ချန်ဂင်တို့စခန်း (၂၅၇)

ဗေဒင်ဟောမစားပေမယ့်လည်း “ငါ ထင်ရင် လွဲခဲတယ်။” ဆိုတဲ့အထိတော့ ရှေ့ဖြစ် ခန့်မှန်းနိုင်ပါတယ်။ ဆယ်ဇင်း ရဲစခန်းရော ၁၁၆ တပ်ရင်းရော အကုန် သိမ်းပြီးပြီဆိုတော့ ရှေ့တန်းပို့ထားတဲ့ ဆေးခန်းလေးသိမ်းပြီး ဆေးရုံလူနာတွေ စိတ်အေးလက်အေး ကုရတော့မယ် လို့ ထင်မထားပါဘူး။ စခန်းသိမ်းပွဲပြီးရင် after shock တွေ လာတတ်တယ်။ စခန်းကုန်းထဲမှာ မိုင်းတွေအတွဲလိုက် ထောင်ထားခဲ့တာတွေ။ လေယာဉ်နဲ့ ဗုံးလာချတာတွေက သူတို့လည်း လုပ်နေကျမို့ လက်ယဉ်နေသလို ကိုယ်တို့လည်း ခံရဖန်များလို့ မှတ်မိနေပါပြီ။ မိုင်းရှင်းတယ်ဆိုတာ ကျွမ်းကျင်တဲ့ မိုင်းပညာရှင်နဲ့ စံနစ်တကျ ဖြုတ်လည်း အခန့်မသင့်ရင် ပေါက်ကွဲတတ်သေးတာပဲ။ စစ်ပွဲပြီးသွားပြီမို့ ကိုယ့်အိမ်ကိုယ့်ယာကလေး အကောင်းအတိုင်းမှ ကျန်ပါလေစ ပြန်ကြည့်တဲ့ အရပ်သားတွေလည်း စစ်သားတွေ ထောင်ပစ်ခဲ့တဲ့ မိုင်းနဲ့ ညားတတ်သေးတယ်။ ဒါကြောင့်မို့ ကိုယ်ကတော့ စခန်းသိမ်းပြီးလည်း ဆေးခန်းသိမ်းလို့ မရလောက်သေးဘူး။ အလုပ်တွေ လာဦးမှာ လို့ နားလည်သဘောပေါက်ထားပါတယ်။

ထင်ရင် ထင်တဲ့အတိုင်းပါပဲ။ စစ်ပွဲတွေအတွင်းမှာတောင် လူနာမလာပေမယ့် စစ်ပွဲပြီးပြီဆိုမှ လူနာတွေ ရောက်လာပါတယ်။ တစ်ယောက်ကတော့ ကိုယ်တို့ဆေးရုံက အမော် ပါ။ အမော် က ကိုယ်တို့ဆေးရုံက သင်ပေးထားတဲ့ ဆေးတပ်သား PDF ။ တိုက်ပွဲရှိရင် ရှေ့တန်းလိုက်ရတယ်။ အရင်တုန်းကတော့ တရုတ်စားသောက်ဆိုင်မှာ စားဖိုမှူးလုပ်နေတာ ၁၂ နှစ်လောက် ရှိပတဲ့။ ဆေးရုံမှာတော့ သူက Master Chef ပါ။ အလှူရှင် ရှိရင် တစ်မျိုးပြီးတစ်မျိုး လုပ်စားနေတာ သူ့လက်ရာပေါ့။ ကြေးအိုးပြုတ်၊ မာလာရှမ်းကော၊ ခေါက်ဆွဲကြော်၊ ကြာဆံကြော်တွေကို လူ ၅၀- ၁၀၀ စာလောက် အိုးသူကြီး လုပ်နိုင်တယ်။ သူ မီးဖိုချောင် ဝင်တဲ့ရက်ဆို ကုန်းဘောင်ကြီးကျော်၊ ချိုချဉ်ကြော်၊ အစိမ်းကြော် တွေ စားရတယ်။ ရှေ့တန်းထွက်ရင်တော့ အမော် က စစ်သားပါ။ သေနတ်ကိုင်တယ်။ သူ ဒဏ်ရာရတယ် ကြားတော့ အလွမ်း လို ဖြစ်မှာစိုးလို့ ကိုယ်တို့က ကိုယ်တိုင်သွားခေါ်လာပါတယ်။ လူနာက ရယ်ရယ်မောမောပဲ။ သေနတ်ကလေး လွယ်၊ ထော့နဲ့ထော့နဲ့ လျှောက်နေတာတွေ့မှ စိတ်အေးသွားတယ်။ ခြေ နဲ့ လက် မှာ ဗုံးစစင်ထားတယ်။ သိပ်မများဘူး။

