လိုင်ဆာက စစ်ရှောင်စခန်းမှာ စစ်ဘေးဒုက္ခသည်တွေကို ညသန်းခေါင်အချိန်ကြီး လေယာဉ်နဲ့ ဗုံးလာကျဲပြီးတဲ့နောက်မှာ ကိုယ်တို့လည်း လေကြောင်းအန္တရာယ်အတွက် သတိဝီရိယနဲ့ နေကြရပါတယ်။ မာရ်နတ်ဆိုးကြီးတောင် မြန်မာစစ်သားတွေလောက် မကောက်ကျစ် မယုတ်မာနိုင်တော့တဲ့ ကာလမှာ သူတို့တိုင်းပြည် လူလာဖြစ်ရတော့ ဘယ်တတ်နိုင်မှာလဲ။ မြန်မြန်သေတော့လည်း မြန်မြန်ဝဋ်ကျွတ်တာပေါ့။ ဒီကောင်တွေနဲ့ တခေတ်တည်း တနိုင်ငံတည်း လူလာဖြစ်ရတာတောင် အသည်းနာလှပြီ။ ငါတို့ကို ကုန်အောင်ရှင်းနိုင်ရင်ရှင်းပေါ့။ မရှင်းနိုင်လို့ကတော့ သိတယ်မှလား။ လေကုန်တယ်။ မပြောတော့ဘူး။
“အရမ်းကိုပေါက်ကွဲနေပါလား။ ဒေါသူပုန်ထနေပါလား။” လို့ မထင်ပါနဲ့။ ဒါ ပထမဆုံးမှ မဟုတ်တာ။ နောက်ဆုံးလည်း မဟုတ်မှန်း သိတယ်။ အဲ့ဒါကြောင့် ဘယ့်နှယ်မှ ထူးမခံစားရဘူး။ ကိုယ်လုပ်စရာရှိတဲ့အလုပ် ပြတ်အောင်လုပ်ရုံပဲ ရှိတယ်။ ပြောရမယ်ဆိုရင် ဒီတော်လှန်ရေးအလုပ်ကို ချစ်ခြင်းမုန်းခြင်း ကင်းကင်းနဲ့ကိုလုပ်နေတာ။ အလွန်အမင်း စွန့်ခြင်းကြီးငါးလီနဲ့လည်း လုပ်တယ်။ အဲ့ဒီ မာရ်စစ်သည်တွေကို နှိမ်နှင်းမှ လောကကြီးသာယာလာမှာမို့လို့ လောကတ္ထစရိယာ အဖြစ်နဲ့ ရည်မှန်းပြီး လုပ်တယ်။ ဒီကောင်တွေလက်က လွတ်မြောက်အောင်ကယ်တင်နိုင်မှ ကိုယ့်ဆွေမျိုးသားချင်း၊ နောင်လာနောက်သားမျိုးဆက်သစ်တွေ လူလိုသူလို နေရမှာမို့လို့ ဉာတတ္ထစရိယာအဖြစ်လည်း ရည်မှန်းကြိုးစားတယ်။ ခုနေ လမ်းပြင်လမ်းခင်းရင်း ဘုရားကြွလာတာနဲ့ ကြုံရင်တောက် ဘုရားဆုမပန်ဘူး။ “အဲ့ဒီကောင်တွေကို ဘဝဆက်တိုင်းနှိမ်နှင်းနိုင်တဲ့ကိုယ် ဖြစ်ပါရစေ။” လို့ ဆုတောင်းမယ်။ မှတ်ပြီလား။
