“အတွေ့” ဇာတ်ကားထဲမှာ သီသီကြီး လင်ပူမိတဲ့အခါ မောင်သင်က “ရိပ်သာဝင် ပုတီးလေးဘာလေး စိတ်ပါတော့လား။ စိတ်အေးချမ်းသွားအောင်” လို့ ဆိုပါတယ်။ ဒီအခါမှာ သီသီက ငိုရင်းတန်းလန်းကနေ “ရိပ်သာလည်း သာပါစေတော့ မောင်။ ပုတီးကလည်း ဒီးပါစေတော့။ ဘယ်သူမဆို သီ့နေရာရောက်ရင် ဘယ်လိုမှ မသာနိုင် မဒီးနိုင်ကြပါဘူး မောင်ရဲ့။” လို့ ပြန်ပြောရှာပါတယ်။ အေးလေ။ ကိုယ်တို့လည်း မသာနိုင် မဒီးနိုင်တော့တာ ဟိုသတ္တဝါတွေ အာဏာသိမ်းကတည်းကပါပဲ။ သို့သော်လည်း သေချင်တဲ့သူတွေ သေချင်သလောက်သေ သာဒီးလူ လုပ်နေကျ အကောင်တွေ အကောင်မတွေကလည်း ရိုက်သတ်လို့ကို မကုန်နိုင်အောင် ပေါပါတယ်။ ဟော်တယ်တွေမှာ လူအပြည့်၊ ဘားတွေမှာ လူအပြည့်။ EDM ပွဲတွေ တစ်ပွဲပြီးတစ်ပွဲ လုပ်နေကြတာ။ ကဲ အခုတော့ ရုပ်ရှင်အစည်းအရုံး၊ ဂီတအစည်းအရုံးကနေ “GMC လို ကားကြီးမျိုးနဲ့ လားရှိုးဘက်သို့ အကုန်တင်ကာ မောင်းတယ်။” ဆို အရောက်ပို့မလို့တဲ့။ လိုက်သာသွား။ ဟိုးတုန်းကတည်းက ဒေါ်တင်တင်မြတို့ ဒေါ်နွဲ့နွဲ့စန်းတို့ သွားခဲ့သလိုမျိုးလေ။ ဝဏ္ဏကျော်ထင်တွေ စည်သူတွေ ရဦးမှာ။ မလိုက်ချင်ရင် မလိုက်ချင်တဲ့ဈေးတော့ ပေးကြ။ အလကားတော့ မရဘူး။ ခေတ်ပျက်လေ ပိုက်ဆံရှာလို့ကောင်းလေ ဆိုတဲ့ လူတန်းစားက သပ်သပ်ကို ရှိတာနော်။
အဲ့ဒီလူတွေ ဘာဖြစ်လို့ အဲ့သလောက် ကြီးပွါးချမ်းသာသွားသလဲဆိုတော့ သူများအကြပ်အတည်း၊ ဘေးဒုက္ခတိုင်းမှာ သူ့အိပ်ထဲ ပိုက်ဆံအလုံးအရင်းနဲ့ဝင်အောင် မောင်းသွင်းတတ်ကြလို့ပါ။ အ တဲ့သူ ခံလေ။ လူနပ် ချမ်းသာတဲ့။ “ဉာဏ်ကစားနိုင်လို့ စီးပွါးတက်တာ ဘာမှ မနာလို မရှိကြနဲ့ “ လို့ပဲ ပြောမှာပေါ့။ ကုန်သည်ဆိုတာ ဝယ်လိုအား နဲ့ ရောင်းလိုအား အကြားမှာ ကိုယ့်အတွက် အမြတ်အများဆုံးကျန်အောင် ဖန်တီးတတ်မှ ပညာ မဟုတ်လား။ ၂ ကျပ်နဲ့ ဝယ်ပြီးရင်းထားရတဲ့ ပစ္စည်းဟာ ၂၀၀၀ တန် ဖြစ်လာရင် ၁၉၉၈ ကျပ် မြတ်တယ် လို့ တွက်လို့မရဘူး။ ပြန်ဝယ်ရင် ၂၀၀၀ ပေးဝယ်ရမှာမို့ အရင်းက ၂၀၀၀ ဖြစ်သွားတာပဲ ရှိတယ်။ တစ်ပြားမှ မမြတ်ဘူး။ တိုင်းပြည်ရဲ့စီးပွါးရေးဟာ ရောင်းရလေ ရှုံးလေ အရင်းပြုတ်လေ ဖြစ်သွားတဲ့သဘော။ တန်ကြေးနဲ့ ဈေးနှုန်းဆိုတာ ပါးစပ်ဖျားက ခေါ်ရင်ခေါ်သလောက် ပေါက်တယ်။ လောက်ကိုင်မှာ ဆန်တစ်အိပ် ငါးသိန်းတဲ့။ ဝယ်ချင်ဝယ် မဝယ်ချင်နေလေ။ နက်ဖြန်ခါကျ ဆယ်သိန်းလည်း ဖြစ်ချင်ဖြစ်သွားမှာ။ မဝယ်နိုင်ပဲ စာလာမဖတ်နဲ့။ ဘေးဖယ်။ ဟိုမှာ ဝယ်သူ လာပြီ။ မြန်မာပြည်မှာ တန်ရာတန်ကြေးဆိုတာ မရှိဘူး။ ဝယ်တဲ့သူတွေ ဘယ်လောက် အသည်းအသန် လိုအပ်နေသလဲဆိုတာကြည့်ပြီး ကိုယ်လိုချင်သလောက် တောင်းရောင်းတာ။ ကိုဗစ်ကာလတုန်းက အောက်ဆီဂျင်အိုးတစ်အိုးကို ၄ သိန်း ၅ သိန်းကနေ ဆယ်သိန်းအထိ ပေးဝယ်ခဲ့ရတဲ့သူတွေ ကိုယ်တွေ့မျက်မြင် ရှိခဲ့တယ်။ အောက်ဆီဂျင်တစ်အိုးရဲ့ တန်ကြေးဟာ အိုးထဲမှာဖြည့်ထားတဲ့ လေရဲ့တန်ဖိုး မဟုတ်ဘူး။ အဲ့ဒါ ဝယ်မရှူရင် သေသွားမယ့် လူနာရဲ့ အသက်တန်ဖိုးကို တောင်းတာ။ ဘာမှမတန်တဲ့အရာတွေကို အရမ်းကာရော ဈေးနှုန်းမြင့်အောင်ဆွဲတင်ပြီးမှ ပူပေါင်းဖောက်သလို ဖောင်းကနဲပေါက်အောင် ဖြုတ်ချလိုက်ပြီး ရသမျှ အမြတ်တွေ သိမ်းသွားတာ။ ဒီလိုလူတွေမှ ကျိကျိတက် မချမ်းသာ ဘယ်သူချမ်းသာဦးမှာလဲ။ ကိုယ်တွေကသာ စစ်အစိုးရအောက်မနေနိုင်လို့ အသက်နဲ့လဲပြီး တော်လှန်နေတာ။ သူတို့မှာဖြင့် တပ်မတော်ကြီးကို အင်အားရှိဖို့ အရာရာမှာ ကူညီ။ ရှမ်းမြောက်အတွက် သိန်း ၈၀၀၀ လှူတယ်ဆိုတာ မြင်တယ် မဟုတ်လား။ ဒါလောက်များဖြင့် ပါးပါးလေးပဲရှိသေး။
ကိုဗစ်ကာလတုန်းက ဒီလူတွေ ဘာဖြစ်လို့ ကိုဗစ်နဲ့ မသေသလဲ ကိုယ့်မှာ အံ့ဩလို့ မဆုံးဘူး။ ပိုက်ဆံရှိရင် ဘာဝဋ်မှ မလည်အောင် လာဘ်ထိုးထားလို့များရသလား မသိ။ တရုတ်ကလာတဲ့ surgical mask တွေ နေ့ချင်းညချင်း အဆမတန် ဈေးတက်သွားတာ non medical grade တွေတောင် မကြားဝံ့မနာသာဈေးတွေနဲ့ ဝယ်တပ်ရတယ်။ N95 အစစ်မှ၊ 3M တံဆိပ်ပါမှ၊ ဗူးခွံပေါ်မှာ ဘာအမှတ်အသားလေးပါမှ ယုံကြည်စိတ်ချစွာ သုံးစွဲနိုင်ပါသည် လို့ အင်တာနက်ပေါ်မှာ အာမခံရင် ဈေးကလည်း ခေါင်ခိုက်နေပြီသာမှတ်။ PPE ဆို ပိုလို့သာ ဆိုးတော့တယ်။ အဖြူစင်းလေးပါမှ။ အပြာစင်းလေးပါမှ။ “သူ့ဟာမှ စစ်တယ်။ နင့်ဟာက အတု။” နဲ့ ပြောင်းကိုဆန်နေတာပဲ။ ဘာဖြစ်လို့ သိသလဲဆိုတော့ ကိုယ်တိုင်လိုက်ဝယ်ပြီး ဆေးရုံမှာ ဝေခဲ့ရတာကိုး။ ဘုရားပေးပေး ကျမ်းပေးပေးပါ။ ကိုယ့်အတွက် ငါးပြားတောင် အမြတ်မတင်ပဲ လူရော စားရိတ်ရော စိုက်လို့ စေတနာ့ဝန်ထမ်း လုပ်ပေးခဲ့ပါတယ်။ ကိုယ်မှ အပူစာ မစားနိုင်တာ။
အဲ့ဒီအချိန်မှာ လူတကာ အရက်ပျံ hand gel ချက်ရောင်းပြီး စီးပွါးရေး ဈေးကွက်အသစ်တွေ ပေါ်နေတာ သိသားပဲ။ အဲ့ဒီအချိန်မှာ ဆေးကုမ္ပဏီတကာက Oxygen concentrator တွေ သွင်းကြတယ်။ လှူသလားမမေးနဲ့ ဝါဒ်ထဲမှာ ထားစရာနေရာတောင် မရှိဘူး။ ကိုဗစ်လူနာဆောင်တစ်ဆောင် ကို အလုံး ၅၀ လောက် ရှိတယ်။ ဒါပေသိ လူနာတွေ အကုန် တပြိုင်တည်း ရှူလို့ မရဘူးလေ။ မီးအားမှ မနိုင်တာ။ ဈေးကတော့ တနင့်တပိုးပေးဝယ်ရပါရဲ့။ ကိုဗစ်လည်းပြီးရော အသုံးမလိုတော့လို့ ချောင်ထိုးထားရရော။ အသုံးလိုနေတုန်းကဆို ဈေးက တရိပ်ရိပ်တက်။ မနက် နဲ့ ညနေတောင် မတူဘူး။ မလိုတော့ဘူးလည်းဆိုရော အဟောင်းဈေး အစုတ်ဈေးကို ဖုန်းကနဲ ပြုတ်ကျ။ “လိုချင်ရင် အလကားသာ ယူသွားပါတော့။ ဒီမှာ ထားစရာ နေရာရှုတ်လို့။ “ ဆို ဖြစ်ရော။ လိုအပ်နေတုန်းမှာ ဈေးကောင်းရအောင် ရိုက်ရောင်းနိုင်သူသာ စီးပွါးရေးမှာ သရဖူဆောင်းတာ။
တော်ပါသေးရဲ့။ ကိုဗစ်က နောက်ထပ် တစ်လှိုင်းပြီးတစ်လှိုင်း လာနေတာတောင် ကျေးဇူးတင်ရသေး။ တစ်ခါတည်းများ အပြီးပျောက်သွားရင် အဲ့ဒါကြီးတွေ မီးပုံရှို့ရတော့မယ်။ အခုတော့ ကိုဗစ်ကလေးတွေ ပြန်ပြန်ကူးလာရင် ဂိုဒေါင်ထဲမှာ နေရာရှုပ်နေတဲ့ PPE, face shield, N95 တွေ အားရပါးရ ထုတ်ထုတ်ရောင်းနေကြတာ ခုထက်ထိ မကုန်သေးဘူး။ ခုချိန်ထိအောင်တောင် ကိုယ့်ဆီမှာ ခွဲခန်းသုံးဖို့ surgical mask မှာရင် “အကို ဒါလေးယူသွား အကို။ ဒါက