ချန်ဂင်တို့စခန်း (၂၃၇)

“အန္တရာယ်တွေ ကြုံလာရင်

မီးကပြတ်လို့သွား။

အိုက်စ် အိုက်စ်။

အိမ်ပေါ်ဝင်ကာ ရှာဖွေလာရင်

ဝမ်းလျားမှောက်လို့ထား။

အားစ် အားစ်။

လူငယ်လူရွယ် ဆင်ဂယ်ဆိုရင်

လာပါဒီကို ကားထဲဝင်။

အင်ဂျင်နီယာ၊ ဆရာဝန်ဆိုရင်

ပညာသည်လိုတယ် သွားစို့အရင်

အခုဝင်။ လာ။

ရှေ့တန်းသွားမယ်ပြင်။

မင်း ကျောင်းတက်ရင်

အလုပ်အကိုင် ရှိခဲ့ရင်

မင်းမိသားစု တနေရာရာမှာ

အရေးပါမှန်းသိရင်

မင်းကငါ့ရဲ့ ကမ္ဘာကြီး

မန်းနီးလုပ်စက်၊ အိပ်မက်သခင်

အို ဝိုး …… အိုဝိုဝိုးဝိုး အို့ဝိုဝိုး။

ကြင်နာသူအတွက်

ကိုယ်ရံတော်တစ်ယောက်လို

အချိန်နာရီတိုင်း

အတူနေပါ အမြဲလို… အမြဲတမ်း

မင်း အနားရှိရင်

ကြောက်စိတ်များကင်းစင်

မိုးထက်ကကြယ်စင်

ဒရုန်းနဲ့မိုင်း ကင်းစင်

မင်းကငါ့ရဲ့အကာအဆီး

မင်းကငါ့အတွက် သေပွဲဝင်

အူ ဝူး….။ အိုဝို ဝိုးဝိုး အူးဟူဟူး။”

တခါတခါမှာ စိတ်တွေညစ်လာရင် အဲ့လိုပဲ ပေါက်ကရတွေဆိုပြီး ထကပလိုက်ချင်ပါတယ်။ ပလပ်ကျွတ်တယ် ပြောရမှာပေါ့။ ရူးနေပြီလား မေးရင် အဲ့ဒီခဏတော့ ရူးနေတယ် ဖြေရမှာပဲ။ စိတ်ကို မထိန်းနိုင်တော့ဘူး။ လွှတ်ပေးလိုက်တယ်။ စိတ်ထဲမှာ တင်းကြပ်နေတာတွေ လျော့သွားဖို့။ ကိုယ်တို့မှာ ဘားတွေ ကလပ်တွေလည်း မသွားနိုင်။ spa တွေ massage တွေလည်း မဝင်နိုင်။ သူများတင်တဲ့ အစားအသောက် ဗီဒီယိုဖိုင်တွေကို ပါးစပ်ထဲမှာ အရသာပေါ်လာတဲ့အထိ ထိုင်ကြည့်နေရတဲ့ ဘဝ။ တစ်နေ့လာလည်း လူနာ။ တစ်နေ့လာလည်း လူနာ။ လျှော့ကြိုးကုန်ချိန်များ ရောက်နေပလား မပြောတတ်။ အခုတော့ ကိုယ့်ထက် ဒုက္ခကြီးတဲ့ မြို့ပေါ်က ကလေးတွေအတွက် ရင်မအေးနိုင်တော့ နားထဲက သီချင်းလည်း သူကြားချင်တဲ့အတိုင်း ကြားတော့တာပဲ။ ရယ်တော့ရယ်မိတယ်။ လှောင်ရယ်တော့ မဟုတ်ပါဘူး။ ရင်ကွဲတဲ့ရယ်သံပါ။ ဂျိုကာကြီး ကသလိုကို ကပလိုက်ချင်တာ တကယ်။