စိတ်ထဲက အဲ့သလောက် ပိုင်းဖြတ်ထားပြီးပြီဆိုမှတော့ ဘာကို ကြောက်စရာ ရှိတော့မှာလဲ။ အောင်ပွဲရဖို့ဆိုရင် ဘာနဲ့ရင်းရရင်းရ ရင်းဖို့အသင့်ပဲ။ ဒါဖြင့်ရင် မောင်ရင်တို့လည်းပဲ ချေချင်းညှာကလူတွေလို ၊ ဂါဇာကမ်းမြှောင်ဒေသက လူတွေလို အကြမ်းဖက်သမားတွေနဲ့ ဘာထူးတော့လို့လဲ။ “PDF ဆိုတာ အကြမ်းဖက်သမားတွေပါ။” လို့ ဇော်မဲလုံးကြီး ပြောတာ မှန်နေပြီပေါ့။ အကြမ်းဖက်သမားဆိုတာ မင်းတို့ပထွေးကို မအိမ်လုံး နံမည်မှည့်သလို အနွတ္တသညာနဲ့ ချစ်စနိုးခေါ်စရာ မဟုတ်ဘူး။ ဘယ်ဘုရားသခင်တံဆိပ်ကပ်ထားထား အကြမ်းဖက်တဲ့အလုပ်တွေ လုပ်နေရင် အကြမ်းဖက်သမားပဲ။ မူဆလင်အိမ်တွေ ဘူဒိုဇာနဲ့ ထိုးဖျက်တဲ့ သင်္ကန်းခြုံတွေကို မဘသ ခေါ်လိုက်လို့ အကြမ်းဖက်သမား မဟုတ်တော့ဘူးလား။ ယွက်ဆစ် နဲ့ ခွန်ဆာ ကို ဘုရားတကာဘွဲ့ပေးလိုက်တာနဲ့ မူးယစ်ရာဇာကြီးတွေ အရေခွံကျွတ်သွားရောလား။ လောလောဆယ်မှာ အကြမ်းဖက်တဲ့ လုပ်ရပ်မှန်သမျှကို မအလစစ်တပ်ကချည့် လုပ်နေတာမို့လို့ တကမ္ဘာလုံးနှိမ်နှင်းရမယ့် အကြမ်းဖက်သမား၊ ပုန်ကန်သူစစ်ရာဇဝတ်ကောင်၊ လူမျိုးတုန်းသတ်ဖြတ်တဲ့ တရားခံ။ child killers ။ ဘာတစ်ခုမှ ဖုံးကွယ် လိမ်ညာလို့ မရနိုင်တော့ဘူး။
“ငါတို့ကိုဆန့်ကျင်ရင်၊ ငါတို့ကိုတော်လှန်ရင်၊ ငါတို့ခိုင်းတာမလုပ်ရင် ရက်ရက်စက်စက် သတ်ဖြတ်ချေမှုန်း နှိမ်နှင်းပစ်မယ်။ ပိုင်ဆိုင်မှုတွေသိမ်းယူပြီး ဆွေမျိုးသားချင်းတွေပါ အန္တရာယ်ပေးမယ်။” ဆိုတာ စစ်အစိုးရစွဲကိုင်ထားတဲ့ လက်နက်ပါ။ အဲ့ဒီအကြောက်တရားကို လူတွေခေါင်းထဲ ရိုက်သွင်းပြီး အဓမ္မဝါဒီနဲ့ အုပ်ချုပ်တယ်။ ဒါပေမယ့် ဘယ်လိုလုပ်မလဲ။ ကိုယ်တို့မှ မကြောက်တတ်တာ။ တော်လှန်ရေး လုပ်နေတဲ့သူမှန်သမျှ သူတို့ကို မကြောက်လို့ လုပ်နိုင်တာ။ ဖမ်းမယ် သတ်မယ် နှိမ်နှင်းမယ်မှန်း မသိတဲ့သူ တစ်ယောက်မှ မရှိဘူး။ သေချင်သေသွားစမ်းပါစေ။ စစ်ခွေးအောက်မှာတော့ အသက်မရှင်ဘူး ဆိုတဲ့စိတ်နဲ့ လုပ်နေတာ။ စစ်ရှောင်စခန်းမှာ မသေပဲ ကျန်ရစ်ခဲ့တဲ့ ကလေးတွေကတောင် “သားကြီးလာရင် အဲ့ဒီမအလစစ်သားတွေကို ပြန်သတ်မယ်။” ဆိုတဲ့ စိတ်ဒဏ်ရာနဲ့ အသက်ရှင်ကြတာ။ ငါတို့သေရမှာ မကြောက်ဘူး။ အဲ့ဒီကောင်တွေ မသေပဲကျန်မှာကိုပဲ ကြောက်တာ။ ကိုယ့်အလှည့်ကျမှ ရက်စက်တယ် လာမပြောနဲ့။ အဲ့ဒါ ပါးပါးလေးပဲ ရှိသေးတယ်။
