စစ်ပွဲအခြေအနေကြောင့် ဆေးရုံပိတ်ထားတယ် ဆိုပေမယ့်လည်း အရေးပေါ်လူနာတွေ လာရင်တော့ လက်ခံပြီး ကုပေးရပါတယ်။ “ဆေးရုံတင်ဖို့ လိုလောက်တဲ့လူနာပဲ လာပြပါ။ အရေးပေါ်မဟုတ်ရင် ရွာထဲက ဆေးခန်းမှာပဲ ပြပါ။” လို့ မှာထားရတာပေါ့။ အူအတက်လူနာတောင် ၂ ယောက်ရှိပြီ ခွဲပေးထားတာ။ ကြာကြာတော့မထားဘူး။ ၃ ရက်ဆို ပေးဆင်းတယ်။ “ဆေးရုံပိတ်သည်” သာ စာရေးထားတာ။ ရောက်လာပြီးမှတော့ သည်အတိုင်းပြန်မလွှတ်ပါဘူး။ ကုပေးပါတယ်။ ညရေးညတာ ဆေးရုံမှာ လူနာထားဖို့ စိတ်မချရတော့ day care center လို မနက်ခွဲ ညနေပြန် case လေးတွေ လုပ်ပေးပါတယ်။ hernia တို့ piles တို့ပေါ့။
ဒီနေ့နေ့လည် ဆရာဝန်တွေ ထမင်းစားတုန်းမှာ အသည်းအသန်လူနာတစ်ယောက် ကားတစ်စင်းနဲ့ရောက်လာတယ်။ အခြေအနေမကောင်းဘူး။ ဖုတ်လှိုက်ဖုတ်လှိုက်ရယ်။ အစာမဝင်ဘူး။ မောတယ်။ အန်တယ်။ ၃ ရက်လောက်ရှိပြီတဲ့။ မြို့မှာ ၂ ခါခွဲပြီး မသက်သာလို့ “ဒီကို မြန်မြန်ခေါ်သွား။” ဆိုပြီးရောက်လာတာ။ ဆရာဝန်နဲ့ခွဲတာ မဟုတ်ဘူး။ ရမ်းကုနဲ့။ ရမ်းကုတောင်မှ ဒီဆေးရုံက အခါခါ ခွဲပေးထားတဲ့ နတ်ဆရာ ရမ်းကု။ “နို့ လူနာက ဘယ်ရွာမှာနေတာမို့တုန်း။” လို့မေးတော့ ဒီရွာကလေ။ “ဘာပြောတယ်။ နင်တို့ လူလား တိရိစ္ဆန်လား။” ဆို အော်ငေါက်ပစ်လိုက်တယ်။ ရာရာသသ။ ဒီရွာမှာ Senior Consultant Surgeon တစ်ယောက်လုံး ပိုက်ဆံတစ်ပြားမှ မယူပဲ ခွဲပေးနေတာကို ပလစ်ပြီးတော့ မြို့တက်ပြီး ရမ်းကုနဲ့ ခွဲတယ်။ နင်တို့နဲ့ငါက ရန်ဖြစ်ထားလို့လား။ ဒီဆေးရုံမှာ SNA က လူတွေလည်း လာခွဲဖူးတယ်။ စစ်တပ်က ရဲက လူတွေလည်း လာကုဖူးတယ်။ လူနာအနေနဲ့ လာတာမို့ လူနာအနေနဲ့ပဲ ကုပေးခဲ့တာချည့်ပဲ။ ဘယ်သူဘယ်ဝါမှန်း ကြည့်တာ မဟုတ်ဘူး။ ဉာဏ်နည်းတယ်ဆိုတာ တော်ရုံပဲကောင်းတယ်။
