ချန်ဂင်တို့စခန်း (၂၄၃)

ခုရက်ပိုင်း အတောအတွင်း level up ဖြစ်သွားတဲ့ ကိုယ်တို့ရဲ့ စူပါပါဝါကတော့ ညဉ့်နက်သန်းခေါင် အိပ်ပျော်နေဆဲမှာတောင် ကောင်းကင်က လေယာဉ်သံကို ကြားနိုင်ပြီး ဖြတ်ကနဲနိုး၊ ဝုန်းကနဲထထိုင်၊ အိမ်နောက်က ခံတုတ် ကျင်းထဲကို ဒိုင်ဗင်ပစ်သလို လှစ်ကနဲရောက်သွားတာပါပဲ။ တနေကုန်လည်း ခွဲခန်းထဲက မထွက်ရ၊ ညကျပြန်တော့လည်း အိပ်ကောင်းခြင်း မအိပ်ရ။ တခြားသွားပြီး ရှောင်အိပ်လို့လည်း မရပြန်ဘူးဗျ။ လူနာက ညဘက်မှာလည်း ရောက်လာတတ်ပြီး ညကြီးမင်းကြီး အရေးပေါ်ခွဲခန်းဝင်ချင် ဝင်ရသေးတာ။ လူမပြောနဲ့။ ခွဲခန်းထဲကပစ္စည်းတွေတောင် အနားမရရှာဘူး။ case ပြီးတာနဲ့ တိုက်ချွတ်ဆေးကြောပြီး ပြန်ပေါင်းထားရတာ။ နောက်တစ်ခေါက်ပြန်သုံးရမယ့်လူနာက ရှိနေသေးတယ်လေ။ တာမခံ- ဖားကန့်တကြောမှာ ရှိတဲ့ ဆေးခန်းတွေက စစ်ရေးအခြေအနေအရ ပိတ်ကုန်တော့ အဲ့ဒီဘက်က မွေးလူနာတွေ အောက်ကမထွက်နိုင်တဲ့အခါ ကိုယ်တို့ဆေးရုံပဲ ပြေးလာစရာ ရှိတယ်လေ။ […]