ချန်ဂင်တို့စခန်း (၂၂၆)

မနှစ်ကတုန်းက ဆေးတပ်သားလေးတွေကို Basic Science သွားသင်ပေးရတယ် ဆိုတာ သူတို့သင်တန်းကျောင်း ရှိတဲ့ဆီကိုသွားပြီး တနေကုန် ကျောင်းမှာစာသင်သလို သင်ရတာပါ။ ဒီနှစ်လည်း အဲ့ဒီစာတွေပြန်သင်နေရပြန်ပြီ။ ဒီတစ်ခါတော့ ကိုယ့်ဆေးရုံမှာ အလုပ်သင်လာဆင်းတဲ့ကလေးတွေကို သင်ရတာ။ ဒီမှာတော့ လက်တွေ့အလုပ်တွေကို အဓိကသင်တာပေါ့။ ဒါပေမယ့် ဆေးသင်တန်းမတက်ရသေးတဲ့သူတွေလည်း ပါလာတော့ မထူးပါဘူး။ မနှစ်ကစာတွေပဲ ပြန်သင်ရဦးတော့မယ်။ သူတို့လည်း ကိုယ့်ဆီလာ ဒုက္ခခံရတာ မောင်ပုံ မယ်ပုံအဖြစ်နဲ့ ပြန်မလွှတ်နိုင်ဘူး။ အကြီးက အငယ်ကိုသင်၊ အရင်လူက နောက်လူကိုသင်။ ပညာကို ဒီလိုပဲ လက်ဆင့်ကမ်းရင်း အလုပ်လုပ်ကြတာပေါ့။ လူနာတွေမှာ progress ရှိသလိုပဲ ဆရာဝန်၊ သူနာပြု၊ ဆေးတပ်သားတွေဘက်မှာလည်း progress ရှိရမယ်။ ပြီးတဲ့အခါ အဲ့ဒီ progress တွေကလည်း တော်လှန်ရေးအတွက်လအထောက်အကူဖြစ်ရမယ်။

မြို့ပေါ်မှာလို ပိုက်ဆံယူပြီး “အောင်လက်မှတ်ပေးလိုက်မယ်။ အပြင်ဆေးခန်းတွေမှာ အလုပ်လုပ်စားတော့” ဆိုတဲ့ ထမင်းစားလက်မှတ်ပေး သင်တန်းမျိုး မဟုတ်ပါဘူး။ ကိုယ့်ဆီကပြန်သွားရင် ရှေ့တန်းမှာ အလုပ်လုပ်တတ်သွားအောင် သင်တာ။ Combat Medics ဖြစ်အောင် လေ့ကျင့်ပေးတာ။ ဆရာဝန်၊ သူနာပြုလေ့ကျင့်သင်ကြားရေးက သပ်သပ်။ ဆရာဝန်တွေလည်း ကိုယ့်ဆီကပြန်ရင် နည်းနည်းပါးပါး ခွဲတတ်စိတ်တတ်၊ မေ့ဆေးထုံဆေးပေးတတ်အောင် သင်တယ်။ လိုအပ်တဲ့ ပစ္စည်းပစ္စယပါ ပေးလိုက်တယ်။ အဓိကကတော့ အလုပ်လုပ်နိုင်ဖို့ အသက်ကယ်နိုင်ဖို့ပဲ။ ဆေးရုံမှာ လူနာတွေ ရောက်လာသ၍ သူတို့အတွက် တစ်နည်းတစ်လမ်း နဲ့ လေ့ကျင့်သင်ကြားတတ်မြောက်စရာတွေ ရနေမှာပဲ။ အခု ရက်ပိုင်းအတွင်းမှာ မွေးလူနာတွေ အလာများတယ်။ ပုံစံအမျိုးမျိုးနဲ့လည်း လာတာ။ ဗိုက်စမ်းတတ်အောင်သင်တယ်။ ဆေးရုံကိုလွှဲရမယ့်လူနာကို ကြိုကြိုတင်တင်သိအောင်ပြတယ်။ Normal Labor ကို အလှည့်ကျ စောင့်မွေးခိုင်းတယ်။ ဆရာဝန်တွေကိုတော့ LSCS လုပ်တတ်အောင်သင်ပေးတယ်။ အရာအားလုံးကို ကိုယ့်မျက်စိနဲ့ ဒေါက်ထောက်ကြည့်ပြီး သူတို့ကို လုပ်ခိုင်းတယ်။ လူနာနစ်နာမှာစိုးလို့။ သင်ပေးရတဲ့သူများတော့ လူနာလည်း များများလာမှ ဖြစ်မယ်။ ဆေးရုံက လူအင်အားကတော့ လူနာထက် အမြဲတမ်း ပိုများတယ်။ ၂၅ ကနေ ၃၀ နားရောက်လာပြီ။

