ချန်ဂင်တို့စခန်း (၂၁၁)

ဆေးရုံမှာ လူနာရှင်းသခိုက် ဧည့်သည်လည်း ရောက်နေတဲ့အခါ ကိုယ်တို့တတွေ ဆာဖျယ် လုပ်စားကြပါတယ်။ လုပ်ရတာ သိပ်လက်ဝင်တာပဲ။ ပစ္စည်းတွေစုံအောင် မှာရစုရတာလည်း လွယ်တာ မဟုတ်ဘူး။ စားလိုက်ရင်တော့ ပြိုက်ကနဲပေါ့။ လူအုပ်က တောင့်တာကိုး။ စားတဲ့လူလည်းစား ညနေပိုင်းမို့ အားကစားလုပ်တဲ့သူတွေလည်းလုပ်။ အလုပ်တွေရှုပ်နေကြတုန်း အနမ့်ပါမှာ လေယာဉ် ၂ စီးလာပြီး ဗုံးလေးလုံးချသွားပါသတဲ့။ ကိုယ့်ဆရာလေးတွေဆီ စိတ်ပူလို့ ဖုန်းဆက်ကြည့်တဲ့အခါ လေယာဉ်က ပြန်တောင်မပြန်သေးဘူး။ အပေါ်မှာ ဝဲနေတုန်း။ ကန်ဆီးဘက်ကနေ လက်နက်ကြီးတွေလည်း အဆက်မပြတ် ပစ်နေတုန်းတဲ့။ ကိုယ်တို့လည်း အသင့်အနေအထားနဲ့ ပြင်ပြင်ဆင်ဆင်လုပ်နေတုန်း မွေးလူနာတစ်ယောက် ရောက်လာပါလေရော။

လူနာက previous one scar နဲ့ ကိုယ်ဝန်စောင့်ရှောက်မှုယူနေရင်း ပျောက်သွားတာ ၂ လကျော် ရှိနေပြီ။ မနေ့ကမှ ပြန်လာပြတော့ “၃၈ ပါတ်လည်း ကျော်ပြီ။ ခွဲမွေးရမှာ။ မနက်ဖြန် ဆေးရုံလာတက်။” လို့ မှာလိုက်တဲ့လူနာ။ သားဦးကလေးတုန်းကလည်း အဖတ်မတင်ဘူး။ ကလေးအသေခံပြီး မအေ အသက်ကို အရယူထားရတာတဲ့။ နောက်ကလေးကျ ဗိုက်ခွဲမွေးရတာပေါ့။ “ဒီတစ်ဗိုက်လည်း ခွဲမွေးရမှာ။” လို့ ပြောတော့ အိအိအအနဲ့ သဘောမတူလို့လား မသိ။ လာမပြတော့ဘူး။ အလုပ်မအားဘူး။ ယောက်ကျား ခရီးသွားတယ်။ ဆင်ခြေတွေပေးပြီး မထုံတက်တေးနဲ့။

အခု မတရားသဖြင့် ဗိုက်နာတော့မှ ရောက်လာပြီး အော်ဟစ်နေတော့ သားအိမ်ကလည်း အပွင့်လိုက်ကြီး။ ရေမွှာကလည်း ပေါက်ထားပြီးသားကြီး။ လူကလည်း မရပ်မနား ညှစ်နေပြီ။ အောက်ကပဲ မွေးလိုက်တော့မယ် ဆိုပြီး မွေးခန်းပြင်နေရင်းက စိတ်ထဲမှာ စနိုးစနောင့် ရှိလို့ “မရဘူး။ ခွဲခန်းပြင်” ဆိုပြီး ၁၅ မိနစ်အတွင်း ခွဲခန်းထဲအရောက်သွင်းပြီး spinal ထိုး၊ Caesar လုပ်ကြပါတယ်။ ဘုရား ဘုရား။ လက်မတင်လေးရယ်ပါ။ ကလေးလက်သီးလေးက သားအိမ်ကို ဖောက်ထွက်လာပြီ။ ဆီးအိမ်ကြီးကလည်း သားအိမ်ပေါ်တက်ကပ်နေလို့ ဆီးပိုက်ဘောလုံးကလေးပါ အပြင်ထွက်လာတယ်။ ကလေးကို အမြန်ဆုံးနှိုက်ထုပ်တော့ လှုပ်တောင် မလှုပ်ဘူး။ အပြင်မှာ အသည်းအသန် CPR လုပ်ယူရတယ်။ ငိုသံလည်း မထွက်။ ရမှရပါတော့မလား မသိ။ ၅ မိနစ်လည်း မရှူ၊ ၁၀ မိနစ်လည်း မရှူ။ ၁၂ မိနစ်မှာ ငိုသံကြားတော့မှ ဗိုက်ကအလုပ် ဆက်လုပ်နိုင်တယ်။ ဆီးအိမ်အကွဲ၊ သားအိမ်အပြဲကြီးကို စိမ်ပြေနပြေချုပ်ပြီးတော့မှ မယ်မင်းကြီးမကို သားကြောဖြတ်ဖို့ consent ယူရတယ်။ သူ့သားအိမ်က အခုတခေါက်တောင် ကံကောင်းလို့ ထုတ်မပစ်ရတာ။ နောက်တစ်ခါ ဗိုက်ကြီးရင် ပွင့်ထွက်လိမ့်ဦးမယ်။သူက ဘာမှမသိတော့ ဗိုက်ကလေးတစ်လုံးကလွဲရင် ဘာမှလည်း မပူဘူးလေ။ ကိုယ့်မှာသာ ရင်တုန်ပန်းတုန် စိတ်မောလူမော ဒေါသတွေပါ ထွက်လာတယ်။ လမ်းလျှောက်လာရင် ၁၅ မိနစ်တောင် မကြာတဲ့ဆီက ဘာလို့ ခုမှ လာရတာလဲ။ ၃ နာရီလောက်ကတည်းက ဗိုက်စနာတာဆို။ ကြည့်ရတာ သူတို့ဟာသူတို့ မွေးကြည့်ပြီး မရမှ ဆေးရုံလာပုံရတယ်။ အလကားခွဲပေးနေတာတောင် လာရမှာ အဲ့လောက်ဝန်လေးနေကြတယ်။ “ရှင် ဘယ်လိုလူလဲ။ ပြော။” ဆို မိုးကျော်ကြီးလို မျက်စောင်းထိုးကြည့်လိုက်ရ မကောင်းရှိနေမယ်။ အမေလည်း ကံကောင်းလို့၊ ကလေးလည်း ကံကောင်းလို့၊ ကိုယ်ကိုယ်တိုင်လည်း ကံကောင်းလို့။ အသည်းကို ယားနေတာပဲ။

ခွဲခန်းသိမ်းပြီးတော့ အဲ့ဒါကြီး တနုံ့နုံ့ ပြန်စဉ်းစားပြီး မအိပ်နိုင်ဘူး။ လေယာဉ်လာမှာစိုးလို့လည်း အိပ်မရဘူး။ နာတယ်ဆိုလို့ ဆေးရုံပေါ် တစ်ခေါက်သွားကြည့်ပြီး ဆေးထပ်ထိုးပေးခဲ့တယ်။ သွေးလည်း တစ်လုံးသွင်းထားတယ်။ တချို့လူတွေက အသိဉာဏ်နည်းလိုက်တာ။ ဘယ်လိုပြောရမှန်းတောင် မသိဘူး။ သူ့ကို ရောက်ရောက်ချင်း တခါတည်းတန်းခွဲပေးလိုက်လို့သာ တော်တော့တယ်။ နောက်နေ့ကျတော့ ကိုယ်တို့ပျားတုပ်တယ်လေ။ တနေကုန်ခွဲခန်းထဲက မထွက်ရတော့ဘူး။

