တချို့တွေက ပြောကြတယ်။ “အခုချိန်မှာ ကြုံနေရတဲ့ ဒုက္ခတွေဟာ နောင်တစ်ချိနိကျတော့ ဟာသတွေ ဖြစ်သွားမှာပါ။” တဲ့။ ကိုယ်ကတော့ အဲ့သလို မဟုတ်ပါဘူး။ ဒုက္ခတွေ အခက်အခဲတွေနဲ့ ကြုံလာရင် မရရအောင် အနိုင်ယူကျော်လွှားရင်း အောင်မြင်သွားတဲ့တစ်နေ့ကျမှ စာထဲထည့်ရေးဦးမယ်ဆိုပြီး တေးထားတတ်ပါတယ်။ ဒီစာတစ်ပုဒ်ကို ရေးနိုင်ဖို့ ကိုယ် ဘယ်လောက်တောင် စောင့်စားခဲ့ရသလဲ ဘယ်သူမှ မသိဘူး။ ဘာအကြောင်းများပါလိမ့် လို့ အတွေးရခက်နေပါဦးမယ်။ ရှင်းရှင်းလေးပါ။ လူနာအကြောင်းပေါ့။ ဒီ ၂ နှစ်ကာလအတွင်းမှာ လူနာတွေအမျိုးမျိုး ကြုံတွေ့ခဲ့ရတာ ပြောလို့တောင် မကုန်န်ုင်ဘူး။ “အေးပါ။ အပြီးသတ်တော့လည်း နင်ကုတယ်။ ကောင်းသွားတယ်။ နင်တော်တယ်။ ဒါပဲ ရေးမှာ မဟုတ်လား။” လို့ ခနဲ့ချင်လည်း ခနဲ့ကြမှာပေါ့။ ဒါပေမယ့် ကိုယ်ပြောချင်တာ ကိုယ့်အကြောင်း မဟုတ်ပါဘူး။ လူနာတွေ အကြောင်းပါ ဆိုနေမှ။
တချို့လူနာတွေကို ကိုယ် လက်မခံချင်ပါဘူး။ ကုလည်း မကုချင်ပါဘူး။ ဒါပေမယ့် မလွှဲမရှောင်သာလို့ လက်ခံရတယ်။ ကုရတယ်။ စိတ်လည်းညစ်ရတယ်။ ဒုက္ခလည်း ရောက်ရတယ်။ ဥပမာပေးရရင် တလောက သေနတ်မှန်လို့ ရောက်လာတဲ့လူနာ။ လူနာက ဆေးသမား။ အိမ်မှာ မိသားစုကိုရန်ရှာနေတာ ထိမ်းမနိုင်လို့ ဆိုပြီး PDF ထဲ ဝင်ဖို့ သူ့အဖေကိုယ်တိုင် လာပို့သွားသတဲ့။ ပို့တဲ့သူက အိမ်တောင်ပြန်မရောက်သေးဘူး။ မောင်မင်းကြီးသားက စခန်းထဲရှိတဲ့ ပိုက်ဆံတွေ ဖုန်းတွေယူပြီး ထွက်ပြေးရော။ ဓါးတစ်လက်က ပါသေးတယ်။ ဆေးရုံရှေ့တင် အင်္ဂုလိမာလဇာတ် ကကြတာပေါ့။ ဟိတ်ကောင်တွေ ဟိတ်ကောင်တွေ မပြေးနဲ့။ သူကြီးက လိုက်တယ်။ တစ်ရွာလုံးထက် သူက မိုက်တယ်။ နောက်ဆုံးတော့ ဒိုင်းညှောင့် ဆို သေနတ်နဲ့ ပစ်ဖမ်းလိုက်တာ ကိုယ့်ဆေးရုံမှာ အဖတ်တင်ရော။ ဘယ်တတ်နိုင်မလဲ။ ကုပေးရမှာပေါ့။ အပိုဆုထပ်ပေါက်တာက B တွေ C တွေ R တွေ ၂ ခုလောက် ပေါ့စတစ်ထွက်နေရော။ ရှယ်လူနာမို့ ရှယ်ပက်ကေ့ချ်နဲ့ ခွဲခန်းပြင်ရတယ်။ တစ်ခါသုံးပစ္စည်းတွေ သုံး၊ လက်အိပ်နှစ်ထပ်စီဝတ်၊ ခွဲခန်း ပိုးပြန်သတ်။ ဒီထိတော့ စေတနာမပျက်သေးပါဘူး။ လုပ်ပေးတယ်။ ဆေးသမားမှန်းသိလို့ AHRN က ဆရာလေးတွေဆီ ဖုန်းဆက်ပြီး ဆေးကြောင်ရင် ဘာနဲ့ထိန်းမလဲ မေး။ ဆေးပါ အဆင်သင့်ရှာထားပြီး ကြိုကြိုတင်တင်လည်း ထိုးပေးထားတယ်။ အဲ့ဒီကြားထဲကမှ ညကြီးသန်းခေါင် ရုန်းရင်းဆန်ခတ် cannula တွေ ဆွဲဖြုတ်၊ ထိန်းမနိုင်သိမ်းမရတွေဖြစ်လို့ လူအားနဲ့ ဝိုင်းချုပ်ပြီး ကြိုးတုပ်ထားရတယ်။ သွေးသံတရဲရဲနဲ့ အေကိုက်နေတဲ့လူနာကိုလေ။ ကိုယ့်ဆီကလူတွေ ကူးကုန်တော့ ဘယ့်နှယ်လုပ်မလဲ။ တောထဲတောင်ထဲ သက်စွန့်ဆံဖျား ဆေးရုံလာထောင်ထားတာ ဆေးသမားတွေ ဆေးဖြတ်ပေးဖို့တော့ မဟုတ်ဘူးလေ။ ပို့တဲ့သူရော၊ လက်ခံတဲ့သူရော၊ သူ့မိဘပါ လှမ်းခေါ်ပြီး “ပြန်ခေါ်သွားတော့။ ဆေးရုံက အမှိုက်ပုံ မဟုတ်ဘူး။ အသက်ကယ်တာတော့ လုပ်ပေးထားပြီးပြီ။ ဆေးဖြတ်တာတော့ ဆေးဖြတ်တဲ့ဆီကိုပို့။ နောက် ဒါမျိုး လာမပို့နဲ့။” ဆို ဒဲ့ပဲ ပြောလွှတ်လိုက်တယ်။ ဘယ့်နှယ်။ ငါးတကာ ယိုတဲ့ချေး ပုဇွန်ဆိတ်ခေါင်း လာစုရတယ်လို့။
နောက်လူနာတစ်ယောက်ကလည်း ချေးထုပ် လို့ပဲ ပြောရမှာပါပဲ။ အူမကြီးကင်ဆာ နဲ့။ မြစ်ကြီးနားမှာ ခွဲလာခဲ့ပြီ။ အိမ်တွေ လယ်တွေလည်း ပြောင်ခဲ့ပြီ။ အခုဖြစ်နေတာ အူပိတ်နေတယ်။ ပိုက်ဆံမရှိလို့ မြစ်ကြီးနားလည်း ပြန်မသွားနိုင်တော့ဘူးတဲ့။ ဒီက ဆရာလေး သဘောကောင်းတယ် ဆိုလို့ လာတာလေ။ ဗိုက်ကြီးကလည်း ဖောင်းကားနေတာ အူတွေ အခွေလိုက် မြင်ရတယ်။ ဘယ့်နှယ်လုပ်မလဲ။ ခွဲလိုက်လို့ သေသွားရင် ကိုယ့်လက်ချက်ဖြစ်ဦးမယ်။ သူ့ရောဂါက အခုမသေလည်း ဖြေးဖြေး ဖြေးဖြေးနဲ့ သေသွားမှာ။ အသားစအဖြေက ကင်ဆာ လို့ ထွက်ထားတယ်။ Chemo လိုက်မထားဘူး။ ခွဲထားတာ တစ်လတောင် မပြည့်သေး။ ခုမှ ၃ ပါတ်ပဲ ရှိသေးတာ။ အမှန်ကတော့ နဂိုခွဲတဲ့ ဆာဂျင်နဲ့ပဲ ပြန်ပြရမှာပေါ့။ ဒါပေမယ့် “ပိုက်ဆံမှ မရှိတာ။” တစ်ခွန်းတည်းနဲ့ အဲ့ဒီအထုပ်ကြီးက ကိုယ့်ခေါင်းပေါ် ရောက်လာပါလေရော။ သူ့ဆီက “ခွဲထားတာ ၃ ပါတ်ပဲ ရှိသေးတယ်။” ဆိုတဲ့ စကားတစ်ခွန်းကြောင့် ဒီလူနာကို စွန့်စွန့်စားစား လက်ခံလိုက်ပါတယ်။ ခွဲထားတဲ့ကင်ဆာကတော့ တစ်လအတွင်း ပြန်ပိတ်စရာ အကြောင်းမရှိဘူး။ သူ့မှာ ချက်ချင်းပြန်ပိတ်တဲ့ အကြောင်းရင်း တစ်ခုခု ရှိကိုရှိလိမ့်မယ်။ အဲ့ဒါကို ဖယ်လိုက်နိုင်ရင် ပြန်ကောင်းသွားမှာ။
အရင်ဆုံးတော့ မခွဲမစိတ်တဲ့နည်းလမ်းပေါင်းစုံသုံးပြီး သူ့ဘာသာပြန်ပွင့်သွားမလား စောင့်ကြည့်ပါတယ်။ ရေဓါတ်ကလေးတွေ ဆားဓါတ်ကလေးတွေ ပြန်ဖြည့်ချင်သေးတာကိုး။ ဓါတ်ခွဲခန်းကတော့ သီတင်းကျွတ်ပိတ်ရက်ယူသွားလို့ သွေးတွေဖောက်စစ်လို့ မရတော့ဘူး။ ဓါတ်မှန်တွေ ရိုက်ကြည့်တော့လည်း ခွဲကိုခွဲရမယ့်လူနာ။ မခွဲရင် အထဲကအူတွေ ပေါက်ထွက်တော့မယ်။ လူနာက မေ့ဆေးဒဏ် ခံနိုင်ရည် ရှိပါ့မလားပဲ စိတ်ပူရတယ်။ မေ့ဆေးဆရာဆီ မရအရ ဖုန်းဆက်ပြီး အကြေအလည် တိုင်ပင်ကြတယ်။ ဒီတိုင်းထားရင် ကြာလေရွဲလေ ရွဲပြီး သွားတော့မှာ။ ခုရက်ပိုင်း Major တွေ တစ်နေ့တစ်ယောက်ကို မေ့ဆေးပေးပြီး ခွဲနေရတာ။ အကုန် အဆင်ချောနေသားပဲ။ အိမ်တက်လာပြီ။ ပြေးစရာမလိုဘူး။ ခေါ်ဖဲလေး မျှော်ရိုက်။ တက်လာလိမ့်မယ်။ ကိုယ်ထင်ထားတဲ့အတိုင်းပါပဲ။ adhesive intestinal obstruction ရနေတာ။ အလိမ်တွေ အခေါက်တွေ ဖြည်လိုက်တော့ drainage tube နဲ့ ရစ်ပတ်လုံးထွေးပြီး ပိတ်နေတာတွေ ရှင်းပေးလိုက်တယ်။ ခွဲလိုက်တာ မှန်တယ်လေ။ အီအီးတွေတော့ ရေပုံးကြီးနဲ့အပြည့် ကျုံးလိုက်ရတာပေါ့။ အောင်မယ်။ ချေးကျုံးတဲ့သူက ပိုက်ဆံတွေယူပြီး ပထမတခေါက် ခွဲတဲ့သူထက် ကျေနပ်ဝမ်းသာဖြစ်နေတာ ရူးများနေသလား မသိ။