ဆေးရုံခေါ်လာ၊ ဓါတ်မှန်ရိုက်ကြည့်တော့ အထဲမှာ အစလေးတွေ ရှိသေးတယ်။ ခြေထောက်က အစတွေကို Spinal ထိုးပြီးထုတ်။ ပြီးမှ လက်က အစတွေကို လည်ပင်းကနေ Brachial block ထိုးပြီး ထုတ်ကြတယ်။ လူနာကနိုးနေတော့ စကားတပြောပြောနဲ့ C-arm X’ray လေး ကြည့်ကြည့်ပြီး စိမ်ပြေနပြေ ရှာကြထုတ်ကြတာပေါ့။ သူလည်း နာမှ မနာပဲ။ ဒီလူတွေ ဒီလိုဖြစ်ရင် ဒါမျိုး လုပ်ပေးချင်လို့ ဒီမှာနေတာလေ။ ကိုယ် လုပ်ချင်တာ လုပ်ရရင် စိတ်ချမ်းသာတာ သဘာဝပဲ။ သူတို့လည်း ကိုယ့်ဆေးရုံ အားကိုးရှိတော့ မကြောက်မရွံ့ စစ်တိုက်နိုင်တာပေါ့။

နောက်ရက်မှာ ရောက်လာတဲ့ လူနာက သူ့ထက်အများကြီးဆိုးတယ်။ ရှေ့တန်းမှာကတည်းက shock ရနေလို့ သွေးသွင်းပြီး ပို့လိုက်တာ။ ခြေဖဝါးတစ်ဘက် မရှိတော့ဘူး။ လက်ဖျံရိုးကျိုးပြီး အပြင်ကို ထွက်နေတယ်။ ပေါင် ၂ ဘက်လုံး ဟက်တက်ပြဲ သွေးတောက်တောက်ယိုနေတယ်။ အကြာကြီး လုပ်ရမှာ ဆိုတော့ မေ့ဆေးကို အကြာကြီး မပေးရဲဘူး။ Spinal ထိုးပြီး အောက်ပိုင်းကိစ္စ အရင်ရှင်းကြတယ်။ အဲ့ဒါနဲ့တင် ၂ နာရီ ကြာပါတယ်။ ဒဏ်ရာအကြီးကြီး ၃ ခု တောင်မှကိုး။ လူနာက shock နဲ့ဆိုတော့ urine output ကြည့်ချင်လို့ catheter ထည့်တာ ဘယ်လိုမှ မဝင်ဘူး။ အကြီး အသေးပြောင်းထည့်၊ ၃ ချောင်းလောက်သာ ကုန်သွားတယ်။ မဝင်။ ဂွေးဥအောက်ဖက်မှာ အပေါက်တစ်ပေါက်တွေ့တော့ urethral rupture များ ရသွားသလားဆို အဲ့ဒီအနာထဲ လက်နှိုက်စမ်းတာ အထဲမှာ ခဲတွေရွှံ့တွေ အတောင့်လိုက်ဝင်နေတာဗျား။ အဲ့ထဲကို ကလော်ထုတ်ပြီး လက်ညှိုးလေးနဲ့ တွန်းတင်မှ ဆီးပိုက်ကလေးက ဝင်သွားတာ။ တော်သေးတာပေါ့။ နို့မို့ဆို ဗိုက်ပေါ်က ဖောက်ရတော့မှာ။ အောက်ပိုင်းကိစ္စပြီးတော့ မေ့ဆေးပေးပြီး လက်က ဒဏ်ရာတွေ ဆက်ရှင်းပေါ့။ သူတစ်ယောက်တည်းနဲ့တင် တနေကုန်တဲ့ လူနာ။ တော်ပါပြီ။ တစ်နေ့တစ်ယောက်ပဲ လာပါ။ ခြေနိုင်လက်နိုင်ကလေး။

