ချန်ဂင်တို့စခန်း (၂၁၈)

နေရောင်မမြင်ရတာ ၂ ရက်ရှိပြီ။ ဆိုလာတွေတောင် အားမဝင်တော့ဘူး။ မိုးကပါ စိုစိစိုစိ ရွာနေတော့ အေးလိုက်တာ။ တကိုယ်လုံး ဂွမ်းစောင်နဲ့လိပ်ပတ်ပြီး နေ့ရောညရော အိပ်နေလိုက်တယ်။ နွေးရတာလည်း အရသာရှိတာပဲကိုး။ ညနေ ၅ နာရီဆို မိုးချုပ်ပြီဆိုတော့ မီးပုံဖိုပြီး မီးလှုံကြတာပေါ့လေ။ ကန်စွန်းဥ၊ အာလူး၊ ပြောင်းဖူးလေးတွေ မီးဖုတ်စားကြတယ်။ ခေါပုတ်လည်း ကင်လို့ရပြီ။ ကောက်သစ်ပေါ်နေမှပဲဟာ။ သီချင်းထဲမှာပါတဲ့ ပဒတ်ကလေး နီကျင်ကျင် ဆိုတာလည်း တစ်ခါလာပေးဖူးတယ်။ မစားရဲလို့ မစားဘူး။ ကြက်သံပုံးကင်တို့၊ ကြက်ရွှံ့လူးမီးဖုတ်တို့လည်း စမ်းကြည့်ကြတယ်။ မီးအချိန်အဆမတတ်သေးလို့ တူးတူးသွားတယ်။ မိုးညှင်းက ဘဲကင်မှာစားရင် ၅ ကောင်ဆို ၂ နပ်လောက်တော့ စားရတယ်။ အားအားယားယား ရှိတော့ အိပ်တာစားတာကိုပဲ အင်တိုက်အားတိုက် လုပ်ဖြစ်တာပါပဲ။ မိုးတစိမ့်စိမ့်နဲ့ဆိုတော့ လမ်းလျှောက်လို့ ပြေးလို့ တောင်တက်လို့လည်း မရတော့ဘူး မဟုတ်လား။ ကိုယ့်ကို နားနားနေနေ နွေးနွေးထွေးထွေး နေစေချင်လို့ မိုးနတ်မင်းကြီးက ဗကေးရှင်းပေးတယ်လို့ပဲ သဘောထားလိုက်ပါတယ်။ အင်တာနက်မရတော့ အိပ်ရေးပိုဝ တာပေါ့။ သူများတွေ ကိုယ့်တပ်ရင်းထဲကိုယ် ကျီးလန့်စာစား ဖြစ်နေတဲ့အချိန် ယူတို့မှာ အိပ်ကောင်းစားကောင်းနဲ့ သာယာနေကြတာ လိပ်ပြာလုံပါစေတဲ့။ လုံပါတယ်။ အိုင်တို့လို ဆင်းရဲနဲ့ငရဲ ကင်းအောင်နေချင်ရင် အလံဖြူလေးထောင်ပြီးထွက်ခဲ့ပေါ့။ ဘာခက်တာလိုက်လို့။ အလင်း ဝင်။ သန်းခေါင်ယံညနက်ထဲ ကြယ်စင်များ အိပ်စက်။ အလင်းဝင်။ အလင်း ဝင်။

ဟိုးအရင်တုန်းကတော့ အခုလို မိုးရွာပုံမျိုးနဲ့ဆို ဂျပန်စစ်ချီတေးတွေကို ဗမာစာသားသွပ်ပြီး “မို ဒေကာလဲ မယ်ဆဲဘယ် ရွားနေဒယ်။” လုပ်ကြတဲ့ ဂျပန့်ရင်သွေး တပ်မတော်ကြီးဟာ အခုလိုမျိုး နိဂုံးချုပ်ရတော့မယ်ဆိုတာ အစက ထင်မထားဘူး မဟုတ်လား။ စစ်တပ်ဆိုတာ တိုင်းပြည်ရဲ့ အရှင်သခင် မဟုတ်ဘူး။ တိုင်းပြည်ကို သစ္စာခံရတဲ့သူ၊ တိုင်းပြည်ကို ကာကွယ်စောင့်ရှောက်ရတဲ့သူ။ အနှစ် ၆၀ ကျော်တဲ့ institution ကြီးဖြစ်ပြီး အဲ့ဒီသဘောတရားကလေးမှ နားလည်အောင် သင်မပေးခဲ့တာ အခုလိုဖြစ်ဖို့ ကြမ္မာကို ဖန်တီးရာရောက်တယ်။ “ဟိုမိန်းမကြောင့်” “ဟိုမိန်းမကြောင့်” လို့ချည့်ပဲ အဘိဇ္ဇာတွေ ပွါးမနေနဲ့။ မဖြစ်ခင် ကြိုမြင်တတ်တဲ့ အမျှော်အမြင် မရှိရင်တောင် ဖြစ်ပြီးသားကို မှန်မှန်ကန်ကန် သုံးသပ်ပြီး အဖြေရှာတတ်တဲ့ အသိဉာဏ်လေး ပါလာဖို့ကောင်းတယ်။ အရူးမီးဝိုင်းနေမှတော့ တရားချလို့လည်း မရနိုင်ပါဘူး။

“ရွေးကောက်ပွဲပြီးရင် စစ်တန်းလျားကို ပြန်မယ်။” ဆိုတဲ့ ဦးစောမောင် လို ကာချုပ်မျိုးနဲ့ အခုလက်ရှိ ကာချုပ်နဲ့ ဘယ်သူက တိုင်းပြည်အပေါ်၊ ကိုယ့်ရဲဘော်ရဲဘက် စစ်သားတွေအပေါ်မှာ သစ္စာရှိသလဲ မေးရင် စစ်သားအယောက်တစ်ရာရဲ့ အဖြေက ဘာတဲ့လဲ ပရိသတ်ကြီးရဲ့။ အခုတော့ အစဉ်အလာကြီးမားတဲ့ မြန်မာ့တပ်မတော်ဆိုတာကြီးက ခံစစ်ပြင်ဖို့တောင် လုံလောက်တဲ့ စစ်သည်အင်အားမရှိတော့လို့ နေပြည်တော်လုံခြုံရေးအတွက် အစိုးရဝန်ထမ်းတွေ စစ်မှုထမ်းပြီး သူ့ကို ကာကွယ်ပေးရမတဲ့။ အလုပ်သင်ဆရာဝန်တွေက ရှေ့တန်းတက်ရမတဲ့။ ဘယ်သူက ဘယ်သူ့ကို ကာကွယ်ရမှာတုန်း။ ဟာသတွေ နိုင်ငံတော်တံဆိပ်နဲ့ ထုတ်နေတယ်။ မရှက်ဘူးလား။ “ဘာမှမပူနဲ့။ သံဃာ ၅ သိန်းရှိတယ်။” ဆိုတဲ့ ဘန်တလေဘုန်းကြီးဆီမှာ သွားတောင်းချေလေ။ ဝါသဝပြေးပြီ။ သူ့ကိုလွှတ်လိုက်။ ဘယ်လိုအကြံဉာဏ်တွေနဲ့ စစ်တိုက်နေမှန်းမသိ။ ငါ့မှာ ရယ်လိုက်ရတာလေ။

နေပြည်တော်က သူ့အသက်တောင် အဲ့သလို ဖက်နဲ့ထုပ်ထားရပြီဆိုရင် EAO တွေနဲ့ ရှေ့တန်းမှာ ရင်ဆိုင်တိုက်ရင်း အဝိုင်းခံ ဖြတ်တောက်ခံထားရတဲ့ အရာရှိ အရာခံ အကြပ်စစ်သည်တွေဆီကို စစ်ကူပို့ဖို့၊ လက်နက်ရိက္ခာ ထောက်ပို့ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်တော့ဘူး။ “ညီလေးရေ။ တောင့်ထား တောင့်ထား။ လေယာဉ်ပျံတွေ စက်နှိုးနေပြီ။” ဆိုတာ သေခါနီးရဲဘော်တွေကို နောက်ဆုံးတိုက်ကျွေးစရာ ဂျင်းပြုတ်ရည် တစ်ခွက်ပဲ။ ရယ်မနေနဲ့။ ဟိုမှာ ပြောတဲ့သူကလည်း တကယ်ပြောပြီး သေတဲ့သူကလည်း တကယ်သေသွားတာ။ စင်ရော်မောင်မောင် ဇာတ်လမ်း မဟုတ်ဘူး။ စဉ်းစားကြပေါ့ကွာ။ အဖြူရောင် အဝတ်စတစ်ခုကသာ ကိုယ်နဲ့ကိုယ့်ရဲဘော်တွေရဲ့အသက်ကို ကယ်တင်ရာရောက်တော့မယ်။

သူတို့ခေတ်ရောက်မှပဲ ဓဇဂ္ဂသုတ်ကို ဗားရှင်းအသစ် အပ်ဒိတ်လုပ်ရတော့မယ်။ “ငါ၏စစ်သား ရဲဘော်များတို့။ စစ်မြေပြင်တွင် ကြောက်ရွံ့ထိတ်လန့်စိတ်များ ဖြစ်ပေါ်ငြားအံ့။ အဘတပ်ရင်းမှူး၏ တံခွန်အလံကို မြင်အောင်ကြည့်ပါလေ။ ထိုအခါ ငါ့အဘ ငါနဲ့အတူ တိုက်ပွဲဝင်နေသေးသည်ဟူသော အသိဖြင့် ကြောက်စိတ်များ ပျောက်ကွယ် သွားအံ့။ တပ်ရင်းမှူး၏ အလံဖြင့် အကြောက်မပြေပါက တပ်မမှူးအလံကို ကြည့်ပါလေ။ ဗျူဟာမှူးအလံကို ကြည့်ပါလေ။ အဘတိုင်းမှူး၊ အဘ ကစထမှူးတို့၏အလံကို ကြည့်ပါလေ။ အကြောက်ပြေချင်လည်းပြေမည်။ ပြေချင်မှလည်းပြေမည်။ အကြောင်းမူ ထိုထိုဆိုအပ်ခဲ့သော သင်၏အကြီးအမှူး အဘတို့သည် ကိလေသာမကုန်သေးသည်ဖြစ်၍ သူတို့ကိုယ်တိုင်က ကြောက်တတ်လန့်တတ် ဆုတ်ခွါထွက်ပြေးတတ်သည် မဟုတ်တုံလော။ ထိုအခါ သင်သည် မည်သူ၏အလံကိုမျှ မကြည့်ပဲ သင်ကိုယ်တိုင် ပိတ်ဖြူတစ်ခုကို အလံဖြူထောင်၍ ထွက်ခဲ့ပါလေ။ ဤအရာကသာ သင့်အား ကြောက်ရွံ့ခြင်းကင်း၍ အသက်ချမ်းသာရာရသော နည်းလမ်းဖြစ်ပေ၏။ဘယံ ဝါ ဆမ္ဘိတတ္တံ ဝါ လောမဟံသော ဝါ သော ပဟီယိဿတိ။” တဲ့။ သာဓုလေးများ ခေါ်ကြပါဦး။

BTS fan ဆိုတာ BTS ကိုထိရင် ဘယ်လိုတွေတောင် သည်းသည်းမည်းမည်း ခုခံကာကွယ် တိုက်ခိုက်တတ်သလဲဆိုတာ လိုင်းပေါ်ကလူတိုင်း သိပါတယ်။ ဘဘစိုင်းဖန်တွေဆိုလည်း “ဘဘစိုင်းကို မထိနဲ့။ မီးပွင့်သွားမယ်။” ဆို ရရာလက်နက်နဲ့ ထွက်လာကြတဲ့သူတွေချည့်ပဲ။ “တပ်မတော်ကိုချစ်မြတ်နိုးသူများ” ဆိုတဲ့ အဘတို့ဖန်တွေကလည်း