခံလို့ မရဘူး။ အဲ့ဒါတောင်မှပဲ တစ်ဆေးရုံလုံး ပြာတောက်နေအောင် အလုပ်လုပ်နေတဲ့ကြားထဲ မိန်းမတစ်ယောက် အတင်းဝင်လာပြီး “ကျွန်မသားလေး ခေါင်းပေါက်သွားလို့ လိုက်ကြည့်ပေးပါဦး။” ဆို ဝင်ခေါ်တယ်။ စိတ်တိုလိုက်တာ။ မိုးကျော်ကြီးလို မျက်လုံးကြီး လှန်ကြည့်ပြီး “ရှင် ဘယ်လိုလူလဲ။ ရှင်ဘယ်လိုလူလဲ။ ရှင်ဘယ်လိုလူလဲ…. လို့။” ဆို အော်ထုတ်ချင်စိတ်ပေါက်လာတယ်။ အော်လည်း အော်လိုက်ပါတယ်။ “ဘာလဲ။ ငါတို့က ဒီလူနာကြီးကို တန်းလန်းထားခဲ့ပြီး နင့်ကလေးကို လိုက်ကြည့်စေချင်တာလား။” လို့။ အားနာလို့ ထင်ပါရဲ့။ “ဟုတ်တယ် ဆရာ။” လို့တော့ ပြောမသွားဘူး။

ခွဲလို့ပြီးရင် မေ့ဆေးက ကောင်းကောင်းမွန်မွန် ပြန်နိုးဖို့ ကိစ္စက ရှိသေးတယ်။ အနာတွေ ပိုးမဝင်ဖို့ နေ့တိုင်းဆေးထည့်ရမယ့် ကိစ္စလည်း ကိုယ့်တာဝန်ပဲ။ ကျိုးသွားတဲ့ ခြေထောက်ကို အရိုးဆရာဝန်ဆီပြဖို့၊ ပြတ်သွားတဲ့ လက်ငုတ်တိုတွေ ရသလောက်ပြန်အသုံးပြုနိုင်ဖို့။ ဆက်လုပ်စရာတွေအများကြီး။ “ယူတို့ဆီမှာ ကျွမ်းကျင်ပညာရှင်မရှိပဲနဲ့ အဆင့်အတန်းမမီတဲ့ ကုသမှုတွေ ပေးတာ လူနာအတွက် fair မဖြစ်ဘူး။” လို့ အပြစ်တင်ချင်လည်းတင်ပါ။ အဲ့လိုမှ မလုပ်ရင် သေကိုသေသွားမယ့်လူနာတွေဆိုတာ ကိုယ်ကိုယ်တိုင် အသိဆုံးမို့ ပြောချင်ရာပြော၊ ထင်ချင်ရာထင်၊ ကိုယ်လုပ်နိုင်သလောက် ဆက်လုပ်ရတာပါပဲ။ ဘာတစ်ခုမှ ဝင်မကူပဲ အပြင်ကနေ ပေတံစံနှုန်းတွေနဲ့ ပြစ်တင်ဝေဖန်ရတာ လွယ်သလောက် လက်တွေ့မှာ လက်ထဲကလူနာ မသေအောင် ကုရတာ ဘယ်လောက် ခက်ခဲသလဲ သူတို့မှ နားမလည်တာ။ ကိုယ်တို့မှာ ကျွမ်းကျင်ပညာရှင်မပါတဲ့အတွက် သူတို့အလုပ်တွေကို မကျွမ်းမကျင် ဝင်လုပ်ရတာ ဘယ်လောက် စိတ်ပင်ပန်းသလဲ။ တတ်ရင်လည်း လာလုပ်ကြပါ တစာစာခေါ်သော်လည်း ဘယ်သူမှမလာလို့ ကိုယ့်ဘာသာလုပ်နေရတာ။ ကိုယ့်ဆီမှာ အခု လက်အပြတ် ၃ ယောက်၊ ခြေအပြတ် ၃ ယောက် ရှိတယ်။ သူတို့အနာလေးတွေကျက်ပြီးတဲ့အခါ စိတ်ဓါတ်မကျအောင်လို့ အားပေးရသေးတယ်။ နောင်ကျတော့ ခြေတုလက်တုတပ်တဲ့ဆီ လွှတ်ပေးမှာပေါ့ လို့ နှစ်သိမ့်ပြီး pre-prosthetic preparation လေးတွေ လုပ်ပေးရတယ်။ နောက်ဆုံးတော့ တလောကလုံးကို ကျောခိုင်းထားပြီး အဲ့ဒီကလေးတွေဘက် မျက်နှာမူတာ ကောင်းပါတယ်။ ဘယ်သူ့အတွက်မှ မဟုတ်ဘူး။ သူတို့အတွက် လုပ်ပေးနေတာ။

