ချန်ဂင်တို့စခန်း (၂၄၅)

တိုက်ပွဲတွေစပြီး ၁၂ ရက်အကြာမှာ တာမခံစခန်းကို လက်ရသိမ်းနိုင်ခဲ့ပါတယ်။ ကုန်းမြင့်ပေါ်မှာ ဘန်ကာထဲဝပ်ပြီး တက်လာသမျှ စိမ်ပြေနပြေ ထိုင်ပစ်နေတဲ့ကောင်တွေက သူတို့အတွက် ဆုတ်လမ်းဖွင့်ပေးရင် စခန်းကို စွန့်ခွါမယ် လို့ ညှိလာတယ်ဆိုတော့ အလံဖြူထောင်တဲ့သဘောတော့ မဟုတ်ပါဘူး။ “ယောက်ဖရေ ငါတို့ ပြေးမယ်နော်။ နောက်ကလိုက်မပစ်ကြေး။ ပစ်တဲ့ကောင် တေတေး။” ဆိုတဲ့ သဘောမျိုးတော့ သက်ရောက်ပါတယ်။ မပြေးလည်း စစ်ကူမလာ၊ ရိက္ခာမထောက်နဲ့ သင်းသတ်ထားတဲ့အပင်ကြီးလို ဖြစ်နေမှဟာ။ မနိုင်လို့ပြေးတာပါ။ နိုင်မှဖြင့် မအေရောနှမရော ချန်တဲ့ကောင်တွေ မဟုတ်ဘူး။ ကိုယ်တွေကလည်း စိတ်ရင်းအတိုင်းဆိုရင်ဖြင့် ဒင်းတို့ကို တစ်ကောင်မှ ချန်မထားချင်ပါဘူး။ သို့သော်လည်း စစ်တိုက်တယ်ဆိုတာ စိတ်ခံစားချက်အတိုင်း လိုက်တိုက်ရတာမျိုး မဟုတ်ဘူး။ ကလဲ့စားချေဖို့၊ လက်တုန့်ပြန်ဖို့ချည့်ပဲလည်း မဟုတ်ဘူး။ နိုင်ဖို့အတွက်ဆိုရင် အသက်ကိုတောင် ရင်းထားမှဟာ ခံစားချက်တွေကိုလည်း မြိုသိပ်ရတာပေါ့။ ဒီကထွက်သွားတဲ့ကောင်တွေက အိမ်ပြန်ရောက်သွားတာမှ မဟုတ်တာ။ နောက်ပွဲကျ ပြန်တွေ့ရဦးမှာပဲ။ အခု သူတို့ ကသိုဏ်းတောင်ဘက်မှာ စစ်ကူလာတဲ့အဖွဲ့နဲ့ သွားပေါင်းတယ်။ အပစ်အခတ်ရပ်မထားဘူး။ နေရာရွှေ့လိုက်တာ။

ဘယ်လိုပဲဖြစ်ဖြစ် တာမခံစခန်းကုန်းကိုတော့ ဒီဘက်ကသိမ်းထားလိုက်နိုင်ပြီ။ မြေပုံပေါ်မှာ ကြည့်ရင် စစ်တုရင်ခုံပေါ်က အရုပ်ရွှေ့လိုက်သလို ဘာကို ဘယ်လို ထိမ်းချုပ်ချင်သလဲဆိုတာ ရှင်းရှင်းလင်းလင်း မြင်သာတယ်။ ၀၃၀၇ မှာ စခန်း ၂၀ သိမ်းလိုက်နိုင်တယ်။ အလံလေးတွေ စိုက်ကြည့်လိုက်။ “မင်းက ဘာဖြစ်ချင်နေတာလဲ။” လို့ မေးစရာမလိုဘူး။ သဘောပေါက်သွားမှာ။ နှစ်ပေါင်း ၆၀ ကျော်ကြာအောင် KIA ကို ကန့်သတ်ထိန်းချုပ်ဖို့ အထိုင်ချထားတဲ့ ခြေမန်းကွင်းတွေ တစ်ခုပြီးတစ်ခု ပြုတ်ထွက်ကုန်တာ မြင်ရပါလိမ့်မယ်။ အခုဆိုရင် ဝှေခါ၊ ကာမိုင်း၊ ဆယ်ဇင်း။ ဖားကန့်အဝင်အထွက် လမ်းကြော ၃ ကြောစလုံးကို KIA က အုပ်စီးမိသွားပြီ။ လိုင်ဆာက အတက်အဆင်းလုပ်စရာ မြစ်ကြီးနား – ဗန်းမော်လမ်းတလျှောက်လည်း သိမ်းပြီးပြီပေါ့။ ကဲ ပွဲကတော့ ပိုကောင်းလာတော့မှာ။ လေတပ်ကကောင်တွေ ပျံသန်းချိန် စံချိန်ကျိုးရချည်သေးရဲ့။ ဘုရားစာမရွတ်နဲ့။ သီချင်းလေးဆိုဆင်း။ “လေယာဉ်ပျံပေါ်ဝယ် တွေ့ဆုံတယ်။ အတူတူ ပျက်ကျတဲ့သူကို သတိရတယ်။” “အင်္ဂလိပ်လို ပြောသေးတယ်။ ဖားခရုပါ မိအောင်လှိုင်တဲ့ကွယ်။” (ငါ … တယ်… TikTok ရိုက်ပြီး တင်ပေးလိုက်ရ)

တိုက်ပွဲမစခင် တစ်ရက်အလိုမှာ ကိုယ်ကိုယ်တိုင် ရှေ့တန်းလိုက်သွားပြီး ဆေးအဖွဲ့အတွက် လိုအပ်မယ့် ပစ္စည်း ပစ္စယတွေသယ်၊ နေရာထိုင်ခင်း၊ စားရေးသောက်ရေး၊ လုံခြုံရေးတွေ မလစ်ဟင်းအောင် စီမံခဲ့သလိုပါပဲ။ စခန်းသိမ်းပြီး နောက်တစ်နေ့ တစ်ခေါက်ပြန်သွားပြီး လက်ကျန်လူနာတွေကို လက်စသတ်ဖို့နဲ့ ရှေ့ဆက်ရမယ့် retreating plan ကို ပြင်ဆင်ရပါတယ်။ သူတို့ဘက်က စခန်းကျသွားတိုင်း လေယာဉ်နဲ့ မြေလှန်ဖျက်စီးနေကျမို့ အရပ်သားလူနာ အထိအခိုက် ပိုများလာဖို့ရှိတာ သတိထားနေရသေးတယ်။ အခုတောင်ပဲ တာမခံမြို့ထဲမှာ အိမ်ခြေ ၄၀၀ လောက် မီးလောင်ပျက်စီးသွားပြီး မိသားစုပေါင်း ၅၀၀ ကျော်လောက် အိုးမဲ့အိမ်မဲ့ ဖြစ်သွားပြီးပြီ မဟုတ်လား။ လူသူမနေတဲ့မြို့ပျက်ကြီးမှာ အိမ်ဖောက်သယ်မယ့် တောကြောင်သူခိုးရန်ကိုလည်း စောင့်ရှောက်နေကြရတယ်။ နိုင်တဲ့သူက လိုချင်သမျှ ဝအောင်ယူငင်ပြီး ကြွင်းကျန်ရာကို သူခိုးကြမ်းပိုးလက် ထိုးထည့်ခဲ့တဲ့ သူတို့သောက်ကျင့်ကြီးအတိုင်း ကိုယ်တွေက လိုက်လုပ်လို့ ဘယ်ဖြစ်မလဲ။ သေပြီးကျန်ခဲ့တဲ့သူတွေ ကောက်ပြီး သင်္ဂြိုလ်စရာ ရှိသလို မသေမရှင်လူနာတွေလည်း လိုက်ရှာကောက်ပြီး ဆေးရုံပို့ရမှာ ကျန်သေးတယ်။ ရွှေပွဲလာပိတ်သတ်ကြီးက ဖုတ်ဖက်ခါ ပြန်သွားကြပေမယ့် နောက်တစ်ပွဲကမယ့် ဇာတ်တော်သားများကတော့ ရှင်းလင်းသိမ်းဆည်းစရာတွေ အများကြီး။ ပြည်တော်ဝင်က စင်ပေါ်မှာပဲ ဆိုလို့ကောင်းတာလေ။ စင်အောက်မှာ တံမျက်လှည်းရ အမှိုက်ကောက်ရတာတွေ ဘယ်သူလုပ်မတုန်း။

