ရာသီဥတုက ပူလိုက်တာ။ ဒါပေမယ့် မနက်စောစော နေမထွက်ခင်မှာတော့ ချမ်းနေတုန်းပဲ။ အဲ့ဒီအချိန်လောက်ဆို အိမ်ကကောင်ကလည်း အိပ်ယာပေါ် အတင်းတက်ပြီး ပါးလျက်နားလျက်နဲ့ နှိုးတော့တာ။ ကုတင်ခေါင်းရင်းက ပြူတင်းပေါက်လေး ဖွင့်ပေးလိုက်ရင် ခုန်ထွက်သွားပြီး သူ့ကိစ္စသူသွားရှင်းတယ်။ ပြန်လာရင် တံခါးကို လက်နဲ့ပုတ်ပြီး ဖွင့်ခိုင်းတယ်။ သူ့အတွက် အိမ်ဆောက်ပေးထားလည်း အဲ့ဒီအိမ်မှာ မနေဘူး။ ခုတင်ဘေးမှာ အိပ်ယာပြင်ပေးထားလည်း တရေးနိုးတာနဲ့ လူဘေးမှာ တိုးဝှေ့ပြီး ဝင်အိပ်ရော။ ကြိုးချည်ထားစရာ မလိုတော့ဘူး။ လူမြင်ရင် မြင်တဲ့နေရာက ပြေးလာပြီး တကောက်ကောက်လိုက်တယ်။ အလိုလိုက်မှန်းသိလို့ ဆိုးလာပြီ။ တုတ်ကလေးပြပြပြီး ထိန်းရတယ်။ ရန်ကုန်က ကာကွယ်ဆေးတွေ ရောက်လာလို့ ထိုးပေးပြီးပြီ။ နောက်ရက်ကျရင် သံချပေးရဦးမယ်။ သူလည်းပဲ အပူဒဏ် မခံနိုင်တဲ့ထဲမှာပါတယ်။ မနက်ခင်းသာ ခုန်ပေါက်ပြေးလွှားနေတာ။ နေ့ခင်းဘက် ပူလာရင် အိမ်ထဲက အေးတဲ့နေရာမှာ အစင်းသားလေး အိပ်နေရော။ ခွေးကလေးအတွက် ခွေးအိမ်ဆောက်ပေးထားသလို ကြက်ကလေးတွေအတွက်လည်း ကြက်ခြံကလေးဆောက်ပေးထားတယ်။ ဘဲကလေးတစ်မြုံက သူတို့ကိုယ်သူတို့ ဘဲမှန်း မသိသေးဘူး။ သူတို့ကိုဝပ်တဲ့ ကြက်မေမေက နောက်တစ်သားပြန်အုနေလို့ သူတို့ကို ပလစ်ထားလိုက်ပြီ။ သူတို့အတွက် ရေကန်လေးတူးပေးထားလိုက်တော့ ကြောက်အားလန့်အားနဲ့ ယက်ရင်းကန်ရင်း ကူးတတ်သွားတယ်။ ဒါပေမယ့် သူတို့အမွှေးတွေက ရေစိုမခံသေးလို့ ကြွက်စုတ်ကလေးတွေလို ဖြစ်နေတယ်။ နဂိုကမှ ရုပ်ဆိုးရတဲ့အထဲ။
ဒီမှာ ဘယ်သူကမှ တန်ဖိုးမထားပေမယ့် ကိုယ်တို့အတွက် အလိုရှိသမျှ စိတ်တိုင်းကျ ပိုင်ဆိုင်ခွင့်ရတဲ့ အရာတွေ ရှိပါတယ်။ သဘာဝတောတောင်ရေမြေတွေပေါ့။ အုတ်တံတိုင်းတွေ၊ ခြံဝန်းတွေ စည်းရိုးတွေ မလိုဘူး။ ကိုယ်ကျင်လည်နိုင်သလောက် လှည့်ပတ်သွားလာ နေထိုင်လို့ရတယ်။ ဘယ်သတ္တဝါမဆို ကိုယ့် ဝပ်ကျင်းရိပ်မြုံလေးဆီ ပြန်လာနိုင်တယ်ဆိုလည်း ပြန်လာပေါ့။ မလာနိုင်တော့လည်း