အခုတော့ ဉာဏ်ချည့်ပဲ နည်းတာ မဟုတ်ဘူး။ ပိုက်ဆံလည်း နည်းလာပြီ။ ကိုယ်ကျိုးလည်း နည်းခဲ့ပြီ။ အောက်ဆီဂျင်ပါ နည်းနေပြီ။ သွေးပေါင်လည်း နည်းနေပြီ။ ခြေတွေလက်တွေ အေးစက်လို့ line တောင် မနည်း ရှာရတယ်။ ဆူရင်းဆဲရင်းနဲ့ လုပ်စရာရှိတာ အကုန်လုပ်ရတယ်။ သွေးချိုတိုင်းတာ ၅၁၈။ ဆီးထဲမှာ ketone body 3+ နဲ့။ ECG မှာ hyperkalemia နဲ့။ သေချာပါတယ်။ DKA လူနာပါ။ ရှိသမျှဆေးတွေ ဒလဟောသွန်ချပြီး ကုရတယ်။ ဆေးတွေက ဝယ်မရ သယ်မရဘူး ဆိုမှ။ ဆေးထက်ဆိုးတာ အောက်ဆီဂျင်လေ။ လက်ဖျားကတိုင်းတာ ၇၁% ပဲ ရှိတယ်။ စုထားသမျှ အောက်ဆီဂျင်တွေတော့ ဒင်းနဲ့ ကုန်ရချည်ရဲ့။
ခုရက်ပိုင်းအတွင်း ကိုယ့်ရဲ့အကြီးမားဆုံး အခက်အခဲက အဲ့ဒီ logistic ပြဿနာပါပဲ။ ဆေး နဲ့ ဆေးပစ္စည်းတွေကို လမ်းခရီးမှာ အဖမ်းအဆီး အစစ်အဆေး အရမ်းတင်းကြပ်ထားတယ်။ ပစ္စည်းသိမ်းရုံတင် မဟုတ်ဘူး။ ကားဂိတ်၊ ဆေးဆိုင်၊ ကယ်ရီကိုပါ ဒုက္ခပေးတာ။ အင်တာနက်လိုင်းဖြတ်ထားလို့ ငွေပေး၊ ငွေချေ၊ ငွေလွှဲတွေလည်း အရမ်း ခက်ခဲတာ။ ကိုယ်ပို့တဲ့စာတွေ မထွက်ဘူး။ သူများပို့တဲ့စာတွေ မဝင်ဘူး။ ဒီပြဿနာတွေ ဖြစ်လာလိမ့်မယ်လို့ လွန်ခဲ့တဲ့လတွေကတည်းက အတန်တန် သတိပေးတယ်။ ဒါပေမယ့်လည်း မတတ်နိုင်ဘူး။ “အဲ့ဒါ နင့်သောက်ကြောင်းလေ။” လို့ မပြောတာ ကံကောင်း။
ဟုတ်တယ်လေ။ သူများတကာတွေ ဒီအချိန်မှာ ကိုယ့်လို မိုးလုံလေလုံ အိပ်လိုက်စားလိုက် နေနိုင်တာ မဟုတ်ဘူး။ လိုင်ဆာမှာ လေယာဉ်နဲ့ ဗုံးကျဲတာ အသေအပျောက်နည်းတယ် ထင်လို့လား။ နမ့်ဆန်မှာ အသေအပျောက် ဘယ်လောက်ရှိတယ် ထင်သလဲ။ ကရင်နီမှာ ဆရာဝန်တွေ ဘယ်နှစ်ရက်နေမှ တစ်ခါ အိပ်ရသလဲ။ အကုန်သိပါတယ်။ လူတိုင်းမှာ ကိုယ့်သောက်ကြောင်းနဲ့ကိုယ်ပါ။ နားလည်ပါတယ်။ အဲ့ဒါကြောင့် ဘယ်သူ့ကိုမှ အပြစ်မတင်ဘူး။ ကိုယ့်ဘာသာ လုပ်စရာရှိတာ လုပ်တယ်။ ဘာလူနာလာလာ ကိုယ့်ဆီမှာ ဆေး အလုံအလောက် ရှိပါတယ်။ အစောကြီးတည်းက လာပြရင် အပ်နဲ့ထွင်လို့ရမှာကို အခုမှ ပုဆိန်နဲ့ပေါက်နေရလို့ စိတ်တိုရတာ။ ဒီလူနာ ကိုယ်တို့ဆေးခန်း လာပြဖူးပါတယ်။ ဆီးချိုလူနာပါ။ ဆီးချိုဆေးဆိုတာ မသေမချင်း လိုတိုးပိုလျော့နဲ့ ထိန်းသောက်ရတဲ့အမျိုး။ နွဲ့နွဲ့စန်းတောင် သူ တစ်လတစ်လ ဆေးဖိုး ၆ သိန်း ၇ သိန်းကုန်လို့ အမေများရိပ်သာကြီး ထိုးရောင်းနေတဲ့အချိန်မှာ ကိုယ့်ဆေးရုံက အဲ့သလို ဆီးချိုလူနာ လေးငါးယောက်ကို ဆေးအလကားပေးကုလာတာ ၂ နှစ် ရှိပြီ။ သွေးချိုဖောက်တဲ့ strips ပြားတောင် တစ်လ ၁၀၀-၂၀၀ နဲ့ မလောက်ဘူး။ အဲ့ဒီကြားထဲကမှ အခုလို သေကောင်ပေါင်းလဲ လူနာနဲ့ တွေ့ရတာ အသည်းနာစရာကောင်း။
စစ်ဖြစ်နေတဲ့ကာလ စစ်ပွဲရှိတဲ့ အရပ်ဒေသက လူနာတွေမှာလည်း သူတို့အကြောင်းနဲ့ သူတို့ပါ။ အားအားယားယား ဆရာဝန်နဲ့ ဆေးထိုင်ကုနေနိုင်တဲ့သူ တစ်ယောက်မှ မပါဘူး။ ပြေးဟယ်လွှားဟယ်နဲ့ ကြုံသလို ဝင်ပြရတာ။ သေစရာရှိလည်း သေရုံပေါ့။ ဘယ်တတ်နိုင်မှာလဲ။ စစ်သားတွေ သေနတ်နဲ့ပစ်မှ သေတတ်တာကျနေတာပဲ။ ဆရာဝန်တွေ ဆေးကုလို့လည်း သေတတ်ပါတယ်။ ကိုယ့်လောကအကြောင်း ကိုယ့်ဘာသာ အသိဆုံးပါ။ ညောင်မြစ်တွေ သွားသွားမတူးနဲ့။ ပုတ်သင်ဥတွေ ပေါ်ကုန်မယ်။ “ဒီဆရာဝန် အားကြီး စကားများတာပဲ။ ကိုင်းအခု ကုမှာလား။ မကုဘူးလား။ ဒါပဲပြော။” အဲ့သလိုစကားမျိုး ကိုယ် အပြောခံရဖူးပါတယ်။ တကယ်ကြီး အဟုတ်ကြီးကို အပြောခံခဲ့ရပါတယ်။ ကြည့်စမ်း။ အတိတ်ကိုလှန်သော် ပုလိပ်ကိုပြန်ခေါ် လိုက်တဲ့အခါ ရောက်သွားတဲ့နေရာကတော့ လောက်ကိုင်ဆေးရုံကိုပါ။ “ကြယ်သီးတန်”။ ဒီတခါတော့ ဒန်အိုးဖုံးကြီး ဂွမ်းကနဲတီးလိုက်သလို အလန့်ထညက်အသံကြီးပေးပြီး မီးတွေမှိန်ချလိုက်။ နောက်တစ်ခန်းက လောက်ကိုင်မှာ။