အမျိုးအစား ပိုကောင်းတယ်။ အရင်တုန်းကဆို ဈေးအရမ်းကြီးတာ။ အခု ငါ့အကိုလိုရင် ဘယ်လောက်နဲ့ ပေးမယ်။” ဆို N95 တွေ ထိုးရောင်းရော။ ခွဲခန်းထဲမှာ နဂိုကမှ နဖူးကချွေး ဖင်ကြားထိစီးပါတယ်ဆိုမှ အဲ့ဒီ Mask အထူကြီးတွေနဲ့ ဘယ်လိုလုပ် အသက်ရှူမတုန်း။ အခု ဆေးရုံမှာ N95 တွေ ပုတ်ကြီးနဲ့တစ်လုံး ရှိတယ်။ ကိုဗစ်ဖြစ်ရင် လာပြသမျှလူနာ တစ်ယောက် ၁၀ ခုလောက် အလကားဝေတာတောင် မကုန်ဘူး။ ချောင်းထဲမှာ အမှိုက်ပွတာပဲ အဖတ်တင်တယ်။ တော်လောက်ရောပေါ့။
အဲ့သလိုပါပဲ။ ကိုယ်တို့မှာ surgical glove တွေ ဝယ်ရင်လည်း ဆိုင်မှာ သူများမဝယ်တဲ့ လူကြိုက်နည်းတဲ့ ပေါပေါပဲပဲတွေ ထိုးရောင်းကြတာ။ ပြဲပြဲထွက်လို့ တစ်ခါဝတ်ရင် ၂ ရံလောက် ကုန်တယ်။ POP အထုပ်တွေ အများကြီးမှာထားတာ ၂ ထပ်လောက်သုံးတာတောင် ၂ ရက်နေရင် ပျော့ပြဲပြဲ ဖြစ်သွားလို့ အကုန်လွှင့်ပစ်ရတော့မယ်။ ဘယ်တတ်နိုင်မလဲ။ ဆိုင်ကပေးတာ ယူရတာ။ မျက်မြင်ကြည့်ပြီး ဝယ်ရတာ မဟုတ်တဲ့အခါ ရောက်လာပြီးမှ မကြိုက်လို့ ပြန်လဲလို့ ရတာလည်း မဟုတ်။ ကိုယ်တွေက တောထဲမှာ တောဆာဂျင်လုပ်နေပေမယ့်လည်း YGH က လာတာ။ အကောင်းစားတွေ ကိုင်ဖူးတယ်။ သုံးဖူးတယ်။ မြင်ဖူးတယ်။ ဂျင်းလာမထည့်နဲ့။ ဂျင်းမှန်းလည်းသိတယ်။ မိဿလင်မှန်းလည်း သိတယ်။
“ဒီလိုသာ အရည်အသွေးမမီတဲ့ ပစ္စည်းတွေ သုံးနေရရင်ဖြင့် အမြဲ ခေါင်းတွေ ကိုက်နေရတော့မှာပဲ။” လို့ ချစ်သုဝေ ပြောသလို လာမပြောနဲ့နော်။ ကိုယ့်ဆေးရုံမှာ ကွာလတီအရမ်းကောင်းတဲ့ ပစ္စည်းတွေ အများကြီး ရှိပါတယ်။ ကောင်းဆို ဒီမှာဝယ်တာမှ မဟုတ်ပဲ။ အမေရိကားက ဩစတြေးလျက တိုက်ရိုက်ပို့တာ။ ပိုက်ဆံလည်း တစ်ပြားမှ မပေးရဘူး။ အဲ့ဒါမျိုးဆို အကောင်းစားသုံးရတယ်။ ဒီမှာဝယ်တဲ့ဟာတွေသာ အဖိုးမနည်းပဲ အိုးကွဲနဲ့တွေ့နေတာ။ ဝယ်လို့ပဲ ကောင်းတယ်။ သုံးလို့မကောင်းဘူး။ သို့ပေမယ့် ဘယ်လိုလုပ်မလဲ။ ဒီထိအောင် သယ်လာပြီးမှ ပြန်လဲလို့မှ မရတာ။ အဲ့ဒါကြောင့် ကိုယ့်မှာ အရေးကြီးတဲ့ဆေးဆို ဆိုင်ကို မမှာဘူး။ ဆရာဝန်ကို ဝယ်ပေးပါ လို့ ပြောပြီး အကူအညီတောင်းတယ်။ သို့သော် တစ်ပါတ်နှစ်ခါလောက် ဝယ်နေရတဲ့ ဆေးတွေတော့ သူတို့ကို အကူအညီတောင်းလို့ ဘယ်ဖြစ်မလဲ။ သူများလည်း သူ့အလုပ်နဲ့သူ။