အဘတို့ကိုခင်ပါလိမ့်မယ်။ လွှတ်ကြည့်ပါလား ရှေ့တန်းကို။ “မတ်မတ်ကြူ။ ဘာမှ မပူနဲ့။ ကျယ်မတို့ အသေခံပြီး ကာကွယ်မယ်။ ကျယ်မတို့ မသေမချင်း ဒီကောင်တွေ မတ်မတ်ကြူတို့ကို လက်ဖျားနဲ့မှ မထိစေရဘူး။” လို့ အာမခံတဲ့ ကတော်မယားတွေ မမကြူဘေးမှာ အများကြီးပဲ လို့ ဟိုးအရင်ကတည်းက ကြားဖူးပါတယ်။ အဲ့ဒါ တကယ်လား၊ အဟုတ်လား၊ ပါးစပ်ကြီးရှိလို့ ပြောတာလား ဆိုတာ ထုတ်ဖော်စမ်းသပ်ကြည့်ဖို့ အချိန်တန်ပါပြီ NTQ ။ မင်းကင်းမောင်မြင့်တို့၊ ဘူးလက်လှဆွေတို့လို Sမှုထမ်းဟစ်နေတဲ့ စစ်မှုထမ်းဟောင်းကြီးတွေကိုလည်း ရှေ့တန်းပြန်လွှတ်ဖို့ သင့်မြတ်လျော်ကန်လှကြောင်းပါ။ မိုးဟိန်းတို့ ကိုကိုကြီးတို့လို ရှစ်ပူးအဟောင်းများကိုလည်း မြစ်ကူးချောင်းခြား တိုင်းရင်းသားတို့အရပ်ဆီ သံတမန်စေဖို့ အကောင်းဆုံးသူတွေ မဟုတ်ဘူးလား။ သူတို့ဆန္ဒအတိုင်း နိုင်ငံရေးနည်းနဲ့ ကွင်းဆင်းပြီး အဖြေရှာခိုင်းလိုက်ပါ။ သူရဲကောင်းတို့သတ္တိ ကြည့်ရသေးတာပေါ့။

မိုးက အေးအေး၊ အလုပ်က အားအား။ စောင်ခြုံထဲကွေးပြီး ဟိုဘက်က တပ်ပျက်နေတဲ့ကောင်တွေကို ကလိရတာ ပျော်စရာကောင်းလိုက်လေ။ မေကြီးကားမှာ ဝိပြဲနေတဲ့ စတားစတုံးကြီးလို စပ်ဖြီးဖြီးမျက်နှာကြီးနဲ့ အော်ရယ်မိတော့မယ်။ ဟား ဟား ဟား။ ဟိတ်ကောင်တွေ။ ဟား ဟား ဟား။ လောင်တဲ့သူတွေ လောင်သထက်လောင်အောင် လှောင်ကိုပေးဦးမှာ။ ပြုံးပလေးရဲ့ မေတ္တာဓါတ်ကြောင့် တီတီခင်မို့မို့အေးကြီးလို တရားဘာဝနာတွေ ပွါးများနေလိုက်မယ်နော်။ သတ္တဝါတွေ ချမ်းသာကြပါစေကွယ်။ “ဟိုဟာကြီး ဟိုဒင်းဖြစ်ရင် ငါ ကာချုပ်ဖြစ်ကလှည့်ကွ။” လို့ ကြံစည်နေတဲ့သူတွေလည်း တောင်းဆုတွေ ပြည့်ဝကြပါစေကုန်သတည်း။

