ချန်ဂင်တို့စခန်း (၂၄၆)

“La vie est plus belle quand on ecrit soi-meme.” တဲ့။ ဘဝဆိုတာ ကိုယ့်လက်နဲ့ ကိုယ်တိုင်ရေးတော့ ပိုလှတာပေါ့ လို့ ပြောတာ။ ဟုတ်မှာပါလေ။ တစ်နိုင်ငံလုံးမှာ တိုက်ပွဲတစ်ရာ အောင်ပွဲတစ်ရာ သာနေတဲ့အထဲ ကိုယ်တိုင်ဝင်ကူထားတဲ့ တာမခံတိုက်ပွဲလေးက တော်တော်အရသာရှိတာ။ ကွမ်လုံရက် ၄၀ လိုမျိုး တာမခံ ၁၂ ရက် ကို ပြန်ရေးမယ့်သူတောင် မကျန်တော့ဘူး။ အခိုင်အမာဆောက်ထားတဲ့ ခံတပ်ကုန်းတစ်ခု၊ လက်နက်အစုံအလင် နဲ့ လေကြောင်းပစ်ကူပါ မရပ်မနားပေးထားသော်လည်း တောင့်မခံနိုင်ခဲ့ဘူး။ ဒုတိယကမ္ဘာစစ်ပြီးကာနီးမှာ ဟစ်တလာ့ဖင်ဝ မီးနဲ့မြှိုက်တဲ့ စစ်ရှုံးပွဲတွေလို နေမှာပဲ။ ကြင်စိုးနဲ့နောက်လိုက်တွေကို ခေါင်းမီးတောက်စေလိမ့်မယ်။ ဒါပေမယ့်လည်း သူတို့အတွက်တော့ ကမ္ဘာမီးလောင်တုန်း ဆီမီးခွက်ထတောက်သလောက် ရှိမှာပေါ့လေ။ အရူးမီးဝိုင်း ဖြစ်နေပြီကိုး။ လော်ဘီကောင်တွေ လာကြည့်ကြစမ်း။ ငါတို့ဘက်က အသက်စွန့်သွားတဲ့ကလေးတွေက သူရဲကောင်းမှတ်တမ်းဝင်တယ်။ မိသားစုဆီ ချက်ချင်း အသိပေးတယ်။ အခမ်းအနားနဲ့ သေနတ်ဖောက် သင်္ဂြိုလ်တယ်။ ဆွမ်းသွပ် တရားနာ အမျှအတမ်းဝေတယ်။ မင်းတို့ဘက်မှာ “မြန်မာ့စောင်း” ထဲက ဂျပန်ဘုန်းကြီးလို အလောင်းကောက်မယ့်သူတောင် မရှိဘူး။ အိမ်မှာ နာရေးလည်း လုပ်ခွင့်မရှိဘူး။ ငိုရင်တောင် ဒူးနဲ့မျက်ရည်သုတ်ငိုရတဲ့ ဘဝ။ စိမ်ရေသင့်တယ်ဆိုတာ အဲ့ဒါပဲ။ မြင်ပြီ မဟုတ်လား။ ဒါ အစပဲ ရှိသေးတယ်။ လာဦးမှာ လာဦးမှာ။

