အိပ်မက်စေတမန်

အိပ်မက်မက်တယ်ဆိုတာ အိပ်ပျော်နေခိုက် မနိုးတနိုးအချိန်မှာ ကိုယ့်ဦးနှောက်က မှတ်ဉာဏ်ခန်းထဲမှာသိမ်းထားတဲ့ ယခင်ဖိုင်တွေ (ရခိုင်ဖင် မဟုတ်ပါ) ပြန်လှန်တာတဲ့။ ကိုယ်ကတော့ ဆရာဝန်ပီပီ အဲ့သလိုပဲ ယူဆပါတယ်။ သွေးလေချောက်ခြားသောအိပ်မက်တို့ နတ်တို့နှိုးဆော်သော အိပ်မက်တို့ဆိုတာ ကိုယ်လည်း မမက်ဖူးဘူးလေ။ အိပ်မက်မက်လို့ အတိတ်ကောက်ပြီး ချဲလည်း မထိုးဖူးဘူး။ ချွေးသီးချွေးပေါက်တွေနဲ့ လန့်မနိုးတတ်ဘူး။ ဝင်းဦးသီချင်းထဲကလို ဝိုးတဝါး မပြတ်သား ထပ်မနား မှတ်သားမရတဲ့သူတွေလည်း မပါပါဘူး။ အိပ်မက်ရိုင်းတွေ တခါတခါ မက်ဖူးသော်ငြား နိုးလာရင် ပြန်မမှတ်မိတတ်ဘူး။ အိပ်မက်ထဲမှာ အစားစားရရင် တကယ်မဟုတ်ပေမယ့် အိပ်မက်ထဲ ရှူရှူးပေါက်ချရင် တကယ်စိုတယ် ပြောကြတာပဲ။ ဒါပေမယ့် ကိုယ်က ငယ်ငယ်ကတည်းက အိပ်ရာထဲ ရှူရှူးပေါက်မချတတ်ဘူး။ သို့သော်လည်း ခုနောက်ပိုင်း အိပ်မက်မက်ရတာ အရသာရှိတယ်။ အစားအသောက်တွေမက်ရင် တကယ်စားရသလိုပဲ။ food blogger တွေ အကြည့်များလို့လား မပြောတတ်။ “ကြက်သွန်ဖြူကို ပါးရိုက်၊ ဒဘလယ် ပါးရိုက်” ဆိုတဲ့ ဘွတ်စမွတ်ကောင်လေးကိုလည်း ကြည့်ဖူးတယ်။ သူတာဝန်ယူမယ့်ဗီဒီယိုပဲ ဝင်မကြည့်တာ။ အော့အော့တေပါလို့။

ကိုယ့်အိပ်မက်တွေက ပြတ်သားပါတယ်။ အထဲမှာပါတဲ့သူတွေကလည်း ပြတ်ပြတ်သားသားပဲ။ အပြင်မှာ လူချင်းတွေ့လိုက်ရသည့်အလားပ။ လွမ်းနေတဲ့သူတွေကို အိပ်မက်ထဲမှာ ပြောပြောဆိုဆို တွေ့လိုက်ရရင် အလွမ်းတော့ပြေသွားတယ်။ ကွယ်လွန်သွားတာ တော်တော်ကြာတဲ့သူတွေကို အိပ်မက်ထဲမှာ ပြန်တွေ့ရရင် စိတ်ထဲမှာ “သူက ဆုံးသွားပြီလေ” လို့ သိသိကြီးနဲ့ စကားတွေပြောနေတတ်တယ်။ ဒါပေမယ့် မှတ်ဉာဏ်ချည့်ပဲ သက်သက်တော့ မဟုတ််သေးဘူး ထင်တယ်။ အသစ်တွေ ပါပါလာတတ်လို့။ စိတ်ကလည်း မစွဲပါဘူး။ မသိစိတ် ဆိုတဲ့ကိစ္စကတော့ ကိုယ်တိုင်လည်း မသိလို့ မသိဘူးလေ။ မသိစိတ်ပါဆိုနေမှ။ “ကိုကျော်ကွန့်။ နေ့ခင်းဘက်ကြီး အလကားနေ အလကား ထိုင်မနေနဲ့လေ။ တရေးတမောလေး အိပ်ပါလားတော့။ တော်မအိပ်ပဲ ဘယ်သူက ဂဏန်းတွေ လာပေးမှာလဲ။ ဝီရိယ ကို မရှိဘူး။” လို့ လှထုံအဆူခံရတဲ့အထိလည်း ကိုယ့်အိပ်မက်ကိုယ် တည်ဆောက်မယူပါဘူး။ ဖြစ်ချင်တာက ဖြစ်အောင်လုပ်ယူတယ်။ အိပ်မက်ထဲ ထည့်မမက်ဘူး။