ကိုယ်တို့ဆေးရုံကလေးရဲ့ လက်ရှိအခြေအနေဟာ ကိုယ်တို့ရှိရာ ကချင်ပြည်နယ်ရဲ့ လတ်တလောစစ်ရေးအခြေအနေကိုလည်း ထင်ဟပ်ပါတယ်။ ကိုယ်တို့ဘက်ကတော့ သာသာယာယာပဲ လို့ ပြောတာ။ ဘေးကင်းသောနေရာ အမိုးအကာအောက်မှာ လုံခြုံနွေးထွေးစွာ အိပ်ရေးဝဝ အိပ်ရတယ်။ မနက်လင်းတော့ ခင်ထွေးရီတစ်ဗူး၊ မြောင်းမြဒေါ်ချိုတစ်ဗူး၊ ထိပ်တန်းတင်တင်အေးတစ်ဗူး၊ သုံးဗူးစပ်ပြီး ငါးတစ်ကောင်အသားနွှင်ထည့်လို့ ၃ ဦးစပ် မုန့်ဟင်းခါးလေး ချက်စားပါတယ်ဗျား။ တစ်မျိုးတည်းစားရင် တစ်ဆိုင်တည်းလိုက်သိမ်းနေမှာစိုးလို့ မျှမျှတတဖြစ်အောင် အထုပ်စုံကလေး ချက်ထားတာ။ နောက်တစ်ခါဆို စံပြဒေါ်ကြည် နဲ့ အိမ်ချက် ပါအောင်ထည့်ချက်မယ်။ နေ့လည်စာကတော့ ဘုန်းကြီးကျောင်းမှာ ကထိန်ရှိလို့ ဝက်သားနီ အိုးကြီးချက် နဲ့ မီးခိုးတိတ်သဗျား။ ဆရာဝန်တွေ ဆရာမတွေတင်မကဘူး။ လူနာတွေပါ ရွာထဲပတ်နေတာ။ တွေ့လိုက်ပြန်ပြီ နေရာတကာ။ ငါတို့လည်း ကွက်ကွက်ကလေး လွတ်မြောက်နေကြတာကိုး။

ဟိုး သံလမ်းရိုး မြို့ပေါ်မှာများတော့ ကျီးလန့်စာစားနဲ့ပါနော်။ ရွှေဘို-မြစ်ကြီးနားလမ်းက ရက် အကန့်အသတ်မရှိ ပိတ်သတဲ့။ ဂေါ်ဖီထုပ် နဲ့ ခရမ်းချဉ်သီးတောင် အောက်ကတက်မလာတော့ဘူး။ ကချင်ပြည်နယ်မှ ကြိုဆိုပါ၏ ဆိုတဲ့ နန့်စီးအောင်ဂိတ် ကို မနေ့က သွားဆော်တော့ အသည်းအသန်ကို ပြန်ကာနေကြတာ။ ကားရောဆိုင်ကယ်ရော အစစ်အဆေးတွေ တင်းကြပ်၊ ဆီ၊ ဆန်၊ ဆား၊ ဆေး ဆလိမ်မှန်သမျှ မဖြတ်ရ။ ပိုက်စိတ်တိုက်ကို ရှာကြတာ။ ပေါ်တာတွေလည်း ဆွဲမှဆွဲ။ မယုံမရှိနဲ့။ တကယ်ကြီး အဟုတ်ကြီးကို ပေါ်တာဆွဲတာ။ ကျောင်းထဲမှာကို အဖြူအစိမ်းတွေကို ဝင်ဆွဲတာ။ ဗိုလ်ကြီးတို့ ဗိုလ်မှူးတို့အသက်ကို သားသားမီးမီးတို့နဲ့ ကယ်မှ ချမ်းသာရာရတော့မှာ မဟုတ်လား။ အလကားနေရင်းလည်း သင်္ကြန်အမြောက်တွေ တဒိန်းဒိန်းဖေါက် နေတာ။ တပ်နားကို လူမကပ်ရဲအောင်လို့။ လေကြောင်းပစ်ကူဆိုတာ လေယာဉ်ကြီးနဲ့ ဗုံးလာကျဲမှ မဟုတ်ဘူး။ လေသေနတ်နဲ့ ပါးစပ်ဆိုင်းတီးပြီး သတင်းအမှားတွေနဲ့ ခြောက်လှန့်ထုတ်တတ်ရင် ဆီလည်း မကုန်ဘူး။ ကျည်လည်း မကုန်ဘူး။ အပစ်စာရင်းပြပြီး အပြင်ပြန်ရောင်းစားလို့တောင် ရသေး။ လေနဲ့စစ်တိုက်တယ်ဆိုတာ ဆရာကြီးတွေရဲ့ ပညာပဲ။ သေချာမှတ်ထားကြ။ လိုင်းပေါ်မှာဆို မြစ်ကြီးနားကိုတောင် KIA က ဝင်ဝင်သိမ်းတော့မယ် လုပ်နေလို့ “မဟုတ်ပါဘူး။ မလုပ်ပါဘူး။ မင်းထင်သလို မယုတ်မာဘူး။”.