စစ်ပွဲပြီးမှ ဘာဖြစ်လို့ ဒဏ်ရာရတဲ့သူတွေ ဆက်လာနေတာလဲ။ ဒါကတော့ အကြောင်း ရှိသဗျ။ စခန်းကို စွန့်ခွါထွက်ပြေးသွားတဲ့ စကစတွေဟာ သူတို့လက်နက်တွေ စခန်းမှာကျန်ရင် PDF တွေဆီ ရောက်မယ့်အတူတူ SNA တွေဆီ တော်တော်များများ ထိုးအပ်ခဲ့တယ်။ အဲ့ဒီလက်နက်တွေထဲမှာ တရုတ်လုပ် ဒရုန်း နဲ့ drop bomb တွေ ပါတယ်ဗျ။ အဲ့ဒါတွေ ရှမ်းနီလက်ထဲရောက်တော့ ဟိုကောင်တွေက လစ်ရင်လစ်သလို ဒရုန်းနဲ့ လာလာချောင်းပြီး ဗုံးကျဲတာပေါ့လေ။ အဲ့ဒါကြောင့် ရွာထဲမှာ ရှင်းလင်းရေးလုပ်နေတဲ့ ကလေးတွေ ဒဏ်ရာရကုန်တာ။ သဘောကတော့ စကစတွေ ထွက်ပြေးသွားပေမယ့် ရှမ်းနီ နဲ့ ကချင် နဲ့ ဆက်တိုက်နေအောင် လက်နက်တွေပေးပြီး စစ်မီးကို ကြွင်းအောင်ထားခဲ့တယ်။ အဲ့ဒါကြောင့် ဒီမှာ စစ်ပွဲမပြီးသေးဘူး။ မနေ့ကအထိ လေယာဉ်တွေလည်း လာတုန်း၊ လက်နက်ကြီးတွေလည်းပစ်တုန်း၊ ရွှေပြည်မြင့်ရွာကိုလည်း မီးရှို့တုန်း။ ကိုယ်တို့တတွေလည်း ဆေးကုတုန်းလေ။ ဟုတ်တယ်မို့လား။

ဟိုးအရင်ကတည်းက အထက်စီးကအနိုင်ကျင့်ပြီး “မင်းတို့တိုင်းပြည် ငါတို့စစ်တပ်မရှိရင် ဘာဖြစ်သွားမယ် ထင်သတုန်း။” လို့ မောက်မာလေ့ရှိတဲ့စစ်တပ်ဟာ သူမှ မရှိရင် မြန်မာတပြည်လုံး ဘယ်နေရာလေးမှ အကောင်းအတိုင်း ကျန်စေချင်တဲ့စိတ် ရှိကိုမရှိတာ သေချာပါတယ်။ မတတ်သာတဲ့အဆုံး ဖက်ဆစ်စစ်တပ်ကြီး အမြစ်ပြတ်သွားခဲ့ရင်တောင်မှ တိုင်းရင်းသားလက်နက်ကိုင်တွေ အချင်းချင်း ထချပြီး ၁၃၅ နိုင်ငံလောက် ကွဲထွက်သွားအောင် လှည့်ပတ်ရန်တိုက် တုတ်ရောင်းဓါးရောင်း လုပ်ထားတာလေ။ မြဝတီတစ်မြို့တည်းမှာတင် ကရင်လက်နက်ကိုင် အဖွဲ့အစည်းပေါင်း ဘယ်လောက်ရှိသလဲ သိလို့လား။ ရှမ်းပြည်နယ်အတွင်းရှိ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းရင်းသားဒေသများအကြောင်း သင်သိသမျှဖြေဆိုပါ ဆိုရင် မေးခွန်းရှည် ဖြစ်သွားပြီ။ ဘယ်နေရာကြည့်ကြည့်ပါလေ။ “အရှေ့နဲ့အနောက်၊ တောင်နဲ့မြောက်မှာကွယ် အဆိုးများက နေရာတိုင်း ဝိုင်း။” ဆိုတာလို ဖြစ်နေပြီ။ ဘယ်တိုင်းပြည်နဲ့မှ စစ်ဖြစ်မနေတဲ့ မြန်မာပြည်မှာ တိုင်းရင်းသားပေါင်းစုံနဲ့ ပြည်တွင်းစစ်တွေ ဖန်တီးပြီး စီးပွါးရှာစားနေတယ်ဆိုတာ အခုထိ မမြင်နိုင်သေးဘူးလား။ ပြဿနာရဲ့ အရင်းအမြစ်ကို မသိမမြင်ရင် ဘယ်လို အဖြေရှာမလဲ။ အေးလေ။ ဘယ်သူကမှလည်း အဖြေရှာမနေပါဘူး။ သူသူကိုယ်ကိုယ် အကုန်လုံး အကျိုးအမြတ်ပဲ ရှာနေကြတဲ့ဥစ္စာ။

