လူနာပြန်နည်းသွားတာ ၂ ရက်လောက် ရှိပြီမို့ နားနားနေနေလေး အလုပ်လက်ကျန်တွေဖြတ်ရင်း ကုန်သွားတဲ့ ဆေးဝါးရိက္ခာ လိုအပ်ရာရာတွေကို ရှာဖွေစုဆောင်းရပါတယ်။ ညဘက်တွေမအိပ်ရတဲ့ အိပ်ချိန်အကြွေးတွေလည်း ပြန်ဆပ်ရတာပေါ့။ လေယာဉ်လာသလား မလာသလားတောင် မသိတော့အောင် တချိုးတည်း အိပ်ပျော်သွားတော့တယ်။ လွှဲတဲ့ပို့တဲ့လူနာတွေလည်း ပြန်ရောက်တာ ရောက်ပြီ။ နောက်ထပ်လွှဲရပို့ရမယ့်ဆီကို ချောချောမောမောရောက်အောင်လည်း ချိတ်ဆက်စီစဉ်ရတယ်။ ရေစီးတစ်ခါ ရေသာတစ်လှည့်ဆိုတာ ဒီလိုမျိုး နေမှာပဲ။ နားတယ်ဆိုပေမယ့် အလုပ်မလုပ်ပဲနေတယ် ပြောတာ မဟုတ်ဘူး။ ဖုတ်ပူမီးတိုက် အသည်းအသန် အလုပ်မလုပ်တာပဲ ရှိတယ်။ ဖြေးဖြေးအေးအေး သက်သက်သာသာတော့ အလုပ်လုပ်ရသေးတာပဲ။ ဘာပဲပြောပြော အသက်ရှူချောင်တယ်လေ။ နားလို့ရသ၍ နားထား။ ခဏနေကျတော့ အလုပ်တွေပြန်ပိလာဦးမှာ။
ခံစားချက်ကတော့ ထုံပေပေကြီးရယ်။ ဘာကိုမှ ထိထိမိမိ မခံစားရဘူး။ ချစ်ရွှင်သနား တည်ကျားကြမ်းကြုပ် စက်ဆုပ်အံ့ဩတွေကို စိုင်းစိုင်းခမ်းလှိုင် အိုက်တင်လုပ်ပြနေသလိုပဲ။ ဘယ်အရာမဆို ပါးပါးလေးနဲ့ အကယ်ဒမီရတယ်။ အိုဗာအိုက်တင်တွေ ပါစရာ မလိုဘူး။ ကြမ်းခန်းမှာ ကြမ်း၊ လွမ်းခန်းမှာ လွမ်း။ အလွမ်းတွေကို စမ်းရေထဲမှာ မမျှောပါဘူး။ အလွမ်းလေးကို စမ်းချောင်းနံဘေးမှာ သေနတ်ဖောက်ပြီး မြေမြှုပ်ပေးခဲ့တယ်။ ညတိုင်း ပုတီးစိပ် ပရိတ်ရွတ်ပြီးရင် သတိတရ အမျှအတမ်းပေးဝေတယ်။ အဲ့ဒါ ကွယ်လွန်သူရဲ့စကားကို နားမထောင်ရာတော့ ရောက်တယ်။ ကလေးတွေက သူတို့အချင်းချင်း ကတိတောင်းထားပြီးသား။ “တိုက်ပွဲမှာကျရင် အမျှမဝေရဘူး။ အမိန့်မပြန်ရဘူး။” တဲ့။ သည်ဘဝ ခန္ဓာကြွေရလို့ မကျွတ်မလွတ်ရှိသည့်တိုင် ဝိဉာဉ်ဘဝနဲ့ မကျေနိုင်မချမ်းနိုင် ဆက်တိုက်နေမှာတဲ့။ သူတို့အားလုံး အဲ့ဒီစိတ်ပဲ ရှိတယ်။ ကိုယ်လည်းပဲ အဲ့လိုစိတ်မျိုး ရှိနေတယ်။ မုန်းစွဲက သေရာပါရုံမကဘူး။ နောက်ဘဝပါ ကူးနှင့်ပြီ။
