သည်းခံတယ်ဆိုတာ တော်တော်မလွယ်တဲ့ အလုပ်ပါပဲ။ ဘယ်လောက်ပဲ သည်းခံသည်းခံ ကိုယ့်ဘက်က သည်းခံနိုင်တဲ့အတိုင်းအတာ ကုန်ဆုံးတာနဲ့ သူ့အဆိုးက ကိုယ့်အဆိုး ဖြစ်ရရော။ အခြေအတင်ဖြစ်လာတော့မှ ဟိုဘက်သည်ဘက် “သည်းခံကြပါ” ဝင်တားကြတာ။ အဲ့ဒီမတိုင်ခင်ကတော့ “သူ့ဟာသူ ခံနေလို့ လုပ်တာ လုပ်ပလေ့စေ။” ဆိုပြီး ပစ်ထားကြတာ မဟုတ်လား။ အဲ့ဒီတော့ ကိုယ်ကလည်း ကိုယ့်လစ်မစ်ကိုယ်သိပြီး အဲ့ဒီလစ်မစ်မရောက်မချင်း “လုပ်လို့ရမှန်းသိလို့ လုပ်တယ်။” တို့ “ရမလားလို့ လုပ်ကြည့်တာ။” ဆိုတဲ့လူတွေ ကျွံဝင်မလာအောင် “ဒီကနေတက်မလာနဲ့။ လှည့်ပြန်။” ဆို curfew area သတ်မှတ်ပေးထားရပါတယ်။ ကိုယ်တို့ဆေးရုံက ဖုတ်လှိုက်ဖုတ်လှိုက်တွေ ရှင်အောင်ကုနိုင်တယ် လို့များ သတင်းထွက်သွားလား မသိပါဘူး။ ဝေးနေနီးနေ နှစ်ထွေများစွာ ဆေးခန်းတကာက ပိုက်ဆံကုန် သေခါနီး ဂိတ်ဆုံးစီးပေးရှင့်တွေကို ambulance ကားနဲ့ တင်တင်ပြီး လွှတ်လိုက်လေ့ရှိပါတယ်။ တစ်ယောက် နှစ်ယောက် ဆိုရင်တော့ မထောင်းတာဘူးပေါ့လေ။ တစ်နေ့တည်း သုံးယောက်လေးယောက် ဖြစ်လာရင်တော့ ကိုယ့်ရဲ့သည်းခံနိုင်မှု အတိုင်းအတာ ကုန်ဆုံးပါတယ်။ ဘာပစ္စည်းမှ အလွယ်တကူမရနိုင်တဲ့ တောထဲက ဆေးရုံကလေးဆီမှာ ICU လူနာ ၃-၄ ယောက်လောက် လက်ခံကုပေးဖို့ဆိုတာ ကိုယ်ချင်းလေးများလည်း စာပေးပါဦး။
တချို့ကျတော့လည်း ဆေးခန်းကလွှတ်တာ မဟုတ်ပါဘူး။ ဆေးခန်းမှာ ပိုက်ဆံပေးစရာ မရှိတော့လို့ အိမ်ပြန်ခေါ်လာပြီး ရပ်ဆွေရပ်မျိုးများက နတ်လမ်းညွှန်လွှတ်လိုက်တာပါ။ “ဘုန်းကြီးကျောင်းမှာ စစ်ရှောင်နေရင်း အစာမဝင်ရေမဝင် လည်ပင်းကျိတ်ကြီး လိမ်မော်သီးလောက်နဲ့ သနားလွန်းလို့ ဆရာ့ဆီခေါ်လာတာ။” တဲ့။ အေးလေ။ ဟုတ်ပါရဲ့။ သနားစရာကြီး။ နို့ နေပါဦး။ ခများသနားတာက သူ့ကို ဒီဆေးရုံမှာ ဘုတ်ကနဲ ချထားခဲ့ပြီး “ဆရာတို့ပဲ ဆက်သနားလိုက်တော့နော်။” ဆို ပြန်သွားမှာလား။ ကျုပ်တို့က ဆေးတော့ အလကားကုပေးနိုင်ပါရဲ့။ လူနာအတွက် “ဗိုက်ဗိုက် ချာချာ။ ဘွတ်ဘွတ် ပါပါ။” ဆိုတဲ့ ကိစ္စတွေကို ဘယ်သူက လုပ်ပေးမှာလဲ။ တကယ်လို့များ လူနာသေသွားခဲ့ရင် ဘယ်သူ့အကြောင်းကြားပြီး ဘယ်သူက သင်္ဂြိုလ်မှာလဲ။ “ပိုင်ရှင် မရှိသေးတဲ့ အချစ်ကလေးရယ်။” ဆိုတာ ဒီမှာတော့ တင်မကုနိုင်သေးဘူး။ ကိုယ့်မျက်နှာကြီးကလည်း မဟတ္တမဂန္ဓီရော မာသာထရီဆာနဲ့ရော ဘယ်နားလေးမှ မနီးစပ်ဘူး။ တကယ်လို့များ ကိုယ်တစ်ခုခု လုပ်ပေးလိုက်လို့ ကောင်းသွားမယ် ဆိုရင်တော့ ကိုယ်ကိုယ်တိုင် လူနာရှင်လုပ်ရလုပ်ရ အိပ်စိုက်ကုပေးပါတယ်။ ဘယ်လောက်လုပ်လုပ် မထူးမယ့်ဟာဆိုရင်တော့ “သနားပါတယ်၊ ဝမ်းနည်းပါတယ်” ထက် ပိုပြောစရာ မရှိပါဘူး။ ဒီစကားတွေကို လူနာရှေ့မှာရော၊ လာပို့တဲ့သူရှေ့မှာရော၊ ဆေးရုံပေါ်က တခြားလူနာများရဲ့ ရှေ့မှာရော ကိုယ်တိုင်ပြတ်ပြတ်သားသား ပြောတာက တဆင့်ခံပြောရင် အပိုအလိုတွေ ရှိကုန်မှာစိုးလို့ပါ။ နောက်ကျမှ နားလည်မှုတွေ လွဲသွားတာလည်း မဖြစ်ချင်ဘူး။ သူ့အခြေအနေ ကိုယ့်အခြေအနေကို ကွဲကွဲပြားပြား ခွဲခွဲခြားခြားပဲ။
အခု လောလောဆယ်ပဲ ကိုယ့်ဆေးရုံပေါ်မှာ severe pancreatitis နဲ့ renal function မကောင်း၊ ARDS ဝင်နေတဲ့လူနာ ၂ ယောက်ရှိပါတယ်။ Critical hypoxia with shock က တစ်ယောက် ရှိတယ်။ underlying cause တောင် ရှာလို့ မရသေးဘူး။ Uncontrolled Diabetes လူနာ ၂ ယောက်၊ Paraplegia d/t PID က တစ်ယောက်၊ ဟိုတလောက သေပြီလို့ အောင့်မေ့ထားတဲ့ intracranial h’ge လူနာကတစ်ယောက်။ အဲ့ဒါ တောထဲက ဆေးရုံတဲ့လားဗျာ။ သေရချည်ရဲ့။