မနက်ပိုင်းတုန်းကတော့ လွန်ခဲ့တဲ့ ၇ လလောက်ကတည်းက မိုင်းထိထားတဲ့ PDF ကလေးက တင်ပါးထဲမှာ မိုင်းစကျန်လို့ လာထုတ်တာပါ။ ဓါတ်မှန်စက်အသစ်ကြီး သူနဲ့ပဲ ဈေးဦးပေါက်သွားတာပေါ့။ တော်သေးတယ်။ အဲ့ဒါသာ မရသေးရင် အရင် portable C arm ကလေးနဲ့ ကြည့်လို့ရမှာ မဟုတ်ဘူး။ သူ့ခွဲနေတုန်း ရှိသေး နောက်ထပ်လူနာ ၂ ယောက်လာနေပြီ။ မိုင်းထိလို့ ဆိုတော့ အဆင်သင့်ပြင်ပြီး စောင့်နေကြပါတယ်။ မေ့ဆေးစက်တုန်းကလိုပါပဲ။ ဓါတ်မှန်စက်ကိုလည်း သင်ရင်းရိုက်ရင်း မသိတာလှမ်းမေးရင်းနဲ့ အဆင်ပြေလာပါတယ်။ မုဆိုးစိုင်သင် သင်ရတာပေါ့။ ဒီချိန်ရောက်မှတော့ နောက်ထပ် specialist တွေ ရောက်လာနိုင်မလား မမျှော်လင့်တော့ဘူးလေ။ ကိုယ့်ဘာသာလုပ်တတ်အောင်ပဲ သင်ယူရတော့မှာပေါ့။ ပုံထွက်အောင် ရိုက်တတ်ရင် လှမ်းပို့ပြီး အကူအညီတောင်းတာက ဘာမှ မခက်တော့ဘူး။ ultrasound စက်ကလေးနဲ့လည်း အဲ့လိုပဲ လုပ်နေတာပဲဟာ။ အရင်စက်ထက်သာတာကတော့ Chest X-ray, Skull X-ray, Abdomen X-ray တွေ ရိုက်လို့ရပြီ။ အများကြီး ရှေ့ကိုရောက်သွားတာပေါ့။

မနှစ်ကတုန်းက လာမယ့်နှစ်မှာ ပြင်ဆင်ထားတဲ့ အထူးအစီအစဉ်တွေ အများကြီး ရှိတယ်။ တစ်ခုပြီးတစ်ခု ချပြမယ် လို့ ပြောခဲ့ဖူးတယ်။ အခု နှစ်မကုန်ခင် စာရင်းချုပ်ပြမယ်။ အမျိုးသမီးလူနာဆောင် တစ်ဆောင် ထပ်ဆောက်တယ်။ သားဖွားခန်းအသစ် တစ်ခန်းထပ်ချဲ့တယ်။ မေ့ဆေးစက်တစ်တစ်လုံးဝယ်ဖြစ်တယ်။ ရေခဲသေတ္တာ ဆိုလာ နဲ့ အင်ဗာတာတစ်စုံ အသစ်တပ်တယ်။ Generator မီးစက်အကြီးတစ်လုံးဝယ်တယ်။ ဓါတ်မှန်ဆောင် အသစ် ထပ်ဆောက်တယ်။ Digital X-ray machine တစ်လုံး ဝယ်တပ်တယ်။ ကြိုးစားခဲ့သမျှ မဖြစ်လာတာ ဘာတစ်ခုမှ မရှိဘူး။ ၂ နှစ်လုံးလုံး ဒီလောက် များပြားလှတဲ့ လူနာတွေကို အခမဲ့ဆေးကုပေးနိုင်ဖို့ Finance & Logistics အလုပ်တွေလည်း လိုတိုင်းတ ရနေအောင် စီစဉ်နိုင်ခဲ့တယ်။ အဲ့ဒါနဲ့များတောင် သူက ကံမကောင်းဘူး ညည်းချင်သေးတယ်။