ရောက်တဲ့အရပ်မှာ အသိုက်အမြုံတစ်ခုဆောက်ပြီး နေလို့ရတယ်။ လူတွေ အိုးသစ်အိမ်သစ် ထူထောင်ချင်သပဆိုလည်း ရွာစွန်က လယ်ကွင်းပြင်ထဲ တဲထိုးနေလို့လည်း ရတာပဲ။ ကိုယ်တို့ခွေးကလေးလည်း လှောင်အိမ်တွေ ဇက်ကြိုးတွေ မလိုပါဘူး။ သူ့အိမ် သူ့သခင် သတ်သတ်မှတ်မှတ် သိသွားရင် ဘယ်မှ ထွက်မသွားဘူး။ အနားကကို မခွါတာ။ ဘဲကလေးတွေကတော့ ချောင်းစပ်ကို ခေါ်သွားလို့ မရဘူးတဲ့။ အဲ့ဒီရောက်သွားရင် ချောင်းရိုးအတိုင်း စုန်ချည်ဆန်ချည် အစာရှာစားပြီး အိမ်ပြန်မလာတော့ဘူးတဲ့။ ဥကိုလည်း တွေ့ကရာနေရာမှာ အုချခဲ့ရောတဲ့။ ကြက်ကလေးငှက်ကလေးတွေအတွက် အစားအသောက် အင်မတန်ပေါတယ် ထင်ပါရဲ့။ ဗျိုင်းကလေးတွေလည်း တစ်ခါတစ်ခါတွေ့ရင် အစိတ် သုံးဆယ်လောက်ရှိတယ်။ လယ်ထဲမှာနေကြတယ်။ ကျွဲ နဲ့ ဗျိုင်း နဲ့က ဝမ်းဆက်။ ကိုယ်တို့လည်း ဆေးရုံမှာ စစ်မက်အင်္ဂါထူပြောလာရင် တောထဲကို ရှောင်အိပ်ရတယ်။ ဒီတောတွေတောင်တွေက ကာကွယ်ပေးထားလို့သာ ကိုယ်တို့ ခုထက်ထိ အသက်ရှင်တာ။
ကိုယ်တို့ဆီက တောင်ပေါ်တောလမ်းကလေးတွေဟာ နှစ်တစ်နှစ်ရဲ့ ၁၁ လ ပိုင်းကနေ ၅ လပိုင်း မကုန်ခင်အထိပဲ ဝင်ထွက်သွားလာလို့ရတယ်။ မိုးတွင်းပိုင်းမှာဆို တောင်ပြိုတယ်။ အနိမ့်ပိုင်းတွေက ရေလွှမ်းတယ်။ ရွှံ့ညွံအိုင်ကြီးတွေ ဖြစ်ကုန်လို့ အသွားအလာတွေ ပြတ်တောက်ကုန်တယ်။ ဒါကြောင့် လူသူအရောက်အပေါက်နည်းတာ။ အဲ့ဒါကြောင့်လည်း မြေတွေအကျယ်ကြီးနေကြတာ။ မြေလွတ်မြေရိုင်းတွေ တပုံကြီး ကျန်သေးတယ်လေ။ အိမ်ဆောက်ဖို့ ကျောက်တွေသဲတွေ လိုချင်ရင်တောင် ချောင်းထဲဆင်းတူးပြီး နွားလှည်းနဲ့တိုက်ရင် ပိုက်ဆံမှ ပေးစရာ မလိုတဲ့ဥစ္စာ။ သစ်ကလည်း ပေါတယ်။ ဘာပဲလိုလို ဆေးရုံအရောက်ပို့ပေးနိုင်တဲ့ အလှူရှင်တွေလည်း ရှိတယ်လေ။ အဲ့ဒါကြောင့် အခု ခွဲခန်းကလေးကို အကြီးစားပြင်ဆင်မှုတွေ လုပ်နေတယ်။ ပို၍ကောင်းသော ဝန်ဆောင်မှုတွေ ပေးနိုင်ဖို့အတွက်ပေါ့။ ဒါပေသိ ခွဲခန်းကို ပိတ်မထားပါဘူး။ ခွဲတာတော့ ခွဲနေတုန်းပဲ။