သေမထူး နေမထူး ဆိုတဲ့ဘဝဟာ သိပ်ကြောက်စရာကောင်းတာပဲ။ ကိုယ်တို့ဘဝမှာ အတိတ်ဆိုတာ မရှိတော့ဘူး။ အရင်တုန်းက ဆရာဝန်လေ။ ကျောင်းဆရာမလေ။ အင်ဂျင်နီယာလေ။ ဘယ်မှာနေတယ်။ ဘာအလုပ်လုပ်တယ်။ အဲ့ဒါတွေအားလုံး အဆက်အစပ် မရှိတော့ဘူး။ အခု မင်းဘာလုပ်သလဲ လို့ မေးရင် CDM လုပ်တယ် လို့ပဲ ဖြေလိုက်။ ပြည့်စုံတယ်။ အရင်အလုပ်တွေ မလုပ်တော့ဘူး။ အခု လက်ရှိလုပ်နေတဲ့အလုပ်က ကိုယ့်အလုပ်ပဲ။ ဘာဖြစ်လို့ အဲ့သလိုလုပ်တာလဲ။ စစ်တပ်နဲ့ မပါတ်သက်ချင်လို့။ စစ်တပ်ကခိုင်းသမျှ မလုပ်ချင်လို့။ ရှင်းရှင်းလေးပဲ။ အလုပ်တစ်ခုတည်းတင်မကပါဘူး။ အရင်တုန်းက ကျင်လည်ခဲ့ဖူးတဲ့ဘဝဟာလည်း ကိုယ်နဲ့ မသက်ဆိုင်တော့ဘူး။ အခုလက်ရှိ နေထိုင်ရှင်သန်နေရတဲ့ဘဝကသာ ကိုယ့်ဘဝအစစ်။ “ဟိုးတုန်းကလို ချစ်ဦးမလား။ တစ်နေ့တော့ မင်းပြန်လာဦးမလား။ ဘာ့ကြောင့် ငါ့ကို မင်းထားသွားလဲ။ ဖြေ။” ဆိုရင် ဆိုလက်စနဲ့ ဆက်ဆိုလိုက်။ “ဒါ အိပ်မက်တွေ။” ကိုယ့်အိမ်ကိုယ် ပြန်လာဖို့တောင် ခေါင်းထဲမရှိတဲ့သူတွေကို “ဒီကောင်တွေ ပြန်လာရင် ငါ အလုပ်ထွက်မယ်။” ဆိုတဲ့ နန်းစိန်တွေက ရှိသေး။ အတိတ်ကိုလှန်သော် ပုလိပ်ကိုပြန်ခေါ် မလုပ်နဲ့။ ဝါသနာမပါဘူး။
အတိတ်တွေမှ မဟုတ်ပါဘူး။ အနာဂတ်တွေလည်း ကိုယ်တို့မှာ မရှိဘူး။ တော်လှန်ရေးမပြီးသေးပဲနဲ့ တော်လှန်ရေးပြီးသွားတဲ့အခါကျရင် ဆိုတဲ့ကိစ္စတွေကို စိတ်ကူးမယဉ်ဘူး။ နောင်ခါလာ နောင်ခါဈေးပဲ။ ဆိုးသည်ဖြစ်ဖြစ် ကောင်းသည်ဖြစ်ဖြစ် ရင်ဆိုင်မယ်။ ဒီလို အတိတ်မရှိ အနာဂတ်မရှိ၊ အသက်ရော ဘဝပါ တော်လှန်ရေးထဲမှာ မြှုပ်နှံထားတဲ့သူတွေနဲ့ စစ်တိုက်ရတာ ဘယ်လိုရှိသလဲ ဒေါ်စိန်အေးသားတွေ သိပြီ မဟုတ်လား။ စိန်ခေါ်ရင် ဘွာမခတ်ဘူး။ မြင်တဲ့အတိုင်းပဲ။ သူတို့ဘက်ကသာ လွတ်မြောက်နယ်မြေတွေကနေ လက်လွှတ်နယ်မြေအဖြစ် ဖဲ့ပေးပြီး အပစ်ရပ်ဖို့ တရုတ်ပွဲစားနဲ့ အခါခါ ညှိတာ ငြိကိုမငြိသေးဘူး။ တို့တာဝန်အရေးကြီး ၃ ပါးမှာ ၂ ပါးကို လျှော်ပစ်လိုက်ပြီး အချုပ်အချာအာဏာနဲ့ မြေကွက်ကွက်ကလေးကို