အခု နိုးလာတဲ့ အိပ်မက်ကတော့ အသစ်ပဲ။ မှတ်ဉာဏ်ထဲက မဟုတ်ဘူး။ အရက်သောက်နေတာ။ ဆိုင်ခန်းကျဉ်းကျဉ်းလေးထဲမှာ။ ကိုသုမောင်ကြီးနဲ့။ သောက်ရင်းနဲ့ သူက သီချင်းဆိုပြတယ်။ “ပန်းတွေနဲ့ဝေ”။ ကောင်းလိုက်တာ။ အဲ့ဒါပြီးတော့ နောက်သီချင်းအသစ်တစ်ပုဒ် ဆိုပြသေးတယ်။ “မောင်ရင် သိမှာ မဟုတ်ပါဘူး။” တဲ့။ မသိဘူး။ အဲ့ဒီသီချင်းကို။ ဒါပေမယ့် ဦးလှထွတ် ရဲ့လက်ရာအတိုင်းပဲ။ စကားလုံးလေးတွေ ချိတ်ယူတာ သိပ်လှတယ်။ သီချင်းနှစ်ပုဒ်ဆိုပြီး မီးခြစ်ကလေးကိုင် ဟိုရှာသည်ရှာ ရှာတော့ “ခဏလေး ခဏလေး” လို့ ပြောပြီး ကိုယ် ဆေးလိပ် ထွက်ဝယ်တယ်။ “ဘာသောက်မှာလဲ” မေးတော့ “ငါးသုံးလုံး” တဲ့။ ဆေးလိပ်ဆိုင်က “ဗူးလိုက်တော့ မရဘူး။ လိုချင်ရင် နှစ်လိပ်ယူသွား” လို့ ပြောလို့ စိတ်ဆိုးခဲ့သေးတယ်။ ဗိုလ်သု ကို “ကျန်းမာရေးမကောင်းဘူး။ အ@ရက် ဆေးလိပ် မသောက်ရဘူး။” လို့ ဆရာဝန်တိုင်းက ပြောပေမယ့် ဒီဆရာဝန်ကတော့ ဝမ်းသာအားရ တိုက်နေတာ။ ဘာဖြစ်သလဲ သောက်တော့။ သူက သေပြီးသားပဲ ဥစ္စာ။ သူ့ဆီက သီချင်းနားထောင်ရတာ သိပ်အရသာရှိတာပဲ။ အရက်တိုက်ရ ဆေးလိပ်တိုက်ရတာလောက်တော့ ပြောစရာ မရှိ။ ကိုယ်တို့က အဆိုတော်ကို သီချင်းဆိုခိုင်းပြီး အရက်သောက်၊ အမြည်းစား၊ စကားပြောမယ့်သူ မဟုတ်ဘူး။ ကိုကြီးကျော် နတ်ချော့သလို အရက်ဆိုအရက် ကြက်ဆိုကြက်၊ အဖွာတော်ဆက်ပြီး သီချင်း နားထောင်မယ့်သူ။