ဆေးရုံကလေးက တောတောင်ရေမြေနဲ့ တသားတည်းကျနေတော့ ရှိမှန်းတောင် မသိရပါဘူး။ အကောင်ပလောင်တွေ တရုန်းရုန်းနဲ့။ တတ်နိုင်သလောက် အပင်မခုတ်၊ ခြုံမရှင်းပဲ ထားတယ်။ လူတွေကလည်း သဘာဝအတိုင်း နေထိုင်ကြတယ်။ ဆေးကုတဲ့အခါပဲ စံနစ်တကျ အလုပ်လုပ်တာ။ စစ်ပွဲကာလကျရင်လည်း စစ်ဆေးရုံပုံစံနဲ့ ဆေးကုနိုင်အောင် ဖွဲ့စည်းပုံပြောင်းပလိုက်တယ်။ အဲ့ဒီအချိန်ကျရင် လူနာတွေကိုလည်း တစုတစည်းတည်း ထားလို့မဖြစ်ဘူး။ လေယာဉ်ဗုံးတစ်လုံးကျရင် အကုန်သေကုန်မှာစိုးလို့ ဟိုနားလေးတစ်စု သည်နားလေးတစ်စု ခွဲထားတယ်။ ဆေးပစ္စည်းတွေတောင်မှ ချက်ကောင်းထိပြီး တက်တက်ပြောင်မသွားအောင် နေရာခွဲသိမ်းရတာ။ အနီးအနားပတ်လည်က ဆရာဝန်တွေ အကုန်ပြေးတဲ့အချိန်မှာ ကိုယ်တွေက အလုပ်လုပ်ရင်း ကျန်ခဲ့ရမှာဆိုတော့ ကိုယ့်အသက်ဘေးတော့ ကိုယ်ကြည့်ရှောင်ရတာပဲ။ တော်ရုံတန်ရုံ အထိအခိုက်လောက်နဲ့ အလုပ်လုပ်လို့မရပဲ ငုတ်တုတ်မေ့မသွားအောင်လည်း ကြံရဖန်ရ စီစဉ်ရတယ်။ ဗန်းမော်ဆေးရုံမှာတောင် ဆာဂျင်တစ်ယောက်ပဲ ကျန်တယ် လို့ သတင်းတွေ တက်လာပြီ မဟုတ်လား။ စစ်မျက်နှာတွေဟာ တောကြိုအုံကြားကနေ မြို့ပြကျေးလက်ဘက်ကို ဗဟိုရ်ပြုလာခဲ့ပြီ။ ဗန်းမော်၊ ကသာ၊ ဟိုပင်၊ မိုးညှင်း၊ နမ္မတီး၊ မိုးကောင်း ဆိုတဲ့ မြို့ကြီးတွေဟာ စစ်ရှောင်ရတော့မှာလား လို့ စဉ်းစားပြင်ဆင်နေကြရတဲ့ အချိန်ပေါ့။ ကလေးတွေကတော့ ရှောင်နှင့်ပြီလေ။ စစ်သားစုဆောင်းရေး ရန်ကို ကြောက်ရတာကိုး။ ကလေးတွေပြီးတာနဲ့ အုပ်ကြီးတွေ ရှောင်ရတဲ့အလှည့် ရောက်လာတယ်။ ဖွတ်တွေ ဒလန်တွေကတော့ ပြေးတာကြာပေါ့။ ဗျူဟာမှူး၊ ကစထမှူးတွေတောင် လုံခြုံရေးပေးပြီး မကာကွယ်နိုင်တဲ့ အခြေအနေမှာ ပေါက်လွှတ်ပဲစားတွေက အရင်လိုရွာရိုးလျှောက်ရင် အပေါက်ကျဉ်းနဲ့ ညားမှာပ။