သူတို့အခြေအနေက ကိုယ့်အတွက် အသက်ပေးသွားတဲ့ ကိုယ့်ရဲဘော်ကိုယ် ဖုတ်ကျည်းသင်္ဂြိုလ်ဖို့ နေနေသာသာ တနိုင််ငံလုံးမှာ ကိုယ့်စစ်သား ဘယ်လောက် ရှိလို့ ဘယ်လောက်ကျန်မှန်းတောင် မခန့်မှန််းနိုင်တော့ဘူး။ နေ့စဉ်နဲ့အမျှ အဆက်မပြတ် ပြုန်းတီးနေတာ ရာဂဏန်းကနေ ထောင်ဂဏန်းကပ်လာပြီ။ ပြည်သူ့စစ်တွေကို စစ်ကူခေါ်၊ ထောင်ကျအကျဉ်းသားတွေ ရှေ့တန်းပို့၊ ပျူစောထီးတွေ လက်နက်တပ်ဆင်၊ အတင်းအဓမ္မ စစ်သားစုဆောင်းရေးတွေ လုပ်နေပေမယ့်လည်း ဘယ်အရာကမှ ဝင်မဖြည့်ပေးနိုင်တော့ဘူး။ ရှိတဲ့စစ်သားတွေ ထွက်ပြေးကုန်မှာစိုးလို့ လုံခြုံရေးဂျူတီချရင်တောင် အပြင်ကသော့ခတ်၊ လူလဲမှ တံခါးဖွင့်ပေးရတဲ့ အဖြစ်ကို ရောက်နေပြီ။ ရှေ့တန်းမှာ ရှိပြီးသား အထိုင်တပ်တွေဆီကိုတောင် ထောက်ပို့မပေးနိုင်တော့ဘူး။ စစ်ကူ မပေးနိုင်တော့ဘူး။ သေရေးရှင်ရေးတွေမှာ ကယ်တင်မပေးနိုင်တော့ဘူး။ မင်းတို့မှာလက်နက်ရှိသားပဲ။ အဲ့ဒီလက်နက်နဲ့ ဓါးပြပဲတိုက်တိုက်၊ ဆက်ကြေးပဲကောက်ကောက်၊ လူပဲသတ်သတ်၊ ပိုက်ဆံရအောင်ရှာပြီး ကိုယ့်ဘာသာကိုယ် ရပ်တည်ကြ။ လစာတို့ ရိက္ခာတို့ဆိုတာ ဦးပိုင်က အမြတ်ငွေလိုပဲ နောင်ရေးအတွက် လို့ သဘောထား။ အဲ့ဒါမှ မရသေးလည်း ကျည်ဆန်တွေ ထုတ်ရောင်းကွာ။ ကျည်ရှိရင် ဆန်ရှိတယ်။ ဟုတ်ပြီလား။

တာမခံစစ်တပ်ကုန်းမှာ တစ်ရင်းလုံးပြုတ်သွားတာ တကယ်ကို စိတ်မကောင်းပါဘူး။ တစ်ယောက်လောက်တော့ ကျန်ခဲ့စေချင်တာ။ ဖြစ်ကြောင်းကုန်စင် နတ်သံနှောဖို့လို့။ ၁၂ ရက်တိတိ ဝိုင်းဝန်းပိတ်ဆို့ တိုက်ခိုက်ခံရချိန်မှာ အထဲကစစ်သားတွေကို မသေမချင်း ခုခံတိုက်ခိုက်ဖို့ အမိန့်ကလွဲရင် ဘာတွေအထောက်အပံ့ပေးနိုင်ခဲ့သလဲ ကိုယ့်ဘာသာပြန်မေးကြည့်လေ။ ပေးတာတော့ ပေးပါတယ်။ လေယာဉ်နဲ့ ဗုံးမိုးရွာတာ။ ဗုံးတစ်လုံးမှန်လို့ လူတစ်ယောက်ပဲ သေတယ်ဆိုရင်တောင် တာမခံမှာ မသာတွေ ထောင်ချီပြီး သင်္ဂြိုလ်နေရမှာ။ အဲ့ဒါ အလုပ်မဖြစ်ဘူး။ ရွာသားတွေက ကြိုရှောင်ထားပြီးသား။ ရှမ်းနီဘက်က စစ်ကူတောင်းပြီး ရွာကိုမီးရှို့ခိုင်းတယ်။ လောင်တော့လောင်တယ်။ ရှို့တဲ့ကောင်တွေ အကုန်မိတယ်။ ဆယ်ဇင်းမှာလို အောင်ပွဲမခံနိုင်ဘူး။ လက်နက်ချ အလင်းဝင်ဖို့ အတန်တန်ညှိနှိုင်းသော်လည်း စစ်မင်းစစ်ကဲများက ခွင့်မပြုတဲ့အတွက် တင်သန်းဦးရုပ်ရှင်တွေထဲကလို အသေခံပြီး ဖောက်ထွက်မယ် ဆို လမ်းတောင်းလာတယ်။ အနီးဆုံးမှာရှိတဲ့ ကသိုဏ်းတောင်ပေါ်က စစ်ကူတပ်ခွဲတစ်ခွဲနဲ့ သွားပေါင်းပြီးရင် ဖားကန့်ဗျူဟာကုန်းထဲ ဝင်မယ်ပေါ့။ ဘာတွေဖြစ်သွားလဲ လူတိုင်းသိတယ်နော်။ ဆုံးဖြတ်ချက် မှန်တာလား မှားတာလား ဆိုတာလည်း ရလပ်အဖြေက သက်သေပဲ။ တစ်နိုင်ငံလုံးမှာ ဒီဇာတ်ညွှန်းအတိုင်း ကနေရတဲ့ စစ်ကောင်စီစခန်းတွေ ဒီအမှားအတိုင်း ဆက်မှားကြမယ်ဆိုလည်း မတားပါဘူး။ ရှိ ပူရသေး ကုန်မှအေး။ အခုမှတော့ ငါတို့ ဘယ်ဘူတာမှာ လမ်းလွဲခဲ့ကြသလဲ လာမလုပ်နဲ့။ စစ်ပညာသင်သွားတာ ကြာကူရီ မြင်းလောင်းသမားတစ်ကောင် ပါအောင်ခေါ်သွားကတည်းက ဒီရထားက ငရဲရထား ဖြစ်သွားတာ။