အုပ်ချုပ်မယ်ပေါ့။ နေဦးကွာ။ ဒီတစ်ခါ စစ်ဗိုလ်သုံ့ပန်းတွေမိလာမှ “ကမ္ဘာမကျေ” အစအဆုံး ဆိုခိုင်းဦးမယ်။ “ပြည်ထောင်စုကို အသက်ပေးလို့ တို့ကာကွယ်မလေ။” ဆိုတာ ဘာပြောတာလဲ မေးမေးပြီး ပါးရိုက်ချင်တာ။ မင်းတို့ကောင်တွေ သောင်းဝေဦးသားမက်နဲ့ပဲ တန်တယ်။ တိုင်းရင်းသားအားလုံးရဲ့ ဘုံရန်သူဟာ မြန်မာစစ်တပ်ပဲ လို့ အငြင်းပွါးစရာ မရှိတဲ့ အခြေအနေရောက်အောင် ထိုးကျွေးသွားတာ။ စစ်တပ်အသိုင်းအဝိုင်းနဲ့ အမျိုးအနွယ်မှန်သမျှ ဘယ်တော့မှ ခေါင်းမဖော်ဝံ့အောင် အိုးမည်းသုတ်သွားတာ။ ခံလိုက်ကြလေ။ မြိန်တယ်မို့လား။
ဘယ်လိုပဲတွေးတွေးလေ။ ကချင်စစ်မျက်နှာမှာ အလှုပ်အရှား ရှိတာတော့ မြင်သာနေတာပဲ။ လေယာဉ်တွေ နေ့နေ့ညည တက်ဆင်းနေတယ်။ လက်နက်ကြီးတွေ တဒိုင်းဒိုင်းနဲ့ ပစ်ဖောက်နေတယ်။ ရပ်ရွာတွေ မငြိမ်မသက်နဲ့ လမ်းပန်းအဆက်အသွယ် ပြတ်တောက်ကုန်တယ်။ မိုးမကျသေးပေမယ့် ရေထဲမိုးထဲမှာ ရုန်းကန်ရဦးမယ့် အလားအလာ ရှိတယ်။ အခု အလုပ်လုပ်တယ် ဆိုတာထက် အများကြီးပို ကြိုးစားထားမှ တော်ကာကျမယ်။ အရင်တုန်းက ဆေးရုံအတွက် ပြည့်စုံအောင် စုဆောင်းရတယ် ဆိုတာ ကုသရေးသက်သက်ရယ်။ အခုကစ စုဆောင်းနေရတာကတော့ အရေးပေါ်အခြေအနေ စစ်မက်ရေးရာ ကယ်ဆယ်ရေး အလုပ်တွေအတွက်ပါ စုရတာ။ အလုပ်ရှုပ်တဲ့ဘဝမှာ “အလှူငွေပေးပါ့မယ်။ ယူပါဦး။ အင့် အင့်။” ဆိုတာတွေတောင် မယူနိုင်ဘူး။ “ဘတ်ဂျက်တွေ တင်လိုက်ပါ တောင်းလိုက်ပါ “ ဆိုလည်း မတောင်းနိုင်ဘူး။ ပို့တဲ့ဆေး လမ်းမှာ အသိမ်းမခံရအောင်၊ အချိန်မီရောက်အောင် ကိုယ်တိုင်ထွက်ယူရတယ်။ ကြာချက်ကတော့ ပြောမနေနဲ့။ ၂ ပါတ်အထက်မှာချည့်ပဲ။ ဆေး ၁ မျိုး ကုန်ခါနီးရင် နေရာ ၃ နေရာလောက်ကို သပ်သပ်စီ မှာရတယ်။ ကုန်သာကုန်ရော ဘယ်ကမှ ရောက်မလာ။ ဒါပေမယ့် မရ ရတဲ့နည်းနဲ့ လိုလေသေးမရှိအောင် logistics အလုပ်တွေ လုပ်နေတုန်းပါပဲ။
