ကလေးတွေ ဂိမ်းဆော့တဲ့အခါ လယ်ဗယ်တက်တက်လာရင် ပို၍ပို၍ အခက်အခဲတွေ ရင်ဆိုင်လာရသလိုပါပဲ။ ဘဝက ကိုယ့်ကိုစစ်တဲ့ စာမေးပွဲတွေဟာ အရင်ကနဲ့စာရင် ခက်သည်ထက် ခက်ခက်လာလို့ ဒီတစ်ခါတော့ဖြင့် “အား” ကနဲအော်ပြီး ထွက်ပြေးချင်စိတ်တောင် ပေါက်ပါတယ်။ တောထဲတောင်ထဲ အလွန်ခက်ခဲရှားပါးတဲ့အရပ်မှာ လိုတိုင်းတတိုင်း ရအောင် ရှာဖွေစုဆောင်းပြီး ဆေးကုနေတဲ့ကာလအတွင်း သတ္တိကိုလည်း စမ်းသပ်ပြီးပြီ။ သီလကိုလည်း စမ်းသပ်ပြီးပြီ။ ပညာကိုစမ်းနေတာလည်း မပြီးနိုင်မစီးနိုင်။ ဘယ်အထိအောင်များ တတ်ပြရဦးမှာပါလိမ့်။
သံလမ်းရိုးဘက်က ပြန်လာတဲ့အခါ ကိုယ့်ရဲ့ လုံခြုံရေးစည်းက ကျိုးပေါက်ခဲ့ပြီမို့ အရမ်းကို သတိဝီရိယထားပြီး စွန့်စွန့်စားစား ခရီးနှင်ရတယ်။ လူလည်း အရေခွံလဲရတယ်။ ယာဉ်လည်း အမျိုးမျိုးပြောင်းရတယ်။ အဖွဲ့လည်း အုပ်စုခွဲပြန်ရတယ်။ ဒီရပ်ဒီရွာမှာ ကိုယ့်ကို စွန့်စွန့်စားစား စောင့်ရှောက်ပို့ဆောင်မယ့်သူ မရှားဘူး။ သူတို့ကျေးဇူးနဲ့ ဆေးရုံကို ဘေးကင်းလုံခြုံစွာ ပြန်ရောက်ပါတယ်။ ရောက်တာနဲ့ ခွဲခန်းကလေးဝင်လိုက်၊ စာလေး ပြေးပြေးရေးလိုက်နဲ့။ ကိုယ့်မှာ ဒိတ်ပျောက်ကြောင်ပျောက်ကို ဖြစ်လို့။ မနေ့ကတော့ ကိုယ့်ကို လိုက်ပို့တဲ့ မိသားစုဆီက ဖုန်းဆက်တယ်။ သူတို့သားလေး ဝမ်းသွားတာ သွေးတွေပါလို့တဲ့။ ချွဲတွေရော ပါသေးလား လို့ မေးတဲ့အခါ အရိအရွဲတွေတော့ ပါသတဲ့။ သူတို့ကတော့ ဘာဆေးတိုက်ရမလဲ လှမ်းမေးတာပါ။ ဒါပေမယ့် ကိုယ့်ခေါင်းထဲမှာ ခေါင်းလောင်းတွေ မြည်နေပြီ။ ညနေ ၆ နာရီ ထိုးတော့မယ်။ လမ်းခရီး သွားလို့လာလို့ မရတော့ဘူး။ နက်ဖြန်မနက် ဆေးရုံမှာ လာပြလှည့် လို့ပဲ မှာလိုက်တယ်။
ည ၁၀ နာရီလောက်ကျတော့ကလေးအမေက ဖုန်းဆက်တယ်။ ကလေးက နို့တိုက်လည်း နို့အန်တယ်။ ဖင်ဝမှာ သွေးအိပ်ကလေး ပြူတစ်ပြူတစ် တွေ့တယ်တဲ့။ “အေး အေး။ မနက်ကျ လာခဲ့။” တစ်ခွန်းတည်း ပြောလိုက်ပေမယ့် စောစောက အိပ်ပျော်နေတဲ့ကိုယ်ဟာ တစ်ညလုံး အိပ်မပျော်နိုင်တော့ဘူး။ ဘာဖြစ်နေသလဲ သိသွားပြီလေ။ ကလေးအမေကိုတော့ မပြောပြလိုက်ပါဘူး။ သူ့ကလေးက မနက်ကျရင် ခွဲခန်းဝင်ရတော့မှာ ဆိုတဲ့ အကြောင်း။ နို့မို့ သူလည်း အိပ်ပျော်နိုင်မှာ မဟုတ်ဘူးလေ။ စိတ်တွေပူပြီး ငိုနေမှာပေါ့။