နောက်တစ်ခုကတော့ အရင်ကတည်းက စိတ်ကူးထားတဲ့အတိုင်း စစ်ရှောင်စခန်းတွေဆီ အခြေအနေသွားကြည့်ပြီး တတ်နိုင်သမျှ ကူညီပံ့ပိုးပေးဖို့ပါ။ ဆယ်ဇင်းရွာပျက်တုန်းကတောင် တော်တော်ကလေး ကူခဲ့လှူခဲ့သေးတာ။ အခု တာမခံက မြို့လေ။ အပျက်အစီး အဆုံးအရှုံး ပိုများတာပေါ့။ စကစ ဂိတ်တွေမှာ ကယ်ဆယ်ရေးအဖွဲ့တွေ အထဲမဝင်နိုင်အောင် ပိတ်ဆို့စစ်ဆေးနေတာလည်း အတော်ကို ဆိုးဆိုးရွားရွားပါပဲ။ ကိုယ်တိုင်တောင် မအားတဲ့ကြားက ဆေးဖာတွေ ထွက်ထွက်သယ်ခဲ့ရတာ မသိပဲနေမလား။ ကျောက်စိမ်းကယ်ရီ၊ ဘိန်းကယ်ရီ၊ ဆီကယ်ရီသမားများ လက်ဖျားငွေသီးတဲ့ကာလမှာ ဆေးတစ်ဖာနဲ့ အဖမ်းအဆီး အစစ်အဆေး ဘယ်သူမှ မခံချင်ကြဘူး။ “ဒါ အကြမ်းဖက် အဖွဲ့အစည်းတွေကို ထောက်ပံ့ကူညီဖို့ မဟုတ်လား။” ဆို ဆဲဆိုကြိမ်းမောင်းသေးတာ။ အဲ့ဒီ စုပေါင်းဂိတ်က စစ်သား၊ ရဲသား၊ လဝက၊ ထွေ/အုပ်ကြီးတွေ Facebook များ သုံးတယ်ဆိုရင် ချန်ဂင်တို့ဆေးရုံက အကြမ်းဖက် အဖွဲ့အစည်းလား၊ လူသားချင်းစာနာတဲ့ ကူညီကယ်ဆယ်ရေး လုပ်နေတာလား ဆိုတာ လက်ဆုပ်လက်ကိုင် သက်သေပြချင်တဲ့အတွက်လည်း ကိုယ်တိုင်သွားပြီး ဓါတ်ပုံရိုက်တင်တာပါ။ ဝေဠုကျော်၊ ခိုင်နှင်းဝေ လုပ်ချင်လို့ ဟန်ရေးပြတာ မဟုတ်ပါဘူး။