ရှေ့ ဘာဆက်ဖြစ်မလဲ ဆိုတာတော့ ရှင်းရှင်းလေးပါပဲ။ ရည်ရွယ်ချက်က ဖားကန့်မှာ။ သို့သော် ဖားကန့်ဖက် စစ်မျက်နှာလှည့်လိုက်တာနဲ့ ဆယ်ဇင်းကတပ်က SNA နဲ့ပေါင်းပြီး နောက်ကြောင်းကနေ ဝင်ဆော်တော့မယ်။ အဲ့ဒါကြောင့် နောက်ကျောလုံအောင် မလုပ်လို့ကို မရဘူး။ ရှမ်းမြောက်မှာလို အပစ်ရပ်ပြီး တိုက်ပွဲအရှိန်လျော့သွားမယ့်ကိစ္စမျိုး ကချင်မှာရော ရခိုင်မှာရော ရှိလာမှာ မဟုတ်ဘူး။ ဒီလောက်ဆိုရင် ကိုယ် ဘာလုပ်ရမလဲ သိပြီလေ။ နောက်တစ်ပွဲ ကဖို့ ပြင်ထားရမှာ။ ငါတို့ကတော့ တစ်ပွဲဆို ဒီတစ်ပွဲပဲ ကျားကုတ်ကျားခဲ အာရုံစိုက်စရာလိုတယ်။ ဟိုကောင်တွေကတော့ တနိုင်ငံလုံးမှာ ပွဲတိုင်းကျော်တဲ့ အီကြာကွေးတွေဆိုတော့ ကိုယ့်ဇာတ်ကိုယ် နိုင်အောင်ကကြပေါ့။ ဟင်္သာကိုးသောင်း မကုန်မချင်း။

တနိုင်ငံလုံး တိုက်စစ်ဆင်နေတဲ့ တော်လှန်ရေးအဖွဲ့သားတွေရဲ့ စစ်ဗျူဟာတွေ မြင်သာထင်သာ ရှိသလိုပဲ။ တပ်ရင်းတွေ တစ်ခုပြီးတစ်ခု လက်လွှတ်ဆုံးရှုံးရတဲ့ စစ်ကောင်စီရဲ့ ခံစစ်ဗျူဟာကိုလည်း ကွက်ကွက်ကွင်းကွင်း မြင်လာရပါတယ်။ နေပြည်တော်၊ ရန်ကုန်၊ မန္တလေးက လူကြီးအသိုင်းအဝိုင်း မိသားစုကိုသာ လုံခြုံရေးတွေ အထပ်ထပ် ကာကွယ်ထားပြီး ရှေ့တန်းထွက်တိုက်နေရတဲ့ ဘယ်စစ်တပ်ကိုဖြစ်ဖြစ် ကာကွယ်ပေးဖို့ စိတ်ကူးမရှိကြဘူး။ လက်နက်ချပြီးပြန်လာရင် သေဒဏ်ပေးမယ် ဆိုပြီး အသေခံတိုက်ခိုင်းထားတာ။ စစ်ကတော့ ရှုံးနေပြီ။ အသက်ရှင်ပြီး ကျန်ရစ်နိုင်မှာလား ဆိုတာ သိပ်မသေချာဘူး။

စစ်သည်ဗိုလ်ခြေ တစ်ယောက်မကျန် အသေခံတိုက်ပေးရင်ကော ကြင်စိုးအသက်ကို အာမခံနိုင်ပါ့မလား။ နောက်ဆုံးကျတော့ စဉ်းစားမိတာက အာဏာသိမ်း စစ်ဗိုလ်ချုပ်ကြီးတွေဟာ တာမခံစခန်းက တပ်ရင်းမှူးလိုပဲ ကိုယ့်လက်အောက်ငယ်သားတွေ အသက်ရှင် ကျန်ရစ်စေဖို့ဆိုတဲ့ နည်းလမ်းကို လုံးဝ ထည့်မစဉ်းစားပဲ “ငါသေရင် မင်းတို့လည်း အကုန်သေမှာပဲ။ မင်းတို့သေရင်လည်း ငါပါသေရမှာ။ အဲ့ဒီတော့ မင်းတို့အသက်ရှင်ချင်ရင် နိုင်အောင်တိုက်ကြ။ မနိုင်ရင် ငါတို့အားလုံး သေကြမယ်။” ဆိုတဲ့ ဗျူဟာကိုပဲ ရွေးချယ်ထားကြတာပဲ။ “ငါတို့တောင် သေရမယ့်ဥစ္စာ။ မင်းတို့ကောင်တွေအသက်က ဘာသောက်ဖိုးတန်လို့ ဆက်ရှင်ချင်ရမှာလဲ။ မသေမချင်း ဆက်တိုက်၊ အသေခံတိုက်။” ဆိုတဲ့ အလုံးစုံပျက်သုဉ်းရေးလမ်းစဉ်ကို စွဲကိုင်ထားတာ။ “မင်းတို့က စစ်တပ်အုပ်ချုပ်တာ မခံချင်ဘူးပေါ့။ ဟုတ်လား။ အေး။ ငါတို့စစ်တပ်က မအုပ်ချုပ်ရရင် မင်းတို့တိုင်းပြည်ကြီးလည်း ပြာပုံပေါ်မှာ နေခဲ့ကြ။” ဆိုတာကတော့ တိုင်းပြည်နဲ့လူမျိုးအပေါ်မှာ စစ်တပ်ကထားရှိတဲ့ စေတနာအမှန်၊ သဘောထားအမှန်ပေါ့။ အရမ်းကို ပွင့်လင်းမြင်သာ ရှိနေပါပြီနော်။