မြို့ပြမှာနေတဲ့ကလေးတွေရဲ့ မလုံခြုံတဲ့ ဘဝကို ကိုယ်ချင်းမစာနိုင်ပဲ ဘယ်နေမလဲ။ အဲ့ဒီဒဏ်တွေ မခံနိုင်လို့ ကိုယ်ကိုယ်တိုင် တောထဲရောက်ခဲ့တာ မဟုတ်လား။ ညဘက်ညဘက်တွေ အိမ်ရှေ့က စစ်ကားဖြတ်သွားရင် မီးတွေအကုန်မှိတ်ပြီး ချောင်းကြည့်၊ နောက်ဖေးကပြေးဖို့ ပြင်ထားရတဲ့ဘဝ။ အိမ်အပြင်မှာ တံခါးလာခေါက်ရင် ဖွင့်ပေးဖို့နေနေသာသာ အသံတောင် မထွက်အောင် ပုန်းနေရတဲ့ဘဝ။ ကိုယ့်အိမ်၊ ကိုယ့်မိဘအိမ်တောင် လူမြင်သူမြင် ဝင်လို့ထွက်လို့မရတဲ့ ဘဝ။ လမ်းမှာ ကားမောင်းရင် ကိုက် ၁၀၀-၂၀၀ ကျော်ကို မြင်အောင်လှမ်းကြည့်ထားပြီး ရပ်ထားတဲ့ စစ်ကားတွေ့ရင် ချက်ချင်းပြန်ကွေ့ဖို့ သတိကပ်ထားရတဲ့ဘဝ။ ဘာအပြစ်မှ မကျူးလွန်ထားပဲ ရာဇဝတ်သားတစ်ယောက်လို ဝရမ်းပြေးတစ်ကောင်လို ရဲမြင် စစ်သားမြင်တိုင်း အထိတ်ထိတ်အလန့်လန့်ဖြစ်နေရတာ သူတို့က ဘယ်လို အတန်းအစားမို့လဲ။ ကိုယ်ကရော ဘယ်လို အတန်းအစားမို့လို့လဲ။ ရာရာသသ။ “နင်က လက် ၃ ချောင်းထောင်တာကိုး။ ဆန္ဒပြပွဲတွေ လိုက်တာကိုး။ CDM လုပ်တာကိုး။” လို့တော့ လာမပြောပါနဲ့။ အဲ့ဒါတွေ တစ်ခုမှ မလုပ်တဲ့ Non CDM စစ်စစ်ကြီးတွေတောင် ထောင်ထဲဝင်ရတာ ကိုယ်နဲ့သိတဲ့ အရင်းအချာတွေ အများကြီး။ ဘာလက်နက်မှ မရှိတဲ့ ဆရာဝန်အိမ်ကို ဘိန်းဘုရင်အိမ်ဝင်စီးသလိုစီးပြီး တစ်အိမ်လုံး ဖျက်ဆီးယူငင်၊ အိမ်ရှိလူကုန် လမ်းထွက် ဝမ်းလျားမှောက်ခိုင်းထား၊ သားပျိုသမီးပျိုတွေကို မိဘမျက်စိအောက်တင် စော်ကားတယ်ဆိုတာ ရုပ်ရှင်ထဲပြလို့တောင် ယုတ္တိမတန်ပါဘူး။ အပြင်မှာ ကိုယ်တွေ့ကြုံရလို့သာ ရင်နာရတာ။ အာဏာသိမ်းပြီးကတည်းက ထောင်ထဲက ရာဇဝတ်သားတွေ အကုန်လွှတ်ပေးပြီး အပြစ်မရှိတဲ့ ပြည်သူတွေကို တပ်ချင်တဲ့ပုဒ်မတပ်ပြီး ချချင်တဲ့ ပြစ်ဒဏ်ချတာ။ “ကမ္ဘာပေါ်မှာ ဘုရားဆိုတာ တကယ်မရှိပါလား။ ရှိရင် ဒီအတိုင်း ကြည့်နေတာမို့ မကိုးကွယ်တော့ဘူး။” လို့ စိတ်ထဲမှာ ခံစားမိတဲ့အထိပါပဲ။