ဒီလူနာတွေကို မလိုချင်ပဲ မလွှဲသာလို့ ခွဲရတဲ့အတွက် စိတ်ညစ်ရတာ၊ စိတ်ဖိစီးရတာ ဘာမှ ပြောပလောက်တဲ့ ကိစ္စ မဟုတ်ပါဘူး။ သူတို့ထက် ဆယ်ဆလောက် ဆိုးတဲ့ အထုပ်ကြီးတစ်ထုပ် ပိုက်မိနေတာ ၅ လလောက်တောင် ရှိတော့မယ်။ စိတ်ဆင်းရဲလွန်းလို့ ကိုးနဝင်း အဓိဌာန်ဝင်ရတဲ့ အထဲမှာ သူ့ကြောင့်လည်း ပါတယ်။ ရင်ထဲမှာ တနုံ့နုံ့နဲ့ ဒင်းအကြောင်း စာထဲထည့်ရေးနိုင်အောင် ကြိုးစားဦးမယ် ဆို တေးထားတာ အခုမှပဲ ရေးနိုင်တော့တယ်။ ဒီအထုပ်ကြီးကတော့ ကိုယ့်ဆီကို အဝေးကနေ လှမ်းပို့လိုက်တော့ ပါဆယ်ထုပ် လို့ ပြောရမယ်။
ကိုယ့်ဆီကို ဖုန်းဆက်လာတာတော့ “လူနာလေးတစ်ယောက် ပို့ပါရစေ ဆရာ။” တဲ့။ သေနတ်မှန်လို့ colostomy ဖောက်ထားရတဲ့ကလေးတစ်ယောက်က အဲ့ဒီ colostomy အပေါက်ကလေး ပြန်ပိတ်ချင်လို့ ဆရာ့ဆီ လွှတ်ချင်ပါတယ်တဲ့။ အရင်ခွဲပေးထားတဲ့ ဆာဂျင်နဲ့လည်း အဆက်အသွယ် မရလို့ပါတဲ့။ အိုကေပါတယ်။ ဖြစ်ရမှာပေါ့။ ၄ လ ပိုင်း ၇ ရက်နေ့ကခွဲထားတာ။ ၂ လကျော်ပြီဆိုတော့ ပြန်ပိတ်ပေးလိုက် ရတာပဲ။ ရောက်လာတဲ့အခါကျတော့ ကြည့်ရတာ သူတို့ပြောသလောက်တော့ မရိုးရှင်းဘူး။ လူနာက ဗိုက်တွေနာတာ အလူးအလဲပဲ။ ဘာနဲ့မှ မသက်သာ။ ကျည်ဝင်တဲ့အပေါက်ကလည်း အရည်တွေ ထွက်နေတုန်း။ ဘာတွေခွဲခဲ့သတုန်း ဆိုတော့ ရင်ဘတ်ထဲကိုလည်း chest tube ထည့်ရသတဲ့။ အစာအိမ်ကိုလည်း ထုတ်ချင်းပေါက်သတဲ့။ ဘေလုံးကိုလည်း ထုတ်ပစ်ရသတဲ့။ အူမကြီးပါ ပွင့်သွားလို့ transverse colon ကနေ colostomy ထုတ်ထားလိုက်ပါသတဲ့။ အဲ့ဒီအပေါက်လေး ပြန်ပိတ်ပြီး အထဲပြန်ထည့်လိုက်ရင် ပြီးပြီ။ ကောင်းသွားပြီ ပေါ့နော်။
ဒီအပေါက် ကို ပိတ်ချင်ရင် distal obstruction မရှိမှ ပိတ်လို့ရမှာလေ။ အဲ့ဒီတုန်းက ကိုယ့်ဆီမှာ ဓါတ်မှန်စက်က မရသေးဘူး။ အဲ့ဒါကြောင့် အပေါက်မပိတ်ခင် ဗိုက်ထဲကို လှန်လှောကြည့်ရှုဖို့ လိုလိမ့်မယ် လို့တွေးပြီး ဒီလူနာကို မေ့ဆေးနဲ့ခွဲမှရမယ် လို့ ဆုံးဖြတ်လိုက်ပါတယ်။ ခါတိုင်းဆိုရင် colostomy closure က spinal နဲ့ လုပ်နေကျ။ နာရီဝက်တောင် မကြာတတ်ဘူး မဟုတ်လား။ ဒါပေမယ့် ဒီလူနာကို ခွဲလိုက်တာ ၃ နာရီကျော် ကြာပါတယ်။ ခြေကုန်လက်ပန်းကိုကျရော။ အထဲမှာ ဘာတွေဖြစ်နေတယ် ထင်လို့လဲ။