ဒီမှာ လက်တွေ့လာဆင်းတဲ့သဘောကတော့ ဆရာက သင်တာ၊ စာကသင်တာဆိုတာထက် လူနာက သင်တာဆိုရင် ပိုမှန်ပါတယ်။ လူနာကြီး ငုတ်တုတ် ပက်လက်ထားပြီး လက်တွေ့ လုပ်ကိုင် ကုသပေးရင်း ဒီဟာ ဘာလဲ။ ဘယ်လို လုပ်ရသလဲ။ ဘာကြောင့် ဒီလို လုပ်ရသလဲ။ ဘာတွေဖြစ်တတ်သလဲ။ အလုပ်လည်း လုပ်ခိုင်း၊ အတုလည်းခိုးခိုင်း၊ မှားရင်လည်း ပြင်ပေးပေါ့။ ဆိုလိုတာ လူနာ က ဆရာ။ လူနာဆီမှာ ပညာရအောင် ယူကြ။ ကိုယ်က နည်းပေးလမ်းပြပဲ လုပ်တာ။ ကိုယ်ကိုယ်တိုင်တောင် လူနာတွေဆီက သင်ယူလေ့လာနေရတုန်း။ ဘယ်လို သင်ယူရသလဲဆိုတာပဲ နားလည်အောင် ပြပေးတာ။

တလောတုန်းက ဗိုက်အောင့်တယ်ဆိုပြီး လူနာကောင်လေးတစ်ယောက် ရောက်တယ်။ အသက်က ၁၈ နှစ်ပဲ ရှိသေးတယ်။ မျှောထဲကလာတာ။ ဝမ်းအမည်းတွေလည်း သွားတယ်တဲ့။ ဗိုက်နာတာကတော့ ဘယ်ဘက်တခြမ်းလုံးနာတာ ပက်လက်တောင် မအိပ်နိုင်ဘူး။ အစားလည်း စားလို့ မဝင်တော့ဘူး လို့ ပြောတယ်။ တစ်ပါတ်ဆယ်ရက်လောက်နဲ့ကို ဂျုံးဂျုံးကျသွားတာ။ နီးစပ်ရာ ဆေးခန်းတွေမှာ ဆေးထိုးဆေးသွင်းလည်း မသက်သာလို့ ဒီကို လာပြတာ လို့ ပြောတယ်။