ကိုယ်ကိုယ်တိုင် အဲ့ဒီခံစားချက်တွေနဲ့ ဒီနယ်ထဲရောက်လာတာမို့ အခု ကိုယ့်သားသမီးအရွယ် လူငယ်ကလေးတွေ ကိုယ့်လိုမျိုး ခံစားရတာမြင်ရင် သိပ်အသည်းနာပါတယ်။ ရန်ကုန်မှာကျန်ရစ်ခဲ့တဲ့ ကိုယ့်အမေတွေ မိသားစုတွေလည်း အဲ့သလိုပဲ ခံစားရတာပဲ။ ဘာအပြစ်မှမရှိတဲ့လူတွေက စစ်သား ရဲသားမြင်ရင် သည်းထိပ်ရင်ဖို ကြောက်နေရတာ။ သူတို့က တမင်ကို အဲ့ဒီလို မဖြစ်ဖြစ်အောင် စိတ်ဓါတ်ရေးရာအရ ချိုးနှိမ်ထားတာလေ။ သွားရင်းလာရင်း ကားအတားခံရလို့ နှမ်းစေ့တစ်စေ့စာတောင် အပြစ်ရှာမရသည့်တိုင် “လက်ဘက်ရည်ဖိုးကလေးတော့ ပေးခဲ့ဦးမှပေါ့လေ။” လို့ အောင်ခိုင်၊ နိုင်လူ၊ စိုင်းအောင်တင့်အသံကြီးနဲ့ ဗက်ဟက်ဟက် လာလုပ်လည်း “ယူပါ ရော့ပါ အင့်ပါ။” ပေးခဲ့ရတာပဲ။ သူများလက်ထဲမှာ သေနတ်မြင်တာနဲ့ ကိုယ့်အိပ်ထဲက ပိုက်ဆဲ အသင့်ထုတ်ထားရတဲ့ဘဝ။ လက်တို့တောင်းရင် ရှက်ဖို့ကောင်းတယ်တဲ့။ စိုက်ကြည့်လိုက်ရင် အလိုက်သိရတာ။ အဲ့ဒါ ရန်ကုန် life style ပဲ။ ဘားသွား ကလပ်တက်၊ မာဆပ်၊ ကာရာအိုကေ ဝင်နေကျလူတွေက သူတို့နဲ့ သူတို့အသိုင်းအဝိုင်းတွေချည့်သာမှတ်။ အာဏာသိမ်းလိုက်မှ အရမ်းကို ပိုက်ဆံရှာလို့ ကောင်းနေတဲ့သူတွေ။ ဝံပုလွေ မြေခွေးတွေကို ရှေ့ကတင်ပြီး နောက်မှာ ခွေးအတစ်သိုက်က အမဲဝင်ဖျက်နေတာ။

အဲ့ဒီလူတွေရဲ့ဒဏ်ကို ၃ နှစ်လုံးလုံး အံကြိတ်ခါးဆီး ခံလာခဲ့ရတာ။ အခုမှ သူတို့ဘက်က ဝဋ်ကလေးတွေ စလည်တာကို။ စစ်သားသေသေ၊ ရဲသားသေသေ၊ အုပ်ကြီးသေသ၊ ဖွတ်မသေသေ။ သေချင်သလောက်သေ။ ကြားလို့မြင်လို့ကို မတင်းတိမ်နိုင်ဘူး။ ဝမ်းသာလိုက်တာ မပြောပါနဲ့။ “ပျူထီး။ ပျူမ။ ပျူနှစ်ကောင်။ အွင့် အွင့်” ဆို ထတောင် ကလိုက်ချင်သေး။ တစ်စေ့ငယ်မှ နှစ်စေ့၊ သုံးစေ့ငယ်မှ တစ်ခွေ။ ဗိုလ်ချုပ်၊ ရဲချုပ်တွေ ပါလာပြီဆို အိပ်လို့တောင် မပျော်ဘူး။ ပီတိတွေကိုဖြာလို့။ တကယ်ပါ အဟုတ်ပါ။ ရှေ့လျှောက်လည်း သေကြဦးမှာပါ။ သူတို့တင်မက သူတို့လက်ကိုင်တုတ်လုပ်ပြီး စစ်အုပ်ချုပ်ရေးယန္တရားကို တွန်းလှည့်နေတဲ့သူတွေလည်း အကုန်သေမှာ။ မယုံစောင့်ကြည့်။ ပြေးတဲ့ရှောင်တဲ့ အလှည့် မဟုတ်တော့ဘူးလေ။ ထိုးစစ်ဆင်တဲ့အချိန်ရောက်လာပြီ။ ဟိုဘက်တရပ်ကွက်လုံး ဖျာတန်းမီးလောင်နေတာ သပိတ်တောင် မသွပ်နိုင်။