ဆေးတွေက ဝယ်မရတာ၊ ဈေးတွေတက်တာ၊ အရည်အသွေးမမီတာ အခက်အခဲ လို့ မမြင်ပါနဲ့။ ပစ္စည်းတွေ ကိုယ့်ဆီကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ဖို့ဆိုတာနဲ့စာရင် အဲ့ဒါက လွယ်လွယ်လေး။ ကိုယ့်ဆေးရုံရဲ့တည်နေရာဟာ နယ်စပ်မှာမဟုတ်ပဲ ကုန်းတွင်းပိတ် တောင်ပေါ်ဒေသမှာ ရှိတာမို့ နိုင်ငံခြားက ကိုယ့်ဆီ ပို့လိုက်တဲ့ ပစ္စည်းဟာ နှစ်လ ဆိုလည်း ဟုတ်၊ သုံးလဆိုလည်း ဟုတ်၊ ကြာပါတယ်။ ခုထက်ထိ လက်ထဲရောက်မလာသေးတဲ့ ပစ္စည်းတွေလည်း ရှိပါတယ်။ ကိုယ့်ဆီကို ထောက်ပို့လုပ်နေတဲ့ ပြည်တွင်းကလူတွေကို ဖမ်းဆီးစစ်ဆေးတာလည်း ဖြစ်နိုင်သေးတဲ့ အန္တရာယ် မဟုတ်လား။
လမ်းတွေကပိတ်တာ၊ ဂိတ်တွေမှာအစစ်အဆေး အဖမ်းအဆီး ရှိတတ်တာ၊ ဆီဈေးကြီးတာ။ အဲ့ဒါတွေပေါင်းလိုက်တဲ့အခါ ကိုယ့်ဆေးရုံကို ဆေးပစ္စည်းတွေ ပို့ရတဲ့ စားရိတ်ကလည်း တောင်းသလောက်ပေးရတာပါပဲ။ ဟိုဘက်က အပြီးအစီး ပေးလိုက်ပြီးသား လို့ ဘောက်ချာမှာ ပါပေမယ့် ကားသမား ထပ်တောင်းနေရင် လျှာမရှည်နဲ့။ ပေးသာပေးလိုက်။ အောက်ဆီဂျင်အိုးများ ကုန်လို့ဖြည့်ရင်လေ စက်ရုံက အခမဲ့ ဖြည့်ပေးလိုက်ပေမယ့် ကားခက အသွားအပြန်တွက်ရင် တစ်အိုးကို တစ်သိန်းနီးနီး ကျချင်နေပြီ။ တစ်နေ့ ၂ အိုးနှုန်းနဲ့ ၂ ပါတ်လောက် ရှူသွားရင် ကိုယ့်စိတ်ထဲမယ် ရွှေရည်ရွှေငွေ့တွေ ရှူသွားပေသကိုး လို့ အောင့်မေ့မိတော့တာပဲ။ အဲ့ဒီအတွက်တော့ Oxygen concentrator ထပ်မလှူပါနဲ့တော့နော်။ အခုကို ဆေးရုံမှာ ၆ လုံး ရှိနေပါပြီ။ မီးမရှိတဲ့အရပ်မှာ ၂၄ နာရီ ဒီဇယ်မီးစက်လည်း မနှိုးနိုင်ပါဘူး။