သူ့အရှုပ်ထုပ်ကြီးက ဘယ်က အစဆွဲဖြည်ရမယ်မှန်းတောင် မသိပါဘူး။ ဗိုက်စမ်းကြည့်တော့လည်း ရင်ခေါင်းအဝမှာ ဖောင်းကားနေတဲ့ အလုံးကြီး စမ်းမိတယ်။ အစာအိမ်ကြီးများ ဖောင်းကားနေသလား မသိဘူး ဆို ကမန်းကတန်း နှာခေါင်းပိုက် ကောက်ထည့်လိုက်တော့ ဘာမှ ဟုတ္တိပတ္တိ ထွက်မလာဘူး။ ရင်ခေါင်းက အလုံးကြီးကလည်း လျော့မသွားဘူး။ သူ့ရင်ဘတ်တစ်ခြမ်းက အသက်ကောင်းကောင်း မရှူဘူး။ လူကသာ မောနေတာ။ စမ်းကြည့်ရသလောက်တော့ ဘယ်ဘက်ရင်ခေါင်းတစ်ခုလုံး ရေတွေအပြည့်ပဲ။ ဓါတ်မှန်ရိုက်တော့လည်း သေချာတယ်။ ဗိုက်ပြဿနာ နောက်မှရှင်း။ ရင်ခေါင်းက ကိစ္စ အရင်ရှင်းရမှာ။ ခွဲခန်းထဲတန်းသွင်းပြီး chest tube ထည့်ကြတာပေါ့။ နောက်ရောက်တဲ့ ကလေးတွေလည်း chest tube ထည့်တာ မမြင်ဖူးသေးလို့ လုပ်ပြရင်း။ ဒီနေရာ ဒီနေရာ ထုံဆေးထိုး၊ ဓါးနဲ့ဖွင့်၊ ဒီလိုမျိုးထည့် ဆိုပြီး။ ထွက်လာတော့လည်း ဒီလိုမျိုး ကို ပန်းထွက်လာတာ။ အမြန်ကြီး ထုတ်လို့ မရဘူး။ ဖြည်းဖြည်း ဖြည်းဖြည်းချင်းထုတ်။ 1.5 L ထက် ပို မထုတ်ရဘူး ဆို ပြောရင်းပြောရင်း ၂ ပုလင်း ပြည့်သွားတယ်။ တော်ပြီ။ ဒီနေ့အဖို့ ထပ်ထုတ်လို့ မရတော့ဘူး။ မော်နီတာမှာကြည့်။ heart rate လေး ပြန်ကျလာပြီ။ SpO2 လေး ပြန်ကောင်းလာပြီ။ လူနာလည်း အမောသက်သာသွားပြီ။ စိတ်ချရပြီ ဆိုမှ ခွဲခန်းထဲက ထုတ်ပြီး ward ထဲက HDU ကုတင်မှာ အောက်ဆီဂျင် ဆက်ပေးထားခိုင်းတယ်။ chest tube မှာ ညှပ်ထားတဲ့ clamp ကို မဖြုတ်ရဘူးနော်။ နက်ဖြန် မနက်ကျမှ ဖြုတ်မယ် လို့ သေသေချာချာ မှာခဲ့ပါတယ်။

သူတို့ကလည်း သေသေချာချာကို နားထောင်တာ။ အိမ်ပြန် ရေမိုးချိုး ထမင်းစားပြီးချိန်ကျမှ လူနာမောလို့ ချောင်းဆိုးလို့ ဆို လာခေါ်တော့ ကိုယ်ကတော့ တန်းသိတာပေါ့။ ဒီကောင်တွေ clamp ဖြုတ်လိုက်မိပြီ။ နောက်ထပ် တစ်လီတာလောက် ထပ်ထွက်လာပြီး လူနာက ဖုတ်လှိုက်ဖုတ်လှိုက်နဲ့ ရေနစ်နေပြီ။ အေး အဲ့ဒါ acute pulmonary oedema လို့ ခေါ်တယ်လေ။ မြင်ပြီ မဟုတ်လား။ သွား ခွဲခန်းထဲသွား။ morphine တစ်လုံး စုပ်ခဲ့။ Lasix ထိုး၊ O2 ကို bag & mask နဲ့ပေး။ ဒီလိုလုပ်ရင် ဒါတွေဖြစ်တယ်။ ဒီလို ဒီလိုတွေ နောက်ကလိုက်ဆယ်ရတယ်။ လူနာမသေမချင်း ကိုယ်မသေမချင်း မှတ်ထား။ အဲ့သလိုမျိုး လူ့အသက်ကြီးနဲ့ နဖူးတွေ့ ဒူးတွေ့ သင်လိုက်တာ သူတို့လည်း တစ်ခါတည်း မှတ်မိသွားတာပေါ့။ တော်ပါသေးရဲ့။ ပြန်ဆယ်မိလို့။