စစ်တပ်ရဲ့သဘောထားမှန်ကို အာဏာမသိမ်းခင်ကတည်းက သိထားပြီးတဲ့ကိုယ်တို့ကတော့ အတင်းအဓမ္မအာဏာသိမ်းပြီး မတရားသဖြင့် အုပ်ချုပ်တဲ့ အစိုးရဝန်ထမ်းယန္တရားကြီးထဲမှာ ဘယ်နေရာကမှ မပါဝင်ချင်တဲ့အတွက် ပြတ်ပြတ်သားသား လမ်းခွဲရပ်တည်လာခဲ့တာ သုံးနှစ်သုံးမိုးတောင် ရှိပါပြီ။ ဒါပေမယ့်လည်း ငါတို့မှာ မိသားစုနဲ့၊ မိအိုဖအိုနဲ့၊ မှီခိုသူ ဆွေမျိုးသားချင်းတွေနဲ့၊ အစရှိသဖြင့် ငဲ့ကွက်ခြင်းများစွာနဲ့ လွတ်အောင်မရှောင်နိုင်သူများကို အခုအခါမှာ အတင်းအဓမ္မ စစ်သားစုဆောင်းဖို့ အိမ်တံခါးလာခေါက်နေပါပြီ။ ရန်ကုန်မှာလည်း ဆွဲတယ်။ မန္တလေးမှာလည်း ဆွဲတယ်။ ဘယ်နေရာမှာမဆို ဆွဲတယ်။ “ဥပဒေအရ မည်သို့ပင် ဆိုစေကာမူ…” ဆိုပြီး ရရင် ရသလိုဆွဲတယ်။ အစကတည်းက အခြေခံဥပဒေကိုဆန့်ကျင်ပြီး မုသားတစ်သိန်းနဲ့ အာဏာသိမ်းထားတဲ့သူတွေဆီက နောက်ထပ် မုသားတစ်ခွန်းနှစ်ခွန်း ထပ်လိမ်တော့ရော ဘာထူးသွားမှာမို့လို့လံ။ မလုပ်ရဲတာ ဘာမှမရှိဘူးဆိုတဲ့လူတစ်ယောက်ဆီက “ဒါလောက်တော့ မလုပ်လောက်ပါဘူး။” လို့ ယုံကြည်နေစရာ ဘာအကြောင်းရှိလံ။ အခုတောင်မှ ရပ်ကွက်ရုံး နာမည်စာရင်းပေါက်နေသူတွေကသာ ပူပူပင်ပင်ရှိတာ။ ကိုယ့်သားသမီး နိုင်ငံခြားပို့ထားပြီးသားလူတွေက “ငါတို့နဲ့ မဆိုင်တော့ဘူး။” ဆို ဒူးလေးကိုနှန့်လို့။ “မင်းတို့ကောင်တွေ ငါ့လောက်မှ မလည်ပဲကိုး။ အ တဲ့သူ ခံကြကွာ။” ဆို ဘုရားစာလေးတွေထိုင်ရှဲပြီး မျောက်ပွဲကြည့်သလို ကြည့်နေကြတာ အများကြီးပဲ။ တနိုင်ငံလုံး စစ်မီးလောင်နေလည်း ကိုယ်နဲ့မဆိုင်သလို နေစိမ့်တဲ့သူတွေ နည်းသလား များသလား သိချင်ရင် ကိုယ့်ရဲ့တစ်နေ့တာ ဆုံတွေ့ရသမျှလူတွေကို ရေတွက်ကြည့်ပြီး အဲ့ဒီအထဲမှာ နေနိုင်သူကြီး ဘယ်နှစ်ယောက်ပါသလဲ random sampling ယူကြည့်လိုက်။