ကိုယ့်တုန်းကတော့ ရန်ကုန်မှာ မလုံခြုံတဲ့အခါ ခဏတဖြုတ်တော့ နယ်ကိုထွက်ရှောင်တယ်။ နယ်မှာ တစ်လကိုးသီတင်းကြာတဲ့အခါ ရန်ကုန်ပြန်ပြီး အခြေအနေကြည့်တယ်။ ဟန်ပုံမရတော့မှ အပြီးထွက်မယ် စဉ်းစားတဲ့အခါမှာ ခဏတဖြုတ် အလည်အပတ်သဘော မဖြစ်နိုင်တော့ဘူး။ ဘယ်မှာနေပြီး ဘယ်လိုပိုက်ဆံရှာစားမလဲ ကိုပါ တွေးလာရတယ်။ သူများ အားကိုးလို့ မဖြစ်ဘူး။ ကိုယ့်အရည်အချင်းနဲ့ကိုယ် အသက်မွေးရတော့မယ်။ ဆေးကုတတ်တယ်။ ခွဲစိတ်တတ်တယ်။ တရုတ်စကား ထမင်းစား ရေသောက် နားလည်တယ်။ တရုတ်နယ်စပ်ကိုသွားရင် အဆင်ပြေနိုင်တယ်။ ဒါက ထွက်လာတုန်းက စဉ်းစားထားတဲ့ plan ။ သို့သော် ဘဝဆိုတာ “ကြံစည်တိုင်းလည်း ဖြစ်မလာဘူးလေ” ဆိုတဲ့ သဘောရှိတယ်။ အဲ့ဒီအခါကျတော့ ပေးထားချက်အသစ်တွေမှာ အကောင်းဆုံးအဖြေရှာပြီး ခရီးဆက်ခဲ့လို့ ဒီအခြေအနေကို ရောက်လာတယ်။ အခက်အခဲတွေ အများကြီးပဲ။ စိတ်ပင်ပန်းဆင်းရဲရတာလည်း အများကြီးပဲ။ စိန်ခေါ်မှုတွေကလည်း ခုထက်ထိကို မကုန်နိုင်သေးတာ။ ဒါပေမယ့် တစ်ခါမှ အရှုံးမပေးသေးဘူး။ ကလေးတွေကတော့ အခုမှ စရမှာ။ ခံနိုင်ရည် ရှိပါ့မလား စိုးရိမ်တယ်။ နိုင်ငံခြားထွက်လည်း ဒီ့ထက်တောင် ခက်ခဲချင် ခက်ခဲလိမ့်ဦးမယ်။ အဓိကက ဘယ်လိုအခြအနေနဲ့ ရင်ဆိုင်ရင်ဆိုင်၊ ကြံ့ကြံ့ခံ အနိုင်ယူတတ်ရမှာ။ လူ့ဘဝဆိုတာကတော့ ဘယ်သူမဆို ဒီလိုပဲ ရုန်းကန်ကြရတာပဲ။ လှိုင်းကြီး လှေအောက်၊ တောင်ကြီး ဖဝါးအောက်။