အထဲမှာ အရာအားလုံးက ထွေးလုံးရစ်ပတ်လျက် ရှိပါတယ်။ ကျည်ဆန်ဝင်တဲ့အပေါက်ကို လက်နှိုက်လိုက်ရင် အစာအိမ်ထဲကို ရောက်သွားတယ်။ နံရိုးကို ထုတ်ချင်းဖောက်ပြီး ဝင်သွားတာ။ အဲ့ဒီသံယောဇဉ်ကြီးကို အရင်ဖြတ်ရတာပေါ့။ ဒီလမ်းကြောင်းကြီးပွင့်နေသမျှ ဒဏ်ရာက ဘယ်ကျက်တော့မှာလဲ။ အဲ့ဒါပြီးမှ သူ့အောက်က အထုံးကို ဖြည်တော့ “ဟေး ဒီမှာ လာကြည့်စမ်း။ လာကြည့်စမ်း။” ဆို အားလုံးကို ခေါ်ပြရတယ်။ အထဲမှာ ၁၀ လက်မ ရှည်တဲ့ artery forceps ကြီးတစ်ချောင်း ကျန်နေရစ်ခဲ့တာပဲ။ အူအသားတွေထဲမှာကို မြုတ်ဝင်နေပြီ။ တော်တော်ကို ခွါယူရတယ်။ ဗိုက်မဖွင့်ခင်တစ်ခါ ပြန်မပိတ်ခင်တစ်ခါ၊ White board ပေါ်မှာ တစ်ယောက်၊ trolley ရှေ့မှာ ၂ ယောက် swab & instruments စစ်ရတယ် ဆိုတာ ဘာအတွက်လဲ အားလုံးကို လက်တွေ့ပြလိုက်တယ်။
မပြီးသေးဘူး။ ခွဲရမယ့် ကိစ္စ မပြီးသေးဘူး။ သူဖောက်ထားတဲ့ colostomy က အခွေလိုက်ကလေး ဆွဲတင်ထားတဲ့ loop colostomy မဟုတ်ဘူး။ ထက်ပိုင်းဖြတ်ပြီး တစ်ပေါက် ထုတ်ထားတဲ့ end colostomy ဖြစ်နေတယ်။ ပြန်ဆက်ပေးစရာ distal stump ရှာလို့မရဘူး။ ကြည့်ရတာ အဲ့ဒီအပိုင်းကို စောစောက strong clamps ကြီးနဲ့ ညှပ်ထားခဲ့ရင်း မေ့ကျန်ခဲ့တာ ဖြစ်မယ်။ သူခွဲရတာက ရှေ့တန်းမှာ။ ခွဲခန်းလည်း ရှိတာ မဟုတ်။ မေ့ဆေးစက်ဆိုတာတော့ ဝေးရော။ အသက်ကို မရအရ ကယ်ရတာ။ မသေတာပဲ တော်လှပြီ။ ကိုယ်တောင်မှပဲ ရေမီးအစုံနဲ့ လေထီးခုန်နေတာ ၃ နာရီ ကြာနေပြီ မဟုတ်လား။ အားလုံးပြီးသွားတဲ့အချိန်မှာ ခွဲခန်းဝင်တဲ့သူတွေ အကုန်ခေါ်ပြီး “ဒီထဲမှာဖြစ်တာကို အပြင်မှာ ဘယ်သူ့ကိုမှ ပြန်မပြောရဘူး။” လို့ မှာလိုက်တယ်။ ဓါတ်ပုံနဲ့ ဗီဒီယိုတော့ ရိုက်ယူထားရတာပေါ့။ ဘယ်သူ့ကိုမှ ပြဖို့ မဟုတ်ဘူး။ ကိုယ့်ဆီအမှုလာပတ်နေရင် ရှင်းနိုင်ဖို့။
