ချန်ဂင်တို့စခန်း (၂၃၃)

ဦးအောင်ဒင်က မမြဝင်းကို တောထဲဖမ်းခေါ်သွားတဲ့အခါ သူ့ခမျာ “တစ်နေ့တစ်နေ့နဲ့ တရွေ့ရွေ့ အချိန်တွေကုန်ပြီ” ဆို ငိုမဲ့မဲ့လေး သီချင်းဆိုရင်း လွမ်းနေတာ “ဆယ့်နှစ်လရာသီ” ပါတဲ့။ ကိုယ်တို့များဖြင့် တောထဲမှာ ဆေးရုံထောင်ထားတာတောင် ၂၆ လ ရှိနေပြီ။ မင်းမခယောက်ကျား လုပ်နေလျက်နဲ့ ပြည်တော်မပြန်နိုင်တဲ့ ဘဝ။ ဘယ်သူ့ကိုမှလည်း “မေ့ကာနေသလား ရက်စက်လေအား။” အပြစ်မတင်ပါဘူး။ ဘယ်သူမှ မခိုင်းပဲ ကိုယ့်အသိနဲ့ကိုယ် လုပ်နေတာမို့ မသိနိုင် မလုပ်နိုင် နေနိုင်လွန်းတဲ့သူတွေကို ကြေးနှိုင်းတွက်ကပ်နေစရာ အကြောင်းမရှိ။ သူတို့လုပ်တာ သူတို့သမိုင်း ကိုယ်လုပ်တာ ကိုယ့်သမိုင်း။ သူတို့ကလည်း “ဒီကောင်တွေ အ လို့ တောထဲရောက်နေတာ။” လို့ ထင်ကြမှာပဲ။ ကိုယ်တို့ကလည်း အဲ့ဒီလူတွေ လည်ပုံလည်နည်းမျိုးကို ရွံလွန်းလို့။ သူတိူ့မပါတာနဲ့ပဲ တော်လှန်ရေးကြီးက နှောင့်နှေးသွားစရာလား။ ”ကိုကိုကယ်ရင် လွတ်မြောက်ခွင့်ရမယ့် အဖြစ်ပါကွယ်။” ဆို လာမကယ်မချင်း ထိုင်စောင့်နေမှာလည်း မဟုတ်ဘူး။ ကယ်ခြင်းကယ် ကိုယ်တွေကသာ အဲ့ဒီ ရေပေါ်ဆီ လှေကြုံစီး အလှေးအဖျင်းတွေ လှပ်ထားရစ်ခဲ့တဲ့ အုတ်ချပ်တွေကို ဝင်ဖြည့်ပေးရင်း ကျွဲကူးရေပါ အပါခေါ်သွားရမှာ။ ဒီလူတွေဟာ တော်လှန်ရေးမှာ ဘယ်နေရာမှ အသုံးမဝင်သလို ဘာတန်ဖိုးမှလည်း မရှိပါဘူး။ အဲ့သလို တန်ဖိုးမဲ့သော ပဲ့ပြားပင်တွေကို စိတ်ထဲထားလို့ အလကား အာရုံနောက်ရုံပဲ ရှိလိမ့်မယ်။ စာထဲတောင် ထည့်မရေးချင်ဘူး။ အော့အော့တွေ။

တကယ်တမ်းကျတော့ အဲ့ဒီလူတွေကို အရေးတယူ ငြူစူနေလောက်အောင် အချိန်လည်း မပေါပါဘူး။ ရောက်ကာစတုန်းကလို တောင်တောရယ်က မသာသလို မြောက်တောမှာလည်း မသာယာနိုင်ဘူး။ ကိုယ့်နားဝန်းကျင်ဆိုတာ လူတစ်ခု ပူမှုရယ် ဆယ်ကုဋေ။ ဘယ်သူ့ကြည့်လိုက် ကြည့်လိုက် စစ်ရှောင်၊ စစ်ပြေး၊ စစ်ဘေးဒုက္ခသည်တွေချည့်။ ရွှေတွေကျောက်တွေ ထွက်သော်ငြားလည်း ရေလည်းမကြည် မြက်လည်းမနုတဲ့အရပ်။ ကိုယ်တို့တတွေ နေရပ်ကိုစွန့်ခွါပြီး ဒီကိုရောက်လာသလို သူတို့လည်းပဲ နေရင်းရပ်ရွာမှာ စစ်ခွေးတွေရဲ့ရန်ကြောင့် ဒီကိုပြေးလာကြရတာ။ ဒီမှာတစ်ခါ စစ်မီးတောက်ပြန်တော့ နောက်တစ်နေရာ ထပ်ပြေးပေါ့။ ဒီလိုပဲ ပြေးရင်းလွှားရင်း အိမ်ထောင်တွေကျကြ၊ ကလေးတွေမွေးကြ၊ မွေးလာတဲ့ကလေးလေးတွေ နေထိုင်မကောင်းတော့လည်း ကိုယ့်ဆီလာပြကြ။ အဲ့ဒါ ကိုယ်တို့ရဲ့ New normal life style ပဲ။ စာသင်ကျောင်းပေါ် လေယာဉ်နဲ့ ဗုံးကျဲလို့ပဲဖြစ်ဖြစ်၊ ရွာထဲကအိမ်ပေါ် လက်နက်ကြီးနဲ့ ထုလို့ပဲဖြစ်ဖြစ်၊ သေတဲ့လူက သေသွားလိမ့်မယ်။ မသေတဲ့သူတွေက ခဏတဖြုတ် လွတ်အောင်ရှောင်ပြီး အခြေအနေလေး ပြန်အေးသွားရင် ကိုယ်လုပ်စရာရှိတာ ကိုယ်ပြန်လုပ်ကြတာပဲ။ မေ့သွားလို့တော့ ဘယ်ဟုတ်မလဲ။ စိတိဒဏ်ရာတွေက မပျောက်နိုင်တော့ဘူး။ စစ်သားတွေမှာလည်း ဒီသောက်ကျင့်တွေက သေမှပဲ ပျောက်တော့မှာ။ နောင်တချိန် ဒီကောင်တွေ ကိုယ့်လက်ထဲရောက်လာလို့ကတော့ “ကြောက်ပါပြီဗျ။ ချမ်းသာပေးပါ။” ဆိုတိုင်း ယုံလို့ မရဘူး။ သန္ဓေယုတ်တဲ့ ဗီဇဆိုတာ သေရာပါတယ် လို့ သဘောထား။

ဒီလူတွေ ကြားထဲမှာနေ၊ ဒီလူတွေကို ဆေးကု၊ ဒီလူတွေနဲ့အတူတူ စစ်ဘေးဒုက္ခ ခံစားနေရတဲ့ ကိုယ်တို့အဖို့တော့ ဘယ်နှစ်ရက် ကုန်ပြီ၊ ဘယ်နှစ်လကုန်ပြီ၊ ဘယ်နှစ်နှစ်ကုန်ပြီရယ်လို့ လက်ချိုးရေဖို့ အချိန်မရှိပါဘူး။ ကုန်သွားတဲ့အချိန်တွေဟာ မြန်လွန်းလို့ မနည်း အမီလိုက်ရတယ်။ မမြဝင်းကမှ တောထဲမှာ ငှက်ဖျားဖြစ်တော့ ဗိုလ်အောင်ဒင် က မြို့တက်ပြီး ဆရာဝန်ခေါ်ရသေးတယ်။ ကိုယ်တို့အဖွဲ့က အခု တောထဲမှာ ငှက်ဖျားလူနာ ထောင်ကျော်အောင် ကုပြီးပြီ။ ကိုကိုချစ် လာအကယ် စောင့်စရာမလိုဘူး။ မြို့ပေါ်ကလူတွေတောင် ဆေးကုချင် တောထဲဆင်းလာရတာ။ ဒေသခံတွေချည့် ဆေးကုတာ မဟုတ်ဘူး။ မိုးညှင်းကလူတွေ၊ ဖားကန့်လူတွေ၊ ဒီမှာလာပြီး ခွဲတယ် ဆိုတဲ့ ဆေးရုံ။