ဒါပေမယ့်လည်း အခုကလေးတွေရဲ့ ဒုက္ခဟာ ကိုယ်တွေတုန်းကလောက်တော့ မဆင်းရဲပါဘူး။ ဘားတိုက်တွေဆောက်ပြီးသား အိမ်သာကျင်းတွေ တူးပြီးသားပါ။ ရှေ့လူတွေ လုပ်သွားပြီးပြီလေ။ သူတို့တုန်းကဆို မြေတောင် ပြောင်အောင် မရှင်းရ မညှိရသေး။ ခံတုပ်ကျင်း တောင် ကိုယ့်ဘာသာ တူးထားရတာ။ ရှူးရှဲ နဲ့ နေခြည်ကို နတ်သုဒ္ဓာမှတ်နေရတာ။ တောထဲရောက်ဖို့ လူရုပ်မပေါက်အောင် ဝင်ယူရတာ။ အခု အဲ့လောက် မခက်တော့ဘူး။ ရန်ကုန်၊ မန်းလေး၊ နေပြည်တော်က ထွက်လိုက်ရင် လွတ်ပြီ၊ ကျွတ်ပြီ၊ ကတွတ်ပီပဲ။ ဂိတ်ကလေးတွေ ပတ်ကွင်းလာရင် အန္တရာယ်ကင်းပြီ။ သူတို့တောင် ရှေ့ကင်းနောက်ကင်း၊ jammer၊ ယာဉ်တန်းနဲ့ ထွက်ရဝင်ရတာ။ ဒီကိုရောက်နေတဲ့ ကလေးတိုင်းဟာ “ဖြစ်မှဖြစ်ပါ့မလား” ဆိုတဲ့ စိုးရိမ်စိတ်တွေကို အိမ်တံခါးဝမှာ ထားပစ်ခဲ့တဲ့သူတွေချည့်ပဲ။

တောထဲမှာ ကျားတွေ၊ ဆင်တွေ၊ သားရဲတိရိစ္ဆန်တွေက သိပ်ကြောက်စရာ မကောင်းပါဘူး။ လူတွေကသာ ကြောက်စရာကောင်းတာ။ လုယက်၊ သတ်၊ ဖြတ်၊ လိမ်ညာမယ့် လူဆိုးဓါးပြတွေ ပေါလွန်လွန်းလို့ ဘယ်သူ့ကိုမှ မယုံကြည်တဲ့စိတ် မွေးရတယ်။ အကုန်လုံးက တစိမ်းတရံစာချည့်ပဲ မဟုတ်လား။ ဒါပေမယ့် ယုံကြည်ရတဲ့ အဖော်ဆိုတာ လိုတယ်။ အချင်းချင် သစ္စာမဖောက်တဲ့သူပေါ့။ အရေးဆို ကျောချင်းကပ်ထားရမယ့်သူတွေလေ။ နောက်ကျောကို ဓါးနဲ့ထိုးရင် သေသွားမှာကိုး။ ဒါပေမယ့် ဒီအခြေအနေတွေက သတိထားဖို့ပဲ ပြောတာ။ ကြောက်ဖို့ မဟုတ်ဘူး။ ဒီလိုဟာတွေစဉ်းစားပြီး ထွက်မလာခဲ့ရင် ထောင်ထဲရောက်နေမှာ သေချာတယ်လေ။ အန္တရာယ်များတာ မှန်ပေမယ့် လွတ်မြောက်မယ့်လမ်းက ဒီဘက်မှာပဲ ရှိတယ်။ အဲ့ဒါကြောင့်မို့ စွန့်စားရတာ။