မကာကွယ်နိုင်တာက သူတို့အဘ မင်းအောင်လှိုင်ကိုတောင် ကာကွယ်ဖို့ခက်နေတာပါ။ တရုတ်သံအမတ်က သန်းရွှေ၊ မောင်အေး၊ သိန်းစိန် ကို ဝင်ဝင်တွေ့နေတာ ၂ ခါ ရှိပေါ့။ “ဒီအကောင်ကို မင်းတို့ဖြုတ်လဲမှာလား။ ငါ လာလဲပေးရမလား။” လို့ ရာဇသံလာပေးတဲ့သဘောပဲ။ နို့မို့ရင် အဖိုးကြီးပြုတ် နဲ့ တရုတ်သံအိုက ဒီချိန်ကြီး “သင်္ကြန်နှစ်ဦး တူးပို့ တူးပို့” လုပ်စရာ ဘာအကြောင်းမှ မရှိဘူး။ ပူတင်ရယ်၊ ကျင့်ဖျင်ရယ်၊ တို့ဆီက မအလရယ်ဟာ ဘယ်သူ့ဆီက သန္ဓေအောင်လို့ ဗြောင်လိမ်ဗြောင်စားဗီဇတွေ ပါလာမှန်း မသိပါဘူး။ ပုလင်းတူဗူးဆို့တွေ။ ပယ်ဆောက်ချင်ကို နေပြည်တော်အထိ ဝင်ဖမ်းသလို စောချစ်သူကိုရော ရွှေကုက္ကိုထိ ဝင်ဖမ်းဦးမှာလား။ ရေစင်ဖိုးကိုးထားတဲ့ အစောင့်အရှောက်တွေထဲမှာ ကာကွယ်ရေး ဒုဝန်ကြီးလောက် ရဲချုပ်လောက်ဆိုရင် ကျေနပ်ပြီလား။ ထိပ်ဆုံးက ခေါင်ချုပ်ကြီးကို ဘေးမဲ့ပေးပြီး လျှော်လိုက်တော့မှာလား။ မပါဘူး မပါဘူး နဲ့ သူချည့်ပဲ ဝင်ဝင်ပါနေတာတောင် ဘယ်နေရာမှ အကျိုးထူးမလာဘူး။ ဒါနဲ့များ ဆာဆာကာဝါကြီး ဖြန်ဖြေလို့မရတဲ့ ရခိုင်ကို အပစ်အခတ်ရပ်အောင် လုပ်ပေးဦးမတဲ့။ ငြိမ်းချမ်းရေးနိုဘယ်ဆုတွေတာတွေ ရကုန်ပါဦးမယ်။ ကြံကြီးစီရာ။ သူဝင်မပါလည်း ရခိုင်ရော ကချင်ရော၊ ကရင်ရော၊ ကယားရော အပစ်အခတ်တွေ ရပ်ကုန်ပြီ။ အကုန် လက်နက်ချနေမှပဲဟာ။ လမ်းများအားလုံး နေပြည်တော်သို့တဲ့။ မင်းဘယ်ပြေးမလဲ မိချိုသဲ။ ဒရုန်းကပျံ ဗုံးကမှန်သနဲ့ သင်္ကြန်ကိုမှ ကူးနိုင်ပါ့မလားတော်။
စစ်တပ်က ကိုယ်တို့မတိုက်လည်း သူ့ဘာသူ အတွင်းထဲကလှိုက်ပြီး ပြိုကျနေပြီဥစ္စာ။ ဗိုလ်ချုပ်တွေ တစ်ယောက်ပြီးတစ်ယောက် အရံအင်အားထဲ ရောက်လိုက်၊ ထောင်ထဲရောက်လိုက်၊ ကြိုးစင်ရောက်လိုက်နဲ့။ နောက်ကျောကျည်သင့်ကုန်တာ မြင်တယ်မှလား။ အရှင်ထွက်ထွက်ဖို့ ထွက်ရပ်လမ်းဆိုတာ ဗိုလ်မှူးဗိုလ်ခြေတွေမှ စဉ်းစားတတ်တာမဟုတ်။ နောက်လိုက်ဗိုလ်ပါတွေလည်း စဉ်းစားကြပါတယ်။ ငယ်မွေးခြံပေါက်တွေ တစ်ရင်းပြီးတစ်ရင်း အလံဖြူထောင်သွားသမျှကို ပေါ်တာဆွဲ စုဆောင်းရေးလုပ်ပြီး ပြန်ဖြည့်မလို့တဲ့။ မုဆိုးမတွေနဲ့ ဗိုလ်ရှုခံနေရတာ မမှတ်သေးဘူး။ အခုကစ နောက်လ မကူးခင် ဘယ်စစ်မျက်နှာမှာများ မဆုတ်တမ်းခံစစ်နဲ့ ခုခံနိုင်မှာလဲ စောင့်ကြည့်ဦးမယ်။