“အောင်မယ်။ သူတို့တောင် သူများအလှူငွေနဲ့ ဆေးကုနေတဲ့ ကိစ္စ။ ပြန်တောင်လှူနိုင်သေးတယ်ဆို တော်တော် ပေါများနေလို့ပဲ။” လို့ မျက်စောင်းထိုးမယ့်သူတွေကလည်း သပ်သပ်ကို ရှိတာဗျ။ “ထရန်စလန်စီ ရှိရတယ်လေ။ ပွင့်လင်းမြင်သာမှုရှိရတယ်လေ။ ပြ။ ပြ။ နင် ဘာတွေရပြီး ဘာတွေသုံးထားသလဲ ပြ။” ဆို ဗော်လံတီယာ စာရင်းစစ်လုပ်ချင်တဲ့သူတွေကလည်း တပုံကြီးရယ်။ အစလေးများ ထွက်သွားရင် “မပြောချင်လို့ ကြည့်နေတာ ကြာပြီ သိလား။” ဆို ပွဲဖြစ်အောင်တည်ပေးမယ့် ပွဲမင်း ပွဲကတော်ကြီးများက အရံသင့်။ တကယ်လည်း ကိုယ်တို့မှာ အများကြီး ဘယ််ရှိမှာလဲ။ ဆေးဘောက်ချာတစ်စောင်ရှင်းရင် ဆယ်သိန်းအောက် မလျော့တဲ့ ခေတ်ကာလကြီးမှာ။ သို့ပေမယ့် ဒီအချိန်အခါမှာ ပိုက်ဆံလှမ်းလှူဖို့ထက် အရောက်ပို့ဖို့ ပိုခက်တယ် ဆိုတာ သိလို့ ဆာဗေးဆင်းတဲ့သဘောနဲ့ လူကိုယ်တိုင် အရောက်သွားခဲ့ပါတယ်။ Logistics လုပ်ချင်ရင် survey ဆင်းတဲ့ဆီက အရင်စရတယ် ဆိုတာ ဘယ်နှစ်ခါ ပြောရမလဲ။

အဲ့ဒါကြောင့် အပင်ပန်းခံပြီး မြေပြင်ကို ကိုယ်တိုင်ဆင်းခဲ့တာပါ။ တကယ်ဆို ဖုန်းလေးဆက်ပြီး စာရင်းလေးပေးပါဦး ဆို ဒေတာကောက်ပြီး ဘတ်ဂျက်တင်လိုက် ရတဲ့ဟာကို။ မေးပြီးသားပါ။ ဘယ်ရွာတွေမှာ စခန်း ဘယ်နှစ်ခု ရှိတယ်။ လူဦးရေ ဘယ်နှစ်ယောက် ရှိတယ်။ ကိုယ့်ဆီမှာ စာရင်းအကုန်ရှိပါတယ်။ ဇွန်းမီတင်မှာ အပြောအပြကောင်းရုံတော့ဖြင့် telemanagement နဲ့တင် ပွဲသိမ်းတယ်။ ကိုယ်တိုင်သွားမှ မဟုတ်ဘူး။ သို့သော်လည်း လူတဘက်သားကို စိတ်မချတတ်လို့ ကိုယ်တိုင် ဝင်ဝင်ကြည့်ကြပ်တာ အသက်ကြီးတဲ့သူတွေရဲ့ စရိုက်လက္ခဏာလား မသိပါဘူး။ နေကိုမနေတတ်တော့တာ။ မရဘူး။ သွားမှာပဲ။ တစ်နေ့ ဆန် ၇ အိပ် ချက်ရတယ် ဆိုလို့ ဆန်တွေဝယ်သွားမလို့ဟာ ဆန်က အလုံအလောက် ရှိတယ်ဆိုလို့ ဆီ ဆယ်ပိဿာ ၂ ပုံး ဝယ်သွားတယ်။ ကြက်သွန်တစ်အိပ်ဝယ်တယ်။ ကိုယ့်ဆီဟင်းခပ်မှုန့်လုပ်ဖို့ ပို့ထားတဲ့ ဂွေးမျှင်ခြောက်တွေ သယ်သွားတယ်။ ဟင်းသီးဟင်းရွက် ဆာလာအိပ်တစ်အိပ် မှာလိုက်တယ်။ အသားက ဟိုမှာ အကောင်လိုက်ပေါ်မှ လောက်တယ် ဆိုလို့။ ဘယ်မှာနေရာချထားသလဲ။ ရေရှိလား။ အိမ်သာရှိသလား လိုက်ကြည့်တာ။ အပြည့်အစုံပဲ။ ဆေးခန်းကလေးတစ်ခန်းတောင် တွဲထားသေးတယ်။

