ချန်ဂင်တို့စခန်း (၂၄၇)

“ဗျာပါဆံ ဝေအောင်ချပါလို့

ခန်းဝမှာတဲ့ တမှိုင်တွေတွေ

မင်း ဘာပြုနေ။

ဝိုင်းတော်သားတို့ မာပါစေ

ပန်းသပြေ ညောင်ရေလောင်း

မင်း အောင်ဆုတောင်း။

တည်အိမ်မှာ နံမည်ရစ်ပါလို့

ငယ်ချစ်ကယ်တဲ့ ချိုးတည်

မောရှာရော့မယ်။

မန်ကျည်းပင် တောင်ကိုင်းက

ပျိုတို့မောင် တည်အိမ်ထိုးတယ်

ဆင်းပါ့ရွှေချိုး။”

ဗျာပါဆံ ဆိုတာ ရှေးရှေးတုန်းက မိန်းကလေးတွေ ပူပုံပန်းနဲ့ ဆံပင်ကိုမှ သေချာသပ်သပ်ရပ်ရပ် မဖြီးနိုင်မသင်နိုင်၊ လျော့တိလျော့ရဲကလေး ဂုတ်ပေါ်မှာဝဲကျနေတဲ့ ဆံပင်ပုံကို ဆိုလိုတာပါ။ ဒါပေသိ နန်းတော်ထဲက မင်းသမီးလေးများဆိုတော့ အဲ့သလို ကပိုကယို ဆံမြိတ်ကလေးချပြီး ထုံးပုံမျိုးလေးကိုက ယဉ်သလိုလိုရှိလို့ အရပ်သူတွေက အတုခိုးပြီးလိုက်ထုံးရာက ဖက်ရှင် trend တစ်ခု ဖြစ်လာပုံရပါတယ်။ ရင်ထဲကအပူမီးတစ်ခုခုကြောင့် အိမ်ဦးမှာထိုင်ပြီး ဖြေလျော့ခွေဖြစ်နေရှာသူ အမျိုးသမီးလေးကို “ဘာဖြစ်လို့လဲ ဟင်။” လို့ မေးပြီးကာမှ “ဒါဖြင့်ရင်လည်း တို့ ဝိုင်းတော်သားတွေ အသက်ရှည် ကျန်းမာစေကြောင်း ဘုရားမှာ ဆုတောင်းချေပေါ့ကွယ်။” လို့ နှစ်သိမ့်တဲ့ တဘောင်သီချင်းပါ။ ခုနေခါ အိမ်တိုင်းအိမ်တိုင်း ခန်းဝမှာ အပူမီးနဲ့ တမှိုင်တွေတွေ ဖြစ်နေရသူတွေချည့်ပါပဲလေ။ ဓမ္မတရားက အဓမ္မတရားကို အနိုင်ယူနှိမ်နှင်းနိုင်ပါစေကြောင်း၊ ကိုယ်တို့ဝိုင်းတော်သားတွေ အောင်ပါစေကြောင်း ဝိုင်းဝန်းဆုတောင်းဖို့ပဲ ရှိတော့တာ မဟုတ်လား။ ဆုတောင်းရုံနဲ့ အားမရရင်တော့ ကိုယ်တိုင်ဝင်ကျဲဖို့ပဲ ရှိတော့တယ်လေ။ ဟုတ်တယ်မှလား။

