ချန်ဂင်တို့စခန်း (၂၄၈)

စစ်ပွဲပြီးသွားတော့ ဆေးရုံမှာ လူနာကုန်သလောက် ဖြစ်သွားပါပြီ။ စစ်ရှောင်လာတဲ့သူတွေလည်း အိမ်ပြန်စောင့်ကြရတယ်။ ဆယ်ဇင်းမှာတုန်းကဆိုရင် ဒီလိုအချိန်ကျမှ စိမ်ပြေနပြေ ဖောက်သယ်ကြလို့ ရွာလုံးကုန်တာလေ။ စကစလက်ထဲရောက်သွားတဲ့ရွာနဲ့ KIA /KPDF လက်အောက် ရောက်သွားတဲ့မြို့ရွာတွေ ဘာတွေဘယ်လိုကွာသလဲ ဒေသခံ အရပ်သားတွေက အသိဆုံးပဲ။ ဆယ်ဇင်း နဲ့ တာမခံ ကို ယှဉ်ကြည့်လိုက်ရင်ကို သိသာတယ်။ ယုတ်တဲ့သူတွေကတော့ ယုတ်ကိုယုတ်တာနော်။ ဆယ်ဇင်းမှာတုန်းက ရဲစခန်းနောက်ဘက် ဘောလုံးကွင်းအဟောင်းထဲမှာ မိုင်းတွေမြှုတ်ထားလို့ ကလေး ၅ ယောက် ဆေးရုံရောက်လာသလိုပဲ။ တာမခံမှာလည်း စစ်တပ်ကုန်းထဲ မိုင်းတွေမြှုတ်ထားတာ ကောင်လေးတစ်ယောက် နင်းမိလို့ ခုလေးတင်ပဲ ခြေထောက်ဖြတ်ပလိုက်ရတယ်။

လူနာနည်းတယ်ဆိုသော်လည်း တစ်ရက်တစ်ယောက်လောက်တော့ မှန်မှန်ခွဲနေရပါသေးတယ်။ သူ့ရှေ့ကလူနာကလည်း မျှောတိုင်နဲ့ရိုက်မိလို့ ခြေကျင်းဝတ်က တွဲလောင်းကြီး ပြဲထွက်သွားတာ။ အဲ့ဒီလူကိုတော့ မဖြတ်ချင်သေးလို့ အရိုးချင်းတည့်အောင် တေ့ပြီး ပြန်ဆက်ပေးထားတယ်။ ဒီတိုင်းလည်း ကောင်းချင်ကောင်းသွားနိုင်သေးလို့ စောင့်ကြည့်လိုက်ဦးမယ်။ လှည်းပေါ်ကလိမ့်ကျလို့ လက်ဖျံရိုးတွေ ကျိုးကုန်တဲ့ကလေးကိုတော့ အရိုးဆရာဝန်ရှိတဲ့ဆီ လွှတ်ထားတယ်။ opened fracture ဖြစ်နေတာရယ်၊ ညာဘက်လက်မှာ ဖြစ်တာရယ်မို့။ ဒါတောင် ကလေးမိဘတွေက ဗိန္ဓောဆရာနဲ့ပဲ ပြမယ် လုပ်နေလို့ “အဲ့ဒီ သွားပြရင် နောက် ဘယ်တော့မှ ဆေးရုံပြန်မလာနဲ့။ တစ်ခါတည်း သေခန်းပြတ်ပဲ။” လို့ အော်ပစ်လိုက်တယ်။