အဲ့ဒီနေ့က ဆေးရုံမှာ ရုံးဆင်းချိန်ရောက်လို့ OPD က ပိတ်နေပါပြီ။ အိမ်ပြန် ရေမိုးချိုးပြီး ဆေးခန်းသွားထိုင်ရမယ့် အချိန်ပါ။ ညနေ ၅ နာရီ။ ဒါပေမယ့် အဲ့ဒီနေ့က ဆေးခန်းသွားမထိုင်နိုင်ဘူး။ ဆေးရုံမှာ ဆရာဝန်ဆိုလို့ ကိုယ်တစ်ယောက်တည်း ရှိတာ။ အစည်းအဝေးသွားတဲ့သူနဲ့။ ခရီးသွားတဲ့သူနဲ့။ ကားတစ်စီးဆိုက်လာပြီး ပျာယိပျာယာနဲ့ ကလေး ၂ ယောက်ပွေ့လာတော့ ကိုယ်မြင်တာ အပူလောင် ဒဏ်ရာနဲ့ပါ။ ဆေးထိုးဆေးထည့်ဖို့ လိုတဲ့ပစ္စည်းတွေ စာရွက်နဲ့ရေးပေးပြီး ဆေးဆိုင်မှာ အဝယ်ခိုင်းလိုက်တယ်။ ဘယ်လောက်များသလဲ။ ဘယ်နေရာထိသလဲ။ ကလေးကို လှန်လှောကြည့်ရှုရင်း ဘာဖြစ်လာတာလဲ။ ဘယ်အချိန်ကဖြစ်တာလဲ။ ကလေးအမေကို မေးခွန်းတွေ တစ်ခုပြီးတစ်ခု မေးရပါတယ်။ ရောက်ကာစ စကားမပေါက်သေးတဲ့အချိန် သူတို့ကလည်း ဗမာစကားမတတ်တော့ ဒီလိုပဲ တစ်ခွန်းမေးတစ်ခွန်းဖြေ စကားကြောတွေ ရှည်ရပါတယ်။ အဲ့ဒီအချိန်မှာ ကလေးအမေက စောစောကပြောတဲ့စကားကို ရေရွတ်နေပါတယ် လို့ ကိုယ့်ဆီကို တိုက်ရိုက်ကြီး ဘာသာပြန်လာပါလေရော။ “ဘာပြောတယ်။” ဆို ထောင်းကနဲ ဒေါသထွက်သွားပြီး “ငါ ဒီမှာ ကုနေတာ မမြင်ဘူးလား။ နာရင်းအုပ်လိုက်ရ။ သွား။ မကုချင် ပြန်ခေါ်သွား။” ဆို ထ စကားများရတာပေါ့။ ခက်တာက သူကလည်း ကိုယ်ပြောတာ နားမလည်၊ ကိုယ်ကလည်း သူပြောတာ နားမလည်နဲ့။ အိစံကွားလား ဘိုကွားလားတွေ ဖြစ်နေတုန်း ဆေးသွားဝယ်တဲ့သူ ပြန်လာမှ သူတို့ပြောတာ အဲ့လို မဟုတ်ဘူး ဆို ငြင်း။ ကလေး ၂ ယောက်ကို ကားပေါ်တင် ပြန်ခေါ်သွားပါတယ်။ ကားပေါ်တက်ကာနီးမှ ဗမာစကားတတ်တဲ့တစ်ယောက်က ပြန်လာပြီး “တောင်းပန်ပါတယ်။ သူတို့ အဲ့လို မပြောပါဘူး။ သူတို့က ပယ်အိမ်ကပါ။” လို့ ပြောသွားတယ်။ အေးပေါ့။ ပြန်ပစေပေါ့။ သူတို့ပြန်သွားမှ “ဒါနဲ့ နေစမ်းပါဦး။ ပယ်အိမ် ဆိုတာ ဘယ်သူ့အိမ် ပြောတာလဲ။” လို့ ပြန်မေးတဲ့အခါ “ကိုးကန့် ဒုတိယခေါင်းဆောင်လေ။” လို့ ပြန်ဖြေပါတယ်။ အနားသား ကြယ်သီးတန်။