ကရင်တွေက ကရင်အချင်းချင်းတော့ ပြန်မသတ်ချင်ဘူးဆိုပြီး KNA ကိုဖွဲ့သလိုပါပဲ။ ကချင်တွေကလည်း ကချင်ပြည်နယ်အတွင်းမှာ တိုင်းရင်းသားချင်း စစ်မတိုက်ချင်ဘူး ဆိုပြီး ရှမ်းနီ၊ လားဟူ၊ လီဆူး၊ ရဝမ် တိုင်းရင်းသားတွေနဲ့ ထိပ်တိုက်မတွေ့အောင် ရှောင်ရှားနေခဲ့တာ ကြာပါပြီ။ အောက်ခြေမှာ အငယ်အချင်းချင်း ပြဿနာဖြစ်လာရင်တောင် ဗဟိုက “ဒီမှာတင်ပဲ ရပ်ရမယ်။” ဆို ဆက်တိုက်ခွင့်မပေးတာ အခါခါပါပဲ။ အခု ရှမ်းနီအဖွဲ့တွေ ဇောင်းကြွလာတဲ့အခါ “အစကတည်းက မရှင်းပဲ ထားတာကိုး။” လို့ ပြစ်တင်ဝေဖန်တဲ့အသံတွေ ညံလာတာပေါ့။ နဂိုက သူတို့ချည့်ပဲ ဆိုရင်လည်း ငြိမ်ငြိမ်သက်သက်နေနေကြတာပါ။ စကစဘက်က လက်နက်အင်အား ငွေအင်အားနဲ့ ထောက်ပံ့လာတဲ့အခါမှ ကလန်ကဆန်ပြန်လုပ်လာတဲ့အဖွဲ့တွေ။ နောက်ကွယ်က လက်မည်းကြီး မရှိရင် ဒီကောင်တွေလည်း တုပ်တုပ်မှ မလှုပ်တော့ဘူး။ လူကြီးတွေက ဒီလိုပဲ တွေးကြပုံရတယ်။

ဒါပေမယ့် လောလောဆယ်မှာ ဒီကောင်တွေ မငြိမ်သေးဘူးလေ။ စကစဘက်ကို ဦးနင်းလိုက်တဲ့အခါ ဒီကောင်တွေက ပဲ့ကနေထောင်တယ်။ သူတို့ကို နင်းရင် စကစ က ပြန်ထောင်မှာ။ လှေက ငြိမ်မှ မငြိမ်သေးတာ။ ရှမ်းမြောက်မှာ TNLA နဲ့ ပြဿနာ။ စစ်ကိုင်းအစပ်မှာ SNA နဲ့ ပြဿနာတွေက အခုရှင်းလို့လည်း အခုချက်ချင်း ပြေလည်သွားစရာ မရှိပါဘူး။ ယောက္ခမသေလို့ အမွေခွဲသလို “ယောက်ဖရေ မင်း ဒါလေး ယူလိုက်။ ဟိုဟာလေးတော့ ငါ့ ပေးကွာ။” ဆို စစ်ခေါင်းဆောင်ချင်း လက်ဝါးချင်းရိုက် ဝေခြမ်းယူလို့ ရတာမှ မဟုတ်ပဲ။ နိုင်ငံတော်အစိုးရတစ်ရပ်အနေနဲ့ လုပ်ဆောင်ရမယ့်ကိစ္စတွေကို လက်နက်ကိုင်စစ်တပ်အားကိုးနဲ့ အတင်းအဓမ္မ စွက်ဖက်ချယ်လှယ်ရင် ဘာတွေဖြစ်တတ်သလဲ မင်းအောင်လှိုင်ကိုယ်တိုင် စစ်သည်ငါးသိန်း စတေးပြီး သက်သေပြသွားခဲ့ပြီလေ။ ဒီ့ထက်ကောင်းတဲ့ နမူနာ ရှိဦးမလား။