ထထရှင်းရတာ KIO ကလေ။ သူတို့တပ်ထဲမှာလည်း လှည့်ကင်းတွေ ကင်းပုန်းတွေ အထပ်ထပ်နဲ့ အလကားနေ တော်တီးတော် ခရာတွတ်နေကြသလား မသိဘူး။ သတိ သက်သာ အေးစေ ရှေ့ကြည့်နဲ့ အိပ်ကောင်းခြင်း အိပ်ရမယ့်ပုံလည်း မမြင်ပါဘူး။ အရေးထဲမှာ ဟိုးအစကဆိုခဲ့သလို မိုဒေကာလဲ မယ်စဲဘဲ ရွားနေဒယ် ဆိုတော့ အေးရချမ်းရတဲ့အထဲ မျက်ရည်ဥကြီးတွေ ဗူးသီးလုံးလောက် ကျလာကြရော့မယ်။ တိုင်းပြည်ကမုန်း စစ်ကရှုံး၊ လူလုံးမလှ ငါ့ဘဝ။ အဖေရယ် ဘေးပန်းထုတ်ခဲ့ပါတော့လား။ သနားစရာ သနားစရာ။

Parallel Universe ဆိုတာ အဲ့ဒါကို ပြောတာလေ။ အိုင်တို့နေတဲ့ကမ္ဘာ နဲ့ သူတို့နေတဲ့ကမ္ဘာက ဘာမှမဝေးဘူး။ အနီးလေးရယ်။ ကမ္ဘာမခြားပေမယ့် ကြမ္မာခြားတော့ ကိုယ့်ကုသိုလ်နဲ့ကိုယ်၊ သူတို့အကုသိုလ်နဲ့ သူတို့ပေါ့။ ရေမြေချင်းလည်း တူတယ်။ ရာသီချင်းလည်း တူတယ်။ တဘက်မှာလောင်မြိုက်သလောက် တဘက်မှာ အေးချမ်းလို့။ အခု မိုးတိတ်သွားပြီ။ ညနေစာ ဘာစားရမလဲ စားချင်တာလေးတွေ ပြင်ဆင်ဦးမယ်။ စားပြီးရင် အိပ်မယ်။ အိပ်ပြီးရင် စားမယ်လေ။ ပင်လယ်စာဟော့ပေါ့လည်း လုပ်စားပြီးပြီ။ မနေ့က တို့ဟူးနွေးလုပ်စားတယ်။ မနက်ဖြန် ပီဇာလုပ်စားမယ်။ လိုင်းမရလို့ ပုံတွေဘာတွေ မတင်တော့ပါဘူး။ စားကာနီးရင် ကျေးဇူးတော်ကို ချီးမွှမ်းသလိုပဲ အစားအစာများ ပို့ဆောင်ကျွေးမွေးတဲ့ ချစ်သောမိတ်ဆွေများကို ဆုတောင်းမေတ္တာ ပို့သပါတယ်နော်။ အရပ်ဆယ်မျက်နှာနေ ဝေနေယျ သတ္တဝါတွေ ဘေးရန်ကင်းကြပါစေ။ ကိုယ်ဆင်းရဲကင်းကြပါစေ။ စိတ်ဆင်းရဲကင်းကြပါစေ။ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာစွာဖြင့် မိမိ၏ ခန္ဓာဝန်ကို ရွက်ဆောင်နိုင်ကြပါစေ။ အဝေရာဟောတု။ အဗျာပဇ္ဇာဟောတု။ သုခိအတ္ထာနံ ပရိဟာရန္တု ပါဗျား။