ချန်ဂင်တို့စခန်း (၂၃၀)

“ချော်ရည်အပြည့်နဲ့

မီးပြင်းတောင်ကိုလေ

သံကွန်ခြာတောင်

လုံအောင်မဖုံးနိုင်ပေ။

မဆိုင်တာတွေးပြီး

မကြောက်နဲ့ မိန်းကလေးရေ။

နေပါစေ။

လူတွေသိလေ ပိုကောင်းလေ။”

ပြောင်းလဲမှုတွေက အရှိန်အဟုန်နဲ့ ဖြစ်လာတဲ့အခါ သက်ရောက်မှုတွေကလည်း အင်နဲ့အားနဲ့ ဖြစ်လာပါတယ်။ ဒီအခြေအနေရောက်မှတော့ သံကွန်ခြာသော်လည်းကောင်း၊ တာတမံသော်လည်းကောင်း ဖုံးအုပ်တားဆီးခြင်းငှါ မစွမ်းသာတော့ဘူးပေါ့။ မျောက် ၃ ကောင်ပုံ ဇောက်ထိုးချိတ်တာ၊ မာရဝိဇယပရိတ်ရွတ်တာဆိုတာတွေလည်း မိုးကြိုးပစ်ရာ ထန်းလက်နဲ့ကာသလိုသာ ရှိပေလိမ့်မယ်။ ဒယ်ဒီပါပါး ဖားသားဖေဖေ တရုတ်ကြီးက အကြိမ်ကြိမ်အခါခါ တော်ဖို့ရပ်ဖို့ပြောတာတောင် “ကြားစကားများ မယုံနဲ့ဟေ့ ။ ဘေးဖယ်ထား။” ဆို ခပ်မိုက်မိုက် ဆက်ချစ်နေကြတုန်း။ မောင်ကြင်စိုးကလေး ကြိုးစင်တက်ရမယ့် ခြေလှမ်းတွေကို ဘယ်အရာကမှ တားဆီးပိတ်ပင်စရာ မရှိတော့ပါဘူး။ ဧကန်ဧက ဒိဌအမြန် ကြည့်ဖို့သာပြင် ရုံတင်ရန်အသင့် ဖြစ်နေပြီ။ အမယ် လိုင်းပေါ်များ တက်တက်ဖတ်လိုက်ရင် မင်္ဂလာရုပ်ရှင်ရုံက ပဏာမဧည့်ခံတီးလုံးလေးတောင် ကြားယောင်လာသေး။ “ပျော်ရွှင်ပါရဲ့လား မိတ်ဆွေများ။ နှစ်သက်ကျေနပ်ရဲ့လား မိတ်ဆွေများ။ ခေတ်နဲ့အမီ အသစ်ဖွဲ့တည် သမ္မတ….” ဘာဖြစ်တယ် ဆိုလားဗျာ။ ကျန်တာတော့ မမှတ်မိတော့ပါဘူး။ ကိုင်း ပိတ်သတ်ကြီးနဲ့ ကိုယ်နဲ့ကလည်း မေတ္တာရှိရင်းစွဲမို့ လွဲနိုင်ပါဘူး မောင်ရာ။ ပြန်လည်ဆုံတွေ့ရတော့မှာ။

မတွေ့တာ မမြင်တာ အဲ့သလောက်တောင်ကြာသွားပြီးမှ ရုတ်တရက်ပြန်ဆုံရရင် သီချင်းထဲကအတိုင်း “မြင်ဖူးခဲ့သလိုလို တွေ့ခဲ့ဖူးသလိုလို ဆိုမှာလားဟင်။ တကယ်ပင် ငယ်ကပေါင်းတဲ့ လက်ဟောင်း မမြရင်” လို့ ပြန်မိတ်ဆက်နေရပါဦးမယ်။ ၃ နှစ်တောင် ကွဲကွာသွားပြီမို့ အရင်တုန်းက ရုပ်နဲ့ မတူတော့တာ အမှန်ပါပဲ။ နဖူးတွေကျယ်ပြီး ဆံပင်တွေလည်း ပါးလျားလာပြီ။ မျက်ရစ်မျက်ခွံတွေလည်း ဖောင်းအစ်အိတွဲလာပြီ။ ဂုတ်ပိုးတွေတက်ပြီး လက်ပြင်ကလည်း ကိုင်းလို့ လာပြီ။ လူဆိုတာ ငယ်ရာက အိုလာတာပဲ ရှိတာလေ။ အိုပြီးရင် ပြန်မပျိုပါဘူး။ အခု ဖြတ်သန်းခဲ့တဲ့ ၃ နှစ်စာ လောကဓံက ရှေ့မှာဖြတ်သန်းလာတဲ့ အနှစ် ၃၀ စာ လောကဓံထက် ကြမ်းတမ်းပြင်းထန်တာမို့ ဇရာက ဝင်ထောင်းတဲ့ မောင်းချက်တွေကို ခုခံကာကွယ်ချိန် မရဘူး။