ကိုယ်တို့ရွာကလူတစ်ယောက် ရန်ကုန်က ပြန်လာတဲ့အခါ ပြောပြတယ်။ “ဆရာတို့ ရန်ကုန်က အရမ်းဝင်ရခက်တာပဲ။” တဲ့။ ကားတန်းအရှည်ကြီး တန်းစီပြီးမှ တစ်စီးချင်းစီပဲ ဝင်လို့ရသတဲ့။ ကားတစ်စီးစာဝင်ပေါက်ကျဉ်းကျဉ်းလေး တစ်ဘက်တစ်ချက်မှာ အုတ်ရိုးနဲ့ ဘန်ကာအရှည်လိုက်ကြီးဆောက်ထားတာ ရွာဦးကနေ ရွာမြီးအထိလောက် (မီတာ ၅၀၀ ခန့်) ကို ရှည်ပါသတဲ့။ အဲ့ဒီမှာ ကားတန်းစီကတည်းက ကားဆရာတွေက ခရီးသည်အားလုံးကို လက်အုပ်ကလေးချီပြီး ဖုန်းတွေအားလုံးကို ပိတ်ထားပေးဖို့၊ ဘယ်ကိုမှ ဖုန်းမဆက်ဖို့၊ ဘယ်ကဖုန်းလာလာ မကိုင်ဖို့၊ အတန်တန် တောင်းပန်ကြပါသတဲ့။ ဖုန်းလာရင် သူတို့ဆီက စက်ထဲမှာပေါ်တာမို့ ချက်ချင်းပဲ ကားပေါ်ကို လက်နက်အပြည့်အစုံနဲ့ရောက်လာ၊ ကားတစ်စီးလုံးက လူတွေအကုန် အောက်ဆွဲချ။ မျက်ခွက်ကို သေနတ်ဒင်နဲ့ ဆောင့်ဆောင့်ပြီး ရိုက်ချတာ သွားတွေတောင် အခွေလိုက် ကျိုးကုန်ပါသတဲ့။ ဖုန်းထဲရှိသမျှ အကုန်ယူစစ်ပြီး ဘာမှမတွေ့လည်း ပြန်မလွှတ်ပေးပဲ ဖမ်းခေါ်ထားလိုက်ပါသတဲ့။ ဒရိုင်ဘာ နဲ့ စပါယ်ယာကိုလည်း “မင်းတို့က ဘာမှ ပြောမထားဘူးလား။” ဆိုပြီး တဗြောင်းဗြောင်းမြည်အောင် ပါးရိုက်ပါသတဲ့။ ကားပြန်ထွက်လာတော့မှ ပါးကြီးတွေယောင်ကိုင်းနေတဲ့ ကားဆရာက “ကျနော် အတန်တန် ပြောတယ်လေ။ နားမထောင်တော့ ကျနော်တို့လည်း အချောင် ပါးရိုက်ခံရတာပေါ့။” လို့ ပြောသတဲ့။ ကားပေါ်ကလူတွေလည်း ရင်တထိတ်ထိတ်နဲ့ အစစ်အဆေးခံရတာပါပဲ။ ရန်ကုန်ဆိုတာ အဲ့လိုကြီး လာရတာလား ပေါ့နော်။ ဒါပေမယ့် ဂိတ်ကိုဖြတ်ပြီး ရန်ကုန်ထဲရောက်လာတော့ ဘာမှမဆိုင်တော့ပါဘူး။ သာသာယာယာ အေးအေးချမ်းချမ်းပဲ။ ဘားတွေမှာလည်း လူအပြည့်။ ဘီယာဆိုင်တွေမှာလည်း လူအပြည့်။ ရှော့ပင်းမောတွေမှာလည်း ပွဲတွေလုပ်လို့။ ဘယ်တုန်းကမှ ဘာမှမဖြစ်သလို နေနေကြတာတဲ့။ အလိုလေးကွယ်။ ဗမာစကား မရေလည်တဲ့ ငတို့ရွာကလူတောင် အဲ့သလောက် ခရေစေ့တွင်းကျပြောတတ်ရင် လှတောသားတစ်ယောက်လောက်များ ရန်ကုန်လွှတ်ပြီး စနည်းနာခိုင်းလိုက်ချင်ပါဘိ။