ရှိသမျှအလုပ်တွေ အကုန်လုံး တစ်ယောက်တည်းနဲ့ တာဝန်ခံ ခေါင်းခံလုပ်ရတာ လူရောစိတ်ရော ပင်ပန်းတာတော့အမှန်ပါပဲ။ ဒီခရီး ဒီလမ်းမှာ ခြေလျင်ကလေး လျှောက်သွားရရင်ကို “ပန်းသလား မေပျို နန်းရွှေကိုယ်” လုပ်ခဲ့ရတဲ့ အစားထဲကလာတာ မဟုတ်လား။ ဒီတော်လှန်ရေးကြီး ပြီးသွားရင်ဖြင့် ဘာအလုပ်မှ မလုပ်ပဲကို ထိုင်နားပလိုက်ဦးမယ် ဆိုတဲ့စိတ် ရှိတယ်။ ကိုယ်တို့လည်း ကာဖီဆိုင် ထိုင်တတ်ပါတယ်။ ဘားသွား ကလပ်တက် လုပ်တတ်ပါတယ်။ သီချင်းလေးတွေနဲ့ ဆိုလို့ကလို့ နေခဲ့ကြတဲ့ အချိန်တွေလည်း ရှိခဲ့ပါတယ်။ အလုပ်ချည့်ပဲ လုပ်နေရမယ် လို့ ဘယ်သူကပြောတုန်း။ အခု ဘယ်သူကမှ မခိုင်းပဲ ကိုယ့်သဘောနဲ့ကိုယ် လုပ်ချင်လို့ ဒီအလုပ်တွေကို လုပ်နေတာ။ တော်ပြီ။ မလုပ်တော့ဘူး ဆိုတဲ့တစ်နေ့။ hand gel လေးနဲ့ လက်ဆေးပြီး “ဆေးကုရတာ ပင်ပန်းလို့ အနားယူလိုက်ပြီ။ သက်လား။ နောက် စိတ်ပါမှ ပြန်ကုတော့မယ်။” ဆို ချေမိုးပြီး ထွက်လာလိုက်မယ်။ သူသာပြန်ရောက်လာရင်တော့ ငါတို့ကို နှိပ်ကွပ်တော့မှာပဲ လို့ ထင်မနေနဲ့။ ဒီက အဲ့လောက် မအားဘူး။ အလေလိုက်စရာတွေ ရှိသေးတယ်။

ဒါတွေက ပြီးခဲ့တဲ့တစ်နှစ်အတွင်းမှာ ကိုယ်တည်ဆောက်ခဲ့တဲ့ ဆေးရုံကလေး အခြေအနေကို လူသိရှင်ကြား မှတ်တမ်းတင်တာပါ။ ဖြစ်ပြီးရင် ပျက်တတ်တဲ့သဘောသဘာဝအရ ဟိုဘက်ကလူတွေ လာဖျက်ရင် မိနစ်ပိုင်းအတွင်း ပြာကျသွားနိုင်တယ် ဆိုတာကိုလည်း နားလည်ထားရပါတယ်။ ဒီပစ္စည်းတွေက ဝယ်ရင်သာ အဖိုးသားနားများစွာနဲ့ ခက်ခက်ခဲခဲ ရအောင်သယ်ထားရတာ။ တတ်ကျွမ်းတဲ့ ဆရာဝန် မပါရင် ဘာတန်ဖိုးမှ မရှိဘူး ဆိုတာလည်း သိစေချင်ပါတယ်။ တင်မောင်ဆန်းမင်းဝင်းတို့၊ ဟန်ဇာမိုးဝင်းတို့ ဇာတ်ခေါင်းကွဲပြီး မကရတာ သုံးနှစ်လောက်ကြာတဲ့အခါ အိမ်မှာရှိတဲ့ ကားစုတ် စလောင်းစုတ်တွေကို ကြည့်ပြီး