အကျိုးအကြောင်းကို ကိုယ့်ဆရာသမား နဲ့ တိုင်ပင်တဲ့အခါ ဆရာက ကြိုမြင်တယ်။ “တစ်ခါတည်း နဲ့ ပြီးသွားမှာ မဟုတ်ဘူး။ နောက်တစ်ခါနှစ်ခါ ပြန်ခွဲရနိုင်တယ် ဆိုတာ လူနာနားလည်အောင် ကြိုရှင်းပြထား။” တဲ့။ ဆရာက ဆရာပဲလေ။ အမှန်ဆိုရင် စိတ်မချရတဲ့ anastomoses တွေအတွက် covering colostomy ဆိုတာ ဖောက်ထားသင့်တယ်။ ကိုယ်ကလည်း မေ့သွားတာ မဟုတ်ဘူး။ စဉ်းစားမိတယ်။ ဒါပေမယ့်လည်း လူနာဘက်ကကြည့်ရင် ဗိုက်ပေါ်က အူအပေါက်ကြီးကို ပိတ်ဖို့ဆိုပြီး ခွဲခန်းထဲဝင်သွားတယ်။ အထဲမှာ ၃ နာရီကျော်ကြာတယ်။ ပြန်ထွက်လာပြီး သွေးတွေလည်း ထုတ်ယူသွားသေးတယ်။ နောက်တော့လည်း ဒီအပေါက်ကြီးနဲ့ ဒီအတိုင်းပဲ ပြန်ထွက်လာတယ် ဆို သူ ဘယ်လောက် စိတ်ဆင်းရဲရမလဲ။ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးတာလည်း ပါမှာပေါ့။ သေချာချုပ်ရင် လုံပါတယ် ဆိုပြီး။
ဒါပေမယ့် ဘယ်လိုချုပ်ချုပ် မလုံပါဘူး။ နောက်တစ်ခေါက် ပြန်ဝင်ပြီး နောက်တစ်ခေါက် ထပ်ချုပ်တာလည်း မလုံဘူး။ colostomy ပြန်ဖောက်မလား။ septicemia နဲ့ အသေခံမလား။ ဒါပဲ ရွေးစရာ ရှိတယ်။ ခက်တာက အထဲမှာ ပစ္စည်းကျန်တဲ့အကြောင်း လူနာကို ပြောပြမထားဘူး။ “ဒီဆရာဝန်က ဒါလေးပိတ်တာတောင် ၃ ခါလောက် ပြန်ခွဲပြီး နောက်ဆုံး နဂိုအတိုင်း အပေါက်နဲ့ ပြန်နေရတာပဲ။” လို့ တွေးလိမ့်မယ်။ အဲ့ဒါ re do တွေ အခါခါ ပြန်မလုပ်ချင်ဘူး။ re do လုပ်ရတာ စိတ်ဆင်းရဲတယ် လို့ ပြောနေတဲ့အချိန်မှာပါ။ ဒါနဲ့ ကိုယ့်ဆရာတွေနဲ့ အပြန်ပြန်အလှန်လှန် တိုင်ပင်ပါတယ်။ ဘယ်လိုလုပ်ရင် ကောင်းမတုန်း။ နောက်ဆုံးတော့ မတတ်နိုင်ဘူး။ ရိုက်ထားတဲ့ ဗီဒီယိုလေး ဓါတ်ပုံလေးတွေပြပြီး “အထဲမှာ ဒီပြဿနာတွေ ဖြစ်နေတယ်။ colostomy ပြန်ဖောက်မှ အဆင်ပြေလိမ့်မယ်။ နောက် ၂ လ ကြာရင် ပြန်ပိတ်ပေးမယ်။ အားလုံးကောင်းသွားမှာ။” ဆိုပြီး ရှင်းပြလိုက်ပါတယ်။ သို့သော် colostomy ပြန်ဖောက်ဖို့က transverse