ဟိုးအရင်တစ်ခါ မူကြိုကျောင်းက ကလေးလေးတစ်ယောက် ချော်လဲလို့ လာပြဖူးတယ်။ ဓါတ်မှန်တွေဘာတွေ သေချာရိုက်ပေးပြီး ဘာမှမဖြစ်၊ အရိုးလည်း မကျိုးလို့ ရှင်းပြပြီး ပြန်လွှတ်လိုက်တယ်။ ကလေးအမေက မကျေနပ်လို့ ဗိန္ဓောဆရာနဲ့ ကြပ်သွားစည်းတယ်လေ။ ကလေးကို ဝါးခြမ်းပြားတွေပတ်ပြီး တစ်လလောက်စည်းထားတာ ကွေးမရဆန့်မရ လက်ကောက်ကောက်ကြီးဖြစ်လာမှ မပျောက်လို့ ဆို ဆေးရုံကို ပြန်လာပြတယ်။ ဒေါသထွက်လိုက်တာ ပြောစရာကို မရှိဘူး။ ကလေးအမေကို အော်ဟစ်ပြီးတော့ကို ဆူပလိုက်တယ်။ ငါတို့က ရိုးရိုးဆရာဝန်တောင် မဟုတ်ဘူး။ အထူးကုဆရာဝန်။ ဓါတ်မှန်လည်း သေချာရိုက်ပေးထားပြီးသား။ မကျိုးလို့ မကျိုးဘူးပြောတာကို မယုံပဲ ဆရာဝန်မဟုတ်တဲ့သူက မဟုတ်ကဟုတ်က လုပ်တာကို သွားလုပ်တယ်။ နင့်ခေါင်းထဲမှာ ဦးနှောက်မပါဘူးလား။ ငါတို့က ပိုက်ဆံမပေးရလို့ အဖိုးမတန်ဘူး မှတ်နေတာလား။ တစ်ခါတည်း မဟုတ်ဘူး။ ဟိုးရွာမြီးပိုင်းက တစ်လတစ်ခါ လာပြပြီး ဆီးချိုဆေးတွေ အလကားပေးနေကျလူနာကလည်း ခြေထောက်အနာပေါက်တော့ ဆေးရုံလာမပြပဲ အဲ့ဒီဗိန္ဓောဆရာဆီ သွားခွဲသတဲ့။ DKA ဝင်ပြီး သတိလစ်မှ ဆေးရုံရောက်လာတယ်။ ကုန်လိုက်တဲ့ဆေးတွေမှ သောက်သောက်လဲ။ တော်တော်ကြီး လိုက်ဆယ်ယူရတယ်။ စိတ်ဆိုးလွန်းလို့ “နင်တို့ရွာ ငါနဲ့ မတန်ဘူး။” လို့ ပြောပစ်လိုက်သေးတယ်။ ဘယ်လောက်တော်တဲ့ အထူးကုဆရာဝန်ပဲဖြစ်ဖြစ် တောကိုရောက်သွားရင် “ငါတို့ရွာကဆရာလောက် တတ်လို့လား။” လို့ အမေးခံရမှာပဲ။ သူ့နေရာမှ သူမနေတာ။ ဒါကတော့ မတတ်နိုင်ပါဘူး။ လူဆိုတာ သူ့ဦးနှောက်ရှိသလောက်ပဲတွေးတတ်ခေါ်တတ်မှာ မဟုတ်လား။ ကိုယ်လည်း ငယ်ငယ်က လက်ကျိုးရင် တရုတ်ဆရာနဲ့ပဲ ဆေးစည်းလာတဲ့ဟာ။ “အဲ့လိုမျိုး အပေါက်ဆိုးပြီး မြည်တွန်တောက်တီးတတ်လို့ သူ့ဆီမပြတာ။” ဆိုမှ ခက်နေမယ်။

စကားကို စိတ်ထဲမှာရှိတဲ့အတိုင်း အပြင်ကို အသံထွက်အောင်ပြောတာ မကောင်းဘူး။ ကိုယ့်စိတ်ကိုယ့်အတွေးဆိုတာ လူတကာ အလုံးစုံသိအပ်သောအရာလည်း မဟုတ်ဘူး။ စကား စကား ပြောဖန်များက စကားထဲက ဇာတိပြသတဲ့။ ပါးစပ်ကဖွင့်မပြောပဲ သူများစိတ်ထဲမှာ ဘာရှိသလဲ မှန်အောင် အကဲခတ်နိုင်မှ ပညာခေါ်တယ်။ ဘယ်ရမ်းကုကမှ တုတ်နဲ့ရိုက်၊ သေနတ်နဲ့ချိန်ပြီး “ငါ့ဆီလာကုစမ်း။” ခေါ်မနေဘူး။ လူတွေဆီမှာ ယုံကြည်မှုတည်ဆောက်နိုင်လို့ အမည်နာမ ထင်ရှားလာတာ။ အလကားကုပေးတဲ့ ကိုယ့်ကို ပလစ်ပြီး ပိုက်ဆံပေးကုရတဲ့ သူ့ဆီရောက်ကတည်းက “နင့်ဘကြီးက နင့်ထက်တတ်တာ တစ်ခုခုတော့ ရှိနေပြီ။” လို့ လက်ခံလိုက်ရမှာ။ သူများတကာတွေ ဆေးခန်းရှေ့က ဘယာကြော်သည် အင်တာဗျူးပြီး လိုင်းပေါ်တင်လိုက်ရင် မင်းသမီးအစစ်တွေတောင် တုန်ဆင်းပြီး အမ်းယူရတယ်။ ကိုယ့်ဆေးရုံက အဲ့ဒီဘယာကြော်သည်လောက်တောင် လူသိများတာ မဟုတ်။ မတ်မတ်ဆောင်းကို ဆေးခန်းလာပြဖို့ခေါ်ပြီး ပေါင်တွင်းကြောလိမ်ဆွဲရ ကောင်းမလား မသိပါဘူး။ “မဟုတ်ဘူး ဆိုတာ ဟုတ်ပါတယ်။” နဲ့ “ဟုတ်တော့ ဟုတ်တယ်။ ဒါပေမယ့် မဟုတ်ပါဘူး။” အင်တာဗျူးတွေမှာ ငိုပြဖို့ မျက်ခုံးမွှေးလေး ပက်လက်လှန်တတ်အောင် ကျင့်ထားဦးမယ်။

အမှန်တော့ ကိုယ့်ဆေးရုံကို အရပ်လေးမျက်နှာက လူနာတွေ အုတ်အော်သောင်းနင်း လာပြဖို့ မလိုပါဘူး။ တိုက်ပွဲမှာ ဒဏ်ရာရတဲ့သူတွေ ကုတယ်ဆိုတာ လူမသိလေ ပိုကောင်းလေ။ ထင်ပေါ်တို့ ကျော်ကြားတို့ဆိုတာ မန္တလေးအငြိမ့်ထဲမှာပဲ ကြည့်လို့ကောင်းတာ။ ကိုယ့်ဆေးရုံက ရွက်ပုန်းသီးလုပ်နေရမယ့်အရာ။ သိုသိုသိပ်သိပ်ပဲ အလုပ်လုပ်ရမယ်။ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်ကနေ မော်လမြိုင်က နှင်းဆီပွင့်ကြီး ပြောင်းအခေါ်မခံရအောင် ဖုံးဖုံးဖိဖိ နေကြတာပေါ့နော့။ မသိသူတွေ ကျော်သွားလည်း သိသူတွေ ဖော်စားကြလိမ့်မယ်။ ရှိစေတော့ ရှိစေတော့။

ခုရက်ပိုင်းက အိမ်မှာ အိမ်သားအသစ်ကလေး ရောက်လာတော့ သူ့အကျင့်ကိုယ့်အကျင့် သိအောင်ပေါင်းနေရတယ်။ ဒီကောင်လေးက ဘာတွေစားလို့ ဘာတွေမစားမှန်းလည်း မသိ။ နံရိုးလေးတွေပေါ်နေတော့ စားရေးသောက်ရေး အဆင်မပြေနေမှန်း သိသာတယ်။ သူငယ်ချင်းထဲက ခွေးဖေရီးတွေ ခွေးမေရီးတွေဆီ ဓါတ်ပုံပို့ပြီး ဒီကလေး ဘယ်လိုမွေးရမလဲ မေးရမြန်းရတယ်။ ဒီလိုပဲ ဟိုဟာစမ်းကျွေးကြည့် ဒီဟာစမ်းကျွေးကြည့်ပေါ့လေ။ အိပ်တဲ့အခါတော့ ကိုယ်တို့အိပ်ခန်းထဲပဲ ခေါ်သိပ်တယ်။ ဒီကောင်လေးက အကျင့်တော့ ကောင်းရှာသား။ ဘုရားရှိခိုး၊ ပရိတ်ရွတ်၊ ပုတီးစိတ်နေရင် အသံမပေးပဲ ငြိမ်ငြိမ်လေး ဝပ်နေတယ်။ အိပ်ခန်းထဲမှာ ချေးပါသေးပေါက် ယောက်ယက်ခတ်မနေဘူး။ ရှိမှန်းတောင် မသိရလို့ ထထကြည့်နေရတာ။ မနက်မနက် ၅ နာရီကျော်လောက်ဆိုရင်တော့ ကုတင်ဘေးလာပြီး အိညှောင့်အိညှောင့် အသံပေးတယ်။ ရေအိမ်သွားချင်လို့ ထင်ပါရဲ့ ဆို အိမ်ပြင်လိုက်ပို့တော့မှ သူ့ကိစ္စ အပေါ့အလေးတွေကို ခြုံစပ်မှာ သွားရှင်းတယ်။ သူ့ခေါ်အိပ်ရတာ ယုန်တွေမွေးတာလောက်တောင် အနံ့အသက် မရှိဘူး။ အရမ်းလိမ်မာတဲ့ကောင်။

ရောက်ကာစတော့ သူ့အိမ်သူ့ရာမှန်း မသိမှာစိုးလို့ လည်ပတ်ကြိုးကလေးနဲ့ ထားသေးတယ်။ အခု လည်ပတ်ဖြုတ်ပေးလည်း ထွက်မပြေးတော့ဘူး။ ခေါ်လိုက်ရင် ပြေးလာတယ်။ ကလေးဆိုတော့ ဆော့ချင်တယ်။ လူပေါ်ခုန်ခုန်တက်ရင် မျက်နှာပေါ်ထိရောက်တယ်။ အပြေးတအားသန်တာ။ အိမ်က ကြောင်ကလေးတွေနဲ့တော့ ရင်းနှီးသွားအောင် ထားမှဖြစ်မယ်။ ဒီကောင်ကြီးက ဘိုဆန်တယ်။ ထမင်းထက် ပေါင်မုန့်ကြက်ဥကျော် ပိုကြိုက်တယ်။ လူတွေကို သူကောင်းကောင်း မှတ်မိတယ်။ သေနတ်သံကြားရင်တော့ လန့်တတ်တယ်။ လေယာဉ်လာလို့ ကိုယ်တို့တွေ ကျင်းထဲဆင်းရင် သူလည်း အသံမထွက်ပဲ ငြိမ်ငြိမ်လေး ဝပ်နေတယ်။ စကားမပြောပေမယ့် လူ့အရိပ်အကဲကို သိပ်သိတာပဲ။ မပြောတာတော့ မဟုတ်ဘူး။ သူ လာလာပြောတယ်။ ကိုယ်တို့က သူဘာပြောချင်မှန်း နားမလည်သေးတာ။ အခုတော့ သူ့ကို အိမ်တစ်ဆောင်မီးတစ်ပြောင်နဲ့ သပ်သပ်ထားမလို့ အဆောင်သစ်ကလေး ဆောက်နေတယ်။ ကြီးလာရင် မိန်းမပေးစားဖို့ လျှောက်ပတ်တင့်တယ် ရွေးချယ် မျိုးနွယ်တူဆွေဆိုတာ ဘယ်လိုရှာရမှန်းတောင် မသိဘူး။ “ဒီရွာက သူငယ်မတွေနဲ့တော့ ဖေဖေ သဘောမတူနိုင်ဘူး ငါ့သား။” လို့ နားလည်အောင် ဘယ်လိုပြောရပါ့။ ကလေးကဖြင့် ၂ လသားရှိသေး။ သူ့အဖေ ရောဂါတော်တော်ရင့်နေပြီ။