ကလေးကို မြင်တောင် မမြင်ရသေးဘူး။ ကိုယ့်ဘက်က ဘာလို့ အဲ့လောက်သေချာနေသလဲ ဆိုတော့ ငယ်ငယ်က ကျက်ထားမှတ်ထားတဲ့ စာတွေကြောင့်ပေါ့။ အဲ့လိုပြောတော့ စာကြမ်းပိုး ထင်နေဦးမယ်။ မဟုတ်က ဟုတ်က။ ဆေးကျောင်းသားဘဝမှာ ကျောင်းမတရား ပြေးခဲ့မိတော့ စာမေးပွဲဖြေကာနီးရင် ဘာစာမှ မရတာ ကိုယ်ပါပဲ။ အဲဒီအချိန်ကျမှတော့ အတန်းတက်မထားတဲ့ စာတွေကို ရှာဖွေဖတ်ရှုဖို့ အချိန်လည်း မရတော့ဘူး။ ဒီအခါမှာ အတန်းထဲက မိန်းကလေး သူငယ်ချင်းတစ်ယောက်ယောက်ကို အနီးကပ် ဆရာတင်ရတယ်။ ငါ့ကို ဒီအကြောင်း ပြောပြ။ အစအဆုံး မဟုတ်ဘူး။ စာမေးပွဲဖြေတဲ့အခါမှာ key words က ဘာတွေ ပါအောင် ဖြေရမလဲ။ ဘယ်စကားလုံး ထွက်အောင် မပြောနိုင်ရင် စာမေးပွဲကျမလဲ။ ဒါလေးပဲ အသင်ခိုင်းတာ။
စာတွေအများကြီး မသိဘူး။ ဒါပေမယ့် ဒီရောဂါအကြောင်း ဖြေရင် ဒါ၊ ဒါ၊ ဒါ၊ ဒါတွေ ပါအောင်ဖြေရတယ် လို့တော့ သိတယ်။ အခုလည်း အဲ့ဒါနဲ့ပဲ ဗေဒင်ဟောတာ။ ကလေးက နို့ဖြတ်စအရွယ်။ မနေ့က ကိုယ့်ဆီလာတုန်းက နှာရည်တရွှဲရွှဲနဲ့။ ဒီနေ့ ဝမ်းသွားနေတယ်။ သွေးရောင်တွေပါတယ်။ စတော်ဘယ်ရီဂျယ်လီလိုမျိုးလား မေးတော့ အင်း တဲ့။ အဲ့ဒါ red current jelly stool ခေါ်တယ်။ ဒီတစ်ခွန်းနဲ့တင် ဆေးပေးလို့မရတော့ဘူး။ စမ်းကြည့်မှ ဖြစ်မယ်။ ဆေးရုံကို ခေါ်တယ်။ တစ်မှတ်ရပြီ။ ညကျ ဖုန်းဆက်တော့ ကလေးက အန်တယ်။ ဘာရောင်လေးလဲ။ အဝါရောင်လေး။ လူးလိုက်လှိမ့်လိုက် ရှာလိုက်ဖွေလိုက် လုပ်မနေနဲ့။ အဲဲဒါ Bilious vomiting။ နှစ်မှတ်ရပြီ။ ကလေးရဲ့ဖင်မှာ နီနီရဲရဲ ပြူတစ်ပြူတစ်။ ကိုင်း မြေကြီး လက်နဲ့ပုတ်ရင် လွဲချင်လွဲဦးမယ်။ အဲ့ဒါ intussusception လို့ခေါ်တယ်။ ကလေးရဲ ဗိုက်ထဲမှာ အူတွေအချင်းချင်းစွပ်ပြီး ဝက်သားတုတ်ထိုးဆိုင်က အူပိတ်ကလေးလို ဖြစ်သွားတာ။ လူနာစမ်းစရာမလိုပဲ ရောဂါသိသွားပြီ။ စမ်းရင် ဘာတွေတွေ့မှာလဲ။ အူတွေ အခွေလိုက်ကြီး ဖင်ဝအထိ ကျွံဝင်သွားမှတော့ ဗိုက်ထဲမှာ ဟောင်းလောင်းကြီး ကျန်ခဲ့မှာပေါ့။ ကလေးဗိုက်ကလေးက belly dancer များ ဗိုက်သားလှုပ်ကသလို ဟောက်ပက်ကလေး မြင်ရမယ်။ အဲ့ဒါ sign de dance ။ အစွပ်လိုက်ထွေးနေတဲ့အူတွေကိုတော့ ဟော့ဒေါ့ဝက်အူချောင်းကြီးလို ချက်ဖက်ကို ဗဟိုပြုပြီး ကွေးကွေးကလေး စမ်းမိလိမ့်မယ်။ ဒါ့ထက်သေချာချင်ရင်တော့ ultrasound ထောက်လိုက်။ target sign, pseudo renal sign တွေ တွေ့ရလိမ့်မယ်။ တကယ်လည်း တွေ့ပါတယ်။ မနက် လူနာလာတော့ အငယ်တွေကို စမ်းပြပြီး စာသင်တာ။ Barium မရှိလို့ Barium enema X-ray တော့ ရိုက်မပြလိုက်ရဘူး။ တော်ပြီနော်။ အဲ့လောက်ဆို အောင်ပြီမှလား။ စာမွဲဖြေတာတော့ အောင်တာပေါ့။ အောင်လို့လည်း MBBS ဘွဲ့ကြီး ပေးလိုက်တာပေါ့။ အခု လက်ထဲမှာ လူနာရောက်ပြီ။ ခွဲရတော့မယ်။ မခွဲရင်သေမှာ။ ခွဲ အခုခွဲ။ ဘာလုပ်မှာလဲ မင့်အောင်လက်မှတ်ကြီးနဲ့။ သေပြီ ဆရာ။