ကျဲလည်း ကျဲပါတယ်။ တော်လှန်ရေးရဲ့ အထောက်အပံ့လုပ်နေကြတာ “တကမ္ဘာလုံးမှာ များသတ္တာ” တင် မကဘူး။ “များစွာလုံးစုံ ဘုံ ၃၁ က ဖြစ်ဖြစ်သမျှ ဝေနေယျ” တွေလည်း ကိုယ်တို့ဘက်မှာ ရှိပြီးသားပါ။ ဘန်တလေဆရာတော်တို့ ဟော်တယ်ဖွင့်တဲ့ ဘုန်းကြီးတို့ပဲ ဟိုဘက်မှာ ရှိတာ။ ဒါတောင် ရှေ့နှစ်ခါလောက်ဆို “ကျောင်းအမကြီးရယ် ဝိသာခါ” ပြန်ဟောဦးမယ့် ကိုယ်တော်တွေ။ ဆုတောင်းတိုင်းသာ ပြည့်မယ်ဆိုလို့ကတော့ သူတို့ကတောင် အရင်ပြည့်နေမယ့်ပုံပါကွယ်။ စစ်ပွဲတွေရှုံးသမျှ ထီးတွေချည့် ပတ်တင်နေတာ ထီးဖြူဆောင်းနဂါးမယ်မယ်ကြီးဆီတောင် ရောက်ပြီးပြီလား မပြောတတ်ဘူး။ မြန်မြန်သွားတင်ကြ။ ဟိုက ထီးမပါရင် အသံမထွက်လို့ “ဘုတ် ဘုတ် ဘုတ်” တဲ့။ ပုတ်ပြနေတယ်။ ရင်ဘတ်ကို။ မုဆိုးမရပ်ကွက်ကြီးက သူတို့အရပ်ကို ရွှေ့သွားတာ မဲဖောက်စရာတောင် ကံထူးရှင် မရှိတော့လို့ အရပ်တကာလှည့် စာရင်းကောက် မဲဖောက်နေရပြီ။ လိုက်သာသွား ငါးကောင်တို့။ ကိုယ်လိမ်မာရင် ကိုယ့်ဖို့ချည့်ပဲ။ စစ်သားစုဆောင်းရေး မအောင်မြင်ရင် မျိုးဆက်မပြတ်အောင် သားဖောက်ယူဖို့ပဲ ကျန်တော့တယ်။ ဒီကိစ္စ တပ်ထဲက အိုနာကျိုးကန်းကြီးတွေ မစွမ်းနိုင်ဘူး။ မောင်ရင်တို့ ကယ်မှရမှာ။

“စစ်ဆိုတာ နိုင်မှ ကောင်းပါတယ်။” တဲ့။ အဲ့ဒါ ဘယ်သူပြောခဲ့တဲ့စကားလဲ သိလား။ ကင်းဝန်မင်းကြီးဦးကောင်းလေ။ အောင်မယ်လေး။ သွေးထွက်အောင် မှန်တာဗျား။ ဘယ့်နှယ်ရှိစ။ တနိုင်ငံလုံးမှာ စစ်ရှုံးနေတာများ ခွက်ခွက်ကိုလန်လို့။ ဖြစ်ချင်တိုင်းကို ဖြစ်နေတော့တာပဲ။ “စစ်ကိုခေါ်လို့ စစ်လာတာ။” ဆို။ အခု စစ်ရှုံးပြီ။ မင်းတို့ ပြေးစမ်း။ ပြေးနိုင်မှ လွတ်စေ့မနော်။ အာပါး။ ရေးလို့ကောင်းလိုက်တာကွား။ ကောင်းမှာပေါ့။ ငါတို့က စစ်နိုင်နေတာကိုး။ တနိုင်ငံလုံးမှာ အကြီးဆုံးနေရာကိုယူပြီး စစ်တိုက်နေတဲ့ကောင်က နာလံမထူနိုင်အောင် စစ်ရှုံးနေတော့ သူ့ရင်ထဲ ဘယ်လိုနေရှာမလဲကွယ်။ မေးပေးဦး။ ငါ့မယ် ဝမ်းသာလိုက်ရတာများ။

