“သည်ယုန်မြင်လို့ သည်ခြုံထွင်တယ်” တဲ့။ ဟုတ်သားပဲ။ အိမ်နောက်ဖေးမှာ အစာလာလာတောင်းတဲ့ ယုန်ကလေးမောင်ကျန် ပေါ်မလာလို့ အိမ်နောက်ကခြုံတွေထဲ ဓါးတစ်ချောင်းနဲ့ လမ်းရှင်းရှင်းပြီး ဝင်ကြည့်တယ်။ သစ်ပင်အောက်မှာ ခြုံ၊ ခြုံအောက်မှာ မြေပြောင်ပြောင်ရှင်းရှင်းလေးတွေ ရှိသားပဲ။ ဘုတ်ငှက်ကလေးတွေ သုတ်ကနဲသုတ်ကနဲ ပြေးဝင်သွားကြတာ။ တောကြက်ကလေးတွေလည်း တွေ့ဖူးတယ်။ သူတို့က ပျံတောင်ပျံတတ်သေး။ ကိုယ်တို့လည်း ရန်သူလာရင် လှစ်ကနဲ ကိုယ်ရောင်ဖျောက်နိုင်ဖို့ တမှော်ရုံတိုး တခြုံလျှိုး လုပ်ချင်လုပ်ရမှာပေါ့။ တောဆိုတာ ပုန်းလို့ခိုလို့ ကောင်းတယ်။ လေယာဉ်ပေါ်ကလည်း မရှာနိုင်သလို ဒရုံးနဲ့ ပျံလာလို့လည်း မမြင်နိုင်ဘူး။ လူတစ်ကိုယ်စာ ဝင်တိုးလို့ရမယ့် ဟာကွက်ကလေးတွေ ဘယ်နေရာမှာမဆို ရှိတယ်။ ရန်ကုန်ဘတ်စကားစီးသလို ငါးဖယ်တိုးလေး တိုးတတ်ရင် ရပြီ။ ဘယ်ဘက်ကိုသွားရင် ဘယ်ရောက်မလဲ သိဖို့ပဲ အရေးကြီးတာ။ နေလာတာ ၂ နှစ်တောင် ပြည့်တော့မယ့်ဥစ္စာ။ ပထဝီ ဤမြေကြီးနဲ့ မရင်းနှီးလို့ မရပါဘူး။ တောထဲမှာနေတယ်ဆိုမှတော့ ကိုရီးယားမင်းသားလေးလို နေချင်လို့ မရဘူး။ Tomb Raider ထဲကလို နေမှ ဖြစ်တော့မယ်။
ငယ်ငယ်တုန်းက ရွာပြန်ရင် ကောက်စိုက်သမတွေက သီချင်းစောင်းဆိုကြတယ်။ “ဟိုရှေ့က ကိုကိုရယ်။ ရုပ်အဆင်းက ချောလှတယ်။ တောအရပ်မှာ မနေနဲ့တကယ်။ မြို့ကိုသာ ပြန်ပါကွယ်။” တဲ့။ အဲ့ဒီတုန်းက သူတို့ပြောတဲ့ တော ဆိုတာ တောမှ မဟုတ်သေးတာဗျာ။ ရွာပါ။ လယ်ထဲကိုင်းထဲ နေပူစပ်ခါး သွားရတာပဲ ရှိတာ။ အခုလို တောကြီးမြက်မည်း ဂနိုင်ထဲ မဟုတ်သေးပါဘူး။ အခုဟာကတော့ တောဆိုမှတော။ ဘဲရီးဆောရီး တောကြီးမြိုင်လယ်ပါ။ “တောမြိုင်ခြေစခန်းမှာလ မြေပြင်ဝနာ ဖေလင် ချီမှာ။ စိမ့်စမ်းရေအေးကိုလ အေးကိုလ။ သောက်ချွေယူသုံးပါလို့ သုံးပါလို့။ စိတ်နှလုံးတော် ရွှင်ပြုံးစေဖို့ရာ။” ဆိုတာမျိုး စခန်းချ မြိုင်ထ ကလို့ရတဲ့တော။ တောထဲလာရင် တိုက်စရာ ရေပဲရှိတယ် လို့ ပြောချင်တာနေမှာ။ အခုတော့လည်း