လူနာရဲ့ ရင်ခေါင်းထဲက အရည်တွေ ၃ လီတာကျော်ကျော် ထွက်သွားပြီးတဲ့အခါ သူ့ရင်ညွန့်အောက်မှာ ဖောင်းကားနေတဲ့ အလုံးကြီးလည်း ပျောက်သွားတယ်။ ဝမ်းခေါင်းထဲက ပြဿနာတော့ မဟုတ်ဘူး။ သို့သော် ကိုယ်တော်က အိမ်မှာ အကိုက်အခဲပျောက်ဆေးတွေ မပြတ် သုံးဆောင်လာလို့ ဝမ်းထဲမှာ အရောင်မည်းမည်းတွေ ပါလာတာနေမယ်။ အစာအိမ်ဆေးတော့ ပေးရတာပဲ။ သွေးက အစာအိမ်ထဲတင် ထွက်တာ မဟုတ်။ အဆုတ်ထဲက ရေတွေမှာလည်း မက်မန်းသီးဖျော်ရည်ကျဲကျဲ အရောင်ရှိတယ်။ ဓါတ်ခွဲခန်းပို့ရတာပဲ။ အမောသက်သာသွားပေမယ့် ဖြူဖျော့နေလို့ သွေးတစ်လုံးသွင်းရသေးတယ်။ ဓါတ်ခွဲခန်းကအဖြေကတော့ တီဘီပိုးလည်း မတွေ့ဘူး။ ကင်ဆာဆဲလ်လည်း ရှာမရဘူး။ အကြောင်းရင်း ထပ်ရှာဖို့ လိုသေးတယ်။ chest tube ထည့်တုန်းက ချိုင်းဘက်နားမှာ အကျိတ်သေးသေးနှစ်လုံး စမ်းမိထားတယ်။ အဲ့ဒါလေး ခွဲထုတ်ပြီး ဓါတ်ခွဲခန်းထပ်ပို့ကြတာပေါ့။ အဆုတ်ထဲက အရည်ကတော့ တိတ်မသွားဘူး။ နည်းလာလိုက် များလာလိုက်နဲ့ တစ်နေ့ ၅၀၀ စီစီ ပတ်ချာလဘ်လောက် ထွက်တယ်။ recheck X-ray ပြန်ရိုက်တဲ့အခါ TB လိုတော့ တွေ့တာပဲ။ သို့သော် သလိပ်စစ်လို့ မရသေးဘူး။ တီဘီဆေးလည်း ပေးစရာ မရှိဘူး။ ခြောက်လ တစ်နှစ် သောက်ရမှာဆိုတော့ “သူ့အိမ်က ဘယ်မှာလဲ၊ ဆေး ဘယ်မှာ သွားယူမလဲ” ပါ လိုက် စီစဉ်ရတယိ။ midwives တွေ LHV တွေ တစ်ယောက်မှ မရှိတော့ဘူးလေ။ နောက်ဆုံးမှာ NGO က ဆရာဝန်တွေ လိုက်ချိတ်ဆက်ပြီး “လောလောဆယ် လူနာကတော့ chest tube ကြီးတန်းလန်းနဲ့ ဆေးခန်းကိုလွှတ်လိုက်လို့ မရပါဘူး။ tube out ပြီးမှ လွှတ်လိုက်ပါ့မယ်။ အဲ့ဒီဆေးခန်းမှာ register လုပ်ပြီးရင် ကလေးအဖေဆီကို တီဘီဆေးလေး တစ်လစာလောက် ပေးပေးပါ။ သလိပ်လည်း သူလာမှ စစ်ပါ။” လို့ request လုပ်ရတယ်။ သူ့အဖေသွားရင် လူနာစောင့်မရှိလို့ ဆေးရုံကပဲ ထမင်းကျွေးထားရတာ။ သူ့အဖေ ဆေးသွားယူတော့မှ biopsy result ကလည်း ထွက်လာတယ်။ Non-Hodgkin Lymphoma တဲ့။ ၈၇၆၅ ၄၃ တစ်မျိုးပြောင်းပေါ့ကွာ။ Oncologist နဲ့ တိုင်ပင်လိုက်ဦးမယ်။

လာတုန်းကတော့ ဘာမှန်းမသိတဲ့ အရှုပ်ထုပ်ကြီးနဲ့ ရွာလည်ပြီး ရောက်လာတာပါ။ ဒီရောက်တော့ အစဆွဲပြီး အထုံးတွေ ဖြည်ထုတ်မှ ဘာလုပ်လို့ ဘာကိုင်ရမှန်း သိတယ်။ အဖြေက ဘာလဲ အရေးမကြီးဘူး။ အဲ့ဒီအဖြေရောက်အောင် ဘယ်လိုသွားလဲ တတ်ရင်ရပြီ။ ဆရာဝန်ဆိုတာ အဲ့သလိုမစဉ်းစားတတ်ဘူး ဆိုရင် ဆေးမကုတာပဲ ကောင်းတယ်။ “လူနာဆီက အချက်အလက်တွေ ဒတ်ကနဲ ဒတ်ကနဲ ထွက်လာလျက်နဲ့မှ မင်းခေါင်းထဲမှာ အဖြေတွေ ဖြတ်ကနဲ ဖြတ်ကနဲ မပေါ်လာဘူးဆိုရင် မင်း ဒီလောကနဲ့ ရေစက်မပါပါဘူး။ နောက်ဆုတ်လိုက်ပါ။ နို့မို့ဆို မောင်ရင်လည်း စိတ်ဆင်းရဲ၊ လူနာလည်း ဒုက္ခရောက်လိမ့်မယ်။” တဲ့။ ကိုယ့်တုန်းကတော့ အဲ့သလိုမျိုး အဆုံးအမကို ခံခဲ့ဖူးတာပဲ။ အခုတော့ ကိုယ်ကပြန်ဆုံးမရတော့မှာလား မသိ။