စစ်ပွဲအခြေအနေကြောင့် logistics အလုပ်တောင် ဒီလောက် ခက်ခက်ခဲခဲ လုပ်ရရင် လူနာအသယ်အပို့ ကိစ္စတွေက ပိုလို့ခက်ခဲတော့မပေါ့။ အဲ့ဒါကြောင့် ကိုယ့်ဆေးရုံက Triage center ကို စစ်မြေပြင်ရောက်အောင် သွားဖွင့်ထားတာ။ အဲ့ဒီကမှ ဆေးရုံနဲ့ ဥဒဟို အသွားအပြန် လူနာတွေ သယ်တယ်။ ဆေးရုံကို လူနာရောက်တာနဲ့ ဘယ်အချိန်ရောက်ရောက် ခွဲခန်းက အဆင်သင့်။ ဒါပေမယ့် သတိထားမိသလောက်တော့ ဆေးရုံရောက်လာတာ စစ်သားတွေချည့်ပဲ။ အရပ်သားလူနာတော်တော်နည်းတယ်။ အထိအခိုက် မရှိလို့ မဟုတ်ပဲ ပို့ပေးမယ့်လမ်းကြောင်းနဲ့ လုံခြုံရေး အခြေအနေကြောင့် ဖြစ်နေမှာစိုးတာ။ သိန်းဃိုလ်ပြည်ကြီး မီးလောင်နေမှ ပုလင်းကွဲရှတဲ့လူနာကတော့ ရှိကိုရှိရမှာ။ ကယ်မယ့်သူ မရှိမှာကိုပဲ ပူမိတယ်။ တာမခံ က စစ်ရှောင်စခန်းမှာ ထမင်းချက်ရင် တစ်နပ်စာကို ဆန် ၇ အိပ် ကုန်သတဲ့။ ရေတွေ အိမ်သာတွေ ဘယ်လိုစီမံနေကြပါလိမ့်။ အိန္ဒိယက သူဌေးချွေးမရဲ့ မြဘယက်ကြီးလောက်တော့ လူစိတ်မဝင်စားကြပါဘူးလေ။ လူသား/စာနာ ဝန်ကြီးဌာနက လုပ်ရမယ့် အလုပ်တွေ မဟုတ်လား။ အလှူခံရတာ လွယ်ချင်လွယ်လိမ့်မယ်။ ပစ္စည်းအရောက်ပို့ဖို့ လူအရောက်သွားဖို့ကတော့ ဒီကာလမှာ စောမြသန္တာပဲ။
ဒီနေ့ဟာ ကချင်စစ်မျက်နှာမှာ D day ခေါ်တဲ့နေ့လို့ တချို့က ပြောကြတယ်။ ၀၃၀၇ ဆို အားလုံးသဘောပေါက်ပါတယ်။ အဲ့ဒီထဲမှာ ကိုယ်လည်း တစ်ထောင့်တစ်နေရာက ပါလို့ အစွမ်းကုန် ကြိုးစားနေတယ်။ ကိုယ်အလုပ်လုပ်နေတဲ့ mission ကလွဲလို့ ဘာကိုမှ ဂရုမစိုက်နိုင်ဘူး။ တာကိုလည်း လုံအောင်ကာသလို ဝန်ကိုလည်း နိုင်အောင်ထမ်းထားတယ်။ မနက်က တိုက်ပွဲရလပ် နဲ့ ညနေဘက် ရလပ်ဟာ မတူစေရဘူး။ ဒီကနေ့ စစ်ပွဲအခြေအနေနဲ့ မနက်ဖြန် အခြေအနေဟာလည်း မတူစေရဘူး။ အကျိုးရလပ်ကောင်းဖို့အတွက် အလုပ်ကို အကောင်းဆုံး လုပ်နေကြတယ်။ အားလုံးရဲ့ မျက်စိအောက်မှာပဲလေ။ တွေ့ရမြင်ရမှာပါ။ အမီသာလိုက်ကြည့်။ တစ်နေ့နည်းနည်း တို့ထိတို့ထိ မှတ်တမ်းရေးနေတဲ့ကိုယ်တောင် မျက်စိလည်ချင်ချင်။ စာအဆုံးသတ်တဲ့အချိန်က တိုက်ပွဲရလပ်ဟာ နိဒါန်းစထားတဲ့တိုက်ပွဲအခြေအနေနဲ့ မတူတော့ဘူး။ အောင်ပွဲသတင်းက ကြားရသူတိုင်း စိတ်ချမ်းသာစေတယ်ဆိုတာ ကိုယ်တိုင်တိုက်ထားတဲ့သူတွေကို ဘယ်မီပါ့မလဲ။