“ဒါဖြင့်ရင် အဲ့ဒီရှမ်းနီတွေ၊ BGF တွေ၊ ပြည်သူ့စစ်တွေကို ဘယ်လိုလုပ်ရမလဲ။ ဒီအတိုင်းပဲ ထိုင်ကြည့်နေရမှာလား။” လို့ မေးချင်နေမှာပဲ။ ဒါကတော့ ကိုယ်ဆုံးဖြတ်ရမယ့် အလုပ် မဟုတ်ပါဘူး။ သူတို့ကိုယ်တိုင် စဉ်းစားဆုံးဖြတ်ရမှာပါ။ နွယ်ပင်နွယ်တန်းတွေ စိမ်းစိမ်းလန်းလန်းနဲ့ ဘယ်လောက်ပဲ အခက်ဝေဝေ သူတို့တည်မှီရာ သစ်ကြီးဝါးကြီး ပြိုလဲရင်တော့ တစ်နွယ်ငင် တစ်စင်ပါ အကုန်လိုက်ပါပြိုလဲရပါတယ်။ ကိုယ့်တိုင်းရင်းသား ကိုယ့်လူမျိုးအကျိုးစီးပွါးအတွက် မှီခိုရပ်တည်မယ်ဆိုရင် အခြေမခိုင် ယိုင်နဲ့နဲ့ ခြစားပိုးကိုက်နေတဲ့ သစ်ခေါင်းဆွေးကြီးပေါ်မှာ နှောင်ဖွဲ့မလား သေချာအောင် ဆန်းစစ်ပါဦး။ ရေရှည်အကျိုးစီးပွါးကို မတွက်ပဲ တစ်နပ်စားလောက်ပဲမျှော်မြင်ရင် ကိုယ့်လူမျိုးတွေပဲ ဒုက္ခရောက်ဦးမှာ။ ခွန်ဆာ၊ လော်စစ်ဟန်၊ ဖုန်ကျားရှင်၊ ပယ်ဆောက်ချင်၊ စစ်အုပ်စုနဲ့ ပေါင်းစားသူတွေအားလုံး နိဂုံးချုပ်သွားပြီ။ တကယ်ပဲ စိတ်ချယုံကြည်ရသလား လိုက်မေးကြည့်ပါလား။ ယွက်ဆစ် နဲ့ စောချစ်သူ ဆိုတာ နောက်မှပေါက်တဲ့ ရွှေကြာပင်တွေပါလေ။ ဒီလူတွေအပေါ် ယုံကြည်ပြီး ရှမ်းပြည်ထောင်စု၊ ကော်သူးလေပြည်ထောင်စု တည်ဆောက်လို့ မရနိုင်ပါဘူး။ ပြည်နယ်က သူတို့အတွက်ဖြစ်မှာလား သူတို့က ပြည်နယ်အတွက် ဖြစ်မှာလား အရှင်းကြီးဥစ္စာ။