SpO2 60-70 လောက်ပဲ ရှိတဲ့ လူနာတစ်ယောက်ကို နေ့ရောညရော အောက်ဆီဂျင်ပေးထားရင် ဆလင်ဒါ နှစ်လုံးလောက်တော့ အသာလေး ကုန်တယ်ဗျ။ ဒါတောင် မီးစက်နှိုးပြီး Oxygen concentrator နဲ့ ခုရတာ။ အခု ၃ ယောက်လောက်ရှူတော့ မနေ့ကဆို ၆ လုံးကုန်တယ်ဗျ။ အဲ့ဒါကြီးတွေ သွားလိုက်ပြန်လိုက် မြို့ကိုတက်တက်ဖြည့်ရတာ ပိုက်ဆံကလည်းကုန်၊ အဖမ်းအဆီးအန္တရာယ်ကလည်းများ။ အသွားအပြန် တစ်ပါတ်လောက်လည်း ကြာတယ်။ ဒါတောင် ဆေးရုံမှာ ဆလင်ဒါ အလုံး ၃၀ လောက် ရအောင် စုထားတာနော်။ မြို့ပေါ်ကလူနာ တောထဲမှာ အောက်ဆီဂျင်လာရှူရတယ်ဆိုတာ ဖြစ်သင့်သလား။ ခဏခဏ အဖြည့်လွှတ်ရတော့ ကားသမားတွေကလည်း တစ်ကြောင်းပို့ရင် ကားခ ၅ သောင်းတောင်းတယ်ဗျ။ အသွားအပြန်ဆို တစ်သိန်း။ စက်ရုံကလည်း အလကားမဖြည့်ပေးတော့ဘူး။ လူနာတစ်ယောက် ၂ အိုးနှုန်းနဲ့ ဆယ်ရက်လောက်များ ရှူသွားရင် ကိုယ့်မှာ သေချင်စော်ကို နံရော။ နောက်ဆုံးတော့ ပိုက်ဆံမကုန်ပဲ သယ်နိုင်ပို့နိုင်အောင် ကြံရဖန်ရတယ်ဗျ။ ဘယ်လိုနည်းလဲတော့ မပြောပြဘူး။ သိရင် လိုက်ပိတ်နေမှာ။
လေဖိုးတင် အဲ့လောက်ဈေးကြီးတာ။ ဆေးဖိုးများဆို ကြောက်ခမန်းလိလိပေါ့။ ဆေးရုံပေါ်တက်နေတဲ့ လူနာတော်တော်များများဟာ အချစ်နဲ့ရော စစ်နဲ့ရော ကင်းချင်ကင်းမယ်။ Drip နဲ့တော့ မကင်းနိုင်ဘူး။ တော်တော်များများက drip တန်းလန်းနဲ့။ ဆယ်ဇင်းမှာ ကိုဗစ်စင်တာဖွင့်တုန်းက drip တစ်လုံးကို ၅၀၀ ဝန်းကျင်လောက်ပဲပေးရတာ အခု ၃၅၀၀-၄၀၀၀ တဲ့ဗျ။ သယ်ခက တစ်ဖာကို ၅၀၀၀ ပေးရသေးတာ။ drip ၄ မျိုးရှိတာ အလုံး ၁၀၀ စီ မှာထားရင် တစ်လပြည့်အောင် အသုံးမခံဘူး။ ဒါလည်း ရေဖိုးပဲရှိတယ် သဘောထား။
ဆေးတွေသယ်တာပို့တာ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ရှိပေမယ့်လည်း စုပေါင်းစစ်ဆေးရေးဂိတ်မှာ ဆေးဗိုလ်ကြီးတွေ လာထိုင်တဲ့ အလှည့်နဲ့တိုးရင် မလွတ်ဘူးဗျ။ သူတို့က မြွေမြွေချင်း ခြေမြင်တယ်။ ဘာဆေးဘယ်လောက်တန်သလဲလည်း သိတယ်။ သူတို့လက်ထဲမိရင် လူတောင် ရှိခိုးဦးတင် အဖမ်းမခံရအောင်ရုန်းပြီး ပစ္စည်းတွေထားခဲ့ရတယ်။ ခံဝန်ထိုးပြီး black list ထဲလည်း ထည့်တယ်။ သယ်ချင် ဘိန်းသယ်လေ။ ဆေးတော့ မသယ်နဲ့။ ထောင်ကျတတ်တယ်။ အခုဆိုရင်တော့ စုဆောင်းရေးထဲထည့်မှာပေါ့။ ဒီအခြေအနေမျိုးမှာ ကျောက်ကပ်မကောင်းသော ဆီးချိုလူနာ ဆိုးဆိုးရွားရွားတွေ တင်ကုနေရတာ ၃ ယောက်ရှိတယ်။ Soluble insulin က မြစ်ကြီးနားလည်း မှာမရ၊ မိုးညှင်းလည်း မှာမရ။ အင်မတန်ဈေးကြီးတဲ့ ဆီးချိုဆေးတွေ ဒီမှာပဲ မပြတ်ရတယ်၊ အလကားရတယ်ဆိုတော့ ဖောက်သည်လူနာတွေက ဘယ်ကိုမှ မပြေးကြတော့ဘူး။ မလာပဲပျောက်သွားပြီး သတိလစ် အမောဖောက်တော့မှ ရောက်လာမှာစိုးလို့ ကိုယ်တို့ကတောင် သတိတရနဲ့ လိုက်လိုက်ခေါ်နေရတယ်။ အေးပါ။ ငါတို့ဆေးရုံ မရှိတော့တဲ့တစ်နေ့ သူတို့ ကောင်းကောင်းကြီး ဒုက္ခရောက်ကြမှာပေါ့။
တကယ်ဆို ကိုယ်နဲ့ သွေးလည်းမတော် သားလည်းမစပ်၊ မြင်တောင်မမြင်ဖူးတဲ့သူတွေကို ဘာလို့ အဲ့သလောက် လိုက်လုပ်ပေးနေရသလဲ။ အဲ့ဒါကတော့ ကိုယ့်လူနာဖြစ်သွားပြီမို့ ကိုယ်တတ်နိုင်သလောက် လိုက်လုပ်ပေးနေရတာပါပဲ။ ကိုယ်က ကုလိုက်တယ်။ မသေပဲ ရှင်လာတယ်။ နောက်တစ်ခါပြန်ဖြစ်လာပြီး သေသွားမှာကို မလိုလားဘူး။ အဲ့ဒါကြောင့် မဏိစန္ဒာဆိုလည်း ၂ လ တစ်ခါ ပြန်ပြန်ခေါ်ပြီး ဆေးတွေပေးနေတုန်းပဲ။ Lymphoma နဲ့ ကလေးလေးဆိုလည်း ကောင်းလို့ အိမ်ပြန်ပေးဆင်းပြီးမှ ပြန်ဖောက်လာလို့ ဆေးရုံပြန်တင်ပြီး ဆေးပြန်ကုပေးနေရတုန်းပဲ။ သွေးဖောက်ဖို့ ပိုက်ဆံမရှိလည်း စိုက်ရတယ်။ Chemo လိုက်ဖို့ ပိုက်ဆံမရှိလည်း လိုက်ဝယ်ရမှာရတယ်။ Chemo ကြောင့် ရိုးတွင်းခြင်ဆီ ခန်းမှာစိုးရင်လည်း အခု GM-CSF တွေ မှာပေးရဦးမယ်။ ရန်ကုန်မှာတောင် ဝယ်မရတဲ့ဆေးတွေကိုလေ။
ကံကောင်းလွန်းအားကြီးလို့လား မသိဘူး။ အခုပြောနေတဲ့ လူနာတွေ တစ်ယောက်မှ မသေပါဘူး။ အကုန်လုံး ပြန်ကောင်းလာကြပါတယ်။ သို့သော် ဒါမျိုးလူနာတွေချည့် ထပ်ရောက်လာရင်တော့ ကိုယ်သေသွားလိမ့်မယ် ထင်ပါရဲ့။ လူတကာ့အပူ ကိုယ့်အပူ လုပ်နေရတယ်။ လာတုန်းကဖုတ်လှိုက်ဖုတ်လှိုက်ပေမယ့် ၂ ရက် ၃ ရက်နေလို့ မျက်လုံးလေးတွေ အရောင်ပြန်တောက်လာရင် ကိုယ်တို့မှာ စိတ်ဆိုးလည်းပြေ၊ အမောလည်းပြေလို့။ နောက်ထပ် ထပ်ရောက်လာရင်သာ စိတ်ကတိုရတာ။ ခုထက်ထိတော့ သည်းခံနိုင်တဲ့အတိုင်းအတာ ကုန်ဆုံးပြီလို့ မဆိုနိုင်သေးဘူး။ သို့သော် ဒီ့ထက်တော့ လွန်မလာနဲ့နော် လို့ ကြိုအော်ထားရတာ။
“သည်းမခံနိုင်တော့ မင်းက ဘာလုပ်ချင်လို့လဲ။” ဆိုရင် “ဟုတ်ကဲ့။ သည်းမခံနိုင်တဲ့အဆုံးမှာ အဲ့ဒီလူကိုဥပေက္ခာပြုပါတယ်။ မခေါ်မပြောတာ မဟုတ်ဘူး။ ခေါင်းထဲမှာကို မထားတော့တာ။ ဒါနဲ့မှ မရသေးပဲ သိပ်ကို အဆိပ်အတောက်ဖြစ်၊ အန္တရာယ် ဖြစ်လွန်းရင်တော့ ရှင်းပစ်ပါတယ်။ ဆရာဝန်ဆိုတာ သူများအသက်ကို မသတ်ရဘူးဆိုပေမယ့် ဆရာဝန် နဲ့ လူနာ အဖြစ် မဟုတ်ပဲ ရှေ့တန်းမှာ ရန်သူအဖြစ်တွေ့ရင် လက်နှေးမှာ မဟုတ်ပါဘူး။ လူပုံကိုကြည့်ပြီး ပျော့စိစိမှတ်ရင်တော့ ဂိဖို့သာပြင်ထား။ “ဒေါက်တာကြီးက သဘောကောင်း မှာပါလေ။” လို့ လာမလုပ်နဲ့။ ငါသဘောကောင်းရမယ့် အထဲမှာ မင်းမပါဘူး။ ဒိုးလိုက်တော့။ ပြတ်ရမယ့်နေရာတွေမှာ အကုန်ပြတ်သားပါတယ်။ ကိုယ့်ရဲ့ သည်းခံနိုင်စွမ်း နယ်ပယ်ရဲ့ ဟိုဘက်မှာ ဘာရှိသလဲ သိချင်ရင် သွားကြည့်လိုက်ပါ။ လက်တွေ့သိရပါလိမ့်မယ်။ အယ်လယ်။ လေသံကိုက ယုန်လေး၊ မြင့်မြတ်၊ ဒိန်းဒေါင်နဲ့ လှိုင်သာယာကား ရိုက်လို့ရနေပြီ။
ဒီတော်လှန်ရေးမှာ ဘာဖြစ်လို့ ဒီကနေ့ထိ အသက်ရော ဘဝရောစွန့်ပြီး ခြေစုံပစ်ဝင်လာသလဲ ဆိုရင် ဒီစစ်အစိုးရအပေါ်မှာ သည်းခံနိုင်စွမ်း ကုန်ဆုံးသွားလို့ပါ။ သူများတွေ တစ်ယောက်မှ ကိုယ့်ဘက်မပါတောင် ကိုယ်တစ်ယောက်တည်း ကိုယ့်သဘောနဲ့ကိုယ် အဆုံးထိဆက်တိုက်ပါမယ်။ သူ့အောက်မှာတော့ အသက်ဆက်မရှင်ချင်ပါဘူး။ ဒါပေမယ့် ကိုယ်နဲ့အတူ ဆန္ဒသဘောထားတူညီတဲ့ မြန်မာနိုင်ငံသား ပြည်သူလူထုက သန်း ၅၀ ကျော် ရှိနေရင်တော့ အသက်ဆက်မရှင်သင့်တဲ့သူက