အလှူငွေကတော့ နည်းတယ်များတယ် မအောင့်မေ့ပါနဲ့။ ကိုယ်တတ်နိုင်တဲ့အင်အား ဆယ်သိန်းလောက်ပဲ လှူခဲ့ပါတယ်။ အဲ့ဒါ ချူဆီလို့ သဘောထားနော်။ အလှူငွေပေးတဲ့ပုံလေး လိုင်းပေါ်တင် လိုက်ရင်တော့ နောက်က အလှူရှင်တွေ လိုက်လာမှာ ကိုယ်သိပြီးသားပါ။ တကယ်လည်း လာကြပါတယ်။ တစ်ညလုံး မက်ဆေ့တွေ တတိန်တိန်တက်နေတာ။ ဆယ်ဇင်းမှာကတည်းက အလှူငွေ သိန်း ၁၅၀-၂၀၀ လောက် ရှာပေးနိုင်ခဲ့ပါတယ်။ ခုတစ်ခါလည်း လာမှာပါ။ မပူပါနဲ့။ တားဂက်မပြည့်ရင် ဖြူဖြူထွေးလို ကျွမ်းထိုးပြလိုက်မယ်။ ဆြာစိုးနဲ့ အလှူရေစက်ဆုံချင်တဲ့ see first တွေ၊ top fan တွေ နည်းနည်းနောနော မှတ်လို့လား။ ရုပ်ချောခြင်းဖြင့်လည်း တော်လှန်ရေးမှာ အင်တိုက်အားတိုက် ပါဝင်လို့ရတယ်ဆိုတာ ဆရာကြီးတွေပဲ သိကြတာ။ တစ်ကွက်ပြလိုက်ပြီ။ သေချာကြည့်ထားကြ။

တကယ်တော့ ကိုယ်ထားတဲ့ စေတနာ၊ ကိုယ်ပြုတဲ့ ကံတွေ အလဟဿ အဟောသိကံ ဖြစ်သွားမှာစိုးတဲ့အတွက် အလစ်အဟင်း အပျောက်အရှ မရှိရလေအောင် အရာရာကို မျက်စိဒေါက်ထောက် စောင့်ကြည့်စစ်ဆေးတတ်တဲ့ အကျင့် လုပ်ထားတာပါ။ အငယ်တွေ စိတ်မချရတာ၊ မျက်နှာမလွှဲရတာ မဟုတ်ဘူး။ ဒါပေမယ့် မတော်လို့ အမှားအယွင်း ရှိခဲ့ရင် အဆုံးအရှုံးမခံနိုင်လို့ လူကြီးက double check လုပ်ပေးတဲ့ သဘောပဲ။ ပေါ့ပေါ့ပါးပါး နေထိုင်တာနဲ့ ပေါ့ပေါ့ဆဆ အလုပ်လုပ်တာ သဘောတရားချင်း ဘာမှမဆိုင်ဘူး။ ကိုယ်ကိုယ်တိုင် မသွားဖူးပဲ ကလေးတွေကို ရှေ့တန်းလွှတ် အလုပ်လုပ်ခိုင်းမယ့်သူ မဟုတ်သလို၊ သူများဆီက ဒေတာတွေတောင်းပြီး proposal ရေးတင် budget, funding တောင်းစားမယ့် ဖန်ရည်ကြိုဆရာဝန်လည်း မဟုတ်ဘူး။ မြေပြင်မှာ လက်တွေ့အလုပ်လုပ်နေတာမို့ ပကတိ အရှိတရားကို ရှင်းရှင်းလင်းလင်း သဘောပေါက်အောင် ကြိုးစားရတာ။ သောက်သုံးမကျရင် စာရွက်ပေါ်မှာ သေရမယ့်ဘဝ မဟုတ်ဘူး။ မြေကြီးအောက် ၆ ပေလောက် မြုတ်သွားမှာ။ ကိုယ့်အသက်ရော ကိုယ့်လူတွေအသက်ရော ပါတယ်။ ဒါကြောင့်မို့ အမှားမခံနိုင်ဘူး။