ကိုးကန့် မှာ ဖုန်အိမ် နဲ့ ပယ်အိမ်ဆိုတာ၂ ခု ရှိပါတယ်။ ကိုးကန့်ခေါင်းဆောင် ဖုန်ကြားရှင် နဲ့ ဒုတိယခေါင်းတောင် ပယ်ဆောက်ချင်ပါ။ ဦးဖုန် က စစ်တပ်ကို ဦးဆောင်ပြီး ဦးပယ် က စီးပွါးရေးကို ဦးဆောင်ပါတယ်။ နှစ်အိမ်စလုံးမှာ အားကိုးရတဲ့ သားကြီးသမီးကြီးတွေရှိပြီး သူတို့ချွေးမတွေကတော့ ဘွဲ့ရပညာတတ် မြန်မာစကား၊ အင်္ဂလိပ်စကား၊ တရုတ်စကား၊ ရှမ်းစကား မွှတ်နေအောင် ပြောတတ်တဲ့ မိန်းကလေးချောချောလှလှတွေပါ။ အင်မတန်မှလည်း ယဉ်ကျေးပျူငှါပါတယ်။ ဦးဖုန်ကိုယ်တိုင်က ရှမ်းအမျိုးသမီးကို ယူထားပြီး အဲ့ဒီအမျိုးသမီးက ကိုးကန့်ဒေသမှာ ရှိတဲ့ ရှမ်းရွာတွေအပေါ် ဩဇာညောင်းပါတယ်။ နှစ်စဉ် တန်ဆောင်တိုင်ပွဲဆိုရင် စီအောရွာမှာ ကထိန်ခင်းပြီး ပင့်သံဃာတွေ လားရှိုးဘက်ကတောင် ကြွကြတယ်။ အဲ့ဒီပွဲကျရင် ဦးဖုန်က တစ်ရာတန်ယွမ်စက္ကူတွေ ဆာလာအိပ်ကြီးနဲ့ထည့်ပြီး ကိုရင်လေးတွေပါမကျန် အကုန်ဝေတာ။ စီအောကျောင်းမှာ မီးခိုးတိတ်ထမင်းကျွေးတာကိုက လေးငါးရက်ပါပဲ။ နယူးယားကျရင်တော့ ကိုးကန့်ဒေသမှာ တာဝန်ကျသမျှ ဌာနဆိုင်ရာဝန်ထမ်းတွေ၊ NGOs တွေကို ပယ်စင်းဟော်တယ်ကိုဖိတ်ပြီး ညစာစားပွဲနဲ့ တည်ခင်းဧည့်ခံပါတယ်။
ကိုးကန့်ဟာ ကိုယ်ပိုင်အုပ်ချုပ်ရေးရ အထူးဒေသ (၁)ဖြစ်ပြီး ဗိုလ်ချုပ် ခင်ညွန့်လက်ထက်မှာ ဗမာစစ်တပ်နဲ့ ငြိမ်းချမ်းရေးယူပါတယ်။ အဲ့ဒါကြောင့် ဦးဖုန် ဟာ အကြောင်းကိစ္စ ပြောစရာ ရှိရင် ကိုခင်ညွန့် နဲ့ ပြောမယ် ဆို တိုက်ရိုက်ပြောလေ့ရှိပြီး ဦးခင်ညွန့် မရှိတော့တဲ့နောက်ပိုင်း ဒီဘက်ကလူတွေကို သိပ်မယုံပါဘူး။ အချိန်မရွေး စစ်ပြန်ဖြစ်နိုင်တယ် လို့ သဘောပေါက်ထားပါတယ်။ “နင်က ဘာလို့ သူတို့စိတ်ကို အဲ့လောက်သိရတာလဲ။ အေမီဈာန်လား။ ဦးဖုန်က နင့်ဝင်ဝင်ပူးနေလို့လား။” လို့ မေးစရာ ရှိပါတယ်။ ကိုယ်မှ မဟုတ်ဘူး။ အဲ့ဒီအချိန်က