လူနာတွေနဲ့ ဆက်သွယ်ရတဲ့အခါ အပြောချိုတာ၊ အပြောဆိုးတာ၊ နားဝင်ချိုတာ၊ နားခါးတာ၊ အမြီးအမောက်မတည့်တာ၊ အနှောင့်အသွားမလွတ်တာ၊ ဝေ့လည်ကြောင်ပတ်ပြောတာ၊ ဗူးလုံးနားမထွင်းပြောတာ။ ကိုယ်လိုချင်သလို ယူဆကြမှာပဲ။ အကောင်ပလောင်လေးတွေနဲ့ စကားပြောရင်တော့ အဲ့ဒါမျိုးတွေ သိပ်မရှိဘူး။ မာဂဓဘာသာဆိုတာ မတတ်ကျွမ်းပေမယ့်လည်း ကိုယ်တတ်တဲ့ဘာသာနဲ့သာပြော။ သူတို့ နားလည်တယ်။ နာခံတယ်။ ကချင်လိုပြောပြော၊ ရှမ်းလိုပြောပြော၊ မြန်မာလိုပြောပြော၊ သူ့ကို ဘာပြောနေမှန်း သိတယ် ဆိုတာ စပိကင်သင်တန်းတက်ထားလို့မှ မဟုတ်တာ။ စကားလုံးမပါတဲ့ စိတ်ထဲကဆန္ဒကို သူတို့ဖတ်တတ်တာ၊ နားလည်တာ ဖြစ်လိမ့်မယ် ထင်တယ်။ ကံကောင်းလေးကို ပိုင်တံခွန်နဲ့ပဲ ရိုက်ရိုက်၊ အပိုနက်တဝင်းနဲ့ပဲ ရိုက်ရိုက်၊ ဝမ်ရိပေါ်နဲ့ပဲ ရိုက်ရိုက်၊ သူ့အတွက်တော့ စကားပြန် လိုမှာ မဟုတ်ဘူး။ ကိုယ်တို့ဆီက လူနာတွေလည်း စကားတွေအများကြီး ပြောစရာမလိုပဲ ဆရာဝန်တွေစိတ်ထဲ ဘာရှိသလဲ သိနိုင်မြင်နိုင်ရင် အကောင်းသား။ ဒီလိုမှန်းသိ တိရိစ္ဆာန်ဆရာဝန်ပဲ လုပ်ပါတယ်။

ကိုဗစ်မဖြစ်ခင်တုန်းက သူငယ်ချင်းတွေနဲ့ ဘန်ကောက်က တိရိစ္ဆာန်ကုဆေးရုံကို လိုက်သွားဖူးတယ်။ လူမျိုး ၁၀၁ ပါး မတူကွဲပြားသလိုပဲ ခွေးဆိုတာ ပုံသဏ္ဍာန်၊ အရွယ်အစား၊ အမျိုးအနွယ် ဘယ်လိုတွေတောင် ကွဲပြားခြားနားသလဲ အဲ့ဒီရောက်မှ တွေ့ဖူးတယ်။ ကော်ဖီခွက်ထဲထည့်တဲ့ ခွေးသေးသေးလေးကနေ လူတစ်ရပ်လောက်မြင့်တဲ့ ဧရာမခွေးကြီးတွေအထိ ရှိတယ်။ မကျန်းမာရင် ဆေးခန်းပြတာ၊ ဆေးရုံတက်တာ၊ ခွဲတာစိတ်တာ၊ ICU ထဲမှာ incubator လေးနဲ့ထားတာ အကုန်လုံး မြင်ဖူးသွားတယ်။ လူတွေကို