စစ်ပွဲရဲ့အခြေအနေ ရလပ်ကိုတော့ အကုန်လုံးသိပြီးသား ကိစ္စတွေမို့ သတင်းဦး သတင်းထူးတို့၊ breaking news တို့ လုပ်ပြီး “ငါအရင်ဆုံး သိတာကွ။” မလုပ်ချင်ပါဘူး။ ကိုယ်လည်း သတင်းသမားမှ မဟုတ်တာ။ သို့သော်လည်း အမြင်မတော်လို့ ကလော်တုပ်ချင်တာ တစ်ခုတော့ ရှိပါတယ်။ “နင်တို့တွေက sold out! sold out! နဲ့ ထထအော်နေလို့ ဟိုကောင်တွေက ဗုံးလာကျဲပြီး ငါတို့မြို့ကြီး ပြာပုံဖြစ်ရတယ်။” လို့ ထိုင်အော်နေတဲ့ သောက်ပြစ်တင်ဆရာဆရာမကြီး အပေါင်းတို့ကိုပါ။ မီးက ဘယ်သူ ရှို့တာလဲ။ ဗုံးက ဘယ်သူ ကျဲတာလဲ။ အဲ့ဒီကောင်တွေကိုကျ ဘာတစ်ခွန်းမှ မပြောရဲပဲ “နင်တို့အော်လို့ သူတို့လာလုပ်ရတာလေ။” လို့ ဆူရအောင် သူတို့ ခေါင်းထဲမှာ ဘာတွေရှိနေပါလိမ့်။ အဲ့ဒါ Gen Lee thoughts လို့ ခေါ်တယ်လေ။ “မင်းတို့တွေ တော်လှန်နေလို့ စစ်အစိုးရက အင်အားသုံးပြီး ထိန်းသိမ်းနေရတာ။ မင်းတို့မငြိမ်မသက်ဖြစ်နေလို့ လူတွေသေရ၊ မြို့တွေရွာတွေပျက်ရတာ။” လို့ victim blaming လုပ်နေတဲ့ ရွှေဉာဏ်ရှင် နိုင်ငံရေးခွက်ပျောက် သူတောင်းစားကြီးတွေနဲ့ အတူတူပဲ။ “သူမပါချင်ဘူး။ ဒါပေမယ့် သားဆိုးများကြောင့်။” ဆို ချစ်ကောင်းက ဆို၊ ညွန့်ဝင်းက မြင်းစီးထွက်လာတဲ့ဇာတ်လမ်းကို ခုချိန်ထိ ဂျင်းထည့်လို့ မဝသေးဘူး။ နင်တို့ချည့်ပဲ သောက်ပိန်းနိုင်ငံ ထူထောင်ပြီး သပ်သပ် သွားနေချေကြ။ သွား သွား။

အခုတစ်ခေါက်မှာ ကိုယ်တို့နိုင်ပါတယ်။ လွယ်လွယ်ကူကူ မဟုတ်ပါဘူး။ အချိုအချောင် မဟုတ်ပါဘူး။ ကိုယ်တို့ဘက်က ပေးဆပ်လိုက်ရတဲ့ အသက်တွေလည်း နည်းမှမနည်းတာ။ ကြိုတင်ပြင်ဆင်ထားခဲ့ရတာလည်း ဟိုးအစောကြီးကတည်းက။ ဒီနေရာမှာ ဆေးရုံလာဆောက်တာကိုက ဒီလိုအခြေအနေမှာ အခုလိုမျိုး ဆေးကုနိုင်ဖို့ ရည်ရွယ်ထားတာပါ။ အများကြီး တည်ဆောက်ခဲ့တယ်။ လေ့ကျင့်ခဲ့တယ်။ ပြင်ဆင်ခဲ့တယ်။ အခုမှ နဖူးတွေ့ဒူးတွေ့ ပွဲဝင်ကြတာ။ စစ်ပွဲကပြန်လာတဲ့ နာဂ PDF ကလေးက “ဒီကောင် ကျွန်တော့ရှေ့မှာတင် လက်နက်ကြီးထိပြီး ကျသွားတာ။ thorax ကို ထိပြီး အထဲက liver tissue တွေ အပြင်ထွက်လာတယ်။” လို့ ပြောပြတော့ အလွမ်းအတွက် စိတ်မကောင်းပေမယ့် “ငါ သင်ထားတဲ့ anatomy တွေတော့ နေရာလွဲကုန်ပါပြီ။” လို့ တွေးမိသေးတယ်။ စစ်ရေးအခြေအနေနဲ့ ကြုံတွေ့ရတဲ့အခါ ဆေးအဖွဲ့တွေ ဘယ်လိုဖွဲ့စည်းလှုပ်ရှားပြီး အလုပ်လုပ်ကြတယ် ဆိုတာ ကိုယ်တိုင်ကိုယ်ကျ လေ့ကျင့်ပြင်ဆင်ပြီး အတူတိုက်ပွဲဝင်ကြတာ။

