မနေ့ည သန်းခေါင်ကျော်ကတည်းက ခွဲခန်းထဲ ဝင်သွားလိုက်တာ၊ အပြင်ထွက်ပြီးအစားစားလိုက်၊ လူနာကြည့်လိုက်၊ ခွဲခန်းပြန်ဝင်လိုက် ပတ်ချာလည်နေရော။ ဒီတစ်ခါတော့ ဆာဂျင်ဆိုတာ မက်ကင်းနစ်တစ်ယောက်နဲ့ သိပ်တူတာပဲ လို့ ခံစားမိပါတယ်။ ရောဂါကုနေတာမှ မဟုတ်တာ။ ခန္ဓာကိုယ်မှာ ဒဏ်ရာရတော့ ဘယ်အပိုင်းတွေမှာ ဘယ်လောက်ထိ ပျက်စီးသွားသလဲ၊ အဲ့ဒါကို ဘယ်လိုပြန်ပြင်မလဲ။ ဒါပဲ ခေါင်းထဲထည့်ထားရတာလေ။ ပြင်မရလောက်အောင် ထိခိုက်လာတာတွေကျတော့လည်း ကယ်စရာအသက်ကို ပါမလာတော့တာကြောင့် ကိုယ်တို့လုပ်ဖို့ မလိုဘူး။ ဆယ်ဇင်းကိုတိုက်တုန်းက ၂ ရက်ကြာမှ လူနာရောက်လာပေမယ့် ဒီတစ်ခါ ကိုယ်တို့ဆီက ဆေးအဖွဲ့ လွှတ်ထားတာကြောင့် နာရီပိုင်းအတွင်း လူနာလက်ခံရရှိတယ်။ အလုပ်လည်း ပိုတွင်တယ်။ နီးစပ်ရာကလူတွေလည်း ဝိုင်းကြဝန်းကြရတာပေါ့။ ရှေ့တန်းကရောက်လာတဲ့လူနာတွေကို လဲစရာ ပုဆိုးဖိနပ်ကအစ ဆီးဆင်ပြီး လူနာစောင့်လုပ်ပေးတဲ့ စေတနာရှင်တွေလည်း ရှိတယ်။ ခွဲခန်းကိစ္စပြီးရင် အစာရေစာကအစ အိပ်ရာထိုင်ခင်းအထိ သူတို့ကူညီတယ်။ သွေးလိုရင် သွေးလှူတယ်။ ကိုယ့်ပြည်သူအချင်းချင်းလေ။ သေသလား ရှင်သလား၊ လှည့်ကြည့်ဖော်တောင်မရပဲ အိမ်ကမုဆိုးမကို အသက်အာမခံကြေး မပေးချင်လို့ တပ်ပြေးစာရင်းပြပြီး လိုင်းခန်းထဲကမောင်းချတတ်တဲ့သူတွေ မြင်ဖူးအောင် ဗီဒီယိုဖိုင်လေး ရိုက်တင်ချင်စိတ်တောင်ပေါက်တယ်။ လူ့အသိုင်းအဝိုင်း လူ့ပါတ်ဝန်းကျင်မှာ လူသားဆန်ဆန် ဘယ်လိုနေရသလဲဆိုတာ။ နောင် ဘဝပေါင်းများစွာ လူပြန်မဖြစ်တော့မယ့်သူတွေကို ပြချင်လို့။
ကိုယ်စိုက်ခဲ့တဲ့အပင်ကတော့ အသီးစားလို့ရပြီ ပြောရမှာပဲ။ သင်ထားသမျှ တတ်ထားသမျှနဲ့ မရပ်မနား အလုပ်လုပ်နေကြတယ်။ နေရာတကာ ကိုယ်ဝင်လုပ်စရာ မလိုတော့ဘူး။ စောင့်ကြည့်စီမံရုံတင်။ အဲ့ဒါက ပိုတောင်ပင်ပန်းသလိုပဲ။ ညနေစောင်းတော့ တစ်ကိုယ်လုံး ကိုင်ရိုက်ထားသလို နာတယ်။ လှုပ်တောင် မလှုပ်ချင်။ ညဘက်ကျမှ အေးဆေးနားမယ်ဆိုလည်း အိပ်တောင်မအိပ်ရပါဘူး။ ၁၁ နာရီတစ်ခါ၊ ၂ နာရီတစ်ခါ၊ လေယာဉ်နဲ့ ဗုံးလာကျဲလို့ ကျင်းထဲဆင်းဝပ်ရသေး။ မနက်လေယာဉ်က ၂ ခါပြန်ကျော့ပြီး ၂ လုံးချသွားတာ။ ကိုယ့်အပေါ်ပျံတာဆိုတော့ မနိုးပဲ မနေပါဘူး။ လူနာတွေ ကြောက်နေမှာပဲ စိုးတာ။ ကိစ္စမရှိပါဘူ။ မိုးပြို အများနဲ့ပဲဟာ။