တကယ်ဆို ကိုယ်တို့က မိုးတွင်းစာ စုရမယ့် အချိန်ရောက်ပြီ။ ဒါပေမယ့်လည်း အဝင်အထွက်မမျှလို့ မှာသမျှပစ္စည်းတိုင်း ရောက်ကုန်ဖြစ်နေတယ်။ အဝင်အထွက် ဂိတ်တွေကို ပိတ်ချထားလိုက်တာကိုး။ ရခိုင်မှာတုန်းကလည်း သူတို့ အဲ့လို ဖြတ်လေးဖြတ်လုပ်လို့ AA က အပစ်ရပ် လက်မှတ်ထိုးလိုက်ရတာ။ ကချင်မှာလည်း ဗျူဟာကုန်းတွေကို ဆုတ်ပေးလိုက်ပေမယ့် အဝင်အထွက် ဂိတ်တွေကို ပိတ်ထိုင်ထားသေးတယ်။ အဓိကက ဆေးဝါး နဲ့ စားနပ်ရိက္ခာကို ပစ်မှတ်ထား ပိတ်ဆို့တာမို့ စစ်ဘေးသင့်ပြည်သူလူထုရဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ရတာ သိပ်ဒုက္ခရောက်တယ်။ ကိုယ်တို့ဆေးရုံအတွက် ဆေးဝါးပစ္စည်းတွေ မှာရတာလည်း အင်မတန် ခက်ခဲတယ်။ စစ်ပွဲတွေဖြစ်လို့ လူနာလွှဲပို့ရတာလည်း အတားအဆီးတစ်ခု ဖြစ်နေတယ်။ ဒါဆိုရင် နောက်ထပ် စစ်ပွဲတွေဖြစ်မယ့်အလားအလာကို မြင်နိုင်ပါလိမ့်မယ်။ ဇာတ်သိမ်းလုနီးပြီဆိုပေမယ့် ရှေ့ဆက်ဖြတ်သန်းရဦးမယ့် အဆင့်တွေ ကျန်နေသေးတော့ တစ်ခုပြီးတစ်ခု လာလိမ့်မယ်။ ကိုယ်တို့လည်း လုပ်စရာရှိတဲ့အလုပ်တွေကို မရပ်မနားပဲ တွန်းလုပ်နေတယ်။ တွေဝေမိန်းမောနေဖို့ အချိန်မရှိဘူး။
ဒီကနေ့ ဒီအချိန်အထိ ကြိုးစားပန်းစား လုပ်နေသမျှဟာ ဘယ်သူ့ရဲ့တိုက်တွန်းချက်၊ ခြိမ်းခြောက်ခိုင်းစေချက်မှ မပါဘူး။ အာဏာသိမ်းစစ်တပ်က အိမ်ကိုလာမဖမ်းခင်ကလေးမှာ “သားရေ လူလေး။ ပြေး ပြေး။ လွတ်အောင်ပြေး။ CDM လုပ်ပြီး တော်လှန်ရေးအောင်တော့မှ မေမေ့ကို ပြန်လာကယ်။” လို့ ဦးဆောင်လမ်းညွှန်မှုတွေလည်း မပေးခဲ့ပါဘူး။ ဖြတ်သန်းခဲ့သမျှ အချိုးအကွေ့တွေတိုင်းမှာ လူသားပီပီသသ၊ ဒီ့ထက်ပိုရရင် ဆရာဝန်ပီပီသသ ရပ်တည်ရှင်သန်ဖို့ကိုပဲ ရွေးခဲ့တယ်။ “တချိန်ချိန်မှာများ စစ်တပ်က အာဏာသိမ်းခဲ့သည်ရှိသော်” ဆိုတဲ့ကိစ္စဟာ ကြိုတင်တွက်ဆပြီး ပြင်ဆင်ထားရမယ့်အရာမှ မဟုတ်တာ။ “There is no “if” in politics. There will never be.” ဆိုတဲ့စကားကိုမှ မကြားဖူးရန်ကော။ အဲ့ဒါ မဒမ်ဆွန်ယက်ဆင် က ပြောခဲ့တာလေ။ တကယ်သိမ်းလာတော့လည်း သိမ်းတဲ့အတိုင်း ဘယ်သူ့ခိုင်းစေညွှန်ကြားချက်မှ မပါပဲ ကြုံလာသမျှ အခြေအနေတိုင်းကို ရင်ဆိုင်ဖြေရှင်းခဲ့ပါတယ်။ မှန်တဲ့အတိုင်းပြောရရင် ပုဂ္ဂိုလ်ရေး အာဃာတတွေ ခံစားချက်တွေနဲ့ ညစ်တွန်းတွန်းနေတာ မဟုတ်သလို မျှော်လင့်ချက်အိပ်မက်တွေ အကောင်အထည်ပေါ်ဖို့ မြေစမ်းခရမ်းပျိုးနေတာလည်း မဟုတ်ဘူး။ လက်ချည့်ပလာနဲ့ လာခဲ့ပြီးမှ ဆေးရုံကို လိုလေသေးမရှိအောင် ပြင်ဆင်ပြီး ဆေးထိုင်ကုနေတာ။ တကယ်ဆို ကိုယ်လည်းပဲ CDM ပဲလေ။ ဘယ်မှာဝင်ငွေ ရှိမှာလဲ။ အားပြုစရာ မှီခိုစရာ ရှိလာရင် ပြည်သူကိုပဲ အားယူတယ်။ ကာကွယ်ရပ်တည်စရာ ရှိရင်လည်း ပြည်သူ့ဘက်ကပဲ ရပ်တည်တယ်။ ကိုယ့်ဘက်က စောင့်ရှောက်ဖေးကူစရာ ရှိရင်လည်း ပြည်သူကိုပဲ ဖေးကူမှာပေါ့။ “For the people, by the people, together with people “ဆိုတဲ့စကားကို မဲဆွယ်တုန်းကတော့ ပြောဖူးမှာပါ။ မေမေ့ဆီက စာမလာ သတင်းမကြားလို့ မေ့များသွားတာလား။
ပန်းဝင်ကာနီးတော့မှ မြင်းကောင်း ခွါလိပ်အောင် ခြေထိုးခံတဲ့ သွေးခွဲစကားတွေကို ကိုယ်ကြားချင်တဲ့တစ်ခွန်းနှစ်ခွန်းပါတာနဲ့ အဟုတ်ကြီးမမှတ်ကြဖို့ပါ။ ကိုယ်ကတော့ ကြွေးထူတဲ့သူမို့လား မသိ။ ခုဆုတ်ရမယ့် ဘောက်ချာနဲ့ နောက်ဆုတ်ရမယ့်ဘောက်ချာ သပ်သပ်စီထားတယ်။ ရောမပစ်ဘူး။ မေ့သွားမှာလည်း မဟုတ်ဘူး။ လူတိုင်းလူတိုင်းမှာ သူ့နောက်ကြောင်းရာဇဝင်နဲ့သူ ရှိတယ်။ သိတဲ့လူဆီ ထောက်လိုက်ရင် တန်းကနဲလင်းသွားတာ။ ကွကိုပဲ ရှာထောက်ချေတော့ကွယ်။ အချိန်မရတော့ဘူး။ AI နဲ့ ပြင်ထားတဲ့ ဓါတ်ပုံကြီးပြပြီး ဂျင်းထည့်တာ ရွှေမန်းတင်မောင် ခေတ်မှာတောင် အလုပ်မဖြစ်တော့ဘူး သိလား။
“တစ်နာရီ မလစ်ဘူး။ အချစ်ထူးလှချည်ရဲ့ လှတဲ့ကေသွယ်။ မင့်ဘဝ ရေရေလည်လည် ဘယ်ကလာသလဲ မောင် သိချင်ပါတယ်။”
“အေ့လေ အေ့လေ အေ့လေ။
လှလှရီလား ကိုရီးတင်ရဲ့။”
(ယော် ဒီဂန်းမ ကိုရီးတင်လည်းဆိုသေး။ လှလှရီ နဲ့ လူမှားပြန်ပြီ။)