ဦးသုမောင် ကို အပြင်မှာ သိသလား ဆိုရင် ဘယ်လိုလုပ် သိမှာလဲ။ သူ က မင်းသား၊ ကိုယ်က ဆရာဝန်။ ကြိုက်သလားဆိုလည်း ဟင့်အင်းပဲ။ သူ ပထမဆုံး မင်းသားလုပ်တော့ ကိုယ်တို့အိမ်ဘေးက ခရမ်းရောင် ဆံသမှာ အောက်ဒိုးတစ်ဆင်း လာရိုက်ဖူးတယ်။ မုန့်ဟင်းခါးဆိုင် လုပ်တာ။ မင်းသားဆိုလို့ ကလေးပီပီ သွားချောင်းကြည့်တာ “ဟင် ဒါကြီးက မင်းသားလား။” ဆို ဆက်တောင်မကြည့်ပဲ ပြန်လာတယ်။ သူ့အဖေပြောတဲ့အတိုင်းပဲ။ တကယ့် မုန့်ဟင်းခါးသည်ရုပ်။ ဘာတစ်ခုမှ ထူးထူးခြားခြား မရှိ။ အဲ့ဒီကားက “ချစ်စံနမူ” တဲ့။ ဒါပေမယ့် “နှောင်းတမြေ့မြေ့” ကျတော့ “ပန်းဦးပန်မယ့်သူ” နဲ့ ကြိုက်သွားတယ်။ မင်းသားရယ်လို့ ကြိိုက်တာ မဟုတ်။ သူ့ရုပ်ရည်ကို ကြိုက်တာ မဟုတ်။ သူ့အနုပညာကို ကြိုက်သွားတာ။ နောက်တော့ သူ့အနေအထိုင် သူ့စိတ်ဓါတ်ကိုပါ သဘောကျသွားတော့ ချစ်သွားတာ။ ဝင်းဦး နဲ့ သူ နဲ့ တော်တော်တူတယ် လို့ သူကိုယ်တိုင် ရေးခဲ့ပေမယ့် ကိုယ့် idol က ကိုသုမောင် ဖြစ်နေတယ်။ ဟိုက ပိုချောတယ်၊ ပိုအောင်မြင်တယ်၊ ပိုအစွမ်းပြနိုင်တယ်။ အသေရရ အရှင်ရရ လိုချင်တဲ့သူတွေပေါတယ်။ ဒါပေမယ့် အနုပညာလက်ရာ အားလုံးကို ယှဉ်ရင် ကိုသုက နှာတစ်ဖျားသာတယ်။ တမင်လုပ်ယူထားတာ တစ်ခုမှ မပါလို့။ ဒီလူကြီးက မင်းသားသာဆိုတယ်။ နံမည်ကြီးအောင်လည်း မနေဘူး။ ထိပ်ဆုံးရောက်ချင်စိတ်လည်း မရှိဘူး။ ကိုဝင်းဦးက သူ့ထက်အများကြီး ကြိုးစားတယ်။ သူကတော့ သူပျော်သလို နေတဲ့သူ။ သူ့ကို နောက်ဆုံးတွေ့ခဲ့ရတာ အမျိုးသားဇာတ်ရုံက ကပွဲတစ်ခုမှာ။ ဘဲကြီးက တော်တော်မှန်တာမှ လစ်ချင်ချင်တောင် ဖြစ်နေပြီ။ သီချင်းဆိုတာ မမှားဘူး။ ပုဆိုးက လျှောလျှောကျလာပြီး ကျွတ်တော့မယ်။ လက်ကလေးနဲ့ ဆွဲဆွဲတင်ပြီး ဆက်ဆိုနေတာ တရုံလုံး ဝိုင်းရယ်ကြတယ်။ မှုံရွှေရည်ထဲမှာ ဝင်းဦး အရက်မူးတဲ့ပုံနဲ့တော့ မတူတာ အမှန်ပဲဗျ။ ဒီလူကြီးက မင်းသားပေမယ့် on scene မဟုတ်ရင် အိုက်တင်မလုပ်ပဲကိုး။

ကိုသုမောင်ကြီးနဲ့ အပြင်မှာ မခင်ဖူးပေမယ့် ဦးဝဏ္ဏတို့ ကိုမင်းလူတို့ ကိုတော့ ဆုံဖူးပါတယ်။ အန်တီမချိုရည် က ပရိုဂျူဆာလုပ်တဲ့ ကားတစ်ကားကို ကိုစိုးသူ မျိုးသန္တာထွန်း နဲ့ ရိုက်ကြတယ်။ ဦးဝဏ္ဏကြီးက ဒါရိုက်တာသာဆိုတယ် စကားကို မပြောသလောက် နည်းတာဗျား။ မော်နီတာမှာပေါ်တဲ့ အရုပ်ကိုပဲ သေချာကြည့်နေတယ်။ ဆူတာပူတာလည်း မရှိဘူး။ သူ့ရင်ထဲက စကားသံကို သူ စာရေးတဲ့အခါမှပဲ သေသေချာချာ ကြားရမယ်။ ကိုမင်းလူ နဲ့ ဆုံတော့လည်း ဒီအတိုင်းပဲ။ သူတို့အိမ်ရှေ့မှာ လက်ဘက်ရည်ဆိုင်ကလေး ဖွင့်တယ်။ အဲ့ဒီမှာ စာရေးဆရာတွေနဲ့ သွားထိုင်တာ။ ရယ်ရယ်မောမော ပြောကြဆိုကြ။ ဘာတစ်လုံးမှလည်း မမှတ်မိဘူး။ မှတ်သားစရာတွေ တစ်လုံးမှမှ မပါတဲ့ဟာကို။ စာရေးဆရာတစ်အုပ်ကြီးနဲ့ ဆရာဝန်ကောင်လေးတစ်ယောက် လက်ဘက်ရည်ဆိုင်ထိုင်ကြတာ နောက်ဆုံးတော့ အဲ့ဒီစာရေးဆရာတွေအကြောင်းကို ဆရာဝန်လေးက စာပြန်ရေးပြလိမ့်မယ် လို့ ဘယ်သူကမှ ထင်မှာ မဟုတ်ပါဘူး။ မို့လည်း ထင်မထားဘူး။