ကိုယ့်ဆရာတွေ သင်ပေးပြပေး၊ ဆုံးမပေးခဲ့လို့ သည်ကနေ့ သည်အသိဉာဏ်၊ အတွေ့အကြုံတွေနဲ့ ကိုယ်နဲ့တွေ့ရတဲ့ လူနာတွေကို အသက်ရှည်အောင် ကျန်းမာအောင် ဆေးကုပေးနိုင်ခဲ့တယ်။ ကိုယ့်ကို သင်ပေးဖူးတဲ့ ဆရာတိုင်းဟာ ကိုယ့်အပေါ်မှာ သင်ရကျိုးနပ်လိမ့်မယ် လို့ ယုံကြည်ပါတယ်။ အလားတူပါပဲ။ ကိုယ်က သင်ပေးပြပေးခဲ့တဲ့သူတွေဟာလည်း နောင်တစ်ချိန်မှာ သူတို့လူနာတွေကို အနာနဲ့ဆေး တည့်အောင်ပေးနိုင်မယ် ကူညီနိုင်မယ် ဆိုရင် ကိုယ့်အတွက် သင်ရကျိုးနပ်တယ်၊ အပင်ပန်းခံရကျိုးနပ်တယ် လို့ပဲ ယူဆပါတယ်။ သင်ယူခြင်း သင်ကြားခြင်းဆိုတာ ဖယောင်းတိုင်ချင်း မီးညှိသလို အလင်းရောင်ကလေး ကူးပေးလိုက်ဖို့ပဲ မဟုတ်လား။ ကိုယ့်ခေါင်းထဲက အသိဉာဏ်ကို သူ့ခေါင်းထဲရောက်အောင် ထည့်ပေးလိုက်တာ။ အဲ့ဒါပြီးရင် ကိုယ့်အတွက် teacher- student relationship ပြီးဆုံးပါတယ်။ ကိုယ်စာသင်တဲ့ကျောင်းသားကို စာမေးပွဲမဖြေခင်အထိပဲ ကိုယ့်တပည့် လို့ သဘောထားတယ်။ ကျောင်းပြီးလို့ အလုပ်ထဲဝင်လာရင် လုပ်ဖော်ကိုင်ဘက်ပဲ။ ဆရာ-တပည့် မဟုတ်တော့ဘူး။ နောင်ကျရင် သူတို့ကတောင် ကိုယ့်ဆရာ ပြန်ဖြစ်သွားနိုင်သေးတာပဲ။ “အဲ့ဒါ ငါတို့ဆရာ” လို့ သူတို့ မှတ်မိချင် မှတ်မိပစေ။ “ဒီကောင် ငါ့တပည့်” လို့တော့ မှတ်မထားတတ်ပါဘူး။ တခါတလေ အပြင်မှာ အမှတ်တမဲ့တွေ့တဲ့အခါ သူတိူ့တွေက “အကို့ကို မြင်ဖူးတယ်ဗျ။ ဘယ်မှာမြင်ဖူးမှန်း မသိဘူး။” လို့ ဆိုလာရင် “ကိုရီးယားကားထဲမှာ ဖြစ်ပါလိမ့်မယ်။” လို့ပဲ ပြန်ပြောတတ်ပါတယ်။