colon ထက်ပိုင်းပြတ်ပြန်ဆက်ထားတာက ဆွဲတင်ဖို့ မလွယ်တော့ဘူး။ ileostomy ပဲ ဖောက်ခဲ့ရတယ်။ မတတ်နိုင်ဘူး။ လေးခါမြောက် ဆိုရင်တော့ ကောင်းမှာပါ။ လောလောဆယ် ကိုယ်လည်း ကံမကောင်းသေးဘူး။ ဘုရားတရားလေး လုပ်ထားဦးမယ်။ လုပ်သမျှ အရာအားလုံးဟာ ခက်ခဲပင်ပန်းလွန်းနေတယ် မဟုတ်လား။
လူနာလည်း အားမွေး၊ ကိုယ်လည်း အားမွေး။ နေ့ကောင်းရက်သာကလေး ရွေးပြီးတဲ့နောက်မှာ လေးကြိမ်မြောက် ပြန်ဝင်ကြတယ်လေ။ ဒီတစ်ခါတော့ ကောင်းပြီ မဟုတ်လား။ ဟင့်အင်းပါ။ ဟင့်အင်းပါ။ ကျည်ဆန်ဝင်ပေါက်ကြီးက မပိတ်ပါဘူး။ အထဲမှာ အရည်တွေ အောင်းနေတုန်း။ အူမကြီးက ချုပ်ကြောင်းဟာ ယိုနေတုန်း။ အဲ့ဒါနဲ့ ဆက်နေလျက်သားလေး။ ဒါဆိုရင် အပေါက်ဖာပြီး ileostomy နဲ့ ဒီအတိုင်းပြန်ထား ၂ လ ထပ်စောင့်ရမလား။ ကိုယ်လည်းစိတ်ဓါတ်ကျလှပြီ။ လူနာဆိုတာတော့ ပြောမနေနဲ့။ ဆေးရုံပေါ်တင် ၆ လ ရှိခဲ့ပြီ မဟုတ်လား။ ခဏလေး ရပ်ပြီး စိတ်အေးလက်အေး ပြန်စဉ်းစားတယ်။ လမ်းလွှဲထားတာ ၂ လ ကျော်ပြီလေ။ ဒီအပေါက်ရှိတဲ့နေရာဟာ မစင်ဘင်ပုတ်တွေ လူးနေတဲ့ ပစ္စည်းတော့ မဟုတ်တော့ဘူး။ သူ့ကိုချုပ်ပေးပြီး သူ့ဆီကို အစာဟောင်းတွေ မရောက်အောင် တစ်ပါတ်လောက် ထိန်းထားနိုင်ရင် အနာကျက်ပြီး လုံသွားမှာပဲ။ ပြန်တော့ ပိတ်ပေးလိုက်တယ်။ လူနာကို “မင်းလည်း မင်းဘုရား ရှိခိုး။ ငါလည်း ငါ့ဘုရားငါ ရှိခိုးမယ်။” လို့ ပြောထားတယ်။ ၉ နဝင်းပြီးတော့ ၁၀ နဝင်း ထပ်ဝင်ရတာပေါ့လေ။ ခုထက်ထိကို ရှိခိုးနေတုန်းပဲ။ သူ့ကို ၁၀ ရက်တိတိ အစာမကျွေးပဲထားရင် အာဟာရပြတ်လိမ့်မယ်။ အနာလည်း ကျက်မှာ မဟုတ်ဘူး။ အဲ့ဒီအတွက် အကြောထဲကသွင်းတဲ့ အာဟာရထုပ်တွေ မှာရတယ်။ မနှစ်က ကိုပိုင့်အတွက် မှာတုန်းက ၃ သောင်းခွဲပေးရတဲ့ တစ်ရက်စာ အာဟာရထုပ်ဟာ အခု တစ်သိန်းသုံးသောင်း ပေးဝယ်ရတယ်။ ဒီလူနာတစ်ယောက်တည်းအတွက် ဆံထုံးတွေဆီတွေ စိုက်ရတဲ့အပြင် အာဟာရထုပ်ဖိုးက ၁၃ သိန်း အိပ်ထဲက ပါသေးတယ်။ “မင့်အမျိုးထဲမှာ ပိုက်ဆံတတ်နိုင်တဲ့သူ ရှိသလား။ မင်းမိဘမှာ အိမ်တွေ လယ်တွေ ရှိသလား။” ဆိုတဲ့ စကားမျိုးကလည်း မပြောချင်ဘူး မဟုတ်လား။ ကိုယ့်ဘာသာစိုက်လိုက်တာ အေးပါတယ်။ အဲ့ဒါ သူ့အတွက် သုံးတဲ့ ပိုက်ဆံ မဟုတ်ဘူး။ ကိုယ့်အတွက် သုံးတာ။ ကိုယ်စိတ်ချမ်းသာချင်လို့ သုံးတာ။ ဒီလိုပဲ သဘောထားတယ်။ သူမကောင်းသ၍ ကိုယ်စိတ်ဆင်းရဲနေရတာ မဟုတ်လား။
အခု ကောင်းသွားပြီနော်။ အဲ့ဒီလူနာ။ ငါ သူ့ကိုတော့ဖြင့် ကောင်းအောင်ကုပေးရဦးမယ် ဆိုတဲ့ ကိုယ့်ခေါင်းပေါ်က အထုပ်ကြီးလည်း ပေါ့သွားပြီ။ ဓါတ်မှန်စက်ကြီး ပြန်ကောင်းပြီ။ မွေးခုံအသစ် ရောက်လာပြီ။ ဇာတာစန်းလဂ် ပြန်တက်ခဲ့ပြီ။ ဘာမှပူစရာ မရှိတော့ဘူး။ ဒီလိုနေ့မျိုး ရောက်လာဖို့ စောင့်နေရတာ အကြာကြီး ရှိပြီ လို့ ပြောတယ် မဟုတ်လား။ ရွှေထွက်တဲ့နေရာ၊ ကျောက်စိမ်းထွက်တဲ့နေရာ၊ ပယင်းထွက်တဲ့နေရာကို လာပြီး သူများချေးထုပ်တွေ ကောက်ရင်းပျော်နေတာ ဘယ်လိုသတ္တဝါမျိုးလဲ မြင်ဖူးပြီပေါ့နော်။ ကိုင်း နောက်ဆုံးတော့လည်း သူ့ကိုယ်သူ ဘယ်လိုတော်ကြောင်း သာသာထိုးထိုးလေး ရေးသွားပြန်တာပဲ လို့ မထင်ပါနဲ့။ မတော်ပါဘူး။ တော်တယ်ဆိုတာ ဒါမျိုး မဟုတ်ဘူး။ အင်္ဂလန်မှာ အမေရိကားမှာ လူနာတွေကို ဘယ်လိုဆေးကုနေကြသလဲ။ တစ်ချက်ရှိုးလိုက်။ အဲ့သလိုမျိုး အဆင့်မီအောင် ဘောင်ဝင်တန်းဝင် ခွဲစိတ်နိုင်မှ တော်တာ။ ဘယ့်နှယ်။ တောကြိုအုံကြား သူများချေးကြုံးနေတဲ့အကောင်က လူရာဝင်ချင်နေလို့ ရမလား။ နှစ်နှစ်လုံး ခွဲနေတာ လူနာ ၄၀၀ ပဲ ပြည့်တော့မယ်။ Professional တန်းထဲမရောက်။ Surgical Society နဲ့ fit in မဖြစ်ပဲ fit out ဖြစ်နေတဲ့ ငမိုက်သားလေး။ သူများနဲ့ကို မတူတာ။ ထူးပဲထူးသလား ရူးပဲရူးသလားတော့ မသိ။ သောက်မြင်ကပ်စရာတော့ အင်နန်ကောင်းသမို့လား။ ဟေဟေ့။
“ထူးလည်းထူးတယ် ရူးလည်းရူးတယ်။ ကျော် ကျော် ကျော် ကျော်။ တို့ ကိုကြီးကျော်။” (အို ဘာတဲ့တုန်း…)