ကိုလူပျို ချောချောလှ တောတောက နှမတို့အကိုခမျာ စိမ့်ကြီးမြိုင်ကြီး ရိပ်ကြီးတောဝယ် နေရောင်ဘယ်မခ ပန်းမြကြာယံအလယ်မှာ ရောက်နေပြီ။ ဥတုရာသီမှ တောကိုမှီတာ မဟုတ်ဘူး။ သမားဇာနည်လည်း တောကိုမှီပါသဗျ။ နှစ်လ သုံးလ တစ်ခါတောင် ကတ္တရာလမ်းပေါ် ပြန်မရောက်နိုင်တဲ့အထိပဲ။
တောဆိုတာ သီချင်းထဲမှာ သာယာသလောက်၊ စိတ်ကူးထဲမှာ လွမ်းစရာကောင်းသလောက်၊ “တကယ်နေမှာလား” လို့ မေးရင်တော့ အကုန်လုံး ထွက်ပြေးကြမှာပါ။ တောထဲမှာ ဘယ်အရာမှ အဆင်သင့်မရဘူး။ မီးခြစ်ကလေးတစ်လုံး မပါရင်တောင် သစ်ကိုင်းခြောက်ချင်း တနေကုန် ထိုင်ပွတ်နေရလိမ့်မယ်။ လိုချင်ရင် သုံးတတ်ရင်၊ ကိုယ့်အစီအစဉ်နဲ့ကိုယ် ပြည့်စုံအောင် စီမံထားနိုင်မှ။ ဒီနေရာမှာ ပစ္စည်းကိရိယာ ပြည့်ပြည့်စုံစုံနဲ့ ဆေးရုံကလေးတစ်ခု ဖြစ်လာဖို့ဆိုတာ လွယ်လွယ်နဲ့တော့ ဘယ်ရမလဲနော့။ ဘုရားသခင် ဖန်ဆင်းတော်မူတဲ့ ကောင်းချီးမင်္ဂလာတွေထဲမှာ ကိုယ်ကိုယ်တိုင် ပါဝင်ခွင့်ရသွားတာပေါ့လေ။ ဟိုးတခါရေးခဲ့ဖူးတဲ့ ဘုရားပေးတဲ့ဆု ဆိုတာ အခုမှပဲ ကိုယ်လည်း အဝင်အပါဖြစ်တော့တယ်။
လူတွေက တောထဲကို အပျော်သဘောလောက်တော့ စိတ်ဝင်စားကြပါတယ်။ ရွှေယုန် နဲ့ ရွှေကျား သက်ငယ်ရိပ်သွားကြတာလည်း တောထဲပဲ။ မုဆိုးကျော်ဖိုးထော်မှသည် မြိုင်ရာဇာတွတ်ပီအထိ တောအကြောင်း တောင်အကြောင်းလေးများဆို ဖတ်လို့ကောင်းတယ် မဟုတ်လား။ သီချင်းဆိုရင်တောင် “အမဲလိုက်အက ခွန်အားရှိမှ…” ဆို ကုန်းကုန်းအော်နေကြသားပဲ။ ဟောသမှာဗျာ။ တောထဲက ရလာခဲ့တာ။ ရှီးပဒီးအစစ်တို့၊ ခွေးလယားသီးအနက်စေ့တို့၊ ခမ်းတောက်မြစ်၊ မရှော့ဥ၊ ဂျင်ဆင်း၊ အဲ့ဒါတွေဆို လိုချင်လွန်းလို့ ငမ်းငမ်းတက်။ “ခါတစ်ခေါက်သာ အရောက်လာခဲ့ပါ့ မောင်။” ဆိုရင်တော့ ဘယ်သူမှ မလာပါဘူး။ “ခရာဆူးခြုံ ဟိုအထဲက မျှော့နက်မည်းကြီး တွယ်လိမ့်မယ်။” ဆို လှည့်ပြန်သွားမှာ။ ဒါတောင်မှ စခန်းမှာ ကိုယ်နဲ့ အလုပ်လုပ်နေတဲ့သူတွေအားလုံး ကိုယ့်ကို ယုံကြည်လို့ သည်တောထဲတောင်ထဲထိ ဒုက္ခလာခံကြတာနော်။