အရင်တုန်းကစိတ်နဲ့ဆိုရင်တော့ စိတ်ဆိုးမှာပေါ့လေ။ ကိုယ်က တောထဲတောင်ထဲနေပြီး သူများတကာ မလိုချင်လို့၊ မလုပ်ချင်လို့၊ မလုပ်နိုင်လို့ ဘော်လီဘောပုတ်ထုတ်လိုက်တဲ့ အစုတ်ထုပ်၊ အရှုပ်ထုပ်ကြီးတွေ ဒိုင်ခံခွဲပြီး ချေးကျုံးရတယ်။ ပိုက်ဆံယူစရာ ရှိတော့ မျှော့သွေးစုပ်သလို တစ်ပြားမကျန် ခွါယူပြီး ငွေကုန်လူနာမကောင်းမှ ကိုယ့်တာဝန်ကိုယ်မယူပဲ ဒီဆေးရုံကို လွှတ်လိုက်တဲ့ဟာကိုး။ ဒါပေမယ့်လည်း ခုနောက်ပိုင်းတော့ စိတ်မဆိုးတော့ပါဘူး။ ဆာဂျင်ဘဝမှာ ကိုယ့်ပြဿနာကိုယ်ရှင်းနိုင်ဖို့ဆိုတာ တော်ရုံ အရည်အချင်းနဲ့ ရတာ မဟုတ်ဘူး။ အခုလို သူများပြဿနာ အရှုပ်အရှင်းတွေကိုပါ နိုင်နိုင်နင်းနင်း ဒိုင်ခံရှင်းနိုင်ဖို့ဆိုတာ ဆရာကြီးအဆင့် ရောက်နေလို့သာ စွမ်းနိုင်တာ။ သူများချိုင်ချလိုက်လို့ တစ်ပြားမှမကျန်တဲ့လူနာကို အခမဲ့အိပ်စိုက် ကုနိုင်ဖို့ဆိုတာကလည်း အသပြာမုဆိုးတွေထက် စွန့်နိုင်စွမ်းနိုင်လို့ ဒီချိန်ထိ ရပ်တည်နိုင်တာ။ အဲဒါကြောင့် ဘာမှ စိတ်ဆိုးစိတ်ကွက်စရာ မရှိ။ ကိုယ့် capacity နဲ့ ကိုယ်ပဲ။ လူနာအကြောင်းကလွဲလို့ တခြားအကြောင်းတွေ ခေါင်းထဲမထည့်။

ကိုယ်တို့အဖွဲ့ လမ်းပေါ်မှောက်လျက် အိပ်ခိုင်းတဲ့နေရာမှာ လက်နက်ကြီးမှန်တဲ့ လူနာတစ်ယောက် ရောက်လာသေးတယ်။ သူ့ကိုဆို ortho surgeon တစ်ယောက် အဝေးကခေါ်ပြီး ဆေးရုံမှာတင် External Fixator ထည့်ပေးလိုက်တယ်။ နောင်ကျရင်လည်း ဒီလိုပဲ ချိတ်ဆက်ခွဲစိတ်နိုင်အောင် ညှိနှိုင်းပြင်ဆင်ရတာပေါ့။ တောထဲမှာနေပေမယ့် “မသိဘူး။ မရှိဘူး။ ကုန်ပြီ။” ဆိုတဲ့စကား ဘယ်တုန်းကမှ မပြောခဲ့။ မသိသေးရင် သိအောင်လုပ်တယ်။ မရှိသေးရင် ရှိအောင်လုပ်တယ်။ ကုန်တတ်တဲ့ ပစ္စည်း မကုန်ခင် ပြန်ဖြည့်ထားတယ်။ “CDM လုပ်လိုက်ရင် လခမရပဲ ထမင်းငတ်သွားမှာပေါ့။” ဆိုတဲ့လူတွေ မကြံတတ် မတွေးတတ်တဲ့အလုပ်ကို ကိုယ်တွေ လက်တွေ့လုပ်ပြနေတာ။ နေ့တိုင်း အလုပ်လုပ်နေတယ် သိလား။ ဘယ်သူ့ကိုမှ သောက်ဖောင်းထုဖို့ သောက်ပြစ်ပြောဖို့ အချိန်မရဘူး။ ကိုယ့်အာရုံနဲ့ကိုယ်။