ဆေးရုံတွေ ဗုံးကျဲတာ သူတို့လုပ်နေကျ ဗျူဟာပါ။ သူတို့နဲ့ပါတ်သက်ရင် အေမီဈာန်တို့ မတ်မတ်ဆောင်းတို့ထက်တောင် အတတ်ဟောနိုင်သေးတယ်။ စကစ စခန်းတွေ အသိမ်းခံရပြီဆိုရင် နားထင်မှာတေ့ပြီး အမိန့်ပေးတဲ့ ကျည်ဆံကြောက်လို့ လက်နက်မချရဲဘူး။ ရင်ဆိုင်လည်း ပြန်မတိုက်နိုင်တော့ သူတို့ကို ပြန်မခုခံမယ့် အရပ်သားပစ်မှတ်တွေဆီ ရမ်းသမ်းပစ်ခတ်မယ်။ လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူတောင်းမယ်။ ဟိုအကောင်တွေကလည်း ထွက်ဟဲ့ထွက်ဟဲ့ ဆိုလို့သာ ထွက်လာတယ်။ ဘယ်သူ့ကို ဘယ်နားပစ်ရမှန်း မသိတော့ စာသင်ကျောင်းတွေ ဆေးရုံတွေပဲ ဒီကောင်တွေ စခန်းချမှာပါကွာဆို ထင်ရာမြင်ရာ မကောင်းသူထိပ်ကောင်းသူထိပ် ဆော်ပြီး ကိုယ့်ဝပ်ကျင်းကိုယ် အသက်နဲ့ပြန်ဆင်းနိုင်အောင် ပြေးတယ်။ အဲ့ဒီတော့ စခန်းသိမ်းပွဲရှိရင် လေယာဉ်လာလိမ့်မယ်။ ရပ်တွေရွာတွေ ဗုံးကျဲဖျက်စီးမယ်။ အရပ်သားတွေ သေကြကြေကြ ဒဏ်ရာရကြမယ်ဆိုတာ ဘယ်သူက မသိပဲနေမှာလဲ။ လူတိုင်းက ကိုယ့်အသက်ကိုယ် collateral damage ထဲ ထည့်ပြီး မဖြစ်မနေ လုပ်ရမယ့်အလုပ်မို့ လုပ်နေတာလေ။ ကိုယ်သေတောင် ကိုယ့်သားသမီး ကိုယ့်လိုအဖြစ်ဆိုးမျိုး ထပ်မကြုံရအောင် အသက်စွန့်ကြတာ။ ကိုယ်တို့က next generation အတွက် စတေးတယ်။ သူတို့ကတော့ old generation ကြီးတွေအတွက် စတေးခံရတယ်။ အချိန်စက်ဝိုင်းကြီးက ပြောင်းပြန်လည်တယ်လို့မှ မရှိတာ။ ဘယ်သူက နိုင်မလဲ အသိသာကြီး။
အရှုံးအနိုင် အဖြေပေါ်ပြီးသား ဖြစ်ပေမယ့်လည်း သူ့လက်အောက်ငယ်သား အောက်ခြေစစ်သားတွေကို တစ်ယောက်မှ အသက်ရှင်လျက် ချန်မထားလိုတဲ့အတွက် မသေမချင်း ဆက်တိုက်ခိုင်းနေတာ။ အခုကစလို့ စစ်တပ်ရဲ့ သေဆုံးခြင်းတွေဟာ သူတို့ကိုယ်တိုင် ဖန်တီးယူပြီး autolysis ရကုန်တာ။ နောင်မျိုးဆက်ကျ မုန်းစရာမကျန်အောင် အကုန် သေပစ်ခဲ့မယ် ထင်ပါရဲ့။ စစ်တပ်ကြီးရဲ့ နိဂုံးကို စစ်သားတွေကိုယ်တိုင် မချိတင်ကဲ ထိုင်ကြည့်ပြီး သတ်သေကြပစေတော့။