ကိုယ် မဟုတ်ပဲ သူတို့ ဖြစ်ရပါမယ်။ ဒါ အရှင်းဆုံး ပြောတာ။ ကိုယ်က အပြောသမား မဟုတ်ဘူး။ မဖြစ်ဖြစ်အောင် လုပ်တဲ့ လက်တွေ့သမား။ ရလဒ်နဲ့ပဲ သက်သေပြမယ်။ ဒီလိုအချိန်မျိုး ဒီလောက်အလုပ်များနေတဲ့ကြားကမှ စာတွေကို ဟောတစ်ပုဒ် ဟောတစ်ပုဒ် အပတ်တကုပ် ရေးသားနေတာ ဘာကြောင့်လို့ ထင်သလဲ။ ကိုယ်လို အတွေးအမြင်မျိုး လူ့အသိုင်းအဝိုင်းမှာ ထင်ဟပ်ပြန့်ပွါးလာစေဖို့အတွက်ပဲ။ ဟိုဆေးရီဇော်တုန်းကလိုပဲ။ သူ ဒီစာအုပ်တွေ ရေးပြီးလို့မှ သူ့နိုင်ငံ လွတ်လပ်ရေးမရရင် သတ်သေပစ်မယ်တဲ့။ ကိုယ်လည်း ဒီတော်လှန်ရေးကြီး မပြီးမချင်း ဒီစာတွေ ဆက်ရေးနေမယ်။ အောင်ကိုအောင်ရမယ်။ မအောင်မချင်း အသေခံတိုက်မှာ။ ဒါကြောင့်မို့လို့ စာရေးတဲ့အလုပ်ကိုလည်း ပေါ့ပေါ့တန်တန် သဘောမထားဘူး။ ရေးသမျှအပုဒ်တိုင်းကို အစွမ်းကုန် အားထုတ်ပြီးရေးတယ်။ အတွေးရော အရေးရော လျော့သွားတယ်ဆိုတာ မရှိစေရဘူး။ ကြိုက်စေချင်လို့ ရေးတာ မဟုတ်ဘူး။ မိုက်စေချင်လို့ ရေးတာ။ ကိုယ်လိုမျိုး မိုက်မိုက်ကန်းကန်း စွန့်စားမယ့်သူတွေ ထွက်လာစေချင်တယ်။ လူလိမ်မာတွေချည့်ပဲဆို ဘယ်တော့မှ သူတို့လက်က လွတ်မှာ မဟုတ်ဘူး။ ဘယ်ထိအောင် ဆက်သည်းညည်းခံကြမှာလဲ။ သည်းမခံနိုင်တဲ့အဆုံးမှာ ဘာဆက်လုပ်ကြမလဲ။ ကိုယ့်ဘာသာကိုယ် စဉ်းစားထားရမယ် မဟုတ်လား။ တချို့လူတွေက မေ့တတ်တာလား၊ ခွင့်လွှတ်နိုင်လွန်းတာလား မသိပါဘူး။ စဝ်ရွှေသိုက်ကြီးရဲ့သား ဟန်ညောင်ဝေ၊ ကျိုင်းတုံစော်ဘွားသမီး ဒေါ်ရင်ရင်နွယ်၊ ဦးကျော်ငြိမ်းရဲ့သား ဘိုဘိုကျော်ငြိမ်း၊ ဗိုလ်ချုပ်အောင်ဆန်းရဲ့သား အောင်ဆန်းဦး။ ဒီလူကြီးတွေ စစ်တပ်အလိုကျ ကပြအသုံးတော်ခံနိုင်စွမ်းကိုဖြင့် အံ့ဩလို့ကို မဆုံးပါဘူး။ သေသွားတဲ့ သူတို့အဖေတွေကို မေ့သွားလို့တော့ မဖြစ်နိုင်။ ခန္တီပါရမီ အားကြီးလွန်းလို့ ဖြစ်ပါလိမ့်မယ်။ ဘယ်သူ့ကို ဧတဒဂ် ပေးရမှန်းတောင် မသိ။ မေးပေးကြပါဦး။