ချန်ဂင်တို့စခန်း (၂၅၆)

ကိုယ့်ဆီကို စစ်ရောက်လာလို့ တစ်ရွာလုံး စစ်ရှောင်စစ်ပြေးလုပ်ရတဲ့အခါကျမှပဲ စစ်အတွင်းမှာ ကိုယ့်ကိုယ်ကိုယ် ဘယ်လိုရှင်သန်ကျန်ရစ်အောင် မွေးမြူရသလဲ ပိုသဘောပေါက်လာပါတယ်။ ၁၂ ရက်ကြာ အကြိတ်အနယ် တိုက်ခိုက် သိမ်းပိုက်ယူရတဲ့ တာမခံတိုက်ပွဲမှာ ဒဏ်ရာရတဲ့ အရပ်သားလူနာ တစ်ယောက်ပဲ ရှိခဲ့တာကို မဖြစ်နိုင်ဘူး လို့ ကိုယ်က ယူဆခဲ့တယ်။ မြေပြင်အခြေအနေ ဘယ်လိုရှိသလဲ သိရအောင် စစ်ရှောင်စခန်းထိ လိုက်သွားပြီး လူနာတွေ ရှိရင် ဆေးရုံပို့ဖို့ ရပ်မိရပ်ဖတွေနဲ့ ချိတ်ဆက်မေးမြန်းခဲ့သေးတယ်။ အဲ့ဒီနောက် ဆယ်ဇင်းမှာ စစ်ပြန်ဖြစ်တော့မှပဲ KIA က အရပ်သားတွေ အထိအခိုက်မရှိအောင် ဘယ်လိုလုပ်ထားသလဲ ကိုယ်တိုင်သိရတာ။ အလစ်အငိုက်ယူပြီးတိုက်တာ မဟုတ်ဘူး။ မတိုက်ခင်ကတည်းက “လက်နက်ချမလား၊ ဆုတ်ခွါမလား၊ ဘယ်ရက်ဘယ်ရက် နောက်ဆုံးထားပြီး အဖြေပေး။ အဲ့ဒီရက်ကျော်ရင် တိုက်မှာ။” လို့ စာအရင်ပို့ထားတယ်။ ရွာထဲကလူတွေကိုလည်း “မနေနဲ့။ ခဏ ရှောင်နေဦး။” လို့ အကုန်မောင်းထုတ်ထားတယ်။ “မပြေးဘူး။ အစောင့်ကျန်မယ်။” ဆိုတဲ့သူတွေကို ကော်မတီဖွဲ့ပြီး မီးရှို့၊ အိမ်ဖောက် လုပ်မယ့်သူတွေရန်က ကာကွယ်ခိုင်းထားတယ်။ အဲ့ဒါကြောင့် လေယာဉ်နဲ့ပဲလာလာ၊ လက်နက်ကြီးနဲ့ပဲ ထုထု၊ ရွာသားတွေ အသေအပျောက် မရှိပဲ စစ်သားအချင်းချင်း ရေကုန်ရေခန်း တိုက်နိုင်တယ်။ ဒါပေမယ့် လေတပ်ကကောင်တွေက စစ်ပွဲနဲ့ ဘာမှမဆိုင်ပဲ အဝေးကြီးမှာ ရှိနေတဲ့ ကိုယ်တို့ဆေးရုံကလေးဆီကို အသားလွတ်ကြီး ဗုံးလာချတဲ့အခါ ဒီမှာ ရှိတဲ့ တစ်ရွာလုံးကိုလည်း “မနေနဲ့တော့။ ထွက် ထွက်။” ဆို ဘေးလွတ်ရာကို ရွှေ့ခိုင်းထားတယ်။ ကိုယ်တို့ ဆေးရုံကလေးကိုတောင် “ဒီနေရာမှာ မလုံခြုံတော့ဘူး။ ရွှေ့ကြရအောင်။” ဆိုပြီး ရွှေ့ဖို့ရှောင်ဖို့ ကိစ္စတွေ စီစဉ်ပေးပါတယ်။ အဲ့ဒါကြောင့် စစ်ဖြစ်နေပေမယ့်လည်း နယ်ခံရွာသားတွေ အထိအခိုက် အသေအပျောက် နည်းပါတယ်။ ဟိုဘက်ကကောင်တွေနဲ့ တော်တော်ကို ကွဲပြားခြားနားတဲ့ စိတ်ဓါတ်ပါ။

ဒီနေ့ဆို ဆယ်ဇင်းစစ်ပွဲ စတာ ၁၂ ရက် ရှိပြီ။ သွေးပူလေ့ကျင့်ခန်း လုပ်နေသလောက်ပဲ ရှိတယ်။ လူနာမလာတာ ၄ ရက်တောင်ရှိသွားပြီ။ “စစ်ပွဲများ ပြီးသွားပြီလား။ အိပ်များပျော်နေကြသလား။” မေးယူရတယ်။ တဒိန်းဒိန်းအသံလေး ကြားရမှ “ဪ မပြီးသေးဘူးဟဲ့။ တိုက်နေကြတုန်း။” ဆို နေသာထိုင်သာ ရှိတော့တယ်။ ပစ်သံခတ်သံလေးတွေကို မိုတီယူနေရတဲ့ အဖြစ်။ အသံတွေကတော့ ကြားနေရတယ်လေ။ လေယာဉ်တွေလည်း လာတယ်။ လာတာမှ ရုရှန်းပိုင်းလော့တွေလို ကျွမ်းထိုးပက်လက်လှန်ပြီး အတွဲလိုက်တောင် ပစ်ပြသွားသေးဆိုပဲ။ ဒါတောင်မှ ကိုယ့်ဘက်က အထိအရှ အသေအပျောက် နည်းတယ် ဆိုတာ အင်မတန် အံ့ဩစရာကောင်းနေပြီ။

ရွာက လူကြီးသူမတွေကတော့ ရွာဦးနတ်စင်က နတ်ကြီးဝါကြီးများ စောင့်ရှောက်လို့ လို့ သက်ပြင်းသက်မချရသလို ကချင်တွေကျတော့လည်း ဘုရားသခင် ကွယ်ကာပေးတော်မူလို့ ကျေးဇူးတော်ကို ချီးမွှန်းကြတာပေါ့။ ကိုယ် ယုံကြည်ရာ ယုံကြည်ရာပါပဲ။ ဒီစစ်ပွဲဟာ လူသားတွေချည့်ပဲ တိုက်တဲ့စစ်ပွဲတော့ မဟုတ်တန်ရာဘူး။ မြင်အပ် မမြင်အပ် နှစ်ရပ်များစွာ သတ္တဝါတွေလည်း ပါဝင်ဆင်နွှဲနေကြတယ်။ ဒါကြောင့်မို့လို့ ဟိုဘက်က အကုသိုလ်ကောင်ကြီးတွေမှာ ကုန်းသွား ကုန်းဘေး၊ ရေသွား ရေဘေး၊ ဘယ်ကိုပြေးပြေး ဒရုန်းနဲ့ တန်းတန်းမတ်မတ် မိနေတာလို့ ပြောကြတယ်။ အေးလေ။ ဟုတ်ဟုတ် မဟုတ်ဟုတ်။ ဟုတ်သားပဲ လို့ တွေးလိုက်ရင် စိတ်ကျေနပ်ရတယ် မဟုတ်လား။ ရေမန်းလေးနဲ့ ကျေနပ်သွားလည်း ဆေးစွမ်းတာနဲ့ အတူတူပါပဲ။ ငွေကုန်ကြေးကျ ရှိတာမှ မဟုတ်တာ။ ဘုရားဟောကျမ်းဂန်တွေမှာလည်း ရှင်ဘုရင်အချင်းချင်း စစ်တိုက်ရင် ကိုယ်စောင့်နတ်တွေအရင် စီးချင်းထိုးရတယ် လို့ ဆိုတာကိုး။ ဒါမျိုးတွေ ကိုယ်ကသာ မယုံချင်နေမယ်။ သူတို့ကတော့ ယုံသလား မမေးနဲ့။ မင်္ဂလာဒုံလေဆိပ်ကြီးပိတ်၊ အထူးလေယာဉ်နဲ့ အရောက်လာ၊ ဆယ်တော်မူဘုရားမှာ ဒယ်အိုးအနီကပ်ပြီး ယတြာလာချေသွားပေါ့။ မင်္ဂလာဒုံလေဆိပ်အဝမှာလည်း ဦးကိုနီတို့ ကိုနေဝင်းတို့ရဲ့ အကြွေးတွေ ဆပ်စရာရှိသေးတာ မေ့မသွားနဲ့ဦးနော့။