နောက်တစ်နေ့ တစ်နေ့လုံးလည်း ကိုယ်တို့ ခွဲခန်းဝင်ကြတယ်။ ညက လေယာဉ်လာတုန်းမှာ ဖုတ်လှိုက်ဖုတ်လှိုက်တွေလည်း ကျင်းထဲဆင်းပုန်းရတော့ မနက်လည်းကျရော အကုန်ပြန်မယ် တောင်းဆင်းကုန်တယ်။ ပြန်လို့ရသမျှ အကုန်ပေးပြန်၊ မပြန်နိုင်သေးတဲ့လူနာတွေက ရွာထဲမှာ အိမ်ရှာပြီး အစုစပ်ငှါးနေကြသတဲ့။ ဆေးရုံမှာ ကုတင်မဆန့်လို့ ဒဏ်ရာရလူနာတွေလည်း မိုးတိုးမတ်တပ် ရပ်နိုင်ရင် အပြင်မှာပဲ နေစရာ စီစဉ်ပေးတယ်။ ချက်ချင်းလက်ငင်း ခွဲဖို့လိုတဲ့လူနာတွေကိုပဲ နင်တက်နင်ဆင်း ခွဲနေတာ။ ဒဏ်ရာတွေကများတော့ ခြေဆုံးခေါင်းဆုံး ခွဲရတယ်လေ။ အရေးပေါ်ခွဲမွေးရတဲ့လူနာလည်း နေ့တိုင်းရှိတယ်။ ဆေးခန်းတွေ ပိတ်ပြီး ပြေးကုန်မှကိုး။ ဘယ်ကိုမှ မပြေးနိုင်တဲ့ အသည်းအသန် လူနာတွေကတော့ သနားပါတယ်။ အရင်လောက်တော့ ဂရုမစိုက်နိုင်တော့ဘူး။ လေယာဉ်တွေ လာတယ်။ ကျဲသွားတယ်။ ကိုယ်တို့လည်း ကျင်းထဲကို တက်လိုက်ဆင်းလိုက်ပေါ့။ ခွဲခန်းထဲ ရောက်နေရင်သာ အပြင်ထွက် မပုန်းတာ။ ပတ်တီးလိပ်တွေ၊ ဂွမ်းလိပ်တွေဆိုတာ အများကြီးဝယ်ထားတာတောင် မလောက်နိုင်။ ဆေးလည်းထွက်မမှာနိုင်အားဘူး။ မှာလည်း ရောက်မလာနိုင်ပါဘူးလေ။ လမ်းတွေအားလုံး ပိတ်ကုန်ပြီ။
ဖားကန့်သွားတဲ့လမ်းတွေ အကုန် ပိတ်မိသွားပြီ။ ဝှေခါလမ်း၊ ကာမိုင်းလမ်း၊ အခု တာမခံလမ်း။ ဆယ်ဇင်းမှာရှိတဲ့ စစ်တပ်နဲ့ ရဲကလည်း အဝင်မခံပဲ ပိတ်ထားကြတယ်။ ရှမ်းနီတွေကပဲ စခန်းတစ်ခု တက်သိမ်းထားတယ်။ ဘယ်ရွာထဲနေလို့မှ မလုံခြုံပါဘူး။ အိမ်တွေပေါ် လက်နက်ကြီးကျတာ၊ လေယာဉ်နဲ့ ဗုံးကျဲတာ၊ သေနတ်နဲ့ ရမ်းသမ်းပစ်ခတ်တာ။ အသက်ကို ဖက်နဲ့ထုပ်ထားချင်တောင် ထုပ်စရာဖက်မရှိတဲ့ မျှောကျင်းမြေစာပုံတွေချည့်ပဲ။ အကောင်းဆုံးအချိန်တွေကို ရရှိဖို့အတွက် အဆိုးဆုံးအချိန်တွေကို မငြီးမငြူ ဖြတ်သန်းနေတယ်။ ရမ်ဘိုကားထဲက ဗီယက်နမ်လေးတွေကျနေတာပဲ။ အသက်ရှင်ချင်လို့ စစ်တိုက်နေတာ မဟုတ်တော့ဘူး။ ဒီကောင်တွေနဲ့ စစ်တိုက်နိုင်ဖို့အတွက် အသက်ရှင်အောင်နေနေရတာ။