ငါတို့တွေက parallel universe မှာ နေနေကြတဲ့သူတွေလား ဟင်။ ငရဲပြည်ကလည်း ဒီမှာပဲ။ နတ်ပြည်ကလည်း ဒီမှာပဲ။ အဲ့လိုလား။ ရှိပါစေလေ။ နတ်သားနတ်သမီးတွေလည်း ဘဝမကူးပဲ အချိန်မရွေး ငရဲပြည်ရောက်လာနိုင်တယ် ဆိုတာတော့ လက်ခံထားကြပေါ့နော့။ သူများသားသမီးတွေ ခေါင်းအပစ်ခံရ၊ ထောင်ချခံရ၊ တောထဲရောက်ကျတုန်းက “ဒီကောင်တွေ အ လို့ ခံရတာ” လို့ ဖြေသိမ့်နိုင်ရင် ကိုယ့်သားသမီးတွေ စစ်တပ်ကလာခေါ်တော့လည်း “ငါ့မလည်း လည်တော့လည်တယ် ဒါပေမယ့် တစ်ပါတ်မပြည့်ပဲကိုး။” လို့ မှတ်လိုက်ပါ။ ရန်ကုန်မှာမို့ စစ်သားစုဆောင်းနေတာ မဟုတ်ဘူး။ မိုးညှင်းမှာလည်း စုဆောင်းတာပဲ။ ဟိုပင်မှာလည်း စုဆောင်းတာပဲ။ နန့်မွန်းမှာလည်း စုဆောင်းတာပဲ။ ဘယ်မှာမဆို စုဆောင်းတယ်။ စကစ မှ စုဆောင်းတာ မမှတ်နဲ့။ SNA လည်း စုဆောင်းတယ်။ KIA လည်း စုဆောင်းတယ်။ မလွတ်မြောက်တဲ့နယ်မြေမှာ မို့လို လွတ်မြောက်နယ်မြေကို ခိုလှုံမယ် မကြံနဲ့။ ဒီဘက်ရောက်ရင်လည်း ဒီဘက်က စုဆောင်းနေတာ။ နင်တို့က အခုမှ နံမည်စာရင်းပါရုံရှိသေး။ ဒီမှာ ပဝေသဏီကတည်းက အဲ့လိုပဲ လာခေါ်နေကျ။ လူမလိုက်နိုင်ရင် ပိုက်ဆံပေးပြီး လူငှါးထည့်။ ငှါးတဲ့သူ ထွက်ပြေးရင် နောက်တစ်ယောက်ပြန်ရှာပေး။ ဘဝက မအေးအေးဝင်း စီစဉ်ထားတာ မဟုတ်ဘူး။ အဖြစ်မှန်တွေက ဇာတ်လမ်းတွဲထဲမှာထက် ပိုရင်နာစရာကောင်းတယ်။ လက်မခံနိုင်ပေမယ့် အဲ့ဒါ အမှန်တရားပဲ။ ကိုယ်လုပ်ထားတဲ့ကိစ္စ မဟုတ်သလို ကိုယ်က စုဆောင်းခိုင်းထားတဲ့ကိစ္စလည်း မဟုတ်ဘူး။ ဒါမျိုးတွေ အဖြစ်မခံနိုင်ရင် အစကတည်းက မတရားသဖြင့် အာဏာသိမ်းတာကို ငြင်းဆန်ရမှာ မဟုတ်ဘူးလား။