ကိုယ့်တိုင်းပြည်မှာ တချို့လူတွေ (တော်တော်များများ ရှိမယ် ထင်ပါရဲ့) စီးပွါးရှာပုံရှာနည်းကို ကိုယ်ကတော့ တော်တော် သဘောမတွေ့ပါဘူး။ ပိုက်ဆံ ဘယ်လိုရှာရှာ လက်ထဲ ပိုက်ဆံရောက်လာရင် “ကျောင်းအမကြီး ဗြောတီးသမားကို ဘုရားတောင် အပြစ်တော်မယူ။” ဖြစ်သွားရော။ တနိုင်ငံလုံးသွေးချောင်းစီးအောင် လိုက်သတ်နေတဲ့ မင်းအောင်လှိုင်တောင် တကာတော်ရေမြေ့ရှင်အဖြစ် ဘုန်းကြီးက ပြန်လက်အုပ်ချီရတယ်။ ကာရာအိုကေခန်းထဲ ဒေါ်လာတွေအုပ်လိုက်ကိုင်ပြီး အမ်းနိုင်လို့ကတော့ “လူတကာတွေ ထင်ချင်သလိုသာ ထင်ကြစမ်း။ အို ကိုကို လိုချင်တာတွေ အကုန်ဖြည့်စွမ်း။ ကိုကိုရေ ရူးအူအူးပြီ။” ဆို ဖြစ်ပျက် နေတာ မြင်ဖူးတယ် မဟုတ်လား။
အဲ့လိုနည်းနဲ့ စီးပွါးရှာတဲ့သူတွေ ကိုယ်တို့တော်လှန်ရေးအတွင်းမှာတောင် ပုံလို့အုံလို့ပါမောင်။ ကိုယ်က ဆေးရုံလုပ်နေလို့ ဆေးရုံဂျင်းအကြောင်းပဲ သိတာ။ Fund raising လုပ်နေသူတွေဆီမှာလည်း ဖလားဝါးဂျင်းတွေ ပွဲဖြစ်နေတာမှ တဂျိန်းဂျိန်း။ လက်နက်ဝယ်တဲ့သူတွေဆီမှာဆို ဘာပြောကောင်းမတုန်း။ ပိုက်ဆံတွေအများကြီး ရှိတဲ့ ဘယ်နေရာမှာမဆို အညှီရှိရာ ယင်အုံသလို ခေတ်ပျက်သူဌေး လုပ်စားမယ့်သူတွေ ရှိတယ်။ စစ်ပွဲနဲ့လုပ်စားတဲ့သူတွေမှာဆို လောက်ကိုတဖွားဖွားကျရော။ ပိုက်ဆံကို ဘယ်လိုရရ ဘယ်နည်းနဲ့ရရ။ မရရအောင် ရှာရမယ် လို့ လောဘဇောတက်နေကြတယ်။ အဲ့ဒါမလုပ်ကောင်းဘူး လို့ မြင်တဲ့အမြင် ဘယ်သူ့ဆီမှာမှ မရှိတော့ဘူးလား။ ကိုယ့်ဆီမှာတော့ ရှိတယ်လေ။ သူများတွေလည်း အဲ့လိုပိုက်ဆံရှာပြီး သူဌေးကြွယ်ကြွယ်နေတဲ့သူတွေကို သောက်ညင်ကပ်ရကောင်းမှန်းသိအောင် အတွေးအမြင်လေးတွေ မျှဝေပေးလိုက်ပါတယ်။ ပူမနေပါနဲ့။ တော်လှန်ရေးကြီးပြီးလို့ နောက်အစိုးရတက်ရင်လည်း တက်တဲ့အစိုးရနားမှာ အဲ့ဒီလူတွေနဲ့ပဲ တိုးမပေါက်အောင် စည်ကားဦးမှာ။ အဲ့ဒီလူတွေနဲ့ ကင်းကင်းနေချင် တစ်နည်းပဲ ရှိတယ်။ ပိုက်ဆံမရတဲ့နေရာမှာနေ။ ပိုက်ဆံမရှိတဲ့လူတွေနဲ့ပေါင်း။ ကိုယ့်ဆီမှာ သူတို့အတွက် ရပေါက်ရလမ်း မရှိရင် အလိုလို ဝေးကွာသွားမှာပါ။ ဒီလိုတော့လည်း ပိုက်ဆံမရှိရတာ စိတ်ချမ်းသာစရာ အကောင်းသားပါလားကွယ်။