သူ့ရိုးရာ သူ့အစွဲဆိုတာ မှန်တယ်လည်း မပြောပါဘူး။ မှားတယ်လည်း မပြောပါဘူး။ ကိုယ်မယုံပေမယ့်လည်း သူများယုံကြည်မှုကို ပျက်ရယ်လှောင်ပြောင်ပြုတာ မယဉ်ကျေးရာ ရောက်တယ်။ “ပညာတတ်ပါတယ်။ နိုင်ငံတကာ အရေးအခင်းတွေမှာ နှံ့စပ် ကျွမ်းကျင်သူကြီးပါ” ဆိုတဲ့ စောင်ဆရာကြီးတွေလည်း အစွဲမကင်းပါဘူး။ ကမ္ဘာပေါ်မှာ ဖြစ်သမျှပျက်သမျှ စစ်အေးတိုက်ပွဲပယောဂ လို့ချည်း စွပ်စွဲနေတာ။ ဆေးတို့ဖတ်ကြီးတစ်ဖုံဖော်ပြီး ၉၆ ပါးရောဂါ အကုန်ကုချင်နေသလား မသိ။ ထင်ရာမြင်ရာတွေ လျှောက်ဖောရင် နိုင်ငံကျော် ဆရာမင်း မဟာသင်္ကြန်စာလောက်မှ မှန်အောင် ဟောနိုင်တာ မဟုတ်ဘူး။ ဘုရားလက်ထက်တုန်းက သစ္စကပရိဗိုဇ်ကြီးလိုပေါ့လေ။ “အဖေဘက်က ဝါဒ ၅၀၀၊ အမေဘက်က ဝါဒ ၅၀၀၊ ဝါဒ တစ်ထောင် အာဂုံဆောင် နိုင်သဟေ့။” ဆို ဗိုက်ထဲကပညာတွေ ပေါက်ထွက်မစိုးလို့ ပျဉ်ချပ်နဲ့စည်းထားရတဲ့ ပျဉ်ညာယှိကြီးတွေ ပေါလွန်းလို့ပါဗျာ။ တတ်မယ့်တတ်ရင်လည်း ကိုယ်တိုင်ထွက်ပြီး ဦးဆောင်ပါတော့လား။ အဲ့သလိုကျတော့လည်း တစ်ယောက်မှ ဇမရှိကြ။

အခုအချိန်မှာ စစ်ပွဲတွေက တနိုင်ငံလုံး နေရာအနှံ့ဖြစ်ပွါးနေတယ် ဆိုပေမယ့် သဘောသဘာဝချင်း ကွဲပြားခြားနားပါတယ်။ KIA ဆီက သင်တန်းဆင်းခဲ့ပေမယ့် ရခိုင်တွေရဲ့ စစ်မျက်နှာဖွင့်ပုံနဲ့ စစ်ရေးဗျူဟာကစားပုံဟာ ကချင်တွေနဲ့ ဘာတစ်ခုမှ တူမှာ မဟုတ်ဘူး။ ဘုံရန်သူတစ်ခုပဲ တူတာ။ ကျန်တာ ကိုယ့်ရေမြေသဘာဝ ပထဝီအနေအထားအရ ကိုယ့်ဘာသာ လှုပ်ရှားရတယ်။ ပုံတူကူးယူလို့ မရဘူး။ ဆေးရုံဆောက်ပြီး ဆေးကုတာချင်း တူပေမယ့် ကိုယ့်ဆေးရုံနဲ့ တောင်ပိုင်းက ဆေးရုံကလေးတွေရဲ့ အခြေအနေချင်း