အရမ်းကြီးတော့ စိတ်ဆင်းရဲမနေကြပါနဲ့။ အခုခေါ်သွားရင် အနည်းဆုံး ၃ လ တော့ သင်တန်းပေးကြရမှာပဲ။ ကြင်စိုးက နောက် ၃ လ အထိ အသက်ဆက်ရှင်ဦးမှာ သေချာလို့လား။ ဘယ်ဗေဒင်ဆရာက အာမခံနိုင်သလဲ။ ခုအတိုင်းသွားရင် သင်္ကြန်တောင် ကျော်စရာအကြောင်းမရှိဘူး။ သေချာချင်ရင်၊ မြန်ချင်ရင် ကိုယ်တိုင်ဝင်တွန်းလှည့်လေ။ ဒီတစ်နည်းပဲ ရှိတော့တဲ့ဥစ္စာ။ တိုင်းပြည်ကြီးကို မကယ်တင်ချင်တောင် ကိုယ့်အိမ်က ကိုယ့်သားသမီး ကိုယ်တိုင်လွတ်အောင်ကယ်ကြရမယ် မဟုတ်လား။ ဘယ်ဘက်ကဝင်ကူပေးရမယ်လို့ မဆိုလိုပါဘူး။ ဘယ်ဘက်ကို အားကိုးရင် အသက်ရှင်ကျန်ရစ်မလဲ။ အဲ့ဒါလေးပဲ မှန်မှန်ကန်ကန် ရွေးချယ်ပါ။ ဆြာစိုးလည်း ရှေ့တန်းမှာ သာသာယာယာနဲ့ သီချင်းတွေတောင် ဆိုလို့ မြင်တယ်မှလား။ ကလေးတွေလည်း စစ်တိုက်နေတာဆိုပေမယ့် ဟိုဘက်ကအကိုရီးတွေကို ကြက်သားဟင်းနဲ့ အရက်တိုက်ရအောင် ခေါ်လို့။ တအားကြီးတော့ မဆိုးပါဘူး လို့ ထင်ရတယ်နော်။ သူ့ခေတ် သူ့အခါနဲ့ ကြုံလာသမျှ ပြဿနာတွေကို ကိုယ့်စိတ်ကူး ဆုံးဖြတ်ချက်နဲ့အညီ ရဲရဲရင်ဆိုင်သွားကြတာပဲ ကောင်းပါတယ်။

အပြင်ခဏ သွားတယ်။ ပြန်လာရင် လွှတ်လိုက်မယ်လေ။ သဘောပဲ။ ထိုင်စောင့်ချင်လည်း စောင့်ပေါ့။ မနက်ဖြန် တခေါက်လာရှာလည်း ရပါတယ်။ ပြန်လာမှာပါ။ စောနလေးကမှ ထွက်သွားတာ။ အဝင်အထွက်ကလေးပဲ လွဲသွားတယ်။ မသွားဘူး။ ဘယ်မှ မသွားပါဘူး။ ဒီနားလေးမှာပဲ ရှိမှာ။ အမလေး ဘယ်ကိုမှ ထွက်မပြေးပါဘူး။ ပြေးစရာလား။ အဟင်းဟင်း လမ်းထိပ်က လက်ဘက်ရည်ဆိုင်မှာဖြစ်ဖြစ် သွားရှာကြည့်ပါလား။ စိတ်ချ စိတ်ချ။ ပြောပြထားလိုက်မယ်နော်။ ဟုတ်ကဲ့ပါ။ ဪ ကဲ။ ဘာလိုလိုနဲ့ သင်္ကြန်တောင် ရောက်တော့မယ်ကွယ်။

“ရှာပုံတော်မင်းသားကြီး ရပ်ကွက်တကာရောက်ခဲ့ပြီ။ ဘယ်ရပ်သူဇာတိမှန်းလဲ မသိတော့ခက်လှသည်။ အုပ်ကြီးကပေးတဲ့ သူ့လိပ်စာ အိမ်ဝင်ရှာလည်းမတွေ့နိုင်ပြီ။ မမှတ်မိတော့ ခက်သားလား ဘေဘီ။”

“နှစ်သစ်ကူးမို့ စစ်သားသစ်တွေ ရှာဖွေ။ ဘယ်ရပ်ဌာနေ ဘယ်ဆီများသွားပါလိမ့်။ နေစိမ့်တဲ့သူရေ။ ပန်းပိတောက်ဝါတွေ ပန်းပိတောက်ဝါတွေ ရွှေရည်လူး ဖူးပွင့်ခဲ့ပြီလေ။”

“ပျော်ပါစေမယ် လာကွယ်နှမရယ်။ စစ်ထဲဝင်မယ်။ ငို့အဘ ငို့အဘ။ တူနွှဲပျော်မယ်။

သင်္ကြန်ရေဆိုတာ အန္တရာယ်ကင်းသတဲ့။ နှစ်ဆန်းခါဝယ်။ ငို့အဘ ငို့အဘ။ သေပွဲဝင်မယ်။ “