ဒီနေ့ စစ်ရှောင်စခန်းကို ကိုယ်တိုင်သွားခဲ့ရတဲ့ နောက်ရည်ရွယ်ချက်တစ်ခုလည်း ရှိသေးတယ်။ စစ်ပွဲအတွင်းမှာ အရပ်သားလူနာ အထိအခိုက်များသလား သိချင်တယ်။ ကိုယ့်ဆီ မလာနိုင်ရင် ကိုယ်တိုင် ခေါ်ခဲ့မလို့။ ကော်မတီလူကြီးတွေနဲ့ ရပ်မိရပ်ဖတွေကိုလည်း ရွာသားတွေ ထိခိုက်ဒဏ်ရာရရင် ဆေးရုံကို အချိန်မီပို့ပေးဖို့ အကူအညီသွားတောင်းတာ။ တိုက်ပွဲစတာနဲ့ chronic case တွေ အိမ်ပြန်လွှတ်ထားတော့ “ဆေးရုံပိတ်ပြီ။ ဆရာဝန်တွေ ပြေးကုန်ပြီ။” ထင်ပြီး လူနာမပို့ပဲနေမှာစိုးလို့ လူကိုယ်တိုင် အကောင်လိုက်ပြပြီး ထွက်ပြေးမယ့်ဆရာဝန် မဟုတ်ကြောင်း သက်သေထူရတာ။ စစ်မှာတမူ နှမလေးမယ့်ထက်ဖြူကို ရရင်ယူမှာပေါ့ သူကြီးရာ။ ဖန်တီးပေးစမ်းပါဦး။

တကယ်လည်း အပြန်မှာ လူနာအပါခေါ်ခဲ့ရတာပဲ။ ကိုယ့်တပည့် ဆေးတပ်သားလေး ခြေထောက်ထဲဝင်နေတဲ့ အစကလေးထုတ်ဖို့ ကားပေါ်တင်လာခဲ့တယ်။ အလုပ်တွေများ တစ်ချက်ကလေးခုတ်ရင် သုံးလေးချက်လောက် ပြတ်ချင်တော့တာ။ ကိုယ်ဟာ အရင်တုန်းက အသုံးမကျတဲ့ဆရာဝန် ဖြစ်ချင်လည်းဖြစ်နေပါလိမ့်မယ်။ ဒါပေမယ့် တော်လှန်ရေးကာလမှာတော့ အဖက်ဖက်က အသုံးကျ အသုံးဝင်၊ အားကိုးအားထား၊ အထောက်အကူဖြစ်ရတဲ့ ဆရာဝန်တစ်ယောက်ဖြစ်ရဖို့တော့ အစွမ်းကုန် ကြိုးစားနေတယ်။ ဘယ်သူ့အတွက်မှ မဟုတ်ဘူး။ ဘာ့အတွက်ကြောင့်မှလည်း မဟုတ်ဘူး။ ကိုယ်မြင်ချင်တဲ့ မျက်နှာလေးတွေ ပြန်မြင်နိုင်မယ့်နေ့တစ်နေ့ အမြန်ဆုံးရောက်လာနိုင်ဖို့အတွက်ပါပဲ။

“ပျိုလေး ကြိုလှည့်ပါ့။

မှာခဲ့မယ်လေး။

ကြိုလှည့်ပါ့ သျှောင်ကြီးဗွေ

ဆီးကြိုလှည့်လေး။

ရွှေနံသာခေါက်ကိုလ

ပြစ်လောက်အောင်သွေး။

လိမ်းမယ်လို့ကြံ

မှန်ယူခဲ့ ညိုညိုထွေးရယ်

ခေါင်းဖြီးခဲ့လေး။”