သို့သော်လည်း ရှိသမျှအလုပ်တွေ အကုန်ပစ်ထားပြီး စစ်သားမှန်သမျှ တွေ့ရာသင်္ချိုင်း ဓါးမဆိုင်း သုတ်သင်ချင်တဲ့ဆန္ဒတွေ ဖြစ်ပေါ်လာတာလည်း ကြိမ်ဖန်များစွာ ရှိပါတယ်။ ယောက်ကျားပီပီ စစ်သားစစ်သားချင်း ဓါးဓါးချင်း လှံလှံချင်း သတ္တိရှိရှိ စစ်တိုက်တာ မဟုတ်ပဲ အရပ်သားတွေ၊ သက်ကြီးရွယ်အို နဲ့ ကလေးသူငယ်တွေကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား တိုက်ခိုက်လာတဲ့အခါ ဒီစစ်ခွေးတွေကို အကြွင်းအကျန် ထားလို့ မဖြစ်ဘူးဆိုတာ ပြတ်ပြတ်သားသား နားလည်လာတယ်။ ဘယ်နေရာမှာမှ နိုင်အောင်မတိုက်နိုင်လို့ ပြေးရင်ပြေး၊ မပြေးရင် လက်နက်ချနေရတဲ့ စစ်သားတွေဟာ သူတို့ကို ပြန်မလုပ်နိုင်တဲ့ လက်နက်မဲ့ အရပ်သားပြည်သူတွေနဲ့တွေ့ရင် အင်မတန် လက်သံပြောင်တာ။ သူတို့အတွက်တော့ အမိန့်ပေးသောဖအေမှတပါး တနိုင်ငံလုံး ရန်သူပဲ။ ရက်ရက်စက်စက် နှိမ်နှင်းပြမှ ကြောက်လန့်ပြီး ငြိမ်ဝပ်ပိပြားသွားမှာ ဆိုတဲ့စိတ်က အရိုးစွဲနေပြီ။ စာသင်ကျောင်းတွေ ဆေးရုံတွေပါမကျန် မြေလှန်ပြီး ချေမှုန်းပြတယ်။ ဒီနေရာတွေက သူတို့ အမြဲ အထိုင်ချ တပ်စွဲတတ်တာလေ။ ဘယ်ရွာရောက်ရောက် ဘုန်းကြီးကျောင်း နဲ့ စာသင်ကျောင်းထဲ ဝင်နေရာယူနေကျ။ PDF တွေလည်း သူတို့လို လူသားဒိုင်းကာနဲ့ ခံတုပ်ကျင်းထဲ ရာဘအစိမျိုပြီး စစ်တိုက်တယ် ထင်နေတုန်း။

လူတွေက ကိုယ်ရေးတဲ့စာတွေကို သဘောကျလို့ ဖတ်ကြရှဲကြတယ်။ ရယ်ရလို့တဲ့။ ”ကိုကိုက ဟာသတွေ သိပ်ပြောတတ်တာပဲနော်။” ဆို ရယ်ချင်လည်း ရယ်လို့ရပါတယ်။ သို့ပေမယ့် ကိုယ်ပြောတဲ့ အကြောင်းအရာတွေက ရယ်စရာမပါတာ ဘယ်လိုလုပ်ရမလဲ။ မရယ်ရတဲ့ အကြောင်းအရာကိုမှ ရယ်ရယ်မောမော ဟာသနှောနေရတဲ့ ကိုယ်တို့ရဲ့ စရိုက်သဘာဝ။ လေယာဉ်ပျံတစ်စီး ပျက်ကျသွားပြန်ပြီတဲ့။ ဟ ဟာဟာဟ ရယ်လိုက်ကြ။ ပိုင်းလော့ပါ သေသွားတာဆိုပဲ။ ဘယ့်နှယ်ကြောင့် ငါ့ပါးစပ်ကြီး စေ့မရပါလိမ့်။ ဗိုလ်မှူးချုပ်အသစ်စက်စက်ကလေးပါ ပါတယ်လေ။ “လာနော်လာနော်။ ပျင်းသလားဟေ့နော်။ အတင်းသွားဖို့ခေါ်။ မင်းနှစ်ပါးရဲ့ ပွဲတော် ပွဲတော်။” ထတောင် ကလိုက်ချင်သေး။ ကိုယ့်အဖြစ် ကိုယ့်အပျက် ကိုယ့်အသက်ကိုတောင် ရယ်သွမ်းသွေးနိုင်မှတော့ အဲ့ဒီဘက်ကကောင်တွေ ကမ္ဘာပျက်နေတာ ပျော်စရာမကောင်းပဲ နေပါ့မလား။ ကိုယ့်ဘက်က ရဲဘော်လေးတွေ ကျတဲ့အခါတောင် စိတ်မကောင်းပေမယ့် မငိုနိုင်ပါဘူး။ အေး သားရီးတို့။ နားလိုက်ကြတော့။ မင်းတို့လည်း ပင်ပန်းနေပြီ။ ကျန်တာ ငါတို့ ဆက်တိုက်မှာပေါ့။ တစ်ယောက်တည်းကျန်လည်း အလံမလဲစေရ။ မင်းအောင်လှိုင်ကို သူ့အောက်ကလူတွေက သစ္စာဖောက်ချင်ဖောက်လိမ့်မယ်။ ကိုယ်တို့အချင်းချင်းကတော့ ဘယ်တော့မှ သစ္စာမဖောက်ဘူး။ စကတည်းက ထီးနန်းလုပ်ကြံဖို့ ထောင်ထားခြားနားတာ မဟုတ်။ တော်လှန်ရေးလမ်းဖောက်တာမို့ အသေရောက်ရောက် အရှင်ရောက်ရောက်၊ မရောက်မချင်းဖောက်မှာ။ ကိုယ်တို့အသက်က မသေခင်ကတည်းက စွန့်ထားပြီးသား။ သွေးနည်းရင် သွေးကြောင်ရင် ဒီနေရာ ရောက်မလာဘူး။ ရှင်းလား။

အာဏာရှင်တွေ ကြောက်ကန်ကန်ပြီး အထွက်ခတ်ခတ်တဲ့အခါ mortality တွေ၊ casually တွေက ရှောင်လွှဲလို့မရဘူး။ သူတို့ဘက်ကလည်း “မင်းတို့ လူတစ်သောင်း မသတ်ရပါဘူးကွာ။ ငြိမ်သွားမှာပါ။” လို့ ပါးစပ်ကတောင် ထုတ်ပြောခဲ့ဖူးတယ်။ ကိုယ်တို့ဘက်ကလည်း “ငါတို့ လူတစ်သိန်း အသေခံရတော့ရော ဘာဖြစ်သေးလဲ။ ကျန်ရစ်ခဲ့တဲ့သန်းငါးဆယ် လူလိုသူလို နေရတာပေါ့။” လို့ တွက်ကြတယ်။ မတူတာက သူတို့တွက်တဲ့ လူတစ်သောင်းထဲမှာ သူတို့ကိုယ်တိုင် မပါပေမယ့် ကိုယ်တို့တွက်တဲ့ လူတစ်သိန်းထဲမှာ ကိုယ့်အသက်ကိုယ် ထည့်တွက်ပြီးသား။ ဘာလုပ်မလဲ။ သူတို့အောက် အသက်ရှင်ရရင် လူလိုသူလို နေရမှာမှ မဟုတ်တာ။ ကိုယ်သေသွားလည်း ကျန်တဲ့သူတွေ လူလိုသူလို နေရတဲ့ ဘဝကို ရွေးမှာပေါ့။