တော်တော်ခြားနားတယ်။ ခွဲခန်းကလေးတစ်ခုဖြစ်မြောက်အောင် ကြိုးစားရတဲ့အခါ လိုအပ်သမျှ စက်ပစ္စည်း ကိရိယာ ကြီးကြီးမားမားတွေကို လိုင်ဆာဘက်က မှာရင် လွယ်မှာပဲ လို့ ထင်ခဲ့တယ်။ တရုတ်ပစ္စည်းတွေ ချည့်ပဲ မို့လို့လေ။ ဒါပေမယ့် အဲ့ဒါတွေအားလုံး ရန်ကုန်ကပဲ မှာမှရတယ်။ တရုတ်- မြန်မာနယ်စပ်တလျှောက်က semipermeable membrane လိုပဲ။ သူလိုချင်တဲ့ဟာကို ယူဖို့ သူရောင်းချင်တဲ့ပစ္စည်းကို သွင်းဖို့၊ သူ့သဘောအတိုင်းသာ အလုပ်လုပ်တယ်။ ကိုယ်လိုချင်ရင် တရုတ်ပစ္စည်းတောင် သင်္ဘောနဲ့ လေယာဉ်နဲ့ လာတာကို အခွန်ဆောင်ပြီး ရွေးရတယ်။ နယ်စပ်ကဖြတ်မပို့ဘူး။ ကိုယ့်ဆီကို နိုင်ငံခြားက ပစ္စည်းပို့ချင်တယ်ဆိုရင် မဲဆောက်ကပို့မှ ရောက်တယ်။ တရုတ်နယ်စပ်က ဘာမှမရ။ ဒါက ဆေး နဲ့ ဆေးပစ္စည်းကိရိယာပဲ ရှိသေးတာ။ စစ်လက်နက်ကိရိယာတွေ တိုက်ခိုက်ရေးပစ္စည်းတွေဆို စဉ်းစားကြည့်ပေါ့။

ပေးထားချက် အခြေအနေမတူညီတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ တစုတစည်းတည်း စစ်အစိုးရကို တွန်းလှန်တိုက်ခိုက်နေကြတာ ယုံကြည်ချက်ချင်း၊ ရည်ရွယ်ချက်ချင်းတူလို့ လို့ ပြောလို့ရပါတယ်။ တချို့လက်နက်ကိုင်တွေကတော့ သူတို့နဲ့ အကျိုးစီးပွါးတူရာ စကစ နဲ့ လက်တွဲရပ်တည်ကြတယ်။ အကျိုးစီးပွါးချင်းချည်နှောင်ထားတဲ့သူတွေ မြဲမြဲမြံမြံ လက်တွဲထားနိုင်တယ်ဆိုတာ ဘယ်မှာမှ ဘယ်တုန်းကမှ မရှိဘူး။ သူတို့တွေ ဘာဖြစ်ကုန်သလဲ၊ ဘယ်လိုနိဂုံး အဆုံးသတ်သလဲ ဆိုတာလည်း မျက်စိအောက်တင် မြင်နေရတာမို့ စောင့်ကြည့်ရုံပါပဲ။ တမူး၊ မူဆယ် နဲ့ မြဝတီ ၃ မြို့ဟာ တော်လှန်ရေးတိုက်ပွဲရဲ့ အလှည့်အပြောင်း ဖြစ်မယ့် နယ်စပ်ဝင်ပေါက်တွေမို့ မရရအောင် သိမ်းရမယ့်သဘောရှိပါတယ်။ အခုလည်း သိမ်းမိသလောက် ရှိနေပါပြီ။ စစ်တုရင်စကားနဲ့ ပြောရရင် ဒုချုပ်တစ်ကောင် အစားခံရတာတောင် မြဝတီကို ပြန်မယူနိုင်သေးဘူးဆိုတော့ သူတို့ဘက်က အရှုံးကို ဘယ်လောက်များ အသည်းနာနေမလဲ စဉ်းစားကြည့်။