ပွဲက သိပ်တော့ မကြာလောက်တော့ဘူး။ ရခိုင်မှာ စစ်တွေကို ဝိုင်းထားသလို၊ ရှမ်းမြောက်မှာ လားရှိုးကို ဝိုင်းထားသလို၊ ကယားမှာ လွိုင်ကော်ကို ဝိုင်းထားသလို၊ ကချင်မှာလည်း ဖားကန့်ကိုတော့ ဝိုင်းမိနေပြီ။ ဘယ်အသီးက အရင်ကြွေမလဲ။ ကြည့်ကြသေးတာပေါ့။ နောက်တစ်နေ့ညမှာလည်း လေယာဉ်တွေက ဝဲလိုက်ကျဲလိုက် လာလုပ်နေတဲ့အခါ ဆေးရုံပေါ်က နာတာရှည် အသည်းအသန်လူနာတွေလည်း တစ်ယောက်ပြီးတစ်ယောက် အမှည့်ကြွေ ကြွေကုန်ပါတယ်။ သူများတွေ ကျင်းထဲဆင်းပုန်းချိန် သူတို့ကမှ မဆင်းနိုင်ပဲကိုး။ လေယာဉ်တွေက နေ့ရောညရောလာ၊ လူနာတွေက တစ်သုတ်ပြီးတစ်သုတ် ရောက်၊ ဆရာဝန်တွေက ခွဲခန်းထဲ ဝင်လိုက်ထွက်လိုက် မြင်နေရတော့ သူတို့လည်း ဆက်ဒုက္ခမပေးချင်တော့တာလား မသိ။
ဒီနယ်မြေမှာ ၃ နှစ်ကြာခဲ့ပြီမိ့ ကိုယ်တို့လည်း တော်တော်ကချင်ဆန်နေပြီ ပြောရမှာပဲ။ လေကြောင်းအန္တရာယ် ဘယ်လိုကာကွယ်ရမလဲ ဘဝပေးအသိနဲ့ သိနေပြီ။ ကြိုလည်း ပြင်ဆင်ထားတယ်။ သတိဝီရိယနဲ့လည်းနေတယ်။ ဘယ်လိုနေရာတွေဟာ အန္တရာယ်ကင်းမှန်း သိတယ်။ ရောက်ကတည်းကနဲ့စာရင် အခုတစ်ခါဟာ တော်တော်တိုက်ပွဲပြင်းထန်တယ် ဆိုရမယ်။ ပြောင်းသွားတာကတော့ ကိုယ်တွေက ထိုးစစ်၊ သူတို့က ခံစစ်။ အလစ်အငိုက်မိစရာလည်း မရှိဘူး။ နှစ်ဘက်စလုံးက သေချာပြင်ဆင်ပြီး တိုက်ကြတာ။ မြေပြင်မှာ လှုပ်လို့မရတဲ့အခြေအနေကြောင့် လေကြောင်းကချည့် နေ့ရောညပါတိုက်ခိုက်နေကြတဲ့အတွက် ခေါင်းပေါ်တည့်တည့်ကျရင် အသေအပျောက်တော့ ရှိတာပေါ့လေ။ ပေါက်ကွဲလွင့်စင် ဒဏ်ရာတွေကျတော့ ကိုယ်တို့ကုပေးနေရတာပေါ့။ လက်နက်ကြီးထိတဲ့ ဒဏ်ရာတွေ၊ သေနတ်မှန်တဲ့ ဒဏ်ရာတွေလည်း ကိုယ်တို့ဆီပဲ ရောက်တယ်။ စာရင်းချုပ်လိုက်တဲ့အခါ တန်တယ်လို့ ပြောရမှာပဲ။ လေယာဉ်နဲ့ အခါ ၂၀ မကလာပြီး drop bombs တွေ အလုံးပေါင်းရာချီ တိုက်ခိုက်လာတာတောင် ကိုယ်တို့ဘက်မှာ ဒီလောက်ကလေးပဲ အသေအပျောက် ရှိတယ်။ ဒီကနေ့တစ်ရက် လက်ကျန်လူနာတွေ ဖြတ်လိုက်ရင် ကိုယ်တို့လုပ်စရာ ကုန်ပြီ။ Brought dead