တော်လောက်ပြီ ထင်တယ်နော်။ “မင်းတို့ မန်ယူဖန်တွေ ဆိုက္ကားဂိတ်က လေတိုက်လွန်းသကွာ။” လို့ ပြောခံရတော့မယ်။ ဟီးဟီး။ ပြောပလေ့စေ ပြောပလေ့စေ။ ညီလေးရေ အဲ့ဒီပလာတာအကြေတွေက ဟိုဘက်ဝိုင်းမှာ ချကွ။ ကိုရီးတို့အတွက် မာဘိုရိုတစ်ဘူး သွားယူချေ။ သွား။ မင်း စဉ်းစားကြည့်ကွာ။ ကချင်မှာက မအေးပွင့် မြင့်မြင့်စန်း စခန်း ၃၀ ရှိပြီ။ ရခိုင်မှာ စစ်တွေ၊ ကျောက်ဖြူ၊ အမ်း၊ သံတွဲပဲ ကျန်တော့တယ်။ ဘူးသီးတောင်က ယဲ့ယဲ့ကလေး။ တောင်ပိုင်းမှာလည်း ကြည့်လိုက်ပါဦး။ မင်း ဒီအဆင်နဲ့ ဒီအဆင်ကွာ။ ဘယ်သူက ဘယ်သူ့ကို ကျွတ်ကျဲရမှာလဲ။ သဘောပေါက်စမ်းပါ။ ညေးတို့ရပ်ကွက်ထဲက အုပ်ကြီးလောက်တော့ စောင်းခွက်ဖြတ်ရိုက်ပလိုက်လို့ရတယ် သပ်လား။ မလုပ်ချင်လို့ ကြည့်နေတာကို ဒီကောင်တွေ ချိုကြွနေတယ်။ ဟျောင့်တေ မင်းတို့ အသက်အပိုပါရင် ဆက်လုပ်ကြ။ အိမ်မှာ ကန္နားဖျင်းထိုး၊ ကုလားထိုင်ခင်းထားနှင့်။ မင်းပါပါးလာမှ အာယားယား လာမလုပ်နဲ့။ အကုန်လုံး စမုံတုံးသွားမယ်။ ဘာမှတ်သလဲ။

ဒီမယ်။ ငါတို့က အေသင်ကိုတို့၊ သမီးဆိုးတို့လို လက်ချည့်ပဲလာ၊ လေချည့်ပဲ လွှတ်နေတဲ့သူတွေ မဟုတ်ဘူး။ ပြောထားပြီး လက်တွေ့မလုပ်တဲ့အရာ ဘာတစ်ခုမှ မရှိဘူး။ နားလည်လား။ မယုံရင် တစ်ကပြန်ဖတ်လာခဲ့။ ဒီလောက်ပဲ ပြောမယ်။ ကျန်တာ စောင့်ကြည့်။ အခု ငါတို့ဆေးရုံမှာ နောက်တစ်ပွဲအတွက် အကြီးအကျယ် ပြင်ဆင်နေကြတယ်။ လိုလေသေးမရှိ အလုပ်လုပ်ကြဖို့။ ငါတို့နောက်မှာလည်း “ဘာလိုလိုပါ အချစ်ရယ်။ ဘာလိုလို လာပြောကွယ်။” ဆိုတဲ့ ပရိသတ်ကြီးအင်အားက ကြောက်ခမန်းလိလိနော်။ ကံကြမ္မာကလည်း ကိုယ့်ဘက်မှာပါကွယ်။ သူတို့ဘက်မှာ ရှုံးပွဲတွေဆက်သလို ကိုယ်တို့ဘက်မှာလည်း အောင်ပွဲတွေ အလီလီပဲ။ ခေါင်းထဲက ဦးနှောက်အစတွေ ထွက်နေတဲ့လူနာတောင် ဦးခေါင်းခွံဖောက်ပြီး အသေအပျောက်မရှိအောင် ခွဲပေးနိုင်ခဲ့တယ်။ ဒါတောင် တောထဲက ဆေးရုံမှာ။ အဲ့ဒါ ကိုယ်တို့ဆေးရုံက level up ဖြစ်သွားတဲ့ update ပဲ။ ဒေါက်တာစိုး ဆိုတာ ပြောရင် ပြောတဲ့အတိုင်း လုပ်တဲ့သူ ဟုတ်မဟုတ်၊ သူ့ကိုချစ်တဲ့သူတိုင်းက သိကြပါတယ်။ ကိုယ့်ပါးစပ်က အုပ်ကြီးကို ချစ်တယ် လို့ ပြောလာရင် အိမ်မှာသာ စောင့်နေလိုက်တော့။ “ဘယ်တော့ လာခေါ်မလဲကွယ်။ အလှတွေပြင်ထားတယ်။” ဆိုပြီး။ “အို ကချင်ပြည်နယ်က ရန်ကုန်နဲ့ အဝေးကြီးပါ။ လာရင်တောင် ၂ ရက်လောက် ကားစီးရတယ်။ မရောက်လောက်သေးပါဘူး။” လို့ မအောင့်မေ့နဲ့။ မင်းတို့ဆီ ဦးရှင်ကြီးပင့်ရင်တောင် အခုပင့် အခုရောက်တာ။ အိုင့်မှာလည်း “စေလိုရာစေ” တပည့်သားမြေးတွေ အများကြီး။ စတားလင့်နဲ့ လိပ်ပြာစေလိုက်ရင် ဖိတ်စာဝေစရာတောင် မလို။ ပေါက်တယ်နော်။