အဲ့ဒီတုန်းက အဲ့ဒီစာရေးဆရာတွေနဲ့သိတာက ကိုယ်က သူတို့စာဖတ်ပရိသတ်မို့လို့ မဟုတ်ပါဘူး။ ကိုယ့်သူငယ်ချင်းက စန္ဒယား ဘသန်းတင်တဲ့။ ချင်းချောင်းနန်းတော်အောက်က ယဉ်ကျေးမှုဝန်ကြီးဌာန ရုံးခန်းအဆောင်ကလေးမှာနေတယ်။ မြောက်ဥက္ကလာဆေးကျောင်းက ပြန်တာစောရင် သူ့ဆီဝင်ပြီး စန္ဒယားကလေးနဲ့ သီချင်းတက်၊ သီချင်းဆို လုပ်တယ်။ ဘာအတွက်မှ မဟုတ်ဘူး။ ဆိုချင်တဲ့သူ နဲ့ တီးချင်တဲ့သူ တွေ့ပြီး ဆိုချင်တာတွေ ဆိုကြတာ။ တစ်ရက်တော့ ကိုမောင်မောင်အေးနဲ့ စာရေးဆရာမလေးတွေ တစ်ဖွဲ့ရောက်လာပြီး သူတို့လည်း ဆိုချင်တယ် ဆို ဆိုကြတီးကြတယ်။ အဲ့လိုနဲ့ ရုံးဆင်းခါနီး သီချင်းဆိုဝိုင်းလေးဖြစ်လာတယ်။ ဆရာမ ဒေါက်တာလမင်း ကလည်း သူ့လူမှုဖူလုံရေးဆေးခန်းကလေးက လာတယ်။ နောက်တော့ တစ်ယောက်တစ်ယောက်နဲ့ ခင်သွားတယ်ဗျ။ ဦးသူရဇော်၊ ဦးရွှေမင်းသား၊ ဒေါ်သန်းမြင့်အောင်၊ မမိချမ်းဝေ၊ မိုးပန်းမွန် (ရာမည)၊ မယမုံသက်လယ်။ အများကြီးပဲ စာရေးဆရာတွေ။ မြင်းမူမောင်နိုင်မိုးကြီးလည်း ပါတယ်။ အဲ့တုန်းကတော့ အမြင်ကပ်စရာကောင်းမှန်း မသိသေးဘူး။ အားပါး။ စာရေးဆရာဆိုတာ အဆိုတော် မလုပ်လိုက်ရလို့ စာကောက်ရေးကြသလား မသိပါဘူး။ သီချင်းဆိုတဲ့ပိုးက နည်းမှမနည်းပဲ။ ကီးလေးမှန် အဝင်အထွက်လေး တည့်သွားရင်ဖြင့် စင်ပေါ်ချည့် တက်ချင်တော့တာ။ အဲ့လိုနဲ့ စာရေးဆရာတွေအိမ်မှာ ထမင်းဖိတ်ဖိတ်ကျွေးပြီး ဆိုတီးစားပြန် ဝိုင်းတွေ တည်တယ်လေ။ ကိုယ်က ဘာမှသာ မဟုတ်တာ။ စန္ဒယားဆရာအောက်ဆွဲဘဝနဲ့ အကုန်ပါ မုန်လာ လုပ်နေကျ။ ဒေါ်ကလျာကြီးရဲ့ မွေးနေ့ဆိုလည်း ရောက်တယ်။ ဆရာမ မစန္ဒာအိမ်ကိုလည်းရောက်တယ်။ ဒေါ်ခင်နှင်းယုတို့ လူထုဒေါ်အမာတို့ကိုလည်း နှုတ်ဆက်ဖူးတယ်။ “ယောက်ကျားလေးပေမယ့် ကြီးကြီးတို့စာတွေဖတ်ပြီး အဲ့ဒီအဆုံးအမနဲ့ ဗိုင်းကောင်းကျောက်ဖိလေး နေပါတယ်။” လို့ ပြောတော့ ရယ်ကြတယ်။