ဒီဟာကတော့ လူတစ်ယောက်ရဲ့ survival game လို့ပဲ ပြောရမှာပဲ။ ကိုယ့်ဦးနှောက်နဲ့ကိုယ် ချင့်ချိန်စဉ်းစားပေါ့။ ခေါင်းသုံးပါ ဆို ကျွမ်းချည့်လှိမ့်ထိုးနေတဲ့ တောသူမတစ်ယောက်ကတော့ အာဏာသိမ်းကာစက ငိုကြီးချက်မနဲ့ “နင်တို့က ဘာဖြစ်နေကြတာလဲ။ တစ်နှစ်ပြည့်ရင် အာဏာပြန်လွှဲပေးမယ် လို့ ပြောနေတဲ့ဟာကို။ တစ်နှစ်ဆိုတာ ခဏလေးရယ်။” လို့ ပြန်ပြီး ရန်တွေ့ဖူးတယ်။ အဲ့လိုဦးနှောက်မပါတဲ့သူတွေကို အုပ်ချုပ်ချင်လို့ မြန်မာလူငယ်တွေကို ပညာမတတ်အောင် ဖျက်စီးထားတာလေ။ ဒါမျိုးတွေ များများထွက်လာအောင် စုံညီပွဲတော်လုပ်ပြီး ကျောင်းအုပ်တွေကိုပါ နန့်ခိုင်းထားလေရဲ့။ နန့်လည်းနန့် ပိိန်းလည်းပိန်း နန့်စပိန်းမတွေ။ အဲ့လောက်ဉာဏ်ရည်နဲ့တော့ ဘယ်မှမလာနဲ့နော်။ ဗိုလ်ကတော်သာလုပ်။ ပေါင်းရလှ ခဏပေါ့။ မဲဖောက်ခံရမှာ မပူနဲ့။ နှိုက်စရာ လူမကျန်တော့ဘူး။

သူတို့ဘက်က အသေခံတိုက်ပြီး စစ်ရှုံးလို့ ဘင်္ဂလားနယ်ထဲပြေးဝင်သူတွေကိုတောင် စားရိတ်အကုန်ခံပြီး သွားမခေါ်ဘူး။ အထက်ကပေးတဲ့အမိန့်အရ လက်နက်ချပြီး သူတို့ဆီပြန်လာရင်လည်း သေဒဏ်ပေးပြန်တယ်။ ကမ်းကပ်ယာဉ်နဲ့ ဆုတ်ခွါလာရင်လည်း လုံခြုံရေးအစောင့်အရှောက်မပေး။ ကယ်ဆယ်ရေးဆိုတာ ဝေးရော။ တပ်ထဲမှာ စစ်သားကုန်တဲ့အခါ အတင်းအဓမ္မ စစ်သားစုဆောင်းပြီး သတ်ကွင်းထဲ တွန်းပို့တော့မယ်လေ။ လိုက်သွားမလား။ သေမှာပဲ။ သေချာပေါက်။ မလိုက်ဘူးလား။ သတ်ပစ်မှာနော်။ ဒါဆိုလည်း ဗကဘိုးဘိုးကြီးပြောသလို သေမှာချင်းအတူတူ ဘာလို့ခြေညောင်းခံမတုန်း။ စကစအောက်ကိုပါသွားရင် ဘယ်နည်းနဲ့မှ လွတ်လမ်းမရှိဘူး။ ထောင်ထဲဝင်ချင် ဝင်နေလိုက်။ ဒီကောင်တွေသေတော့ လွတ်လိမ့်မယ်။ သိပ်တော့မကြာလောက်ဘူး။ အမေစုတို့ ဦးဝင်းမြင့်တို့တောင် ထောင်ထဲနေတာ ၃ နှစ်ရှိပြီ။ သူတို့လောက်တော့ မကြာနိုင်ဘူး။ “လူဆိုတာဟာ တော်ရုံနဲ့ သေခဲ။ ကြာလာတော့လည်း ခံနိုင်ရည်နဲ့ ဝ။” တဲ့။