အရေးမပါလိုက်တာများ။ အုပ်ကြီးလောက်နဲ့ ဖက်ကိုက်နေရတယ်လို့။ တကယ်ဆို ကိုယ်တို့က မင်းအောင်လှိုင်ကို သတ်ချင်တာ။ အခု ဒီကောင်တွေက သူတို့ဘက် လှည့်မလာနိုင်အောင် အောက်ကလူတွေ ထိုးကျွေးနေတာမို့သာ။ အလကား အချိန်ကုန် လူပန်း။ ကချင်တွေနဲ့ မင်းအောင်လှိုင်ကြားမှာ သင်ပုန်းချေပြီး နောက်ကြောင်းပြန်လှည့်လို့ မရတဲ့ ရန်ကြွေးတွေ အများကြီး ရှိတယ်။ သူ့တပ်ကလူတွေ လက်နက်ချရင် အရှင်မထားအောင်လို့ သူကိုယ်တိုင် အမုန်းမျိုးစေ့တွေ နေရာအနှံ့လိုက်ကျဲထားပြီးသား။ မြန်မာစစ်တပ်ဟာ ဘယ်တိုင်းရင်းသားတွေအပေါ်မှာပဲဖြစ်ဖြစ် အဆုံးစွန်ထိ မိုက်ရိုင်းယုတ်မာ ရက်စက််ထားခဲ့တယ် မဟုတ်လား။ “အခုမှတော့ မင်းတို့ပြည်သူနဲ့ ပူးပေါင်းမယ် မကြံနဲ့။ ပြည်သူက မင်းတို့ကို အရှင်ထားမှာ မဟုတ်ဘူး။ သေချင်းသေ ငါ့ဆီမှာပဲသေစမ်းပါကွာ။” ဆိုတဲ့သဘော။ ဒီကောင် သူရဲဘောကြောင်လိုက်ပုံများဖြင့် အောက်ကလူ တစ်ယောက်မှမကျန်အောင်ကို ထိုးကျွေးပစ်ခဲ့တာဗျား။ နောက်တက်မယ့် ကာချုပ်လောင်းလို့ နံမည်ထွက်တဲ့ကောင်ဆို လူမဖြစ်ခင်က သားလျှောနှင့်ရတဲ့ ဘဝ။ တစ်ကောင်မှ စိတ်ကူးယဉ်မနေနဲ့ ။ သူ့နောက်မှာ ဘယ်သူမှ တက်စရာမကျန်ဘူး။ သူတစ်ယောက်တည်း last survivor လုပ်မှာ။ ကြူကြူမပါတောင် သူ့ဖင်သူ ပင်တည်းဝတ်မှုန်ကူးခြင်းနဲ့ မျိုးပွါးယူမှာလား မသိ။