ကိုယ်တို့ဘက်မှာတော့ နောက်ထပ် mission တစ်ခု အောင်ခဲ့တယ်။ ဆယ်ဇင်းအထိုင် စစ်တပ်ကုန်း ၁၁၆ တပ်ရင်းကို ခုမနက်မှာ အပြီးသိမ်းနိုင်ခဲ့ပြီ။ စုစုပေါင်း ၁၄ ရက်ကြာပြီး ကိုယ့်ဘက်က လူအသေအပျောက် မရှိပါဘူး။ အဲ့ဒါသိမ်းပြီးတဲ့နောက် ဆယ်ဇင်း-တာမခံ- ဖားကန့် တကြောလုံးမှာ စစ်ကောင်စီ တပ်စခန်းတစ်ခုမှ မကျန်တော့ဘူး။ ဟိုဘက်က ဝှေလုံ၊ ဝှေခါ၊ နန့်ယား၊ ကာမိုင်း လမ်းတွေလည်း သိမ်းထားပြီးသားမို့ ဖားကန့်အဝင်အထွက်လမ်းတွေမှန်သမျှ KIA အောက်ကို ရောက်သွားတဲ့ သဘောပါပဲ။ ကချင်ပြည်နယ်တစ်ခုလုံး အနေအထားနဲ့ ကြည့်မယ်ဆိုလို့ရှိရင်လည်း နယ်စပ်မျဉ်းတောက်လျှောက် ထိန်းချုပ်ထားနိုင်ပြီး စစ်ကောင်စီရဲ့နယ်မြေစိုးမိုးမှုက သံလမ်းရိုးတလျှောက် မြို့ပေါ်ကွက်ကွက်ကလေးပဲ ကျန်ပါတော့တယ်။ တိုက်စစ် မဆင်နိုင်တော့ဘူး။ ခံစစ် တောင့်မထားနိုင်တော့ဘူး။ လေကြောင်းပစ်ကူကလည်း မထိရောက်တော့သလို လက်နက်လည်း ကုန်သလောက်ရှိနေပါပြီ။ ဆယ်ဇင်းမှာချတဲ့ လေယာဉ်ဗုံးတစ်လုံးဆို ၁၂-၃-၂၀၂၄ နေ့တွင် ထုတ်လုပ်သည်ဆိုတဲ့ ရက်စွဲကြီးနဲ့။ စက်ရုံကထုတ်တာနဲ့ လေယာဉ်ပေါ်ပစ်တင်ပေးလိုက်သလား မှတ်ရတယ်။ အဲ့ဒါတွေကြောင့်လည်း အသေအပျောက်နည်းတာ နေမှာပါ။ မြေပြင်အခြေအနေကို တိုက်ရိုက်သိမြင်နိုင်စွမ်းမရှိတဲ့ အထက်ကအမိန့်တွေကိုရော ဘယ်လိုနည်းနဲ့ လိုက်နာဖော်ဆောင်နိုင်မှာတုန်း။ ကစထမှူးတွေ ဗျူဟာကိုမဆင်းရဲတော့လို့ နေပြည်တော်ကနေ ကျော်မျိုးမင်းတို့ ကျော်စိုးဦးတို့ သတင်းတွေကြည့်ပြီး စစ်ဆင်ရေးအမိန့်တွေ ပေးနေသလား အောင့်မေ့ရတယ်။ အဲ့ဒီဘက်က Chain of Command အလုပ်မဖြစ်လို့ ပိတ်ဆို့ဖြတ်တောက်ခံထားရတဲ့ တပ်ရင်းတွေခမျာ “ငါ ဘယ်လိုလုပ်ရင် အသက်ရှင် ကျန်နိုင်မလဲ။” နည်းလမ်းရှာနေရတဲ့ ကျန်စစ်မင်းတွေ ဖြစ်ကုန်တယ်။ အောင်မလေး ဒီဆရာဝန့်နှယ်။ ဆယ်ဇင်း၊ တာမခံ စစ်ပွဲလေး နှစ်ပွဲ ဝင်ပါရသေး။ အတော်ကို တိုက်ရည်ခိုက်ရည် ပြည့်ဝနေမှကိုး။ ရှေ့နှစ်ခါလောက်ဆို ဦးရည်မွန်နေရာများ ဝင်ယူဦးမလား မသိ။