တွေကလွဲရင် ဆေးရုံရောက် လူနာအားလုံး အသေအပျောက်မရှိ။ ဆေးရုံက အသည်းအသန်လူနာတွေ ကြွေသွားတာပဲ ပြောစရာရှိတယ်။ ဒီမနက်မှာ နောက်ထပ်လူနာ ရောက်မလာတော့ဘူး။ အခုမှပဲ နားနားနေနေ အအိပ်အစားလေး ပြန်အားဖြည့်ပြီး ကုန်သွားတဲ့ ဆေးတွေပစ္စည်းတွေ ပြန်ဖြည့်ရတော့မယ်။ စစ်ရေးအရှုံးအနိုင်ကတော့ လိုင်းပေါ်ကလူတွေကတောင် ပိုသိဦးမှာပါ။ ကိုယ်တို့ရင်ဆိုင်နေရတဲ့ ဒဏ်ရာရလူနာကု စစ်မျက်နှာမှာတော့ အောင်အောင်မြင်မြင် ချောချောမောမောပဲ။
ဒီအလုပ်တွေလုပ်ချင်လို့ ဒီနေရာမှာ ပြင်ဆင်စုဆောင်း စောင့်ဆိုင်းလာခဲ့တာလေ။ ဝရမ်းပြေးအဖြစ် ထွက်ပြေးတိမ်းရှောင်နေတာ မဟုတ်ဘူး။ ကုသိုလ်ဖြစ် ပရဟိတလုပ်ချင်လို့ နိက္ခမပါရမီဖြည့်ကျင့်နေတာ မဟုတ်ဘူး။ ရန်သူနဲ့ စစ်တိုက်တဲ့အခါ ကိုယ့်ဘက်က ပြည်သူတွေ အထိအခိုက် အသေအပျောက်နည်းအောင် စောင့်ရှောက်ချင်တာ။ ရှင်းရှင်းပြောရရင် စစ်တိုက်နေတယ် လို့ပဲ သဘောထားတယ်။ သေလုမျောပါး လူနာကလေးတွေ ကိုယ်ကုပေးလိုက်လို့ မသေမပျောက်ပဲ ရှေ့တန်းပြန်ထွက်တော့မယ်ဆိုရင် ကိုယ့်ဆီလာကန်တော့ကြတယ်။ ဘုန်းကြီးပါစေ သက်ရှည်ပါစေ ဆုမပေးပါဘူး။ “အေး အေး။ ဒီတစ်ခါ မထိအောင် မသေအောင်နေ။ ရှေ့တန်းကျ စစ်တိုက်တဲ့အခါကျရင် ဆရာ့အတွက် တစ်ကောင် မှန်အောင်ပစ်ခဲ့ပေး။” လို့ပဲ မှာလိုက်တယ်။ ဆေးကုတာ ကိုယ့်အားသာချက်မို့သာ ဆရာဝန်အဖြစ် စစ်မြေပြင်မှာ ရှိနေတာ။ တရေးနိုး ထအော်လည်း “အရေးတော်ပုံ အောင်ရမည်” ပဲ။ ဒီအခက်အခဲတွေ ဖြတ်သန်းပြီးမှ ကိုယ်လိုချင်တဲ့ပန်းတိုင်ကိုရောက်မယ့်ဥစ္စာ။ ဘာတွေ တုံ့ဆိုင်း တွေဝေစရာ ရှိသလဲ။
အခု စာရေးနေတဲ့အချိန်အထိ လေယာဉ်တွေကလည်း လာနေတုန်းပဲ။ လက်နက်ကြီးတွေလည်း ပစ်နေတုန်းပဲ။ သတိထားမိသလောက်တော့ ကိုယ့်ဆီရောက်တဲ့အထဲမှာ အရပ်သားလူနာ တစ်ယောက်ပဲ ပါသေးတယ်။ စစ်ပွဲမပြီးသေးတဲ့အတွက် အရပ်ဖက် လူမှုကယ်ရေးအဖွဲ့အစည်းတွေ လူနာ မကောက်နိုင် မပို့နိုင်သေးတာ ဖြစ်ဖို့များတယ်။ အများစုက တိုက်ပွဲမဖြစ်ခင်ကတည်းက စစ်ရှောင်ထားနှင့်တာကြောင့်လည်း ပါပါမယ်။ အခြေအနေတွေ အေးသွားမှ မသေပဲကျန်တဲ့လူနာတွေ ဆေးရုံကို ထပ်ရောက်လာကြလိမ့်ဦးမယ်။ ဆေးဝါးပစ္စည်းတွေ အမြန်ဆုံး ပြန်ဖြည့်ထားမှ ဖြစ်မယ်။ ဒီအခြေအနေမျိုး ကြုံတွေ့နေရတာ ကိုယ်တို့တစ်ဖွဲ့တည်းတော့ မဟုတ်ပါဘူး။ အများကြီးပဲ။ ရှေ့တန်းက ဆေးရုံတွေမှာ ဆရာဝန်တွေ ရှိသမျှအင်အားနဲ့ အစွမ်းကုန် ရုန်းကန်နေကြရတာ။ ခုနေခါ ဆေးခန်းမှာ ငွေရှာကောင်းနေတဲ့ နေနိုင်သူကြီးတွေ တစ်ချက်လောက်တော့ ငဲ့စောင်းကြည့်ဖို့ ကောင်းပါတယ်။ ဆေးဝါးပစ္စည်းကိရိယာတွေ ပို့ပေးလို့ရပါတယ်။ (ကိုယ့်ဆီမှာ လိုလို့ တောင်းတာမဟုတ်ပါဘူး။ နီးစပ်ရာ လက်လှမ်းမီရာ ကူညီစေချင်တာပါ။) အကြံဉာဏ် ထင်မြင်ယူဆချက်တွေ နည်းပေးလမ်းပြ လုပ်နိုင်ပါတယ်။ “နင်တို့နဲ့ စကားပြောရင် ငါအဖမ်းခံရမှာပေါ့။” ဆို ကြောက်လန့်မနေပါနဲ့။ အသက်နဲ့ ရင်းရတာမှ မဟုတ်တာ။ နည်းနည်းပါးပါး သတ္တိလေးမွေးကြပါဦး။ CDM ဆရာဝန်တွေဟာ စစ်အစိုးရကို ဆန့်ကျင်တာပါ။ Non CDM ဆရာဝန်တွေကို ဆန့်ကျင်တာ မဟုတ်ပါဘူး။ “ငါ့အရှင် နိမ့်ပါးသော် ငါသည်လည်း အကျိုးယုတ် ရာ၏။” ဆိုတဲ့ လောဂျစ်လောက်နဲ့ ကျွန်သက်မရှည်ချင်စမ်းပါနဲ့။ ကိုယ့်အနားပတ်ဝန်းကျင်က မနိုင်မနင်းဖြစ်နေတဲ့ ဆရာဝန်အငယ်လေးတွေကို ဝိုင်းဝန်းကူညီစေချင်ပါတယ်။ ကလေးတွေကို စာသင်တဲ့အခါ “Mass casualty” တွေလာရင် “Call for help.” လုပ်ရမယ် လို့ သင်ပေးထားတယ် မဟုတ်လား။ လူနာတွေပဲဖြစ်ဖြစ်၊ ရောက်ရာအရပ်မှာ တတ်စွမ်းသမျှ ကြိုးစားကုသနေတဲ့ Junior Doctors တွေကိုပဲဖြစ်ဖြစ် ကူကယ်ရာမဲ့တဲ့ ခံစားချက်မျိုး မပေးချင်ပါဘူး။ “ငါမကယ် သေဖွယ်သာ ရှိတော့သကိုး။” လို့တော့ မအောင့်မေ့ပါနဲ့။ အချိန်တန်တော့လည်း ပြီးသွားမှာပါ။ တော်လှန်ရေးကြီးပြီးသွားတဲ့အခါ ကလေးတွေစိတ်ထဲမှာ “ဘယ်နေရာမှ သုံးစား အားကိုးလို့ မရတဲ့ Gen L ကြီးတွေ” လို့ အယူမှား အမှတ်မှားသွားမှာ စိုးလို့ ပြောရတာ။ အာဏာရှင်က divide လုပ်ခဲ့လို့ ၂ ခြမ်းကွဲသွားတဲ့ ဆေးလောကသားတွေ re-unite လုပ်ဖို့အတွက် အခုချိန်ဟာဖြင့် အခါကောင်း အခွင့်ကောင်းပဲ လို့ သတင်းစကား ပါးလိုက်ရပါတယ်။