အဲ့ဒီမတိုင်ခင်တုန်းကဆို ရွယ်တူသူငယ်ချင်းတွေ ပိုက်ဆံအိပ်အထူကြီးတွေကိုင်ပြီး သွေးတိုးကျဆေး၊ ဆီးချိုကျဆေး၊ ဘာဆေးညာဆေးတွေ ဆောင်ထားရတာမြင်ရင် ငသလောက်ပြုံးလေး ပြုံးပြီး ကိုယ့်မှာတော့ ဘာဆေးမှ ကူစရာ ထူစရာ မလိုသေးဘူး လို့ တိတ်တိတ်ကလေး ကျေနပ်နေခဲ့ရတာ။ အခု တောထဲလည်း ရောက်ရော သွေးကျဆေး မသောက်ရတဲ့ရက်တွေဆို သွေးပေါင်က သိသိသာသာကို တက်နေရော။ ခွဲခန်းက နေ့တိုင်းလောက်နီးနီး ဝင်ရတော့ ခွဲခန်းထဲရောက်ရင် မော်နီတာစမ်းရင်း ကိုယ့်ကိုယ်ကိုယ် အရင် သွေးပေါင်ချိန် ကြည့်တာကိုး။ ငယ်ငယ်က ကိုယ့်အဖွားကို၊ ကိုယ့်သူငယ်ချင်းအဖေကို နေ့တိုင်း သွေးပေါင်ချိန်ပေးရတဲ့ အရွယ်မျိုး ကိုယ်ရောက်လာခဲ့ပြီလေ။

ကျောက်ကပ်ထဲက ကျောက်ကတော့ အောက်ကိုလည်း ဆင်းမလာသလို နောက်ထပ် ဘာဒုက္ခမှ မပေးတော့ဘူး။ အများပြည်သူနဲ့ တသားတည်းအတူ နေထိုင်သူမို့ အများပြည်သူ လူတိုင်းဖြစ်နေကျ ကပ်ရောဂါကူးစက်မှုတွေလာရင် ကိုယ်လည်းပဲ ရှောင်လွှဲလို့ မရပါဘူး။ ကိုဗစ်ချိန်ဆို ကိုဗစ်ဖြစ်တယ်။ ငှက်ဖျားချိန်ဆို ငှက်ဖျားဖြစ်တယ်။ B တွေ၊ C တွေ၊ HIV တွေပဲ မကူးစက်အောင် သတိထားနေရတာ။ ဇရာဓမ္မောပြီးရင် ဗျာဓိဓမ္မောက အလိုလို ပါတာကိုး။ မအိုခင် မနာခင်မှာ ရာဇတောဝါ၊ စောရတောဝါ၊ မနုဿတောဝါတွေနဲ့ တွေ့မသွားအောင်ပဲ အသက်ကို ဉာဏ်နဲ့စောင့်နေရတာ။ ဆရာဝန်မို့လို့ သေမင်းဆီမှာ VIP member card ကြီးနဲ့ special package ကြီးတွေ ကံစမ်းခွင့်ရမှာမှ မဟုတ်တာ။ ကိုယ့်ရဲ့ အသက်ရှည်ခြင်း၊ ကျန်းမာခြင်းဟာ လူအများကို ကောင်းကျိုးချမ်းသာ ဖြစ်စေတယ်ဆိုရင် ပြည်သူအများလိုလားကြမှာပါပဲ။