ဟိုတနေ့တုန်းက ကိုယ်တို့ကို သေနတ်နဲ့ချိန်၊ ကျည်မထွက်ပဲ ဂျမ်းဖြစ်နေတော့ ဂျောက်ဂျက်ဂျောက်ဂျက်ဆွဲ၊ မိုးပေါ်ကိုထောင်ပစ်တုန်းက ကိုယ်ကဖြင့် ကြောက်တောင်မကြောက်ဘူးဗျ။ အခု ဒီကလေးကို မနက်ကျ ခွဲရတော့မယ် လို့လည်း တွေးမိရော ခြေဖျားလက်ဖျားတွေအေး၊ ရင်တွေပန်းတွေတုန်ပြီး အိပ်မရတော့ဘူး။ ကလေးက ခုမှ ၉ လသား ရှိသေးတာ။ သူ့ဘယ်လိုလုပ် မေ့ဆေးပေးကြမတုန်း။ ညကြီးသန်းခေါင် ဓါတ်မီးတစ်လက်နဲ့ ခွဲခန်းထဲပြေးပြီး ဘာတွေရှိသလဲ လိုက်ရှာရတယ်။ တော်ပါသေးရဲ့။ အော်ဇီက ဆရာဝန်တွေ ပို့ပေးလိုက်တဲ့ မေ့ဆေးပစ္စည်း ပုံးထဲမှာ ကလေးအရွယ်သုံး ET tube လေးတွေ သွားတွေ့တယ်။ မေ့ဆေးဆရာဝန်ဆီ ဖုန်းဆက်ပြီး ဘာနဲ့ ဘယ်လိုလုပ်ရမလဲ တိုင်ပင်ရတာပေါ့။ ပေးရမယ့်မေ့ဆေးတွေလည်း dose တွက်ရတာပေါ့။ လုပ်နေကျအတိုင်း ဘာပြီးဘာလုပ်။ ၁ ၂ ၃ ၄ အစဉ်လိုက်ကလေး ရေးပေးပါပေါ့။ မေ့ဆေးပြီးတော့ ကလေးခွဲစိတ်ဆရာဝန်တွေကို အဆက်အသွယ် ရှာရပြန်တာပေါ့။ ကလေးသေးသေးလေး ခွဲတယ်ဆိုတာ နာရီပြင်သလိုပဲ။ လူကြီးနဲ့ တူတာ မဟုတ်ဘူး။ ငယ်ငယ်က viva ဝင်ခါနီး သူငယ်ချင်းမတွေဆီ လက်ပူတိုက် စာမေးသလို အခုလည်း ခွဲခန်းဝင်ခါနီးကျမှ key points လေးတွေ သင်ပေးပါဦး ပူဆာရတယ်။ အမှန်အတိုင်း ပြောရရင် အရင်က အဲ့လို operation မျိုး တစ်ခါမှ မလုပ်ဖူးဘူး။ လူကြီးတွေမှာပဲ ခွဲဖူးတာ။ အခုဟာက ခွဲလည်း ခွဲရဦးမယ်။ မေ့ဆေးလည်း ပေးရဦးမယ်။ ဒီမှာလုပ်လို့မရဘူး။ မြစ်ကြီးနား သွား၊ မန္တလေး သွား၊ လွှတ်ဖို့ pediatric surgeon လိုက်ရှာတဲ့အခါ ဘယ်မှာမှ မရှိပါဘူးတဲ့။ ရှိရင်တောင် လမ်းမှာ ၂ ရက်ကြာမယ်တဲ့။ ပုပ်ကုန်မှာနော။ မလုပ်လို့ မရ။ လုပ်ကို လုပ်ရတော့မှာ။ မဟုတ်ကဟုတ်က လုပ်မိလို့ကတော့ ကလေးက ခုံပေါ်တင် သေမှာဗျား။ ဟစ်လို့သာ အော်ပလိုက်ချင်တော့တယ်။
မနက် သူတို့ရောက်လာတော့ ကလေးက မျော့မျော့ကလေးရယ်။ cannula လေး ရအောင်ထိုးပြီး fluid bolus အရင်ဖြည့်ရတယ်။ body weight ချိန်၊ ဆေးတွေ dose တွက်၊ ultrasound ရိုက်ရင်း အငယ်တွေကို စာသင်ပေါ့။ မနက်ခင်း အရမ်းအေးတုန်းခွဲရင် ကလေးက ခံနိုင်မှာ မဟုတ်ဘူး။ antibiotics ထိုး၊ pressure လေး တက်လာအောင်ဖြည့်၊ resection လိုရင် သွေးသွင်းရမှာမို့ donor ရှာပြီး သွေးထုတ်ထားရတယ်။ ကလေးမိဘတွေလည်း ရှင်းပြ။ သူတို့က စိုးရိမ်ရလား မေး။ စိုးရိမ်ရတာပေါ့။ ကိုယ်လည်း တတ်နိုင်သမျှ ကြိုးစားရတာ။ Do or Die ပဲ။ ခွဲခါနီး ကိုယ့်ကိုယ်ကိုယ် သွေးပေါင်တောင် မချိန်ရဲဘူး။ သေချာတယ်။ တက်နေမှာ။ ခုနလေးတင် ဆေးသောက်ထားလည်း တက်ကိုတက်နေဦးမှာ။ အားလုံးချောချောမောမောပြီး သူ့အမေလက်ထဲ ကလေးပြန်ရောက်မှ ရင်ဝက အလုံးကြီး ကျတယ်။
“တော်လိုက်တာ ဟယ်။” လို့ လာမပြောနဲ့။ ဒီကလေး အသက်ကိုကယ်တာ ကိုယ် မဟုတ်ဘူး။ ဘယ်သူမှန်းဘယ်ဝါမှန်း မသိတဲ့ ဩစတေးလျရောက် မြန်မာဆရာဝန်များဆီက ကိုယ့်ဆီရောက်အောင် ပို့ပေးတဲ့ မေ့ဆေးပစ္စည်းတွေထဲမှာ ET tube ပိစိညှောင့်တောင့်လေးတွေ ပါမလာရင် ကိုယ်ဘာမှ လုပ်လို့မရ။ အင်္ဂလန်ရောက် မြန်မာဆရာဝန်များက မကူညီရင်လည်း အင်တာနက်ကတဆင့် ကိုယ့်ထက်တတ်ကျွမ်းတဲ့ အထူးကုဆရာဝန်များဆီက နည်းပေးလမ်းပြ အကြံဉာဏ်များ ရနိုင်မှာ မဟုတ်။ အရင်က ဒီနေရာမှာ ခြုံနွယ်ပိတ်ပေါင်းတွေကြားက အိမ်အိုအိမ်ပျက်တွေပဲ ရှိတယ်။ အခု ဒီမှာ ဘာလာလာဒေါင်း အပ်ချလောင်းနဲ့ ဆေးကုနေတာ ထူးခန့်ကျော်ပြီးရင် ကိုယ်ပဲ ရှိလိမ့်မယ်။ ဒါတွေအားလုံး လုပ်နိုင်ဖို့ နောက်ကွယ်က ဝိုင်းဝန်းပံ့ပိုးကြတဲ့အထဲမှာ ခရိုနီစပွန်ဆာ မပါဘူး။ WHO, UNICEF, UNHCR မပါဘူး။ Foundation တွေ၊ Fund raising တွေ မပါဘူး။ ပြည်သူစစ်စစ်တွေပဲပါတယ်။ ကိုယ်နဲ့ တစ်လှေတည်းစီးတဲ့ စိတ်တူသဘောတူ ပြည်သူတွေ။ စွမ်းနိုင်တာ ကိုယ် မဟုတ်ဘူး။ လူညီလို့ လှေပြေးတာ။ လေပင့်လို့ ရွက်လွင့်သွားတာမျိုး မဟုတ်။
ဟိုတလောလေးကမှ critical care table နဲ့ ကိုယ့်ကို စာမေးပွဲစစ်ထားတယ်။ အခုတစ်ခါ pediatric surgery ဖြေရပြန်ပြီ။ လူ့အသက်တွေနဲ့ရင်းပြီး ကိုယ်ပါ အသက်ထွက်မတတ် ဖြေယူရတာ။ ပင်ပန်းလွန်းပါတယ်။ ထပ်မဖြေချင်တော့ဘူး။ ဒီကလေးကို ခွဲခန်းဝင်ဖို့ ပြင်နေတဲ့အချိန်မှာ သူ့ဘေးကုတင်က cerebral malaria နဲ့ လူနာကြီးက ကယောင်ကတမ်း အော်ဟစ်ရင်း အောက်ဆီဂျင်တွေကျလာတယ်။ ကလေးတွေက အရင်လူနာကြီးအတိုင်း မရအရ လိုက်ဆယ်ဖို့ ကြိုးစားတယ်။ ဟုတ်တယ်လေ။ သူတို့ကို သင်ပေးထားတယ်။ အောက်ဆီဂျင်ကျလာရင် ဘာတွေဘယ်လိုလုပ်ရတယ်။ သွေးပေါင်ကျလာရင် ဘာတွေ ဘယ်လိုလုပ်ရတယ်။ အခု အဲ့ဒီအတိုင်း လုပ်ရတော့မှာ မဟုတ်လား။ ဒါပေမယ့် ကိုယ်က မလုပ်ဘူး။ အဲ့ဒါ ဘာဖြစ်လို့မှန်း နားမလည်နိုင်မှာစိုးလို့ ရှင်းပြရတယ်။ ဆေးကုတယ်ဆိုတာ AI မဟုတ်ဘူး။ data တွေ feed လုပ်လိုက်ပြီး အဲ့ဒါတွေနဲ့ ကိုက်တဲ့အဖြေကို လှေနံဓါးထစ် ထုတ်ပေးလို့ မရဘူး။ အရင်လူနာ နဲ့ အခုလူနာ critical condition ချင်း တူပေမယ့်လည်း ပြန်ကောင်းလာနိုင်တဲ့ prognostic factor မတူဘူး။ သူက C+, R+, cerebral malaria လူနာ။ ventilatory support ပေးရုံနဲ့ ပြန်ကောင်းလာမှာ မဟုတ်ဘူး။ အခွဲနောက်ကျရင် သေမယ့် ၉ လသား ကလေးလေးကို အာရုံမစိုက်ပဲ ဘာလုပ်လုပ် ရှင်မှာ မဟုတ်တဲ့ သက်ကြီးလူနာကို စာအုပ်ထဲမှာ ပါတဲ့အတိုင်း အသည်းအသန် လိုက်ကုနေစရာ လိုလို့လား။
အဲ့ဒါ ဒီလူနာက ဆင်းရဲလို့ ဟိုလူနာက ချမ်းသာ လို့ မဟုတ်ဘူး။ ကိုယ်နဲ့ ခင်မင်ရင်းနှီးတဲ့လူနာမို့လို့ မျက်နှာလိုက်တာလည်း မဟုတ်ဘူး။ ပိုက်ဆံရတဲ့လူနာကိုတစ်မျိုး၊ ပိုက်ဆံမပါတဲ့ လူနာကိုတစ်မျိုး၊ vip လူနာကျတော့တစ်မျိုး လိုတိုးပိုလျော့ ဆေးကုတတ်တဲ့ ဆရာဝန်အစားထဲ ကိုယ်မပါပါဘူး။ လုပ်ရတဲ့အလုပ်တွေကို ဘာ့ကြောင့်လုပ်ပြီး မလုပ်ရတဲ့အလုပ်တွေကို ဘာ့ကြောင့် မလုပ်သလဲ ခိုင်လုံတဲ့ အကြောင်းရင်း ရှိတယ်။ သူများတွေ နားမလည်ရင်တောင် ကိုယ့်ဘာသာ နားလည်ထားဖို့ လိုတယ်။ လူနာတွေဆိုတာက ကိုယ့်လူနာကို ဆရာဝန်က ဂရုစိုက်မှ ကြိုက်တာ။ ငါတို့ကျတော့ ပစ်ထားတယ် ဆိုတဲ့ ခံစားချက်မျိုး ဘယ်သူကမှ မလိုချင်ဘူး။ ဒီလူနာနှစ်ယောက်နဲ့ ယောက်ယက်ခပ်နေတုန်း အပေါ်မှာ Jet Fighter တွေ လာဝဲနေတာ ၂ ခါတောင်။ ကိုယ်တို့ခွဲပေးထားတဲ့ လူနာတွေတောင် ခံတုတ်ကျင်းထဲ ရောက်နေပြီ။ ကိုယ်တို့အဖွဲ့က ထတောင် မကြည့်နိုင်။
အရေးထဲမှာ ကားတစ်စီးရပ်လာ။ လူနာကို ကုတင်ပေါ်တင်၊ အိပ်ယာတွေစောင်တွေ ခင်းကျင်းနေရာချ။ ဆရာဝန်ဆီ လာမပြသေးဘူး။ သူ့အိမ်သူ့ယာ လို လုပ်နေတာ။ “အဲ့ဒါ ဘာလုပ်တာလဲ။ ဘာဖြစ်လို့လဲ။” ဆိုတော့ “ဆရာတို့လူနာလေ။ အိမ်မှာ အစာမဝင်ပဲ အားပြတ်နေလို့ လာပို့တာ။ ဒီမှာပဲ အေးအေးဆေးဆေး ကုလို့ရအောင်။” တဲ့။ ဆေးရုံဆိုတာ ဆရာဝန်က တင်ရတာလေ။ ဘယ့်နှယ် ပိုင်စိုးပိုင်နင်း။ “သွား။ အခု ပြန်ခေါ်သွား။” လို့ မောင်းထုတ်လိုက်ချင်ပေမယ့် လူနာကို သနားလို့ မလုပ်ဖြစ်ပါဘူး။ ဒီလူနာက အရင်တစ်ခါ သူပဲခေါ်လာခဲ့တာ။ Ca Bladder late stage နဲ့ ။ Ultrasound ရိုက်ပြီး “ဒီမှာ ဘာမှ လုပ်ပေးလို့ မရဘူး။ မန္တလေးသွားရမှာ။” ဆို uro surgeon ဆီ လွှဲပြီးသား။ ဟိုက Ileal conduit လုပ်ပေးလိုက်ပြီး oncologist ဆီ လွှဲတာ။ သွားမပြပဲ အိမ်ပြန်လာသတဲ့။ အခု အစာမဝင် ရေမဝင်ရှိမှ သက်တောင့်သက်သာဖြစ်အောင် ဆရာတို့ဆီ ခေါ်လာသတဲ့။ ပြောလိုက်ရင်လည်း “ကျွန်တော်တို့က နားမလည်လို့ပါ။ မသိလို့ပါ။” နဲ့။ ကိုယ့်မှာ စိတ်တိုချင် ဒေါသထွက်ချင်တာတောင် အချိန်မပေးနိုင်။ ဟိုမှာ ခွဲခန်းထဲသွင်းမယ့် လူနာတစ်ယောက်၊ ရင်ခွဲရုံ မျက်စောင်းထိုးနေတဲ့ လူနာကတစ်ယောက်။ ဒါလည်း ခန္တီပါရမီ စမ်းသပ်တာပဲလား ဟင်။ ကျပလေ့စေကွာ။
လူနာတစ်ယောက် ဆေးရုံပေါ် တင်ထားဖို့ဆိုတာ money, man, material အကုန်လုံး ရင်းနှီးစိုက်ထုတ်ရတယ်။ ရန်ကုန်က ဆေးရုံတွေမှာ ခွဲခန်းဝင်ရင် assistant ၅ ယောက်စာ ဘောက်ချာထဲ ထည့်ဖြတ်တာ မြင်တယ် မဟုတ်လား။ Lumbar puncture တစ်ခါဖောက်ရင် လက်ခ ၁၅ သိန်းတဲ့။ ဒီမှာ တောထဲကနေ အကုန် အလကား လုပ်ပေးနေတာ။ သိပ်လွယ်ကူပေါများနေတယ် ထင်ပြီး အားမနာလျှာမကျိုးတွေ လုပ်တာ မကြိုက်ဘူး။ သဘောကောင်းတယ် သည်းခံတယ် ဆိုတာလည်း အတိုင်းအတာ ရှိတယ်လေ။ မေတ္တာပျက်သွားရင် စေတနာ မပါဘူး။ စေတနာမပါရင် ဆေးမစွမ်းဘူး။ ကိုယ့်ဘက်ကတော့ စိတ်ဆိုးလို့ ကောင်းကောင်းမကုဘူး၊ စိတ်ကြည်မှ ကောင်းကောင်းကုတယ် ဆိုတာမျိုး ခွဲခြားမထားပေမယ့် သမား-လူနာ ဆက်ဆံရေးမှာ အဖုအထစ် ဖြစ်ရတာပေါ့။
သူ့လူနာက မြင်တာနဲ့ သိပါတယ်။ obstructive uropathy နဲ့ uremia ဝင်နေတာ။ ကျောက်ကပ်ကောင်းကောင်း အလုပ်မလုပ်နိုင်တော့ဘူး။ နောက်နေ့ သွေးစစ်တဲ့အဖြေတွေရလာတော့ ပိုသေချာသွားတယ်။ ဘာမှလုပ်ပေးလို့ မရတော့ဘူး။ သူ့ကို ရှိသမျှဆေးဝါး လူအင်အားနဲ့ အစွမ်းကုန် ပညာကုန်သုံးပြီး ကယ်ဆယ်ကုသရင်လည်းပဲ အကျိုးထူးလာမှာ မဟုတ်ဘူး။ သေခါနီးလူမမာတစ်ယောက်ကို “ဆရာဝန်တွေက ရက်စက်လိုက်တာ။ ငါ့ကျ ဘာမှ လုပ်မပေးဘူး။” ဆိုတဲ့ စိတ်ကလေးဝင်သွားမှာစိုးလို့ သူ့ရှေ့မှာ အော်တာငေါက်တာ ဆူတာဆဲတာ မလုပ်ပါဘူး။
ဟောက်ဆာဂျင်ဆင်းကာစတုန်းက ဝါဒ်ထဲမှာ သေခါနီး ဖုတ်လှိုက်ဖုတ်လှိုက် လူမမာတစ်ယောက် ကြုံဖူးတာကို သွားသတိရတယ်။ လူနာရှင်က ခဏခဏ လာခေါ်လို့ ကိုယ်လည်းပဲ တစ်ညလုံး လူနာဘေးမှာ ရောက်နေတာ။ ဘာမှလည်း လုပ်မပေးတတ်ဘူး။ သူတို့ဆီက complaint တစ်ခုလာရင် နိုက်ဂျူတီဆင်းတဲ့ PG အကိုကြီးကို သွားနှိုးတယ်။ ဟိုက ဒါ ဒါ ဒါ ဒါ လုပ် ဆို ခိုင်းတဲ့အတိုင်း လုပ်တယ်။ လူနာစောင့်က “ဒီလောက် အမောဖောက်နေတာ ICU လေးဘာလေး မပို့ဘူးလား ဟင်။” လို့ မေးတော့ ကိုယ်ကလည်း အဲ့ဒီစကားကို ဒဲ့ပဲ သွားပြန်မေးပေးလိုက်တယ်။ အဲ့ဒီတော့ တချိန်လုံး အိပ်ယာက အနှိုးခံရတဲ့ ကိုသန်းဝင်းညွန့်က “ICU ပို့လို့ ဘာလုပ်လို့ ရမှာလဲ။ သူတို့လည်း ဒါမျိုး ယူမှာ မဟုတ်ဘူး။” လို့ ပြန်ပြောပါတယ်။ ကိုယ်က အဲ့ဒီတုန်းက တော်တော်ဆိုးတာပဲ။ “ဆရာ gasping ဝင်နေပြီ ဆရာ။” “ သွေးပေါင်တိုင်းမရတော့ဘူး ဆရာ။” “Heartbeat မရှိတော့ဘူး ဆရာ။” လေးငါးခါလောက် သွားသွားနှိုးပေးလိုက်တာ။ နောက်ဆုံး “pupil dilate ဖြစ်သွားပြီ ဆရာ။” ဆိုတော့မှ ဓါတ်မီးလေးထိုးကြည့်ပြီး death certify လာလုပ်ပေးသွားတယ်။ အခု ပြန်စဉ်းစားကြည့်မိတော့မှ ငါ့အကိုကြီးက ငါ့ထက် အများကြီး သည်းခံနိုင်တာပါလား ဆိုတာ သဘောပေါက်တယ်။
ကိုယ်ကိုယ်တိုင် အဲ့လိုအဖြစ်မျိုး ကြုံတဲ့အခါ အဲ့သလောက် စိတ်မရှည်နိုင်ပါဘူး။ သျှင်ပါကူမှာ night MO လုပ်တုန်း gasping နဲ့ ရောက်လာတဲ့ လူနာတစ်ယောက် certify လုပ်ပေးရတယ်။ လူနာရဲ့သမီးက မယုံနိုင်ပါဘူး ဆိုပြီး သူ့အမေအလောင်းကြီး ဆွဲဆွဲခါလိုက်၊ ကိုယ့်ပခုံးကြီးလာလာရိုက်လိုက်၊ “မဟုတ်ဘူး ဆရာ မဟုတ်ဘူး။ ပြန်ခေါ်ပေး။” လို့ မူယာဖြူပြာသွက်သွက်ခါ လုပ်တာ လေးငါးခါလောက် ရှိလာတော့ အော်မိပါလေရော။ တခါမှာ သူ့ထက်ဆိုးတာ ကြုံရသေးတယ်။ ညကြီး ၂ နာရီလောက် ဉက္ကာမင်းမောင်ရဲ့ ဂွေးသင်္ဘောကြီး ဆိုက်လာတာ။ မိတ်ကပ်ဆန်နီဆီက မာမီတစ်ယောက် အမောဖောက်လာသတဲ့။ ကိုယ်လည်း တတ်သမျှမှတ်သမျှ အကုန်ကုပေးတယ်လေ။ ပြဿနာက မာမီက ကိုယ်တွေလို FA မဟုတ်ဘူး။ သူငယ်နဲ့။ သူ့သူငယ်က သူ့ကို ချစ်လိုက်တာမှ တုန်နေတာပဲ။ အဲ့လိုဆိုတော့ မာမီလည်း ဒီအချိန်မှ ဒရာမာမခင်း ဘယ်အချိန်ခင်းရမလဲ။ “ဟဲ့။ ငါ မနေရတော့ဘူးနော်။ ငါ့မျက်လုံးတွေ ပြာလာပြီ။ ငါ သေရင် နင့်ကို ဘာမှာထားလဲ။ ပြန်ပြောစမ်း။ ပြန်ပြောစမ်း။ မှတ်မိတယ် မှလား။” နှလုံးသားမြို့တော်ထဲက မို့မို့မြင့်အောင် အိုက်တင်တွေလုပ်ရော။ ဟိုကလည်း နေတိုး မြင့်မြတ်ထက် မလျော့ရအောင် နှပ်ချေးတွေပါထွက်တဲ့အထိ ငို၊ ဗိုင်းကနဲလဲပြီး တက်ချက်ပြတော့ ဒီက ဆရာဝန်က ကြည်စိုး IC တို့၊ ရှမ်းပြည်စောနိုင်တို့လို ခေါင်းလေးယမ်းပြလို့မှ မရတာ။ တကယ့်ဆရာဝန်ဆိုတော့ တကယ့်ဆေးတွေ ထထိုးရရော။ ညကြီးသန်းခေါင် အခြောက်ကြီးတစ်အုပ်နဲ့ ရှောက်သီးသုပ်ရတဲ့ ဘဝ။ စဉ်းစားသာ ကြည့်ပါတော့။ နှစ်ယောက်စလုံး နှာနှပ်ပြီးမှ “မနက်ကျရင် ကူးစက်ဆေးရုံကို သွားဖြစ်အောင် သွားပြပါနော်။” ဆို ပြန်လွှတ်လိုက်ရတယ်။ သူတို့လူအုပ်ထဲမှာ ကိုယ့်အသိတစ်ယောက်ပါတယ်။ ဇော်ဇော် (ထီလာ) လေ။ နောင်ကျ သူနဲ့ ပြန်တွေ့တဲ့အခါ “ကိုဇော်ရေ။ အိုက်ညက လူနာကြီး ဘာဖြစ်သွားပြီတုန်း။” လို့ ပြန်မေးရတယ်။ “ကောင်းသွားတယ် ကိုချို။ မော်ဒယ်ရှိုးတွေတောင် ပြန်လိုက်နိုင်နေပြီ။” ဆိုလို့ သာဓုခေါ်ရသေး။ အခုတော့ ကိုဇော်လည်း ဆုံးရှာပြီ။