ငိုမိတယ် လို့ အင်တာဗျူးဖြေတာ ကြားဖူးပါတယ်။ ကိုယ့်ဆေးရုံကပစ္စည်းတွေဟာလည်း ကိုယ်တို့ဒီမှာ အလုပ်လုပ်နေလို့သာ ရေမီးအစုံနဲ့ လေထီးခုန်ပြီး တစ်ဦးချင်းစီရဲ့ အရည်အသွေးများကို ဇာတ်စင်ပေါ်မှာ ကြည့်ရသလို ရင်သပ်ရှုမော တအံ့တဩ ဖြစ်ရတာပါ။ နောင်ကျ သုံးတတ်တဲ့သူ မရှိရင် ဖျာစုတ်၊ ကားစုတ်၊ စလောင်းစုတ်ထက် မပိုပါဘူး။ ဒီပစ္စည်းတွေရဲ့တန်ဖိုးဟာ ကိုယ်တို့တွေက သုံးနေပြီး လူနာတွေနေကောင်းကျန်းမာသွားတဲ့အခါမှသာ value added ဖြစ်သွားမှာပါ။

ဒီဟာကို ဘာဖြစ်လို့ ထည့်ပြောရသလဲ ဆိုတော့ စစ်ရေးအခြေအနေတွေထဲမှာ ဒီဆေးရုံကလေးကို ဖျက်စီးချင်တဲ့သူ သိမ်းယူချင်တဲ့သူတွေ ရှိကိုရှိနေတယ်လို့ သတင်းစကား ကြားရလို့ပါ။ ကိုပေါက်ကြီး ပြောသလို “အိမ်ကိုချည့်ပဲ သိမ်းလို့မရဘူး။ လူကိုပါသိမ်း။” လို့ ပြောရမှာလား။ လူကိုသိမ်းပြန်ရင်လည်း “ရှင်တို့ ကျွန်မ ခန္ဓာကိုယ်ကိုပဲ ရစေ့မယ်နော်။” ဆို ဗမာကား ဆက်ရိုက်ရမလား။ ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ် ဒီနေရာမှာ ဒီဆေးရုံနဲ့ ဒီလူတွေ မရှိတော့ဘူးဆိုရင် အခုရနေတဲ့ ကျန်းမာရေးစောင့်ရှောက်မှု service တွေ ဘယ်လိုမှ ပြန်မရနိုင်တော့ဘူး လို့လည်း သိစေချင်တာပါ။ တန်ဖိုးသိမှလည်း ကာကွယ် စောင့်ရှောက်ရကောင်းမှန်း နားလည်မှာလေ။ ဂါဇာမှာ ဆေးရုံကို လေယာဉ်နဲ့ ဗုံးလာကျဲသွားတဲ့အခါ ကမ္ဘာက ချက်ချင်း အရေးတယူ လုပ်ကြပေမယ့် ကိုယ်တို့ဆီမှာ ဆေးရုံဆေးခန်းတွေကို ဗုံးကျဲ ဖျက်စီးတာ အခါတစ်ရာမက ရှိတော့မယ်။ အခုလည်း ကြားရတဲ့သတင်းတွေအရ ကိုယ်တို့ဆေးရုံကို မျက်မုန်းကျိုးပြီး ဆင်ကြံကြံနေတာ သေချာသလောက်ရှိတယ်။ အဲ့ဒါကြောင့်မို့လို့ ဘယ်သူတွေ ဘာမှ လာမဖျက်စီးသေးခင် လက်ရှိအခြေအနေကို update လုပ်ထားရစ်တာပါ။ အခုစာရေးနေတဲ့အချိန်အထိ ဒီဆေးရုံမှာ လူနာ ၁၂၇၇၇ ယောက် အခမဲ့ဆေးကုသပေးခဲ့တယ်။ လူနာ ၈၂၁ ယောက် ဆေးရုံတင်ကုပေးခဲ့တယ်။ Minor procedure မပါ ခွဲလူနာ ၃၈၁ ယောက် ခွဲပေးခဲ့တယ်။ ကိုယ်ဝန်သည် ၉၁ ယောက် မိခင်ရောကလေးပါ ကျန်းမာစွာ ဒီဆေးရုံမှာ မွေးဖွားပေးခဲ့တယ်။ အခုဖျက်စီးလိုက်ရင် အခုပျက်သွားတာမှန်ပေမယ့် မပျက်မစီး သည်အတိုင်းရှိနေရင် ဒီ့ထက် ၂ ဆ လည်း ဖြစ်နိုင်တယ်။ ၃ ဆ လည်းဖြစ်နိုင်တယ်။ ဆက်ပြီး ဆေးကုနေဦးမှာ။ အဲ့ဒီတော့ ကိုယ်တို့ဆေးရုံကလေးဟာ ရန်ဘေးကင်းကင်း အလုပ်လုပ်နေနိုင်ဖို့ လုံခြုံရေးအရ ကာကွယ်စောင့်ရှောက်မှု ရဖို့ ထိုက်တန်တယ် မထင်ဘူးလား။ ကမ္ဘာလောကကြီးဟာ အသိဉာဏ်မရှိတဲ့ လူယုတ်မာတွေရဲ့ မဆင်မခြင်လုပ်ရပ်တွေကြောင့် အရုပ်ဆိုးအကျည်းတန်ပေါင်း များလှပြီ။ ဖြစ်ပြီးသွားတဲ့အခါကျမှ ပရိုဖိုင်းအမည်းလေးတွေ ချိန်းပြနေလို့ အလကားပဲ။ မဖြစ်အောင်တားဆီးရမယ့်အကာအကွယ်ပေးရမယ့် ဝတ္တရားရှိတယ်။ အဲ့ဒါကို သိစေချင်တာပါ။

အခုရက်ပိုင်း ကချင်ပြည်နယ်မှာ လေယာဉ်နဲ့ ဗုံးလာကျဲတဲ့ အကြိမ်တွေကလည်း စိပ်စိပ်လာပါတယ်။ စိုးရိမ်ပူပန်ကြောင်း ကန့်ကွက်ရှုံ့ချကြောင်း စာထုတ်တာထက်ပိုပြီး ဘာတစ်ခုမှ ထိထိရောက်ရောက် တားဆီးပေးတဲ့သူလည်း မရှိဘူး။ တကယ်လို့ ကိုယ့်ဆေးရုံပေါ် လာကျဲသွားရင်လည်း ရှိပြီးသားအမှုတွေထဲ plus 1 ပေါင်းလိုက်ရုံအပြင် ဘာမှ ထူးမှာလည်း မဟုတ်ဘူး။ အစပထမတော့ “စိတ်မကောင်းပါဘူး။” “ဝမ်းနည်းပါတယ်။” တွေ ပလူပျံလာပြီး ၃ ရက်လောက်နေတော့ မေ့သွားဦးမှာလေ။ ကိုယ်ကိုယ်တိုင်တောင် မမှတ်မိတော့မှာစိုးလို့ စာရေးထားခဲ့ရတာ မဟုတ်လား။ တချိန်ကျ ပြန်ဖတ်နိုင်ဖို့ပေါ့။ ကိုယ့်ရဲ့စိတ်ကူးလေး​တွေ အိပ်မက်ကလေးတွေ တကယ်ရှိခဲ့တဲ့နေရာ။ ပြက္ခဒိန်စာရွက်ကလေးတွေ သတိမထားမိလိုက်ပဲ ကုန်ဆုံးသွားတဲ့ အချိန်ကာလ။ ကိုယ့်ကို ဖေးမတဲ့သူ၊ ကိုယ်ကဖေးမတဲ့သူတွေနဲ့ အလုပ်လုပ်လို့ကောင်းတဲ့ ပတ်ဝန်းကျင်ကလေးတစ်ခု။ ဒီလောက်ဆိုလည်း ကျေနပ်ပါတယ်။