“အာသီသကတော့ မလွဲသာပေါင်ခမျာ။ မဟာဂီတထဲမှာ ဆင်ကြီးဂဠုန်ချီထက် ကြီးတဲ့ဟာ မရှိပါဘူး။” ဆိုသလိုပံ။ ကိုယ်လည်းပဲ ဒီအရပ်ထိအောင် တက်လာပြီးမှတော့ ဆင်ကြီးကို ဂဠုန်ချီနိုင်အောင် ကြီးကြီးကျယ်ကျယ်တွေပဲ လျှောက်စဉ်းစားနေတာပေါ့။ မြန်မာပြည်မြောက်ပိုင်းတခွင်က လွှဲပို့ရာ referral hospital ကြီးတစ်ခု ဖြစ်ဖြစ်မြောက်မြောက် အားကိုးလောက်အောင် အစွမ်းကုန် အားထုတ်နေတယ်။ ဒေါက်တာဆီးဂရေ့ကြီးကို အားကျလို့ အင်္ဂလန်က သူငယ်ချင်းတွေဆီ မင်းတို့မသုံးတော့တဲ့ surgical instruments တွေ ပို့ပေးစမ်းပါဆို တောင်းလိုက်တာ ပုတ်တောင်းကြီးနဲ့ ၃-၄ လုံးရောက်လာလို့ ဘာတွေ ဘယ်လိုသုံးမလဲ လှန်လှောကြည့်ရှုတာတင် ၃-၄ ရက် ကုန်တယ်။ အနီးအနားက ဆေးရုံတွေတောင် ပြန်ဝေပေးလို့ရသေး။ နောက်ထပ်ခွဲခန်းတစ်ခု ထပ်လုပ်ဖို့ပြင်ဦးမယ်။ ငါ့လူနာတွေကို တောထဲမှာဆေးရုံတက်ပြီး American Standard နဲ့ ရှူရှူးပေါက်နိုင်အောင်ကို ထားဦးမှာ။ ဆင်ကြီးကို ဂဠုန်ချီမှာပါဆို။ ပါချီပါချဲ့ လုပ်စရာလား။

အခု သားတွေသမီးတွေ အကုန် ရှေ့တန်းကပြန်ဝင်လာကြလို့ လူ ၂၅-၃၀ အင်အားနဲ့ ပြန်အလုပ်လုပ်နိုင်ပြီ။ နောက်ပွဲစမှ အားလုံးအလျှိုအလျှို ပြန်ထွက်ကြမယ်။ အလွမ်းတစ်ယောက်ပဲ အဖိတ်အစင် ရှိတယ်။ ဟယ်ရီ ကတော့ ပေါင်ကို အစဝင်တာ ထုတ်ပြီးပြီ။ ကောင်းသွားပေါ့။ တို့လူကလေးများ ဆိုသလေး လို့ ခေါ်လိုက်ရင် ဝေလေလေတော့ တစ်ယောက်မှ မပါဘူးဗျ။ တိုက်ပွဲကနေ Greyhound လေးတစ်ကောင် တောင်းလို့ရလာတာနဲ့ သားမှတ်မှတ် သခင်မှတ်မှတ်၊ မှတ်မိအောင် ပေါင်းနေတယ်။ ရန်ကုန်ကပို့တဲ့ပစ္စည်းတွေလာမှ နံမည်ပေးကင်ပွန်းတပ် လုပ်ရမယ်။ ညနေစောင်းရင် Earl Grey Tea လေးသောက်၊ ဆေးတံကလေးဖွာ၊ တုတ်ကောက်တစ်ချောင်းနဲ့ ခွေးကလေးဆွဲပြီး လမ်းလျှောက်ထွက်လိုက်လို့ကတော့ အိုင်ယာလန်ရောက်နေသလို ခံစားရမှာမလွဲ။ ခွေးရှင်လေးကိုလည်း ပီခေဘလိုင်ဒါ ရုပ်ထွက်အောင် ဝိုင်းဆင်ကြပါဦးလဟဲ့။ အသားအရေ ကြမ်းတမ်းတာချင်းကတော့ တော်တော်တူနေပြီ။