သိပ်မကြာခင်မှာ ပြည်နယ်တွေ အလျှိုအလျှို လွတ်မြောက်လာကြတော့မယ်။ နောက်ဆက်တွဲမှာ စစ်ကိုင်း၊ မကွေး၊ ပဲခူးကိုဆက်ဆင်းလာကြရင် စကစ ခြေကုပ်ယူစရာနယ်မြေဟာ နေပြည်တော်၊ ရန်ကုန်၊ မန္တလေးပဲ ကျန်မှာ။ အဲ့ဒီ ၃ ခုကလည်း တစ်နေရာစီ ပိတ်ဆို့ဖြတ်တောက်ခံထားရမှာပဲ။ ချန်ကေရှိတ်လို အမျိုးသားရေး မဘသနိုင်ငံထူထောင်ဖို့ ကိုကိုးကျွန်းကို ပြေးမလား။ ဘယ်လာရုစ်မှာ နိုင်ငံရေးခိုလှုံခွင့်တောင်းမလား။ ဒါပဲ ရွေးစရာရှိတော့မယ်။ ဒါတောင် သူ့လက်အောက်ကအကောင်တွေ အဆုံးထိ သစ္စာမဖောက်မှ ရွေးခွင့်ရမှာ။ ကြူကြူရေ အထုပ်တော်ပြင်ပါလကွဲ့။ လက်ချည့်ပဲလာရင် ဘယ် ၃ ချိုင်းကင်းကမှ လက်ခံမှာ မဟုတ်ဘူး။
ကိုယ်လည်းပဲ အထုပ်ပြင်နေပါပြီ။ စစ်တပ်ကုန်းက အလံဖြူထောင်တာနဲ့ စစ်ရှောင်စခန်းတွေသွားပြီး စစ်ဘေးဒုက္ခသည်တွေ ကူညီရဦးမယ်။ လူနာရှိရင် ခေါ်လာခဲ့မယ်။ စစ်ဘေးစစ်ဒဏ်ကို လူးလိမ့်နေအောင် ခံထားရတဲ့သူတွေ မဟုတ်လား။ စိတ်ဒဏ်ရာတွေ ဘယ်လောက်တောင် ရနေကြမလဲ မသိ။ တနိုင်ငံလုံးမှာ ကယ်ဆယ်ရေး၊ ပြန်လည်ထူထောင်ရေးအလုပ်တွေ လုပ်စရာ အများကြီးရှိတယ်။ လုပ်မယ့်သူပဲ မရှိတာ။ ဒါနဲ့တင်ပဲ ကိုယ့်အလုပ် ဖြစ်သွားရပြန်တာပေါ့။ အိမ်မပြန်ခင် လက်စသတ်ရမယ့် အလုပ်ကလေးတွေ အကုန်လုံး သပ်သပ်ရပ်ရပ် အဆုံးသတ်ထားခဲ့မယ်။ ဒီတစ်ခါတော့ တကယ့်ကို အိမ်ပြန်ရခါနီးပြီ လို့ အေမီဈာန်က မပြောလည်း ကိုယ့်ဘာသာ အာရုံရနေမိပါပြီလေ။
“စိန်ခွါသံ မြိုင်ယံပေါ်
ပန်းခင်းတဲ့လမ်းကိုမျှော်
အဿဇာနည်မော်
မြင်းညိုစီးလို့ ကြွတဲ့ ကိုကြီးကျော်။
ဝတ်လဲတော် ဝတ်လဲတော်
ဝတ်လဲတော် ရွှေပုဆိုး
တန်းထိုးလို့ ဆီးကြိုပါနော်
တန်းထိုးလို့ဆီးကြိုပါနော်။
လာဘ်ကြီးကိုမျှော်
အဖေကျော်ကို တ
အဟုတ်ပ မုချမလွဲနော်။
အရက်နဲ့ ကြက်ကျော်
အခါမလပ်ကြစေနဲ့
လာပါ နတ်ကြီးကိုအမြဲမျှော်။”