လူတွေရဲ့စိတ်ထဲမှာ အမုန်းတရား နဲ့ အာဃာတတွေ တဟုန်းဟုန်းတောက်လောင်နေအောင် ရှို့ထားပြီးတဲ့အခါ တတိယကမ္ဘာစစ်ဆိုတာလည်း အချိန်မရွေး ဖြစ်လာနိုင်တာပဲ။ လူတိုင်းလက်ထဲမှာ မီးစတွေချည့်ပဲလေ။ ဘယ်သူ့ဆီမှာမှ ရေမှုတ်မရှိဘူး။ UN ဆိုတာ အလကားကောင်ကြီးမှန်း တကမ္ဘာလုံးက သိမြင်လာကြပြီ။ ကမ္ဘာမီးလောင်မှတော့ ကိုယ့်ဆီက ဆီမီးခွက်ကလည်း အလိုလိုထတောက်ပါတယ်။ ဘယ်သူ့ဆီကမှ မီးကူးစရာ မလိုပါဘူး။ ကိုင်း ကောင်းပြီလေ။ အဲ့ဒီအခါကျရင် ဘယ်သူက ဘယ်သူ့ကို အနိုင်ယူနှိမ်နင်းနိုင်မယ် လို့ ထင်သလဲ။ ကြည့်ကြသေးတာပ။
ဟားမက်စ်တွေ အစ္စရေးကို ဝင်တိုက်တော့ “ဒါဟာ စစ်ကြေငြာတဲ့သဘောပါ။” လို့ အစ္စရေးဝန်ကြီးချုပ်ကိုယ်တိုင်ပြောပြီးတဲ့နောက် သူပထမဆုံးလုပ်တဲ့ စစ်ရေးပြင်ဆင်မှုက အရေးပေါ်ဆေးတပ်ဖွဲ့ အမြန်ဖွဲ့ပြီး စစ်တပ်ရဲ့ အရံအင်အားတွေကို နယ်စပ်တလျောက် ချက်ချင်းစေလွှတ်တဲ့ အလုပ်ပါတဲ့။ မုန်လိုင်ခက်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်သတ်ဖြတ်မှုအပြီးမှာ ကိုယ်တို့ဆီမှာလည်း အရှိန်မြင့်လာတဲ့ စစ်ပွဲတွေအတွက် အစစအရာရာ အသင့်ပြင်ထားမှ ဖြစ်မယ် မဟုတ်ဘူးလား။ ဒီအတွက် ဒီနေရာမှာ လာနေတာလေ။ ပရဟိတလုပ်ဖို့မဟုတ်သလို နံမည်ကြီးချင်လို့လည်း မဟုတ်ဘူး။ စစ်ပွဲမှာ ဒဏ်ရာရတဲ့သူတွေကို ကုဖို့။ ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် အကောင်းဆုံး ကြိုးစားဖို့။ ပျားကောင်ကလေးတွေ ဝတ်ရည်စုသလို နေ့တိုင်း ရှာဖွေစုဆောင်းယူတယ်။ အတွေးတွေ အာရုံတွေကိုလည်း ဒီအထဲမှာပဲထားတယ်။ ညဘက်တွေ လေယာဉ်လာရင်လည်း မသိလိုက် မရှိပါဘူး။ ကိုယ်တို့ဘက်ကလူတွေရဲ့ စိတ်ဓါတ်တွေ ယုံကြည်ချက်တွေဟာ သူတို့လာတိုက်ခိုက်လို့ ပွန်းပဲ့မသွားပါဘူး။ ပွတ်လေပြောင်လေ အရောင်ထွက်လေပါ။ လိုင်ဆာမှာ ရှိတဲ့ ကိုယ့်စီနီယာအကိုအမများဟာလည်း အမြောက်သံ ဗုံးသံမစဲတဲ့ အရပ်မှာ သူတို့အလုပ်တွေ သူတို့ မတွန့်မဆုတ် လုပ်နေကြတုန်းပါပဲ။