ဘယ်လိုပဲဖြစ်ဖြစ် ကိုယ်တို့ကတော့ အသေအပျောက်နည်းနည်း၊ အထိအရှ ပါးပါးလေးနဲ့ အောင်ပွဲရတာကို အကြိုက်ဆုံးပါပဲ။ ဆရာဝန်ဆိုတော့ ဆရာဝန် ပီပီသသပဲ တွေးတယ်လေ။ ညတိုင်းလည်း အရပ်ဆယ်မျက်နှာ မေတ္တာပို့နေတာ စိတ်ထဲကမပါပဲ လူကြားအောင်အော်နေတာမှ မဟုတ်ပဲ။ စစ်သားတွေဘက်က အမြင်မှန်ရပြီး စောစောစီးစီး လက်နက်ချ အလင်းဝင်တာထက် ကောင်းတဲ့ ငြိမ်းချမ်းရေးလမ်းစဉ် တခြား ဘယ်မှာမှ မရှိဘူး။ တိုက်မနေနဲ့။ အညံ့ခံလိုက်။ ဒါ ငါတို့အတွက် ပြောတာ မဟုတ်ဘူး။ မင်းတို့အသက်အတွက်ပြောတာ။ မင်းတို့လက်နက်မချလည်း ငါတို့နိုင်မှာက နိုင်မှာပဲ။ အေးလေ။ သူတို့အကုသိုလ်ကံတွေ သိပ်ကြီးလွန်းရင်လည်း ကိုယ့်ဘက်ကမေတ္တာထားတဲ့စကားတွေ နားမဝင်လောက်ပါဘူး။ သဘောဗျ။ သဘော သဘော။

စစ်ကောင်စီရဲ့ ကြည်းရေလေ တပ်မတော်ကြီးဟာ အခုဆိုရင် သူတို့ကိုယ်တိုင် ထိုးစစ် ခံစစ်ကစားနိုင်တဲ့ အခြေအနေ မရှိတော့တာ တော်တော်လေးကို သိသာမြင်သာနေတဲ့ အချက်ပါပဲ။ အခု ကချင်မှာ လေယာဉ်နဲ့အပစ်ပြပြီး SNA ဘက်ကို ဝင်ပြေးတယ်။ သူတို့အသက်ကို SNA က ကာကွယ်ပေးခိုင်းတယ်။ တောင်ပိုင်းမှာတော့ မြဝတီကို စောချစ်သူ လက်ထဲအပ်ပြီး နယ်စပ်ဂိတ်မှာ လဝက ပေးထိုင်ပါ လို့ သေရာညောင်စောင်း လဲလျောင်းရာက နောက်ဆုံးဆန္ဒလေး ဖြည့်ဆည်းပေးဖို့ တောင်းပန်နေသတဲ့။ လက်ရည်တူ မတိုက်နိုင်တော့လို့ သမီးကညာဆက်ပြီး စစ်ကူခေါ်ရတဲ့ ပဒေသရာဇ်ခေတ်က နှစ်ကျပ်ကွက်တွေ ထုတ်ရှိုးနေပြီ။ ကျလည်းကျတဲ့ လက်ဘက်ခြောက်ပါကွယ်။ ကြာနီကန်ပရိတ်ခွေလေးဘာလေး ဖွင့်ပေးကြည့်ပါလား။ ဒါမှ မဟုတ်လည်း တွတ်ပီသီချင်း ဖွင့်ပေးလိုက်။ “စိတ်ဖြောင့်ဖြောင့်နဲ့သာ ချန်ခဲ့။” တို့ ဘာတို့။