ကိုယ်နဲ့အတူ လောက်ကိုင်မှာ ရှိနေတဲ့ အရပ်ဘက် စစ်ဘက်က ကိုးကန့်တွေနဲ့ ရင်းရင်းနှီးနှီး ပေါင်းတဲ့သူတွေ အကုန်သိပါတယ်။ လျှို့ဝှက်ထားတဲ့ကိစ္စမှ မဟုတ်တာ။ ဦးခင်ညွန့်မရှိတဲ့နောက် ကိုးကန့်နဲ့ ဆက်ဆံရေး အေးစက်တင်းမာလာတာ လူတိုင်းသိတဲ့ ကိစ္စပါ။
တင်းမာရာကနေ ပေါက်ကွဲထွက်လာလို့ လောက်ကိုင်မှာ တိုက်ပွဲတွေဖြစ်လာတဲ့အချိန်မှာတော့ ကိုးကန့်မှာ မင်းပြောင်းမင်းလွှဲဖြစ်တယ် လို့ ဆိုရမှာပါပဲ။ ဖုန်အိမ်က လောက်ကိုင်ကို စွန့်ခွါပြီး ဝနယ်ထဲက သူ့သားမက်စိုင်းလင်း ရှိတဲ့ဆီကိုရွှေ့တယ်။ အဲ့ဒီနောက်တော့ သူတို့လုပ်ငန်းတွေကို မိုင်းလားမှာ အခြေတည်ကြတယ်။ လောက်ကိုင်မှာ ပယ်အိမ်က နန်းတက်လာပြီး သူ့ရဲ့တွဲဘက်ပါတနာကတော့ သူ့ကိုယ်သူ လောက်ကိုင်မှာ စစ်ရေးစွမ်းရည်တွေ ရွပ်ရွပ်ချွံချွံ ပြခဲ့တယ် လို့ လက်ခမောင်းခတ်လေ့ရှိသူ ဗိုလ်ချုပ်မင်းအောင်လှိုင်ပါပဲ။ အဲ့ဒီချိန် သူက ကစထမှူး ထင်ပါရဲ့။ အမှန်တော့ ရန်အိမ် နဲ့ ဖုန်အိမ် နဲ့ အကွဲမှာ ဦးခင်ညွန့် ဝင်သလိုပဲ ဖုန်အိမ် နဲ့ ပယ်အိမ် အကွဲမှာ သူက လက်လျှိုဝင်လိုက်ရုံလေးပါ။ ရဲတွေတော့ ထိုးကျွေးလိုက်ရတာပေါ့။ အဲ့ဒီလိုနဲ့ပဲ ပယ်အိမ်က ကိုးကန့်အုပ်ချုပ်သူဖြစ်လာပြီး legitimacy အတွက် နာနာတို့အသင်းကြီးကနေ ရွေးကောက်ခံ ကိုယ်စားလှယ်တွေ ဖြစ်လာရပါတယ်။ အဲ့ဒီအတွက် သူတို့မှာ မပုတင်တွေ ကိုင်ဆောင်ထားတာ အဆန်းမဟုတ်သလို တရုတ်နိုင်ငံသားကဒ်တွေ ရှိနေတာကလည်း အံ့လောက်စရာ မဟုတ်ပါဘူး။ ဦးဖုန်ကြားရှင်ကိုယ်တိုင်က မမလေး အောလစ်ယန်းရဲ့ သက်တော်စောင့် ကူမင်တန်တရုတ်စစ်သား ဖြစ်ခဲ့ဖူးတာပဲဟာ။ လောက်ကိုင်မှာမွေးတဲ့ ဘယ်သူမဆို တရုတ်မှတ်ပုံတင်လိုချင် မြန်မာမှတ်ပုံတင်လောက်တောင် မခက်ဘူး။ ပိုက်ဆံရှိရင် လူတိုင်း တစ်ယောက် နှစ်ခု ကိုင်ကြတယ်။ အခု ကျားဖျန့်ကိစ္စနဲ့ သတ်သေတယ်ဆိုတဲ့သူကျမှ တရုတ်နိုင်ငံသား၊ တရုတ်နိုင်ငံသား နဲ့ ကိုယ်လွတ်ရုန်းနေတာ။ USDP ကနေ လွှတ်တော်ထဲရောက်အောင်ထည့်ထားတဲ့ ပုတ်သင်ဥကြီးကပေါ်ရော။