ဒါပေမယ့် ဘယ်အရာမဆို အချိန် အတိုင်းအတာ တစ်ခုမျှသာ။ ဘာတစ်ခုမှ မမြဲဘူးလေ။ ချန်ဂင်တို့စခန်းကို အပိုင်း ၂၀၀ ကျော်အထိရောက်အောင် စိမ်ပြေနပြေ ဆွဲရေးလာတယ် မထင်နဲ့။ ဒီကနေ့ညဆို ရေးလက်စတန်းလန်းကို ကမန်းကတမ်း လက်စသပ်ပစ်ရတယ်။ မအလကြီး ပြုတ်ရင်ပြုတ်၊ မပြုတ်ရင် ဖုတ်မယ် ဆို သူ့လက်အောက်ငယ်သားတွေ ဝိုင်းလှော်နေကြလို့။ နက်ဖြန်မနက် အဲ့ဒီသတင်းသာ မှန်နေရင် ဘာအကြောင်းရေးရေး ဝိဇ္ဇာရှစ်သောင်း ဆရာအပေါင်းတို့ရဲ့ ဩဝါဒပါတိမောက်တွေကြားမှာ တိုးလို့မပေါက်တော့ဘူး။ ပြောင်းဆဲကြဖို့ အချိန်တန်ပြီ ဆို နောက်ထပ်ဆဲစရာလူတစ်ယောက်ယောက်ရဲ့ ငယ်ကျိုးငယ်နာ အပုတ်ထုပ် အရှုပ်ထုပ်တွေ လှန်လှောတူးဆွကြမှာ မလွဲ။ “အပြုတ်လည်း မဟုတ်ဘူး။ အဖုတ်လည်း မဟုတ်ဘူး။ အသုပ်ဟ အသုပ်။” ဆိုပြီး နယ်မယ့်ဖတ်မယ့်သူတွေကလည်း လက်တပြင်ပြင်ရယ်။ မာလာရှမ်းကော လုပ်မလို့လား မသိ။

ကြင်စိုးတစ်ကောင် ဖြုတ်ထုတ်သတ်လုပ်ရုံနဲ့တော့ ဒီတော်လှန်ရေးကြီး ပြီးမသွားနိုင်ပါဘူး။ နောက်တက်မယ့် စစ်ခွေးတစ်ကောင်ကောင်နဲ့ သင်ပုန်းတွေချေပြီး သွေးအေးသွားမှာမှ မဟုတ်တာ။ ဘယ်သူပဲတက်လာလာ အဲ့ဒီစစ်တပ်ထဲမှာ ခွင့်လွှတ်ကျေအေးလို့ရမယ့် လူစိတ်ရှိသော သတ္တဝါ တစ်ကောင်တစ်မြီးမှ မပါတာ လူတိုင်းအသိ။ သူတို့အသက်ကို မထိသ၍ ဘယ်သူ့သတ်ရသတ်ရ၊ သတ်ချင်တိုင်း သတ်လာခဲ့ပြီး သူတို့အသက်နဲ့နီးတော့မှ “မှားတာရှိရင် တောင်းပန်ပါတယ်။” ဆို လက်နက်ချချင်တဲ့ကောင်တွေ။ ခုချိန်ထိ တပ်ထဲမှာရှိနေတဲ့ကောင်တွေက ပြည်သူကို မသတ်ရသေးတာ တစ်ယောက်မှ မရှိ။ စိတ်မပူပါနဲ့။ ဒီတော်လှန်ရေးကြီးက စစ်သားတွေ တစ်ယောက်မှ မကျန်တော့ရင်တောင် ပြီးဦးမှာ မဟုတ်ပါဘူး။ အချင်းချင်း ဆက်ချနေရဦးမယ့် ပြဿနာတွေ ရှိတယ်။

ကမ္ဘာဦးအစကတည်းက လူသားတွေ တိုးတက်ပြောင်းလဲလာခဲ့တဲ့ ခေတ်ကို မှတ်တမ်းတင်ရင် သူတို့ ဘာလက်နက်ကိုင်သလဲဆိုတာနဲ့ပဲ အကဲဖြတ်ကြတယ်။ ကျောက်ခေတ်၊ကြေးခေတ်၊ သံခေတ်ဆိုတာတွေက သူတို့လက်နက်ကို ဘာနဲ့လုပ်သလဲ ဆိုတာကို ကြည့်တာ မဟုတ်လား။ ဘုရားသာသနာ သိကြားသာသနာတွေက သမိုင်းအထောက်အထား မခိုင်မာဘူး။ လက်တွေ့ကျကျ ပြောရရင် ငါတို့မှာ လက်နက်မရှိတဲ့အခါ စစ်သားတွေက သိပ်အနိုင်ကျင့်တယ်။ အဲ့ဒါကြောင့် လက်နက်ရှိအောင်လုပ်တယ်။ စစ်တိုက်တတ်အောင် သင်တယ်။ အဲ့ဒီတော့မှပဲ ဒီကောင်တွေနဲ့ တန်းတူထား စကားပြောလို့ ရတော့တယ်။

လက်နက်မရှိတဲ့ကောင်ဆို ဘယ်စကားဝိုင်းကမှ အဖက်လုပ် မခေါ်ဘူး။ သဘောထားဆန္ဒလည်း မမေးဘူး။ “No bullet, no voice.” ပဲ။ UNHCR တောင် လက်နက်ရှိတဲ့ စစ်အစိုးရကိုပဲ ကယ်ဆယ်ထောက်ပံ့တာ။ အညာက မီးလောင်ပြင်တွေဆီ ဆန်တစ်စေ့ ရေတစ်ပေါက် မရောက်ဘူး။ လက်နက်မပါပဲ နိုင်ငံရေးနည်းနဲ့ အဖြေရှာမယ်ဆိုတဲ့ ကိုကိုကြီးတို့ အုပ်စုကို ကြည့်ပါလား။ ခြေသုတ်ပုဆိုး မြွေစွယ်ကျိုးတောင် မဟုတ်။ ဆီးပေါက်ခွက်ထဲက ပရုတ်ခဲ ဖြစ်နေပြီ။ စစ်သားတကာ တေ့ပန်းလို့ လုံးပါးပါးတဲ့ ဘဝ။ “ရွေးကောက်ပွဲကျရင် ကျွန်တော်တို့ကို မဲပေးပါ။” ဆိုတဲ့ စကားတစ်ခွန်း ပြောခွင့်ကလွဲရင် စစ်သားတွေဆီက ဘာလိုက်လျောမှုမှ မရ။ ဇော်မဲလုံး ခေါစာခေါ်ပစ်တဲ့ သတင်းထောက်တွေလို “May I ask one question?” တောင် မလုပ်နိုင်ရှာ။ “နင်တို့ မေးချင်ရာမေး။ ငါလည်း ဖြေချင်ရာဖြေမယ်။ မေးခွန်းသတ်ရင် ထောင်ထဲကြွ။”ဆိုတဲ့သူတွေနဲ့ သူက ဘာတွေ ညှိနှိုင်းမလို့လဲ။ တိုင်းရင်းသား မြို့ရွာတွေအပေါ်ကို နေ့နေ့ညည အကြိမ်ပေါင်းထောင်ချီအောင် ဗုံးကျဲတိုက်ခိုက်လာတဲ့ကောင်တွေက “လေယာဉ်တွေကို မပစ်ပါနဲ့။ လေယာဉ်က ပြည်ပရန် ကာသကွယ်ဖို့ထားတာ။ နိုင်ငံတော်ရဲ့ ဘဏ္ဍာတွေ ထိခိုက်ပါတယ်။” တဲ့။ စကြာဝဠာတစ်ခုလုံးမှာ အပြောရဲဆုံး သတ္တဝါတွေ။ နေဦး။ ငါ အပ်နဲ့ကို ပိတ်ချုပ်ပစ်ဦးမယ် အိုက်ပါးစပ်။

သမိုင်းတလျှောက်လုံးမှာ လက်နက်အားကိုးနဲ့ အနိုင်ကျင့် ဗိုလ်ကျစိုးမိုးလာတဲ့ အာဏာရှင်တွေကို မခံမရပ်နိုင်ဖြစ်တဲ့အခါ ပြည်သူတရပ်လုံးက တွန်းလှန်တော်လှန်ကြတယ်။ အဲ့ဒါတော်လှန်ရေးပဲ။ ကိုယ်တို့က မင်းအောင်လှိုင်ကို ကွက်ပြီးတော်လှန်တာ မဟုတ်ဘူး။ နေဝင်း၊ သန်းရွှေ၊ သိန်းစိန်ရဲ့ အဆက်အနွယ် အဆွယ်အပွါးတွေကိုပဲ ချေမှုန်းနေတာ မဟုတ်ဘူး။ တော်လှန်ရေးက ရန်ကြွေးဆပ်တာ၊ လက်တုန့်ပြန်တာမှ မဟုတ်တာ။ လူတန်းစားတစ်ရပ်၊ စံနစ်တစ်ခုကို တိုက်ဖျက်တာ။ စစ်တပ်ထဲကလူတွေ တစ်ယောက်မှ မကျန်တော့ရင်လည်း နောက်တက်လာမယ့် ဘယ်သူမဆို ဒီသောက်ချိုးအတိုင်း ချိုးလာရင် ခေါင်းငုံ့ခံနေတော့မှာ မဟုတ်ဘူး။ အနှစ် ၆၀ ကျော် အုပ်ချုပ်သွားတဲ့ စစ်တပ်ဟာ အာဏာကို လက်မလွှတ်ရအောင် ရှိရှိသမျှ ကူလီကူမာ ကလိမ်ကကျစ် နည်းလမ်းပေါင်းစုံ၊ အကြမ်းဖက်မှုပေါင်းစုံကို လက်တွေ့အသုံးချပြသွားတယ်။ နောက်ထပ်အသုံးချစရာ ဘာနည်းလမ်းမှ မကျန်ဘူး။ နိုင်ငံရေးသမားတွေ ဘာစကားပြောပြီး ဘာခြေလှမ်းလှမ်းရင် ဘယ်အကွက်ခင်းတော့မယ်မှန်း မသိစရာ မမြင်စရာလား။ သိပ်ထူလွန်းပိန်းလွန်းရင် တပ်ထဲက လင်သေ အလျော်မရ မုဆိုးမတွေကို ကြည့်ကြည့်ပြီး သင်ခန်းစာယူလိုက်ကြ။ နောက်လာမယ့် နိုင်ငံရေးသမားတွေ တရားဟောရ အရမ်းသက်သာသွားပြီ။ “အရင်တုန်းက စစ်တပ်ကမှားတဲ့ အမှားမျိုး ပြန်မမှားပါဘူး။” လို့ ကတိတစ်လုံးပေးနိုင်ရင် ရှိသမျှမဲအားလုံး ကိုယ့်ဖို့ချည့်ပဲ။