ကိုယ်ဟာ ဆရာတွေနဲ့ပဲဖြစ်ဖြစ်၊ တပည့်တွေနဲ့ပဲဖြစ်ဖြစ်၊ တစ်စင်ထောင်ဖို့၊ တစ်ဂိုဏ်းခွဲဖို့ ဘယ်တုန်းကမှ စိတ်မကူး။ ကိုယ့်ဘာသာကိုယ်ပဲ နေချင်သူပါ။ “ငါ့သာသနာမှာ ငါ့လမ်းစဉ်ပဲ။ နင့်သာသနာကျမှ နင့်ဟာနင် လုပ်ချင်ရာလုပ်။” ဆိုပြီး ကိုယ့်မူနဲ့ကိုယ် တစ်မူတည်းမူနေတဲ့ မောင့်မူပိုင်ရှင်ကြီးလည်း မဟုတ်ပါဘူး။ ဆရာမွေးတဲ့အလုပ်၊ တပည့်မွေးတဲ့အလုပ်ကို လုပ်ကိုမလုပ်ချင်တာ။ ရာမမင်းသား ကျောကိုပုတ်မှ ၃ ဂါဝုတ်ကြီးရမယ့် ဟာနုမာန်လုပ်မယ့်အစားတော့ တောမှာပျော်တဲ့ မျောက်လွှဲကျော်လေးပဲ လုပ်ပါတော့မယ်။ ဒါကြောင့်လည်းတော်သုံးမဟုတ်ပဲ တောသုံး ဖြစ်နေတာပေါ့လေ။ ဆရာကိုယ်တိုင်တောင် အလကားခွဲပေးနေတဲ့ ဆာဂျင်မို့လို့ တပည့်တွေကို ၁ ကနေ ၅ အထိ နံပါတ်စဉ်တပ်ပြီး assistant fees တောင်းပေးနိုင်တဲ့အစား မဟုတ်တာ စိတ်မကောင်းပါဘူး။

လောက်ကိုင်မှာ ပြန်ပြောင်းမပေးပဲ အကြာကြီးထားတုန်းက ကိုယ့်ညီက အိမ်မှာပြောဖူးတယ်။ “သူ့ကို ဘယ်သူမှ ပြန်ခေါ်မှာ မဟုတ်ဘူးလေ။ သူ့မှာ ဆရာမှ မရှိတာ။ ဆရာတင် မရှိတာ မဟုတ်ဘူး။ သူ့မှာ တပည့်လည်း မရှိဘူး။ အဲ့ဒါကြောင့် သူ ဒီလိုနေရတာ။” တဲ့။ ဟုတ်တော့လည်း ဟုတ်တာပဲဟာကို။ ဒါပေမယ့်လည်း ဖြေသာပါတယ်လေ။ တချို့ဆို သူတို့ဆရာတွေကိုယ်တိုင်က ချင်းတောင်သွားပါ၊ မကွေးသွားပါ၊ ရာထူးတိုးပေးပါ့မယ်ဆို အခါခါလွှတ်ပြီး တကယ်တမ်းရာထူးတိုးတော့ တသက်လုံး ရန်ကုန်က ဘယ်မှမသွားဖူးတဲ့သူတွေ ထိပ်ဆုံးက ခန့်ပလိုက်တာလည်း ရှိတာပဲ။ “ဗိုလ်လေး၊ မင်းကို အခုပဲ ရာထူးတိုးပေးလိုက်ပြီ။ တောင့်ထား တောင့်ထား။” ဆိုတဲ့ ဆရာသမားမျိုး မဟုတ်တာပဲ တော်လှပေါ့ကွာ။ မျောက်လွှဲကျော်ဆိုတာ မြို့မှာခေါ်ထားလည်း တိရစ္ဆာန်ရုံထဲပဲ နေရမှာပါလေ။ တောမှာပဲ ရှေ့ကျွမ်းလေးထိုးလိုက်၊ နောက်ကျွမ်းလေးထိုးလိုက် နေတာ ကောင်းပါတယ်။

“ကြို့ညိုစံရာ သုကျိတ်မင်းတို့

သင်းဖွဲ့တဲ့နေရာပင် သေလာတွင်

ဟေမာတခွင် သေလာတွင်။

နန်းတော်ရှေ့ကဆရာတင်

ဗြိဇင်ပန်းကို လက်လှမ်းရပ်ကာပင်

အထက်နန်းဇရပ်မှာပင်

ယက္ကန်းခတ်သံကြားရသလို

နားဝမှာထင်။

အပေါ်မြင့်မြင့်သို့

မျှော်လင့်လျက်သာပင်

ပေါ်လင်းတင်တင်

ပေါ်လင်းမတင်တင်

ကျေးဇူးရှင်

နေညိုနု၊ ရွှေလိုရှု

မေပျိုဥရဲ့ တောင်တော်အဝင်။”