အဲ့ဒီတုန်းက ကိုမောင်မောင်အေးကြီးတောင် အလင်္ကာဝတ်ရည် မဖွဲ့ရသေးဘူး။ ယဉ်ကျေးမှုက တီးဝိုင်းအဖွဲ့တွေနဲ့ ပွဲရှာပြီး လိုက်ဆိုကြတဲ့ အခိုက်ပေါ့။ ဆရာမ မြကြာဖြူ က မကွေးမှာ ကျောင်းရေစက်ချ အလှူ ဆိုလည်း ရောက်သွားပြန်ပြီ။ စာရေးဆရာ တစ်ဖွဲ့ကြီး။ အဆိုတော်ဆိုလို့ အံတီခင်ညွန့်ရည်တို့ သားအမိပဲပါတယ်။ မမိုးပန်းမွန် နဲ့ ဖားအံက မယ်သီလရှင်ကျောင်းမှာ အလှူတဲ့ဆိုလည်း ပါသွားပြန်ရော။ စာရေးဆရာတွေ အများကြီးပေါင်းပြီး ဘယ်သူ ဘာစာရေးသလဲသာ မသိရင်နေမယ်။ စင်ပေါ်ရောက်သွားရင် ဘယ်သူက ဘာသီချင်းဆိုမှာ လို့တော့ တန်းကနဲ သိတာ။ စာပေဟောပြောပွဲတွေသွားလည်း သူတို့က တီးဝိုင်းမပါရင် ပျင်းခြောက်ခြောက်ကြီးတဲ့။ “မြန်မာစာပေလောကကြီး တိုးတက်ဖို့အတွက် စာရေးဆရာမလေး ရွှေရေးထင်ထင် က အေရိုးဗစ် သင်ခန်းစာလေးတွေ ကပြပြီး သင်ပေးမှာ ဖြစ်ပါတယ်။” ဆိုတာပြီးရင် စာရေးဆရာ ဆရာမများရဲ့ ဂီတပဒေသာ အစီအစဉ် စတော့တာပဲ။ ကာတွန်းဆရာအော်ပီကျယ်လည်း စာပေဟောပြောပွဲတွေရောက်ရင် အဲ့အတိုင်းပဲ ပြောပါတယ်။

စင်ပေါ်တက်တဲ့သူတိုင်းက တစ်ယောက်မှ ခေသောသူ မဟုတ်နော်။ စာပေနယ်က အထင်ကရ စာရေးဆရာတွေချည့်ပဲ။ အဲ့ဒီအထဲမှာ ကိုယ်တစ်ယောက်ပဲ anonymous ဖြစ်နေတော့ ကိုယ့်အလှည့်ဆိုရင် “ဘာနံမည်မှ ထည့်မကြေငြာပါနဲ့။ သီချင်းနံမည်ပဲ အော်လိုက်ပါ။” လို့ မှာထားတယ်။ ဘယ်သူမှလည်း မသိတဲ့အတူတူလေ။ အဲ့လိုကျမှပဲ မရှက်မကြောက် ဆိုရဲတာ။ လူမသိလေ ပိုကောင်းလေ။ သီချင်းဆိုရရင် ပြီးတာပဲ။ ကိုယ့်အကိုများ အမများကတော့ “ဘာဖြစ်လို့ စာမရေးတာလဲ။ စာရေးစမ်းပါ။” လို့ အမြဲတမ်းတိုက်တွန်းကြပေမယ့် ကိုယ်က သူတို့ရှေ့ စာရေးရမှာကို သီချင်းဆိုရမှာထက်တောင် ပိုရှက်သေးတာ။ တချိန်ချိန်မှာ စာရေးတဲ့သူ ဖြစ်လာလိမ့်မယ်လို့ လုံးဝ ထင်မထားပါဘူး။ ကိုယ်က ဝါသနာအရပဲ ဆိုချင်တီးချင်တယ်။ နောင်ကျတော့ ကိုမောင်မောင်အေးကြီးက “အလင်္ကာဝတ်ရည်” ဆိုပြီး ဂျာနယ်တွေ တီးဝိုင်းတွေ ထောင်တော့ သိပ်တောင် မဆိုဖြစ်တော့ဘူး။ ပရော်ဖက်ရှင်နယ်ဆိုတာ တကယ့် အဆိုတော်အစစ်တွေနဲ့ ဆိုရတီးရတာ မဟုတ်လား။ အပျော်တမ်းက အပျော်တမ်းလောက်ပဲ ကောင်းပါတယ်။