ကိုယ်တို့က ဒေါ်အောင်ဆန်းစုကြည် ကို ဘာဖြစ်လို့ ယုံသလဲ။ ယုံနိုင်လောက်တဲ့ အကြောင်းခြင်းရာ၊ သက်သေသာဓကတွေ ရှိလို့ ယုံတာပေါ့။ စစ်တပ်ကကောင်တွေကို ဘာလို့ မယုံသလဲ။ ဒါလည်းပဲ မယုံကြည်ရဘူးဆိုတဲ့ အကြောင်းခြင်းရာ၊ သက်သေသာဓကတွေ ရှိခဲ့လို့ မယုံတာ။ ကိုယ်တို့ မယုံကြည်တဲ့သူတွေက လက်နက်အားကိုးနဲ့ ဗိုလ်ကျစိုးမိုးတာကို မခံနိုင်လို့ တော်လှန်နေတာ။ ဒါမျိုး လာမလုပ်နဲ့။ မရဘူး ဆိုတာ တစ်ကမ္ဘာလုံးက သိအောင်ပြတာ။ တိုင်းရင်းသားပြည်သူတွေဟာလည်း ယုံသလား မယုံသလားတောင် အရေးထားဖော်မရပဲ လက်နက်ရှိတဲ့သူမို့ သူတို့ပြုသမျှ နုရမယ်ဆိုတဲ့ ပြည်နယ်အစိုးရမျိုး မလိုချင်တာ သေချာပါတယ်။ သူတို့လည်း လူသားတွေပဲ မဟုတ်လား။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းကနေ တိုင်းရင်းသားကိုယ်စားလှယ်၊ တိုင်းရင်းသားတွေရဲ့ ဖက်ဒရယ်အစိုးရဖြစ်ဖို့ အသွင်ကူးပြောင်းမှု ကာလတစ်ခုတော့ လိုကိုလိုမှာပေါ့။ အဲ့ဒီအခါကျတော့ အရင်တုန်းက ရှမ်းပြည်မှာ ခွန်ဆာရဲ့တပည့်အဖြစ်နဲ့ ဘိန်းကုန်ကူးဖူးတယ် ဆိုတဲ့ သမိုင်းကြောင်းထက်စာရင် ရှမ်းတိုင်းရင်းသားတွေ အကျိုးအတွက် ဘာတွေ သူ ကြိုးစားပေးခဲ့ထူးတယ် ဆိုတဲ့ သမိုင်းကမှ ယုံကြည်စိတ်ချ အားကိုးလောက်ဖွယ် ရှိမှာပလေ။ အာဏာသိမ်းတုန်းက စစ်ကောင်စီဘက်ကနေ ဘယ်လိုတွေတောင် ဘယ်လောက်ထိအောင် ရိုင်းစိုင်းယုတ်မာခဲ့ဖူးတယ်ဆိုတဲ့ ကိုယ်ရေးရာဇဝင်တွေကို ကိုယ်ကိုယ်တိုင် မော်ကွန်းတင်ချင်တယ် ဆိုလည်း သဘောပါပဲ။