ကိုယ်တို့အတွက်က တော်လှန်ရေးက ရပ်တံ့စရာ မရှိ။ နောက်ပြန်လှည့်စရာ မရှိ။ ကိုယ့်အလုပ်ကလေးကိုယ် အာရုံထား အလုပ်လုပ်နေရုံနဲ့ အချိန်တန်ရင် ပြီးသွားမှာ။ လူထုထောက်ခံမှုဆိုတာ ၂၀၂၁ ကလည်း ဒီအတိုင်းပဲ။ ၂၀၂၄ ကျလည်း လျော့မသွားပဲ ပိုတောင်တိုးလာသေးတယ်။ ဟိတ်ဆိုဟိတ် တိတ်ဆိုတိတ်။ မထွက်နဲ့ဆို ခွေးတစ်ကောင် ကြောင်တစ်မြီးမှကို မရှိ။ တပ်ထဲကလူတွေသာ ကိုယ့်အသက်၊ ကိုယ့်မိသားစုအသက်ကိုယ် ဘယ်လိုအလွတ်ရုန်းမလဲ စဉ်းစားရမယ့်အချိန်။ သူ့အမိန့်နဲ့ လက်နက်ချတဲ့ စစ်ဗိုလ်ချုပ်တွေကို သူကိုယ်တိုင် သေဒဏ်ပေးတဲ့ အာဏာရူးစစ်ခေါင်းဆောင်ဆီက ဘာတွေကို မျှော်လင့်အားကိုးနေကြသလဲ။ ပြည်သူကိုသတ်ရဲသလောက်မှ တပ်တွင်းတော်လှန်ရေး လုပ်ရဲတဲ့သတ္တိမရှိရင် ဘယ်ဘက်ကသတ်သတ် သေရတော့မှာ။ မြန်မြန်စဉ်းစားကြ။ အချိန်မရှိတော့ဘူး။

ဒီမောဆိုးမှာ ကလေးတွေရဲ့ စာသင်ကျောင်းပေါ် လေယာဉ်နဲ့ ဗုံးကျဲချလိုက်တော့ လွိုင်ကော်မှာ ပိတ်မိနေတဲ့ စစ်သည်စစ်သား မိသားစုတွေကို ကယ်တင်ရာရောက်သလား။ သေတွင်းထဲတွန်းပို့ရာရောက်သလား။ စဉ်းစားကြည့်ကြပေါ့ ဉာဏ်မီသလောက်။ သူတို့ဘက်က လက်လွှတ်ပြည်နယ်တွေ တနေ့တခြား များပြားလာတာ သိပ်မကြာခင် နေပြည်တော် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အထူးဒေသ သတ်မှတ်ပေးပါ လို့ လက်နက်ချတောင်းဆိုရတော့မယ်။ နေကြလေ။ ပျော်ပျော်ကြီးနေရစ်ကြ။ တပ်ထောက်ခံသူ ဘောမအပေါင်းတို့ကိုလည်း အဲ့ဒီမှာပဲ ခေါ်ထားလိုက်ကြ။ အိုင်တို့လည်း ပျော်တယ်။ အိုက်ကောင်တွေနဲ့ မနေချင်ဘူး။ ရွံလို့။ ပယ်ဆောက်ချိန် ကို လေယာဉ်ပေါ်တင်ပြီး ပြန်ပို့ပေးသလို “ကြင်စိုးတို့တစ်မိသားစုလုံး လက်ရဖမ်းပြီး ဆက်သပါတယ်။ ကိုးပြစ်ရှိလည်းကျေပါ။ ဆယ်ပြစ်ရှိလည်းကျေပါ။” ဝန်ချတောင်းပန်ကြဖို့ ဘယ်နှစ်ရက်ပဲ ကျန်တော့မလဲ။ အခုကစလို့ count down လုပ်ထားမယ်လေ။ ကြည့်ကြသေးတာပေါ့နော့။