အင်ဝိုင်းလေးတွေနဲ့ ကျင်ယူရင်းယူရင်း သဲတွေ၊ ရွှံ့တွေ၊ မြေမှုန်တွေကြားထဲက ရွှေစကလေးတွေ ထွက်လာသလိုမျိုးပဲ။ လောကဓံက စကောထဲလှိမ့်ထည့်လိုက်သလို ကျွမ်းထိုးမှောက်ခုံတွေ လွင့်ပါးသွားရင်းကမှ စွန့်ဝံ့သူ၊ ရဲဝံ့သူ၊ ကိုယ်ကျိုးမဖက်သူတွေ ဆန်ကာတင်ကျန်ရစ်လာတာပေါ့။ ကိုယ်တို့တိုင်းပြည်ရဲ့ အနာဂတ်ဟာ အဲ့ဒီလူတွေအပေါ်မှာပဲ တည်တယ်လေ။ ကိုယ်ကျိုးစီးပွါး မစွန့်နိုင်တဲ့သူတွေက ဘာမှ ဝင်လုပ်ပေးမှာ မဟုတ်ဘူး။ ဒီတော်လှန်ရေးကာလအတွင်းမှာ ဆရာဝန်တွေ အများအပြား လွတ်မြောက်နယ်မြေမှာ ရောက်နေကြတယ်။ ဆေးကုတဲ့အလုပ်တင်မကပဲ နိုင်ရာတာဝန် ကျရာတာဝန်က ဝင်ထမ်းနေကြတယ်။ အများစုက ကိုယ့်ထက်ငယ်တဲ့ လူငယ်လူရွယ်တွေချည့်ပဲ။ အကြောင်းအမျိုးမျိုးကြောင့် မြို့ပေါ်က ထွက်မလာနိုင်တဲ့ ဆရာဝန်တွေ၊ နိုင်ငံရပ်ခြားမှာ အလုပ်လုပ်နေကြတဲ့ ဆရာဝန်တွေကလည်း တတ်နိုင်တဲ့ဘက်က အစွမ်းကုန် ဝိုင်းကြဝန်းကြတယ်။ ဒီဆရာဝန်ကွန်ယက်ကြီးရဲ့ အားထုတ်ကြိုးပန်းမှုတွေကလည်း အချည်းနှီး၊ အကြိုးမဲ့၊ အလဟဿ ဖြစ်မသွားဘူးဆိုတာ သူတို့ရှိနေတဲ့အရပ်က ပြည်သူတွေ အသိဆုံးပါပဲ။ ဒီလိုလူတွေထဲမှာ ကိုယ်လည်း တစ်ယောက်အပါအဝင်ဆိုတဲ့ အသိ၊ ဒီအလုပ်တွေ လုပ်နေတာ ကိုယ်တစ်ယောက်တည်း မဟုတ်ဘူး ဆိုတဲ့အသိဟာ နန်းစိန်တွေ သေဖော်ညှိတဲ့ “ကိုယ်တစ်ယောက်တည်းတော့ မဟုတ်ဘူး” ခံစားချက်နဲ့ ဘယ်လိုတွေတောင် ကွာခြားသလဲ ကိုယ်တိုင် ခံစားဖူးမှ သိပါမယ်။
ဒီတော်လှန်ရေးအတွင်းမှာ အသက်ပေးသွားရတဲ့ ဆရာဝန်တွေ ရှိတယ်။ ထောင်ထဲရောက်သွားတဲ့ ဆရာဝန်တွေ ရှိတယ်။ စစ်ကြောရေးမှာ ဖမ်းဆီးနှိပ်စက်ခံနေရတဲ့ ဆရာဝန်တွေရှိတယ်။ ကိုယ်တို့လို တောထဲရောက်သွားတဲ့ ဆရာဝန်တွေလည်း ရှိတယ်။ အဲ့သလို တစ်ခုမှ မဟုတ်တဲ့ ဆရာဝန်တွေလည်း ရှိပါတယ်။ ကိုယ့်အကြောင်းနဲ့ကိုယ်ပေါ့။ ငါလုပ်တာကမှ ကောင်းတယ်။ သူများလုပ်တာ အလကား။ မကောင်းဘူး။ ဝေခွဲပိုင်းခြားစရာ အကြောင်း မရှိပါဘူး။ ဘယ်သူမဆို ကိုယ့်ရွေးချယ်မှုနဲ့ကိုယ်။ ကိုယ်စိတ်ချမ်းသာရာ ကိုယ်လုပ်ကြတာပါပဲ။ ကိုယ်ကတော့ ကိုယ်ယုံကြည်ရာမို့ ကိုယ်ရွေးချယ်ထားတဲ့အလုပ်မှာ အတတ်နိုင်ဆုံး စွမ်းဆောင်နိုင်သူ ဖြစ်အောင် ကျင့်ကြံတယ်။ အလုပ်ရှင်းရှင်း အတွေးရှင်းရှင်းနဲ့ ဖြောင့်ဖြောင့်မှန်မှန်ဖြစ်အောင် နေထိုင်တယ်။ သက္ကောဥဇူစ သုဟုဇူစ တဲ့။ အဲ့ဒါကြောင့် စိတ်လည်း ချမ်းသာပါတယ်။ သေရင်တောင် နောင်တမရပါဘူး။
လိုရင်းကို ပြန်ကောက်ရရင် စစ်ပွဲတွေက လိုင်ဇာမှာပဲဖြစ်ဖြစ်၊ ဂါဇာမှာပဲ ဖြစ်ဖြစ်၊ ကိုယ့်အတွက်ကတော့ စိတ်ပူစရာ မရှိပါဘူး။ ကိုယ်လုပ်ရမယ့်အလုပ် ကိုယ်လုပ်တာ။ ဘာကိုမှ ထိတ်လန့်ကြောက်ရွံ့မနေပါဘူး။ အခုထက်ထိတော့ ဘေးရန်ခပ်သိမ်းလည်း ငြိမ်းပါတယ်။ ဒေါသခပ်သိမ်းလည်း ငြိမ်းပါတယ်။ ဆင်းရဲခပ်သိမ်းလည်း ငြိမ်းပါတယ်။ နှလုံးစိတ်ဝမ်းလည်း ငြိမ်းချမ်းပါတယ်။ ကမ္ဘာအရပ်ရပ်က ပို့သသောမေတ္တာများ ခံယူရရှိပေသကိုးဗျ။ ကိုယ်ကိုယ်တိုင်ကလည်း ကိုယ်နဲ့ဆက်စပ်ပါတ်သက်သမျှ ပုဂ္ဂိုလ်သတ္တဝါ ဝေနေယျများအပေါ် မေတ္တာရှေ့ထားလျက် ထိတွေ့ဆက်ဆံပါသဗျ။ အဲ့သလိုနေရင်းကမှ ကိုယ့်စိတ်အတွင်းမှာ ဖြစ်ပေါ်လာတဲ့ မေတ္တာစိတ်ကလေးကို အရပ်ဆယ်မျက်နှာကို ရည်စူးပွါးများပါတယ်။ ပြန်လည်ပို့သပါတယ်။ အဲ့သလိုမျိုး ပို့မေတ္တာ၊ ထားမေတ္တာ၊ ပွါးမေတ္တာများကြောင့် မေတ္တာအကျိုးအာနိသင်များ ခံစားရရှိပါတယ်ခင်ဗျ။ ကိုရင့်မေတ္တာကလည် “သတ္တဝါ ဝေနေယျ ဟိုဘက်အိမ်က မပါ” ဆိုသလို ဖြစ်နေပါဦးမယ်။ အဲ့သလိုတော့ မဖြစ်ပါဘူးခင်ဗျ။ သူတို့ကိုလည်း သေသေချာချာရည်စူးပြီး ပါအောင်ထည့်ပို့ပါတယ်။ “အောက်အရပ်၌ရှိသော ထက်ဝန်းကျင် အနန္တစကြာဝဠာ အပါယ်ဘုံသား အနန္တသတ္တဝါတို့” ဆိုတဲ့ နေရာမှာပေါ့။ ဘယ်မှ မလွဲဘူး။ တည့်တည့်ရောက်တယ်။ လိပ်စာအမှန်ပဲဟာ။