တခါတရံမှာ မနက်ဖြန် ဘာဖြစ်မှာလဲ၊ တခြားနေရာမှာ ဘာဖြစ်နေလဲ ဆိုတဲ့ကိစ္စတွေ သိပ်မစဉ်းစားနိုင်ဘူး။ ကိုယ့် လက်ရှိအခြေအနေမှာ လူနာအတွက် “now or never” ဆိုတဲ့ အခွင့်အလမ်းတွေ လက်မလွတ်စေချင်လို့ အာရုံကို သူ့ဆီမှာပဲ စုစည်းထားတယ်။ ကိုယ်တို့ဆေးရုံရှိနေတဲ့အတွက် အနီးဝန်းကျင်က ဒဏ်ရာရတဲ့ တော်လှန်ရေးဘက်တော်သားတွေ မပူမပင် ဆေးကုသနိုင်တယ် ဆိုရင် ပြီးတာပဲ။ ကျန်တဲ့ကိစ္စတွေ အရေးမကြီးပါဘူး။ ဒီနေ့မနက် လူနာသွား round တဲ့အခါ မသေကောင်းမပျောက်ကောင်း လူနာတွေ ရယ်ရယ်မောမောနဲ့ အချင်းချင်း အားပေးနေတာမြင်ရတော့ ကိုယ်တို့လည်း အမောပြေတယ်လေ။ ပစ္စည်းတွေအကုန် ဆေးကြောသိမ်းဆည်း ပေါင်းထုပ်ပြီး နောက်လူနာလာရင် အဆင်သင့်ဖြစ်ဖို့ ပြင်နေကြရပြီ။

ငယ်ငယ်တုန်းက အတူတူ မစားကောင်းသော အစားအစာများ ဆိုတာ မှတ်သားမိတဲ့အခါ မစားဖြစ်အောင် ရှောင်ထားရင်း အလိုလို မကြိုက်တော့တဲ့ အစားအစာတချို့ ရှိတယ်။ စိမ်းစားဥရယ်၊ ဖရဲသီးရယ်၊ ပဲမြစ်ရယ်လေ။ အမှတ်တမဲ့နဲ့ စားလိုက်မိပြီးကာမှ သူများတကာက ရေခဲချောင်းတွေ၊ ဘဲဥတွေ၊ ချောကလက်တွေ လာကျွေးရင် မစားလိုက်ရမှာစိုးလို့။ မုန့်ဆီကြော်က ဘယ်မှာနေမှန်းမသိပေမယ့် ရောက်လာတဲ့အချိန် စားလို့ရအောင် နှုတ်ခမ်းနာတော့ အရင်ကုထားချင်တာ။ တော်လှန်ရေးနဲ့ ပါတ်သက်ရင်လည်း နောင်ကျ ရန်သူလို တစ်ဘက်စီဖြစ်သွားမယ့်သူတွေကို အစောကြီးကတည်းက ရန်မဖြစ်ခင် un ထားလိုက်တာ အဆိပ်မသင့်တော့ဘူးပေါ့။ နှစ်ဦးနှစ်ဘက် အကုသိုလ်ကင်းတယ်လေ။ သောက်မြင်ကပ်ရုံကလေးမှာ ရပ်ထားလိုက်တော့ စကားများ ရန်ဖြစ်စရာ မရှိတော့ဘူး။ အေးရော။

ကိုယ်က ဒီတော်လှန်ရေးကို အပျော်လုပ်နေတာလည်း မဟုတ်၊ ပေါ်ပင်လုပ်နေတာလည်း မဟုတ်၊ ဖော်ရှိုးလုပ်နေတာလည်း မဟုတ်၊ စီးပွါးဖြစ် လုပ်နေတာလည်း မဟုတ်ပါဘူး။ အသက်နဲ့ရင်းပြီး လုပ်နေတာ။ အဲ့ဒါကြောင့် တော်လှန်ရေးနဲ့ အဆိပ်အတောက်ဖြစ်စေမယ့်၊ အတားအဆီးဖြစ်စေမယ့် မတည့်သော အစားအစာများ၊ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်း အသင်းအပင်းများကို ကြိုတင်ရှောင်ရှားပါတယ်။ ကိုယ်နဲ့ နဂိုချစ်ခင်ရင်းစွဲ ရှိပြီးသားလူတွေကိုတောင် ဒီကာလမှာ take a break လုပ်ထားတာ သူတို့လည်း မျက်စိနောက်သက်သာတာပေါ့။ လူ့ဘဝကြီးက တိုတိုလေးရယ်။ စိတ်တွေတိုနေရင် quality of life ကို ထိခိုက်စေတယ်။ ခြေတွေလက်တွေ တိုသွားတယ်ဆိုတာအသက်တိုတာလောက်တော့ မဆိုးသေးပါဘူးကွယ်။ မိုင်းကင်းစင်သော ကမ္ဘာမြေကြီးပေါ်မှာ၊ ဗုံးလာမကျဲသော မိုးကောင်းကင်ကြီးအောက်မှာ၊ အဆိပ်အတောက်မဖြစ်သော မိတ်ဆွေသင်းပင်းများနဲ့ နေထိုင်ခွင့်ရကြပါစေသားလို့။