မကွေးမှာတုန်းကတော့ ကိုယ်တွေထက်၊ စာရေးဆရာအဖွဲ့တွေထက် ပိုးကြီးတဲ့ ဘုန်းဘုန်းတစ်ပါးနဲ့ တွေ့ဖူးတယ်။ သူကတော့ သီချင်းတွေလည်း ကိုယ်တိုင်ရေးသတဲ့။ အခု ကျောင်းရေစက်ချပွဲအတွက် ရတုပိုဒ်စုံကြီး တစ်ပုဒ် တစ်ခါတည်း လက်တန်းရေးပေးလိုက်တော့ ကိုယ့်မှာ တစ်ခါမှလည်း မတိုက်ရပဲ ကိုဘသန်းတင် အသံပေးပြီး ခေါ်တဲ့နောက်က လိုက်ဆိုသွားတာ အဆုံးထိရောက်သွားရော။ အဲ့ဒါနဲ့ သီချင်းရေးတဲ့ဘုန်းဘုန်းက သဘောကျသွားပြီး သားရေလက်ဆွဲအိပ်တစ်လုံး ဆုချလိုက်တယ်။ အလှူ့အမကြီးဆီကလည်း မုန့်ဖိုးတွေ ရတယ်။ ပျော်စရာတော့ အကောင်းသားနော်။

စာရေးတာပဲဖြစ်ဖြစ်၊ သီချင်းဆိုတာပဲ ဖြစ်ဖြစ် ကိုယ်က ဝါသနာပါပါတယ်။ ခုံခုံမင်မင်လည်း ရှိတယ်။ ဒါပေမယ့် လူသိရှင်ကြားကြီးတော့ မလုပ်ချင်ဘူး။ အနုပညာတစ်ခုကို ဖန်တီးရတဲ့အရသာ၊ ထဲထဲဝင်ဝင် ခံစားရတဲ့ အရသာကိုကြိုက်တာ။ အောင်မြင်တာတွေ ကျော်ကြားတာတွေ မလိုချင်ဘူး။ သီချင်းဆိုရင် တီးတဲ့သူနဲ့ ကိုယ်နဲ့ကလွဲရင် တလောကလုံးကို ရှိတယ် လို့ မထင်ဘူး။ ဘယ်သူမှ ကြည့်မယ့် နားထောင်မယ့်သူ မရှိတာ ပို ဆိုလို့ကောင်းတယ်။ စာရေးရင်လည်း ကိုယ့်အနီးအနား အသိုင်းအဝိုင်းက စာရေးတဲ့သူမှန်း မသိတာ ပိုနေလို့ကောင်းတယ်။ လူက လူသပ်သပ်။ စာက စာသပ်သပ်ပဲ ဖြစ်စေချင်တယ်။ ဒါပေမယ့် အဲ့ဒီအလုပ် နှစ်ခုစလုံးအတွက် ကြိုးကြိုးစားစား ဝမ်းစာဖြည့်ထားတာတော့ ရှိပါတယ်။ ဦးတင်ဝင်းလှိုင် စကားနဲ့ ပြောရရင် ခြေခြေမြစ်မြစ် နှစ်နှစ်ကာကာ သိချင်တတ်ချင်တာ။