တကယ်တော့ ဒင်းကလေးလည်း စစ်ဘေးဒုက္ခသည်ပါပဲ။ ဘိုတုကြင်စိုး ငမြွေတိုးတို့ နှိပ်စက်တဲ့ ဝေးနေနီးနေ နှစ်ထွေများစွာ သတ္တဝါထဲမှာ ခွေး၊ ဝက်၊ ကြက်၊ ဘဲ၊ ကျွဲ၊ နွားတွေလည်း မကျန်ပါဘူး။ လူတွေကမှ ကူကြကယ်ကြသေးတယ်။ သူတို့ခမျာ ကျန်ခဲ့လည်း သတ်စားခံရတာပဲ။ ခွေးတွေကို စားလို့ မရပေမယ့် သတ်တာတော့ သတ်ကြရတယ်။ ဘာဖြစ်လို့ဆိုတော့ မီးလောင်ပြင် ရွာပျက်ကြီးထဲမှာ ညမိုးချုပ်လို့ သရောကြီးခိုင်းတိုင်း ကြောက်စရာလန့်စရာကောင်းအောင် မရပ်မနား အူတော့ဟောင်တော့တာတဲ့။ အဲ့လိုအချိန်ဆို အနံ့အသက်တွေကလည်း ရသတဲ့။ အိမ်တိုင်းလိုလိုကလည်း မသာအိမ်မဖြစ်ဖူးတာ ခပ်ရှားရှားဆိုတော့ မခံစားနိုင်လို့ ရှင်းပစ်မှပဲ အေးအေးချမ်းချမ်း အိပ်လို့ရသတဲ့။ အနမ့်ပါမှာတုန်းကလည်း အဲ့သလိုပဲ ပြောကြတယ်။ သခင်က စွန့်သွား၊ အိုးအိမ်ခြံဝန်းက မီးလောင်၊ အစာရေစာ ကျွေးမယ့်သူက မရှိ၊ ဟောင်မိအူမိတော့လည်း လက်စတုံးခံရသတဲ့လေ။ သူတို့ဘဝလည်း သနားစရာပါ။ ကိုယ့်ဆေးရုံက မိဂဓါဝုန်မှာ ရှိပြီးသား အကောင်ပလောင်တွေနဲ့ သင့်မြတ်အောင်နေနိုင်ရင် ခေါ်ထားရတာ အပန်းမကြီးပါဘူး။ ခွေးတွေ၊ ဆိတ်တွေ၊ ကြက်တွေ၊ ဘဲတွေနဲ့ အုန်းအုန်းကိုဆန်နေတဲ့ ဆေးရုံ။ မနေ့ကပဲ ဆိတ်မတစ်ကောင်က သား ၂ ကောင် ပေါက်သေးတယ်။ ဒီတစ်ခါ အနက်ရောင်။ ရှုပ်ပါတယ်။ နောက်တစ်ခါ ဆင်သမားတွေ ဆေးရုံလာတက်တော့မှ “မင့်တို့ဆင်ကလေး သားပေါက်ရင် ငါ့လည်း တစ်ကောင် မျှစမ်းပါဦး။” ဆို တောင်းထားဦးမယ်။ ဒါမှပဲ ဆင်ကြီးကို ဂဠုန်ချီရာရောက်တော့မပေါ့။

“တော်ပါ။ တန်ပါ။ ကျွန်တော့်ဘာသာ ဆိုပါမည်။ ဇေယျာ အောင်မြေ၊ သေလာ တောင်ခြေ။ မကြားဖူးပေါင်။ ဆင်ကြီး ဂဠုန်ချီ။”