အခု ပယ်အိမ် တစ်အိမ်လုံးဖမ်းပြီး တရုတ်လက်ကို ထိုးကျွေးတော့ စကစဘက်က သူ့ပါတနာ ဘယ်သူပါလိမ့်လို့ သို့လောသို့လော တွေးတောစရာ မလိုဘူး။ ပြောင်ပြောင်ကြီး။ ရှင်းရှင်းကြီး။ မင်းမှမင်းပဲ။ အောင်မှအောင်ပဲ။ လှိုင်မှလှိုင်ပဲ။ အဲ့ဒါကိုမှ မုန်လာဥ လုပ်တယ် ဆိုလည်း ဟိုက တရုတ်ကြီးက သောက်အ မဟုတ်ဘူး။ ဗေဒင်မေးပြီး ဘုံကျောင်းမှာ စာချပြီး လာဖမ်းတဲ့ ကိစ္စမှ မဟုတ်တာ။ သူတို့မှာ လည်း ထောက်လှမ်းရေးတွေနဲ့။ အဲ့ဒီထောက်လှမ်းရေးတွေ အသတ်ခံရလို့ ဒီပြဿနာဖြစ်တာ။
ဆိုတော့ကာ။ ကိုးကန့်ကိစ္စဟာ စကစအတွက် မထင်မှတ်ပဲ ဖျာအောက်ရေဝင်တဲ့အဖြစ်။ ဒါကိုမရှင်းပဲနဲ့ သူတို့ဘယ်လိုမှ အဲ့ဒီပေါ် တက်ထိုင်လို့ မရဘူး။ ဒါနဲ့ပဲ တစ်ယောက်ပြီးတစ်ယောက် ဖမ်းအပ်လိုက်တာ ပယ်အိမ်ကပါ အကုန်ပါသွားတယ်။ ပုလင်းတူဗူးဆို့လို့ပဲဆိုဆို၊ ကံတူအကျိုးပေးလို့ပဲပြောပြော။ ဟိုဘက်က တစ်နွယ်ငင်လိုက်ရင် သည်ဘက်က တစ်စင်လုံးပါသွားမှာက မောင်ကြင်စိုးနဲ့ သားများ ကိုယ်တိုင် ဖြစ်နေတယ်။ အခုကိုပဲ ကစထမှူး ဗိုလ်မှူးချုပ်နှစ်ကောင် ကျပြီးပြီ။ “တစ်တပ်လုံး အပြိုခံမလား။ ခေါင်းဖြတ်လဲမလား။” ဆိုတာ ဘယ်သူကမှ မစဉ်းစားပဲနေမှာ မဟုတ်ဘူး။ ခေါင်းမရှိလို့ သေရိုးမှန်ရင် မဟာပိန္နဲနတ်တို့၊ နံကရိုင်းမယ်တော်တို့ဆိုတာ ဘယ်ဖြစ်လာပါ့မလဲ။ ကိုယ့်ဟာကိုယ်လဲရင် အနည်းဆုံးတော့ ကိုယ်ကျန်နေဦမယ်။ တရုတ်ကြီးက ဖြုတ်လဲရင် ကိုယ်တောင် ကျန်ချင်မှ ကျန်မယ်။ အိုင်တို့က လဲရမယ်ဆိုရင်တော့ တစ်ကောင်တစ်မြီးမှ ကျန်မှာ မဟုတ်ဘူးနော်။ အဟင်းဟင်း။ “နင် ဉာဏ်ကောင်းလွန်းခဲ့တယ်။” လို့ ပြောပေးဖို့ စောင့်နေမယ် သက်လား။