“NUG ဘာလုပ်နေသလဲ။ စာထုတ်ရုံနဲ့ ပြီးတော့မှာလား။ ကလေးတွေကို ဒီအတိုင်း ကြည့်နေသလား။” ဝါသနာပါရင် အော်လေ။ သေအောင်အော်။ ဖမ်းတဲ့လူကို မအော်ရဲတော့ ကန့်ကွက်တဲ့သူကို လက်ညှိုးထိုးပြီးတော့အော်။ ဦးဝင်းမြင့် နဲ့ ဒေါ်စုကိုတောင် လွတ်အောင် မကယ်နိုင်သေးတဲ့သူတွေကို မနေ့တနေ့ကမှ ထောင်စော်နံတဲ့ အမည်မသိတွေ မကယ်ရကောင်းလား အော်နေလည်း အပိုပဲ။ ကိုယ့်ကိုယ်ကိုယ် ကယ်ဖို့ မကြိုးစားတဲ့သူတွေကို ဘယ်သူကမှလည်း လာမကယ်ဘူး။ စစ်အစိုးရခေတ်မှာ လူဖြစ်လာပြီး အကင်းမပါးရင် မရှင် သန်နိုင်ဘူး။ ကိုယ့်တိုင်းပြည် နေရာအနှံ့မှာ ဘယ်လောက်တောင် ရက်ရက်စက်စက် သတ်ဖြတ်နေသလဲ နည်းနည်းလေးမှ မကြားမိမမြင်မိဘူးလား။ သူများတွေကို ဒီဘိုလုပ်နေကတည်းက ငါ့အလှည့်ကျ ဘယ်လိုလုပ်မလဲ စဉ်းစားထားရမှာ။ သူတို့သားသမီးတွေ အကုန်နိုင်ငံခြားပို့ထားတာ မသိဘူးလား။

ထွက်ပေါက်မရှိဘူး။ လွတ်လမ်း မရှိဘူး။ ရွေးစရာ အဖြေမရှိဘူး။ ဟုတ်လား။ ဒါဆိုရင် အဆိုးဆုံး ဘယ်အထိဖြစ်နိုင်သလဲ တွေးလိုက်။ သေတာထက်တော့ မဆိုးနိုင်ဘူးလေ။ အဲ့ဒါ အဆိုးဆုံးပဲ။ ဒါပေမယ့် ဘယ်လိုသေမလဲတော့ ရွေးလို့ရသေးတယ်။ စစ်ခွေးဘက်က သေမလား ပြည်သူဘက်က သေမလား။ အဲ့ဒီနေရာကို အရင်း လို့ ထားလိုက်။ အဲ့ဒီက ပိုတာကို အမြတ် လို့ သဘောထားရမယ်။ ကောင်းပြီ။ ရင်းထားပြီးသား ကိုယ့်အသက်ကနေ ဘယ်လောက်အထိ အမြတ်ထွက်အောင် ကြိုးစားနိုင်မှာလဲ။ အဲ့ဒါကတော့ ကိုယ့်အစွမ်းအစနဲ့ကိုယ်ပဲ။ ကိုယ့်ထက်အရင် တောထဲရောက်နေတဲ့သူတွေဟာ ပျော်လို့၊ သာယာလို့၊ အဖော်ကောင်းလို့ ရောက်နေတာ တစ်ယောက်မှ မရှိဘူး။ အကုန်လုံး အသက်နဲ့ရင်းပြီး အမြန်ပွဲပြီးအောင် တိုက်နေကြတယ်။ ကိုယ်သေသွားလည်း ကိုယ့်တိုင်းပြည်က လူငယ်တွေအတွက် အမြတ်ထွက်ကျန်ရစ်အောင် အသက် နဲ့ ဘဝ ကို စတေးကြတယ်။ စစ်ကောင်စီအနိုင်ကျင့်သမျှ ခေါင်းငုံ့ခံနေရတဲ့ဘဝဟာ သေရတာထက် နာကျည်းခါးသီးရလွန်းလို့ သေမှာကို ဘယ်သူမှ မကြောက်တော့တာပါ။ BDSM ကြိုက်တတ်တယ်ဆိုရင်လည်း သဘောပါလေ။