အခုလောလောဆယ်မှာတော့ ဘုရားကတည်လက်စမို့ ငြမ်းမဆင်လို့ မရဘူးလေ။ ဘုရားပြီးမှ ငြမ်းဖျက်ဖို့ စဉ်းစားတော့မယ်။ ကိုယ့်အသက်ကိုယ် ကာကွယ်ဖို့ လက်နက်တပ်ဆင်နေတုန်းရှိသေးတာ။ တော်လှန်ရေးပြီးမှ အဲ့ဒီလက်နက်တွေ ပြန်သိမ်းယူရမယ်။ နို့မို့ဆို ကျိုက်ထီးရိုးလက်ဆောင်တွေလို “ပြန်မချစ်ရင် ပစ်သတ်မယ်။” ဖြစ်ကုန်မှာ။ ပုလဲနယ်ထဲဝင်ဖို့ “တူရကီ မူရကီ စူရကီယား” တွေ တတ်အောင်သင်နေရပါဦးမယ်။ “မုပ ပလားနဂဲ” ဆိုတာ “မပု ပုလဲနဂါး” လို့ ပြောမှန်း ခုမှ သိတော့တယ်။ ကိုးကန့်ပြည်နယ်၊ ဝပြည်နယ်၊ ပလောင်ပြည်နယ်၊ ပအို့ဝ်ပြည်နယ်၊ ဓနုပြည်နယ်၊ ပြည်နယ်အသစ်တွေနဲ့ဆိုတော့ ရှမ်းတွေက “တောင်ကြီးမောက်မယ် ရှားလာလာလာလား။” ဆို စိုင်းစိုင်းခမ်းလှိုင်နဲ့ မီးပုံးပျံလွှတ်ပြီး ကျေနပ်နိုင်ပါ့မလား။ ယူတို့က သိပ်နေနိုင်တာပဲနော်။ တော်လှန်ရေးကြီးက ပြီးတော့မယ်။ နည်းနည်းပါးပါး ဒိုင်ဗင် ဝင်ပစ်ဦးမှပေါ့။ နောက်တော့မှ စာတမ်းထိုးတာ တို့လည်း မပါဘူးဆိုရင် ထူးမွန်ကြီးက live လွှင့်ပြီး ကလော်တုပ်လိမ့်မယ် သိလား။

ကိုင်း။ ရာဇဝတ်အိုးတွေ တုတ်နဲ့ထိုးလို့ ဝပြီ။ ကိုယ့်ဆေးရုံကိုယ်ပြန်ပြီး ကိုယ့်အလုပ်ကိုယ် လုပ်ဦးမှပါ။ Hypoxia ရတဲ့ လူနာကြီး ပြန်ဆင်းသွားပြီ။ Perforation တွေရော၊ Burst appendix တွေရော အကုန်ကောင်းတယ်။ မွေးလူနာ၊ ခွဲလူနာ တစ်နေ့တစ်ယောက်ကတော့ ပုံမှန်ပဲ။ မော်ကျူရီအသစ်ကြီးကတော့ သုံးစရာကို မလိုသေးဘူး။ ရန်ကုန်က pelvis တွေ dummy တွေ ရောက်လာလို့ စာသင်နေတယ်။ အားရင်အားသလို စာကို တို့ထိတို့ထိနဲ့ ရေးနေတာ တော်နေကြာ ရေးနေတဲ့စာ မပြီးခင် တော်လှန်ရေးကြီး ပြီးသွားမှာစိုးလို့ ရောက်တဲ့အရပ်က နိဂျုံးခုပ်ပြီး မြန်မြန်တင်ပေးလိုက်ရတယ် ချစ်တို့ရေ။ အသည်းလေးတွေ ပေးခဲ့ကြဦး။ သက်လား။