ခုချိန်မှာ ကိုယ်စာတွေ အဆက်မပြတ် ရေးနေပေမယ့်လည်း ကိုယ့်ကိုယ်ကိုယ် စာရေးဆရာအဖြစ်တော့ မခံယူပါဘူး။ စာအုပ် ၄ အုပ်တော့ ထုတ်ဝေဖူးတယ်။ သို့သော် ကိုယ့်နံမည်ကို ဘယ်စာအုပ်တိုက်ကမှ မသိဘူး။ လိုင်းပေါ်မှာသာ ဖတ်လို့ကောင်းတာလေ။ printed paper ပေါ်မှာ စန်းမရှိပါဘူး လို့ ပြောချင်လည်း ပြောကြမှာပေါ့။ လက်ခံပါတယ်။ ကိုယ်ကလည်း စာရေးချင်လို့သာ ရေးနေတာလေ။ စာအုပ်ထုတ်ဖို့အထိတော့ သိပ်အာရုံမလာပါဘူး။ Facebook ပေါ် စာရေးတယ်ဆိုတာ ဈေးအိမ်သာနံရံပေါ် ရေးတဲ့စာလိုပဲ။ ဘာမှ မယ်မယ်ရရ မကျန်ရစ်ပဲ အချိန်ကြာလာရင် ပျောက်သွားတာ တဲ့။ ဟုတ်ရင်လည်း ဟုတ်မယ်လေ။ Facebook က Notes ဆိုတဲ့ဟာကြီး ဖြုတ်ချပစ်လိုက်တဲ့အခါ ဟိုးအရင် ဘူတန်မှာကတည်းက ရေးလာခဲ့တဲ့ စာတွေ ပြန်ရှာလို့ မရတော့ဘူး။ ကိုယ့် laptop ထဲမှာ သိမ်းထားတဲ့ဟာတွေကလည်း ရန်ကုန်မှာ ကျန်ခဲ့တာ ၃ နှစ်တောင် ကြာပြီဆိုတော့ လစ်သွားလောက်ပြီ။ ကိုယ်တောင်မှ ရန်ကုန်ကိုပြန်ရောက်ဖြစ်မှာ သေချာလို့လား မေးရင် ၁၀၀% သေချာတယ် မပြောနိုင်ဘူး။ ချန်ထားခဲ့တယ် ကျန်ရစ်ခဲ့တယ် ဆိုတဲ့ ကိစ္စတွေဟာ ဘာမှ ရေရာတာ မဟုတ်။

ဒါပေမယ့် အဲ့ဒါ ကိုယ်မရှိမှ ဖြစ်မယ့်ကိစ္စတွေလေ။ ဘာတွေတွေးပူစရာ ရှိသလဲ။ အရေးကြီးတာ ဒီအလုပ်တွေလုပ်နေတဲ့အချိန်မှာတုန်းက အဲ့ဒီအရသာကို ပြည့်ပြည့်ဝဝ ခံစားပြီးသွားပြီ။ ကျန်တာ သူများကိစ္စ။ ကိုသုမောင်ဆုံးသွားပေမယ့်၊ သူနဲ့ တစ်ခါမှတောင် မသိမကျွမ်းဖူးပေမယ့် သူ သီချင်းဆိုတာကို ကိုယ် သေသေချာချာကြီး အရသာခံနိုင်တယ်လေ။ အိပ်မက်ထဲမှာတောင် အရသာ ရှိတယ်။ ကိုဝင်းဦးကြီးရဲ့ အနုပညာတွေကိုလည်း ကိုယ် အရမ်းကိုနှစ်သက်ပါတယ်။ ဒါပေမယ့် သူတို့နှစ်ယောက် ယှဉ်ရင် ကိုသုမောင် ကို ပိုအားကျတယ်။ ဘယ်သူ့မှ ဂရုမစိုက်ပဲ ကိုယ်လုပ်ချင်တာ ကိုယ် လုပ်နေလို့။ ဒီလူကြီး ဦးမင်းကျော် လို နတ်များဖြစ်နေလို့ကတော့ အရက်၊ ကြက်ကြော်၊ အဖွာတော်များဆက်ပြီး သူငယ်ချင်းပေါင်း ပေါင်းလိုက်ချင်ပါသေး။ အိပ်မက်ထဲမှာ ဆိုရင်ပေါ့။ ဒါလေးကတော့ ပတ်ခြောက်ကလေးနဲ့ ဆိုရတာတဲ့ ခမျ။

“မမလေး မောင်ကခိုးမယ်လို့

လူဆိုးတွေနဲ့ မောင်တိုင်ပင်။

အရှေ့ဆို ညောင်ပင်ကြီးမှာ

မြင်းကိုယ်စီပြင်။

လထွက်ကလေးရယ်တဲ့

မြင်းပေါ်တင်

လဝင်ရင် မန်းတောင်ရောက်အောင်

မြင်း… မြင်းငေါက်လို့နှင်။”