အကြောရှာပြီး cannula ထိုးတတ်ပေမယ့် ခွေးလေးတွေကို ဘယ်လိုရှာရမှန်း သူတို့ပဲ သိတယ်။ ခွေးလေးတွေ ငိုတတ်မှန်းလည်း အဲ့ဒီရောက်မှ မြင်ဖူးတယ်။ ဆေးခန်းနောက်ဘက်မှာ ခွေးလေးတွေအတွက် ရေကူးကန် နဲ့ ကစားကွင်း ရှိတယ်။ ပြေးပွဲပြိုင်ပွဲ ကစားပွဲမျိုးစုံလည်း ရှိတယ်။ ခွေးလေးတွေအတွက် စူပါမားကက်ဟာ စိန်ဂေဟာလောက်တော့ ကြီးတယ်။ လိုချင်တာ အကုန်ရသတဲ့။ ခွေး Spa က လူ Spa ထက်တောင် ဈေးကြီးသေးတယ်ဗျ။ စကင်းကဲ၊ ခံတွင်းကဲ၊ ရေချိုး၊ ဆီလူး၊ ပေါင်းတင်၊ လျှော်ညှပ်၊ pedicures ၊ manicures ၊ ဖက်ရှင်၊ ဒီဇိုင်နာ၊ တေလာ၊ ဘာမဆို လိုတာရသတဲ့ဗျား။ ကိုယ့်ဆီမှာ ဘဏ်စာအုပ်မရှိပေမယ့် သူငယ်ချင်းတွေမွေးထားတံ့ ခွေးကလေးမှာ ဘဏ်စာအုပ်၊ ပတ်စ်ပို့စာအုပ်၊ ဆွေစဉ်မျိုးဆက် မှတ်ပုံတင်၊ ကျန်းမာရေးအာမခံ အကုန်ရှိသတဲ့ဗျ။ ငါတို့က သူများနိုင်ငံနဲ့ ယှဉ်ရင် လူတန်းမစေ့တာ မဟုတ်ဘူး။ ခွေးတန်းကိုမစေ့သေးတာ။

ကိုယ်တို့ဆရာကြီးတစ်ယောက်ကတော့ သူတို့အိမ်က ခွေးကလေးကို မခွဲနိုင်လို့ အမေရိကားခေါ်တာ လူတစ်ယောက်ခေါ်တာထက်တောင် ဈေးကြီးသေးသတဲ့။ လေယာဉ်စီးရတာ၊ ဟော်တယ်မှာထားပြီး ကာရန်တင်းဝင်ရတာ၊ ပတ်စ်ပို့တွေ ဗီဇာတွေလုပ်ရတာ၊ အင်မတန်ကို အကုန်အကျများပါသတဲ့။ ဒါပေမယ့်လည်း မိသားစုဝင်လို ဖြစ်နေတော့ မြန်မာပြည်မှာ တစ်ကောင်တည်း ထားခဲ့ရမှာ ဘယ်လိုမှ စိတ်မချနိုင်ဘူးတဲ့။ ကိုယ်တို့လည်း ရန်ကုန်ပြန်ရင် ဒီကောင်လေးနဲ့ ဘယ်လိုများ ခွဲသွားနိုင်ပါ့မလဲ။ ခေါ်သွားလည်း ကိုယ်တောင် နေစရာအိမ်မရှိတာ လူရောခွေးရော လမ်းပေါ်အိပ်ကြတာပေါ့။ အသက်ကြီးလာတော့ လူဆိုတာ သံယောဇဉ်ရှိရာ အဖော်သဟဲလေးနဲ့ နေရတာပဲ ကောင်းပါတယ်။ တိုက်ချီဒို နဲ့ ချယ်ရီထက် ဘယ်သူက ပိုစိတ်ချရသလဲ ဆိုတာကတော့ အချိန်အခါ အခြေအနေတွေက အဆုံးအဖြတ်ပေးသွားမှာပေါ့။ လူတွေက ဖောက်ပြန်တတ်တဲ့သဘောရှိတာ သဘာဝပါပဲလေ။