သုံးနှစ်ဆိုတဲ့ အချိန်ကာလအတွင်းမှာ လူတွေလည်း အတော်ကို အတွေ့အကြုံ ရင့်ကျက်ခဲ့ပြီ။ သုမနကျောမှာ ဒဏ်ရာတွေနဲ့ကိုး။ စစ်တပ်မကောင်းကြောင်း အမုန်းစကားတွေ ဘယ်သူ့ကိုမှ ဝါဒဖြန့်စည်းရုံးစရာ မလိုတော့ဘူး။ လူတိုင်း ကျောကော့နေအောင် ခံရတာ။ ကိုယ့်ထက်တောင် သိဦးမယ်။ စစ်တပ်ကို ချစ်မြတ်နိုးသူများ၊ တပ်မတော်ကို ထောက်ခံကြသူများလည်း ရှိပါသေးတယ် လို့ မတွက်နဲ့။ မဆန့်ကျင်ရဲလို့ အချိုသပ် ဖားနေတာ။ လစ်တာနဲ့ ပြေးမယ့်ကောင်တွေချည့်ပဲ။ အခင်းအကျင်းတွေက ရှင်းလင်းနေပြီဆိုတော့ သူတို့လုပ်နေကျ ဘာသာရေး၊ လူမျိုးရေး၊ သွေးခွဲမှိုင်းတိုက်တဲ့ ဆိုက်ဝါးတွေတောင် အလုပ်မဖြစ်တော့ပါဘူး။ “မီးမလာဘူး။ ရေမီးရှားနိုင်ငံ”၊ “နှစ်ညွန့်ပေါင်းလို့တောင် ကျပ်မပြည့်တာ အလကားသာယူသွားပါတော့။” ဆိုတဲ့မေတ္တာတို့ ဇာဂနာတို့ ခေတ်က ပြက်လုံးတွေဟာ ရယ်စရာမကောင်းတော့တာ အမှန်ပဲ။ ဟိုတုန်းကတော့ ထောက်ပြပြောဆိုလို့တောင် ရာဇဒဏ်သင့်တာမို့ ပွဲကျတာလေ။ ဒီခေတ်မှာ လူတကာသိတဲ့ပြဿနာမို့ ဘယ်သူ့ကိုမှ လိုက်ထောက်ပြစရာ မလိုတော့ဘူး။ မြင်တယ်။ သိတယ်။ ဘာလုပ်ကြမလဲ။ ဘယ်လိုလုပ်မလဲ။ အဲ့ဒီအထိ ရွေ့လာခဲ့ပြီးပြီ။ စစ်တပ်မကောင်းတာ လာမပြောနဲ့။ ငါတို့က မင်းထက်တောင် သိသေးတယ်။ အဲ့ဒီ မကောင်းတဲ့စစ်တပ်ကို ဘာလုပ်မလဲ။ အဲ့ဒီအလုပ်ကို လက်တွေ့လုပ်နေတာ။ ပန်းဝင်တော့မှာ မြင်နေရမှ တာထွက်ခရာ လာမမှုတ်နဲ့။ အဲ့ဒီအဆင့်တွေ ကျော်ဖြတ်ခဲ့ပြီ။ ၈၈ တွေ မျက်ခြေပြတ်ခဲ့တာ အဲ့ဒီနေရာပါပဲ။ သူတို့က ဇာဂနာ ဇင်ဝိုင်း ခေတ်ပဲ ရှိသေးတာကိုး။

သူများနိုင်ငံက နိုင်ငံရေးသုံးသပ်သူတိုင်းက စစ်ကောင်စီရဲ့ ကျဆုံးခန်းကို မြင်နေပြီ။ အောက်ခြေ မြေပြင်မှာ တိုက်ပွဲဝင်နေရတဲ့ ကိုယ်တို့အားလုံးအနေနဲ့ကလည်း စစ်ကောင်စီအလွန် စစ်မျက်နှာတွေနဲ့ စတင် ထိတွေ့လာရပြီ။ အဲ့ဒီတော့ ဒီအချိန်ကြီးကျမှ စစ်ကောင်စီ နဲ့ ပလူးချင်နေတဲ့ BGF တွေ၊ EAO အသေးစားတွေကို မေးချင်ပါတယ်။ သားတို့ သမီးတို့က ဒီချိန်ကြီး သေခါနီး သက်ကြားအိုကြီး လင်တော်ပြီး ဘာလုပ်ကြမလို့တုန်းကွဲ့။ သူ့တပ်ထဲက မုဆိုးမတွေတောင် အာမခံကြေးမရပဲ လိုင်းခန်းက ဆင်းပြေးနေရတဲ့ဟာကို။ ကိုယ့်အဖွဲ့အစည်းရဲ့ စကစအလွန် ရပ်တည်ရှင်သန်ရေးကို နည်းနည်းပါးပါး တွေးကြည့်ဖို့ အချိန်တန်ပြီ မဟုတ်ဘူးလားကွယ်။ ဒီလောက် ဆိုးပါတယ် အတန်တန်တားလျက်နဲ့မှ တားမရလည်း လွှတ်ပေးလိုက်တော့မယ်နော်။

“ အဖေတွေ အမေတွေ၊

မောင်နှမတွေက

တကယ်ပဲ ဆိုးတယ်လို့

မင်းကိုကွယ် ပြောကြလေတယ်။

ဒီအဆိုးလေးကိုမှ

ကိုယ်ကကွယ် ချစ်မိတယ်။

ဟိုင်းယား။”