ဆရာဝန်တစ်ယောက်ရဲ့ဘဝမှာ လူနာကို အခါခပ်သိမ်း ကုသကယ်တင်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ဒါပေမယ့် ဒုက္ခဖြစ်နေတဲ့လူနာကို ဘယ်လိုကူညီပေးလို့ ရမလဲဆိုတာတော့ ဆရာဝန်ဆရာမတွေက နားလည်တတ်ကျွမ်းတယ်။ ဆရာဝန်တွေရဲ့ တတ်ကျွမ်းနားလည်မှုဟာ ကိုယ့်နယ်ပယ်နဲ့ကိုယ် ကျွမ်းကျင်ရာ လိမ်မာကြတာမို့ အားနည်းချက်တွေအားသာချက်တွေ ရှိစမြဲပဲ။ အဲ့ဒီအတွက်လည်း အထူးကုဆရာဝန် နဲ့ Specialties တွေ ထွန်းကားလာရတာလေ။ အဲ့ဒီ specialist unit တွေရဲ့ လုပ်ငန်းသဘောသဘာဝကို specialist ဆရာဝန်အချင်းချင်းတောင် နားလည်နိုင်ဖို့ ခဲယဉ်းတယ်။ လူနာတွေဘက်ကဆို ပိုဆိုးတော့တာပေါ့။ သူတို့အတွက်ကျတော့ ကိုယ့်လူနာလောက် အရေးကြီးတာ ဒီကမ္ဘာကြီးမှာ မရှိဘူး မဟုတ်လား။ အဲ့လိုအခြေအနေမှာ ဆရာဝန်တွေက လုပ်ချင်သလို လုပ်နေတယ် လို့ သူ့ဘက်ကလည်း ထင်ချင်သလို ထင်ပလိုက်တော့တာပဲ။ “လူတကာတွေ ထင်ချင်သလိုသာ ထင်ကြဇမ်း။ ဆရာကိုကို လိုချင်တာတွေ အကုန်ဖြည့်စွမ်း။” လို့ မရမက တောင်းဆိုလာရင် ဘယ်လိုစဉ်းစားမလဲ လို့ သိအောင် ပြောပြတာ။ အနှစ်ချုပ်ကတော့ ဆရာဝန်တစ်ယောက်ရဲ့ အသိဉာဏ်ဆိုတာ Artificial Intelligence မဟုတ်တဲ့အတွက် data တွေ feed လုပ်ပြီး output ရလာတဲ့အတိုင်း ကုသပေးလို့ ရလိမ့်မယ် လို့ မထင်နဲ့။ ချင့်ချိန်စဉ်းစား ဆုံးဖြတ်စရာတွေ အများကြီး။ လက်တွေ့ကျကျ အပေါက်အလမ်းတည့်တည့် လုပ်ဆောင်ရမှာတွေလည်း အများကြီး။ ကိုယ့်ဆုံးဖြတ်ချက်၊ ကိုယ့်လုပ်ဆောင်ချက်တွေအပေါ် အဲ့ဒီဆရာဝန်ကိုယ်တိုင် လိပ်ပြာသန့်နေဖို့ လိုတယ်။ ကိုယ်သာ လူနာနေရာမှာဆိုရင် ဒီိလိုလုပ်မလား။ ကိုယ့်သွေးသားရင်းချာဆိုရင် ဒီလိုပဲ ကုမှာလား။ အဲ့ဒါနဲ့ပဲ ပြန်ပြန်စဉ်းစားရတာ။ ဆရာဝန်တစ်ယောက်ရဲ့လိပ်ပြာဆိုတာ အပေါ်နှုတ်ခမ်း ပျားတုပ်ထားသော မဆုရှိုင်းကြီး ခွဲစိတ်ပြုပြင်ထားတယ်ဆိုတဲ့ ချစ်လိပ်ပြာလောက်မှ ဖွေးဖွေးအုအု (သူပြောတာနော်။ ကိုယ်မြင်ဖူးတာ မဟုတ်) သန့်သန့်စင်စင် မဟုတ်ရင် အင်မတန် ရုပ်ဆိုးတယ် လို့တော့ သဘောပေါက်စေချင်တာပါပဲ။