ကိုယ့်အဖို့ကတော့ တောထဲရောက်တယ်ဆိုတာ ဖိုးသူတော် မျက်စိလည်လေ ဆန်ပိုရလေပဲ။ စာရေးစရာ ကုန်ကြမ်းတွေမှ မကုန်နိုင်မခမ်းနိုင်။ အပိုင်း ၂၀၀ ကျော်လာတာတောင် အကြောင်းအရာတစ်ခု ၂ ခါပြန် မရေးမိသေးဘူး။ ဖတ်ရသူတွေအတွက်လည်း “ပျင်းစရာကောင်းလိုက်တာ။” လို့ ဘယ်သူကမှ မငြီးငြူဘူး။ သည်ခေတ်သည်အခါမှာ ဆရာဝန်တွေ တောထဲရောက်လာတာ ဂုဏ်ငယ်စရာ၊ အရှက်ရစရာ၊ သနားစရာ လို့ ဘယ်သူကမှ မမြင်ဘူး။ တော်ရုံ ဇွဲသတ္တိနဲ့လည်း ရပ်တည်ရှင်သန်လို့ မရဘူး။ သေချာတာကတော့ ကိုယ့်အတ္တကိုယ် ရှေ့တန်းတင်တဲ့သူတွေ ရောက်မလာနိုင်တဲ့နေရာ။ သူရဲဘောကြောင်ပြီး မပြတ်သားတဲ့သူတွေ ဆက်မနေနိုင်တဲ့နေရာ။ သဘောပေါက်တယ်မှလား။
မယ်အောင်ဗလလေး တောထဲရောက်တော့ ကျားရှာဆူးတွေ၊ ခရာဆူးတွေ၊ “စူးပေါ့မောင်ရယ်။ နာပါတယ်တော့။” လို့ အော်အော်ငိုပါသတဲ့။ ကိုယ်တို့လည်း တောထဲမှာ ဆူးစူးတာ စာမဖွဲ့ပါဘူး။ စီးထားတဲ့ ဘိနပ်ကို ထုတ်ချင်းထွင်းပြီးတော့ကို စူးတာ။ ခြေသည်းတွေဆိုတာ မည်းပုပ်ပြီး အလိုလိုကျွတ်ကုန်တာ။ ဒါတွေက ကျော်ဖြတ်ရတာပဲလေ။ မြနှင်းရည်လွင်လည်း ကျော်ဖြတ်ရတယ်။ ကိုကျော်သက်လင်းကြီးလည်း ကျော်ဖြတ်ရတယ်။ ဘယ်သူကမှ မငြီးငြူပါဘူး။ မြန်မာပြည်မှာပထမဦးဆုံး မယ်ဗမာရတဲ့ နော်လွီဆာဘင်ဆင်လည်း တောထဲမှာ တဒိုင်းဒိုင်းနဲ့ မိုက်ခဲ့တာ။ စော်ဘွားသမီးတော်တွေ၊ မဟာဒေဝီတွေလည်း မြင်းစီး၊ သေနတ်ပစ် နံပါတ် (၁) ပါ။ တောနဲ့ မစိမ်းပါဘူး။
အနုပညာသမားတွေ တောထဲမရောက်ဖူးဘူးလို့ရော ဘယ်သူပြောသလဲ။ ဆရာနိုင်ဝင်းဆွေ တောထဲမှာ အရိုးထုတ်တာ။ ထူးအိမ်သင်၊ မွန်းအောင်၊ သီဟတင်စိုးတောင် ပါခဲ့သေး။ အခုခေတ်မှာဆို တောထဲက အနုပညာဖန်တီးမှုတွေ ဆက်လုပ်နိုင်လို့ ကမ္ဘာတောင် ကျော်နေကြပြီ။ လင်းလင်း၊ ချစ်သုဝေ၊ ဏကြီး၊ ပိုင်ဖြိုးသု၊ ကိုပေါက်၊ ဟားငါးကောင်၊ ဆောင်းဝတီ၊ တွတ်ပီ။ ဒါတောင် ဟိုဘက်ရောက်သွားတဲ့ ဒေါင်း၊ မင်းမော်ကွန်း၊ အာဇာနည် မပါသေးဘူး။ နေတိုး နဲ့ စိုင်းစိုင်းခမ်းလှိုင် မပါတာနဲ့ ဒီတော်လှန်ရေးကြီးက ကျရှုံးသွားမှာမှ မဟုတ်တာ။ မပါချင်တဲ့သူနေ။ ပါတဲ့သူတွေကိုပဲ အရမ်းချစ်ပစ်လိုက်မယ်။ ဒါပဲ။ ရှင်းရှင်းလေး။
ကိုယ့်ဘဝ တသက်တာမှာ တောထဲမှာနေရတဲ့ ဟောဒီ ၂ နှစ်တာကာလကို ဘယ်တော့မှ မေ့မှာ မဟုတ်ဘူး။ အမှတ်ရစရာတွေ တပုံကြီးကို မေ့သွားမှာစိုးလို့ မှတ်စုလေးတွေ ရေးရေးထားရတယ်။ ပြန်ဖတ်ကြည့်။ ကိုယ့်ဘာကိုယ်တောင်မှ ဆုံနေလျက်နဲ့ လွမ်းလေခြင်း လို့ ခံစားရတယ်။ ဒီလောက်ခက်ခဲကြမ်းတမ်းတဲ့ တောထဲတောင်ထဲမှာ ကိုယ်နဲ့အတူ တပါတည်း လိုက်လာတဲ့သူ ရှိတယ်။ အလုပ်အတူတူ လာလုပ်လိုသူတွေ ရှိတယ်။ ပညာသင်ရင်း အတွေ့အကြုံယူချင်တဲ့သူတွေ ရှိတယ်။ လိုအပ်သမျှ ဝိုင်းဝန်းကူညီ ပံ့ပိုးပေးတဲ့သူတွေ ရှိတယ်။ တော်ရုံတန်ရုံ မေတ္တာ၊ စေတနာနဲ့တော့ မဟုတ်ဘူးနော်။ အဲ့ဒါလည်း ကိုယ့်အတွက် ဘုရားပေးတဲ့ ဆုလာဒ်ပဲ မဟုတ်လား။
သည်တော သည်တောင် သည်အရပ်မှာ ဆင်စီးတဲ့အခါ စီး၊ မြင်းစီးတဲ့အခါ စီး၊ ခြေကျင်လျှောက်တဲ့အခါလျှောက်။ လွယ်အိပ်တစ်လုံးနဲ့ ဆေးတွေလည်း လိုက်ကုသေးတယ် ဆိုတဲ့ ဝတ္ထုထဲက ဇာတ်ကောင်တစ်ယောက်ကို ရုတ်တရက် သတိရမိသွားပါတယ်။ အခု ကိုယ်ကိုယ်တိုင်လည်း မထင်မှတ်ပဲနဲ့ အဲ့လိုဘဝမျိုး ရောက်နေပါလား။ ကြည်အေး ရဲ့ “တမ်းတတတ်သည်” ထဲက အထွေးလေ။ “မီ” နဲ့ ဝေးရာကို ထွက်ပြေးလာတဲ့ မောင်ကိုလေးလည်း ဒီဘက်က ရှေ့တန်းစစ်မြေပြင်မှာ။ အဲ့ဒီအချိန်က KIA ဆိုတာ မပေါ်သေးဘူး။ သူ ဘယ်သူနဲ့များ စစ်တိုက်နေတာပါလိမ့်။ ဝတ္ထုရေးတဲ့သူက စိတ်ကူးလေးနဲ့ စာရွက်ပေါ်မှာ စာတွေစီရတာ။ ကိုယ်ကတော့ မြေကြီးပေါ်မှာနော်။ လူနာတွေကလည်း တကယ့်အသက်တွေနဲ့ပါ။ လက်တွေ့ဘဝက စိတ်ကူးထက် ဆန်းကြယ်တယ်။ “စိတ်ဝိဉာဉ်ဟာ တွယ်ငြိတတ်သောသဘောရှိလျှင် အုံ့မှိုင်းတွေဝေ မြူသာထွေသော ဤအရပ်၌ မနေပါလေနှင့်။” တဲ့။ “အဝေးသို့သာ ပျံပါချေ။” လို့ ဒေါ်ကြည်အေးက နှင်တာ ဘာဖြစ်လို့များပါလိမ့်။ ကိုယ်သာဆိုရင်တော့ မပျံနိုင်ပါဘူး။ ဒီတောထဲမှာပဲ တဝဲဝဲတလည်လည် တွယ်နေမိမယ် ထင်တယ်။ ဥစ္စာစောင့်တွေကများ မပြန်နိုင်အောင် ပြုစားလေသလား မသိပေါင်ကွယ်။